သတင်း

တိုက်ပွဲများအတွင်း ပိတ်မိကျေးရွာများ ရိက္ခာရရှိရန် တပ်နှင့် ညှိနှိုင်းသွားမည်ဟု လူကယ်ပြန်ဝန်ကြီးပြော

စစ်တွေ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့၏ တိုက်ပွဲဧရိယာအတွင်း ရှိနေသည့် ကျေးရွာများကို စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရန် တပ်မတော်နှင့် ညှိနှိုင်းသွားမည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက ဇန်နဝါရီ ၁၁ နေ့တွင် ပြောသည်။

 “ကိုယ့်နေရပ်မှာလည်း ကိုယ့်အလုပ်အကိုင်နဲ့ကိုယ်ရှိကြတာပေါ့။ အဲဒီအတွက်ကိုလည်း ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်ဖို့လာတာပဲ” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စစ်တွေမြို့နယ်ရှိ ရခိုင်ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်သည့် ရခိုင်ပြည်နယ် အတွင်းရှိစစ်ဘေးရှောင်များအား ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားအပြီးတွင် မီဒီယာများအားပြောကြားခြင်းဖြစ်သည်။

ဒါတွေအကုန်လုံးက ညှိနှိုင်းရမှာပါပဲ။ အကုန်လုံးက ပူးပေါင်းပြီးတော့ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့် ညှိနှိုင်းလို့ရကိုရရမယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ရန်ကုန်-စစ်တွေ ကားလမ်းဘေးရှိ ကျောက်တော်မြို့နယ် ကန်စောက်ရွာ စစ်ဘေးရှောင် စခန်းတွင် လူဦးရေ ၅၀ဝ ခန့်ရှိနေပြီး ကန်စောက်ရွာ ဘုန်းတော်ကြီးကျောင်းသို့ ဒီဇင်ဘာလ ၃၀ ရက်နေ့က စတင်ပြီး ရောက်ရှိနေခဲ့သည်မှာ ရက်သတ္တပတ် နှစ်ပတ် နီးပါး ကြာမြင့်နေခဲ့ပြီဖြစ်သည်။

စစ်ဘေးရှောင်များ ရောက်ရှိခိုလှုံနေသည့် ကန်စောက်ရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးပညာဗလက ယိုးချောင်းအထက်ဘက် တိုက်ပွဲဧရိယာ အတွင်းတွင် ကျေးရွာများရှိနေပြီး ထိုကျေးရွာများသို့ စားနပ်ရိက္ခာ တင်ပို့ခွင့်ကို တပ်တော် ကန့်သတ်ထားကြောင်း မိန့်သည်။

စစ်ဘေးရှောင်များအတွက် ထောက်ပံ့ငွေပေးအပ်နေသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (ဓာတ်ပုံ – Myanmar Now)

တိုက်ပွဲဧရိယာအတွင်းကျရောက်နေသည့် ကျေးရွာများမှာ တောတောင်ကို အမှီပြုပြီး တောင်ယာ စိုက်ပျိုး အသက်မွေးနေရသည့် ကျေးရွာများဖြစ်ပြီး တောတောင် များအတွင်း တိုက်ပွဲဖြစ်ပွားနေ၍ စားနပ်ရိက္ခာ ပြတ်တောက်ပြီး စစ်ဘေးရှောင် စခန်းများသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု မိန့်သည်။

ဒီက အကူအညီပေးတဲ့ လူတွေကိုလည်း ပိတ်ဆို့ထားတော့ သူတို့ စားဝတ်နေရေးက ဘယ်လိုအခြေအနေရှိမလဲ။ သူတို့ စားဝတ်နေရေးရော ကျန်းမာရေးရော ဦးပဉ္စင်းတို့က စိတ်ပူတာရှိတယ်” ဟု၎င်းကမိန့်သည်။

ကန်စောက်ရွာ ဘုန်းတော်ကြီးကျောင်းရှိ စစ်ရှောင်စခန်းတွင် ကျွန်းသာယာ၊ တောင်မောက်၊ ခရုမောင်းပတ် ကျေးရွာများမှ ဒုက္ခသည် ၅၀၀ ကျော်ရှိသည်ဟု ၎င်းက မိန့်သည်။

ထင်တာပြောရ ရင်တော့ ရက္ခိုင့် တပ်မတော်ကို စားနပ်ရိက္ခာ ဖြတ်တာလားပေါ့။ ဦးပဉ္စင်းထင်တာ ပြောရရင်တော့ သူတို့ အဲဒီလိုတော့ မလုပ်သင့်ဘူးလေ။ ကြားနေပြည်သူတွေအတွက်၊ ပိတ်မိနေတဲ့ သူတွေ အတွက်တော့စဉ်းစားပေးသင့်တာပေါ့ ” ဟု၎င်းက မိန့်သည်။

ကျွန်းသာယာကျေးရွာမှ ကန်စောက်ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင် စခန်းသို့ရောက်ရှိနေသည့် အသက် ၂၈ နှစ်အရွယ် ကိုအေးသန်းက ကျွန်းသာယာ ကျေးရွာတွင် ၎င်း၏မိသားစုဝင်များအပါအဝင် အခြား ရွာသူရွာသားများ ၅၀ ခန့်ရှိနေခဲ့သည်ဟု ပြောသည်။

 တပ်မတော်က ၎င်းတို့ကျေးရွာသို့ ရိက္ခာသယ်ဆောင်ရန် ကန့်သတ်ထားသည့်အတွက် ၎င်းတို့ မိသားစုဝင်များ၏ စားဝတ်နေရေးအတွက် စိုးရိမ်မိသည်ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူ စစ်ဘေးရှောင်ပြည်သူပေါင်း ၄၅၀၀ ကျော်ရှိနေကာ အများစုမှာ ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ကယ်ဆယ်ရေးစခန်းများတွင်ခိုလှုံနေရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လုံခြုံရေးအခြေအနေအရ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်တွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများအား ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ ခရီးသွားလာခွင့်မပြုကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဇန်နဝါရီ ၁၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button