သတင်း

အစိုးရသစ်နှင့် UEC ကို ထောက်ခံပွဲ ရန်ကုန်တွင် ပြုလုပ်

အစိုးရသစ်နှင့် ဝေဖန်ခံနေရသော ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင် (UEC) တို့ကို ကြိုဆိုထောက်ခံကြောင်း လူ ၃၀ ခန့်က ယနေ့ (ဇန်နဝါရီ ၂၄) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၌ စီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။  

ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် စုဝေးခဲ့ပြီး ထိုမှတစ်ဆင့် ကမ်းနားလမ်းအတိုင်း စီတန်းလမ်းလျှောက်ကာ မဟာဗန္ဓုလပန်းခြံရှေ့၌ စုရုံး၍ ဆန္ဒဖော်ထုတ်ခဲ့သည်။ 

စီတန်းလှည့်လည်မှုအတွင်း ‘သမ္မတနှင့် UEC ကိုထောက်ခံရေး’၊ ‘ပြည်သူတင်မြှောက်သော အစိုးရသစ်ကို‌ ထောက်ခံရေး’၊ တတိယအကြိမ် NLD အစိုးရသစ် လွှတ်တော်ခေါ်ယူခြင်းအား ကြိုဆိုထောက်ခံရေး’၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး’ နှင့် ‘ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ရှင်သန်ရေး’ စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် မျှတမှန်ကန်ပြီး မည့်သည့်ပါတီကိုမှ ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည့်အတွက် ထောက်ခံရခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးအောင်ကျော်က ပြောသည်။

အစိုးရအသစ်ပြောင်းခါနီး ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒေသအများအပြားတွင် ကန့်ကွက်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် ယခုလှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

သို့သော်လည်း ဦးအောင်ကျော်ကမူ ၎င်းတို့အနေဖြင့် ယနေ့ ဆန္ဒဖော်ထုတ်ခြင်းသည် UEC အား အယုံအကြည်မရှိကြောင်း ကန့်ကွက်၊ ဆန္ဒဖော်ထုတ်နေသည့် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကိုမှ တန်ပြန်ဆောင်ရွက်လိုခြင်းမဟုတ်ကြောင်း ပြောသည်။

“ကြံ့ခိုင်ရေးကို (မဲ) ထည့်တယ်၊ NLD ကို ထည့်တယ်၊ ဘယ်သူမှ မပြောပါဘူး။ သူတို့ထည့်ချင်တဲ့ ပါတီကို ထည့်တာပါ။ အဲဒီမဲတွေနဲ့ပတ်သက်လို့ မသမာမှုဆိုတာဟာ သူတို့ (UEC ကန့်ကွက်သူများ) ရဲ့ယုံကြည်ချက်ပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့ကတော့ ဘာမှပြောလို့မရပါဘူး” ဟု ဦးအောင်ကျော်က ပြောသည်။

တရားဝင်ခွင့်ပြုမိန့်တောင်း၍ ယနေ့ စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ်လိုသူများကို အင်တာနက်မှတစ်ဆင့် စုစည်းခဲ့ခြင်းဖြစ်ကာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပါတီကိုမှ ကိုယ်စားပြုခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယနေ့ဆန္ဒပြပွဲကို ဦးဆောင်သူများသည် ၂၀၁၉ ဒီဇင်ဘာ ၁ က ပြုလုပ်သည့် ICJ (အပြည်ပြည်ဆိုင်ရာတရားရုံး) တွင် သွားရောက်အမှုရင်ဆိုင်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့ကြသူများဖြစ်သည်။ 

ရခိုင်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့တပ်မတော်က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ မွတ်စလင်လူမျိုးစုတစ်စုကို လူမျိုးသုဉ်းအောင် အစီအမံအမျိုးမျိုးချမှတ်ကာ လုပ်ဆောင်နေကြောင်း စသည့် စွပ်စွဲချက်များဖြင့် ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ဖွင့်ထားသည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းခဲ့သည်။ 

ထို့အပြင် ယနေ့ဆန္ဒဖော်ထုတ်ပွဲသို့ လာရောက်ဝန်းရံသူတစ်ဦးဖြစ်သည့် စမ်းချောင်းမြို့နယ်မှ ဦးမောင်မောင်လေးကလည်း ၎င်း၏မော်တော်ကားကို မဟာန္ဓလပန်းခြံရှေ့တွင် ရပ်တန့်ထားမည်ဖြစ်ပြီး ၎င်း၏ကားတွင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် စတေကာများကပ်သည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားမည်ဟု ပြောသည်။

မြို့နယ်တချို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်ကို ကြိုဆိုကြောင်း ဆိုင်းဘုတ် ကြီးငယ်များကို ယခုရက်ပိုင်းအတွင်း ချိတ်ဆွဲနေကြသည်။ တချို့ကလည်း ရွေးကောက်ပွဲအကြိုကာလကဲ့သို့ အိမ်တွင် NLD အလံစိုက်ထူခြင်းဖြင့် ရွေးကောက်ပွဲဖြစ်စဉ်နှင့် အစိုးရသစ်ကို ထောက်ခံကြောင်း ပြသရန် စီစဉ်နေကြသည်။ 

ထိုကဲ့သို့ အစိုးရသစ်နှင့် UEC ကို ထောက်ခံနေကြချိန်တွင် အယုံအကြည်မရှိကြောင်း ဆန္ဒဖော်ထုတ်နေမှုများလည်း ရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း မကြာခဏ ကန့်ကွက်နေကာ တပ်မတော်ကလည်း ‌ရွေးကောက်ပွဲ မဲစာရင်းများစိစစ်တွေ့ရှိမှုဆိုသည့် ထုတ်ပြန်ချက်များ အကြိမ် ၃၀ နီးပါး ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button