ကျူးကျော် ပြည်ခိုင်ဖြိုးပါတီရုံးကို ကျပ် ၄၃၆ သိန်းပေး၍ အစိုးရဝယ်ယူ

လူဦးရေ ၃၀၀၀ ခန့်သာရှိသည့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းစဉ် ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ခဲ့သည့်နည်းတူ နိုင်ငံပိုင်မြေပေါ်တွင် ဦးသိန်းစိန်အစိုးရလက်ထက်က ဆောက်လုပ်ခဲ့သည့် ပါတီရုံးအဆောက်အအုံကို လက်ရှိအစိုးရလက်ထက်တွင် အကြိမ်ကြိမ်ဖယ်ရှားခိုင်းခဲ့သော်လည်း နောက်ဆုံးတွင် နိုင်ငံပိုင်အဖြစ် ပြန်လည်ဝယ်ယူခဲ့ရခြင်းဖြစ်သည် 

Published on Jan 22, 2021
နိုင်ငံပိုင်အဖြစ် ကျပ်သိန်း ၄၀၀ ကျော်ဖြင့် ပြန်လည်ဝယ်ယူခဲ့ရသည့် ဆိပ်ကမ်းမြို့နယ်ဟောင်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးအဆောက်အအုံ။ (ဓာတ်ပုံ - ဖြိုးထက်အောင်/ Myanmar Now) 
နိုင်ငံပိုင်အဖြစ် ကျပ်သိန်း ၄၀၀ ကျော်ဖြင့် ပြန်လည်ဝယ်ယူခဲ့ရသည့် ဆိပ်ကမ်းမြို့နယ်ဟောင်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးအဆောက်အအုံ။ (ဓာတ်ပုံ - ဖြိုးထက်အောင်/ Myanmar Now) 

နိုင်ငံပိုင်မြေတွင် ကျူးအဆောက်အအုံအဖြစ် ရှိနေသော ရန်ကုန် လမ်းမတော်မြို့နယ် (ယခင်ဆိပ်ကမ်းမြို့နယ်ဟောင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးကို အစိုးရက ကျပ်သိန်း ၄၀၀ ကျော်ပေး၍ ဝယ်ယူရန် အစိုးရနှင့် ပါတီတာဝန်ရှိသူများ နှစ်ဘက်သဘောတူလိုက်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မြေနေရာဖြစ်သော မော်တင်ရပ်ကွက်ရှိ ထိုနေရာတွင် ယခင်ပြည်ခိုင်ဖြိုးသမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဆိပ်ကမ်းမြို့နယ်ရုံးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာပြီးနောက်တွင်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ခိုင်ဖြိုးရုံးကို ထိုနေရာမှ ဖယ်ရှားပေးရန် ပါတီတာဝန်ရှိသူများကို စာအကြိမ်ကြိမ်ပို့ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

နောက်ဆုံးတွင် ဝန်ကြီးဌာနပိုင်မြေဖြစ်သော်လည်း အဆောက်အအုံသည် ပြည်ခိုင်ဖြိုးပါတီပိုင်ငွေဖြင့် ဆောက်လုပ်ထားသဖြင့် အဆောက်အအုံကို ကာလတန်ကြေးပေး ဝယ်ယူရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်ဖြင့် ဝယ်ယူခြင်းဖြစ်ပြီး ထိုအဆောက်အဦကို ရန်ကုန်တိုင်း ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာနရုံးအဖြစ် အသုံးပြုသွားမည်ဟု ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူက Myanmar Now ကို ယနေ့ပြောသည်။

“အပြီးသတ်စာချုပ်ချုပ်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးနဲ့ ကျွန်တော်တို့ရဲ့ တိုင်းဦးစီးမှူးနဲ့ စာချုပ်ကို ရှေ့နေချုပ်ရုံးကို ပို့ထားပါတယ်။ ရှေ့နေချုပ်ရုံးကနေ စာချုပ်ကို အတည်ပြုချက်ရလို့ရှိရင် အဲ့ဒီအတိုင်း ချုပ်ဆိုသွားပါမယ်။ ချုပ်ပြီးရင် ငွေပေးချေမှုအပိုင်း ဆက်သွားပါမယ်” ဟု ၎င်းက ပြောသည်။

ထိုအဆောက်အဦကို ဝယ်ယူခွင့်ရရှိရန် ၂၀၁၉ ကတည်းက နိုင်ငံတော်သမ္မတရုံးအပါအဝင် အစိုးရအဖွဲ့ထံ အဆင့်ဆင့်တင်ပြခဲ့ပြီး ယခုတွင် ခွင့်ပြုချက်ရသဖြင့် ဈေးသင့်ဝယ်ယူခြင်းဖြစ်သည်ဟုလည်း ဦးသင့်မြတ်သူက ပြောသည်။ 

ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာနသည် နယ်စပ်ဖြတ်ကျော် လုပ်ငန်းလိုင်စင်ခွင့်ပြုပေးခြင်း၊ ပြည်တွင်း ကုန်းလမ်းသယ်ယူပို့ဆောင်‌ရေး လုပ်ငန်းလိုင်စင်ချထားပေးခြင်းများအပြင် ဝန်ကြီးဌာနနှင့်ပတ်သက်သည့် စီမံကိန်းလုပ်ငန်းများလုပ်ဆောင်ရန် ၂၀၂၀ ဩဂုတ် ၁ တွင် စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါဝန်ကြီးဌာန ၏ ၁၉ ခုမြောက်ဌာနဖြစ်သည်။

စီမံကိန်းလုပ်ငန်းလိုင်စင်များ လုပ်ဆောင်သူ တစ်ရက်လျင် ၇၀၀ ခန့်ရှိနေသဖြင့် မူလရှိထားသည့် ရုံးသည် လူဦးရေ ၉၀ ခန့်သာ ဆန့်သဖြင့် ယင်းရုံးနှင့် ကပ်လျက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီရုံးကို ဝယ်ယူခြင်းဖြစ်သည်ဟု ဦးသင့်မြတ်သူက ပြောသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ တင်ပြထားသည့် စာချုပ်အခြေအနေနှင့် ပတ်သက်၍ ယခုလကုန်အတွင်း အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီ နှစ်ဘက် အပြီးသတ်စာချုပ်ချုပ်နိုင်လိမ့်မည်ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။ 

“ငွေက သင့်ပြီးပါပြီ။ ရန်ကုန်တိုင်းဒေသကြီး တန်ဖိုးသင့်အဖွဲ့နဲ့ ဒီအဆောက်အဦ ဘယ်တုန်းက ဆောက်ခဲ့တယ်၊ ငွေတန်ဖိုး လက်ရှိဘယ်လောက်ဆိုတာ အဲ့ဒီအဖြေအတိုင်းပဲ ကျွန်တော်တို့က ဘတ်ဂျက်ကို တင်ရတာပါ။ ဘတ်ဂျက်ကလည်း ခွင့်ပြုတယ်။ နောက်ဆုံး အပြီးသတ်စာချုပ်ချုပ်ဖို့ ကျန်တယ်”ဟု ဦသင့်မြတ်သူက ပြောသည်။

အလျား ပေ ၅၀ နှင့် အနံ ၁၈ ပေခန့်ရှိ နှစ်ထပ်အဆောက်အအုံကိုသာ ဈေးသင့်ဝယ်ယူခြင်းဖြစ်ပြီး မြေနေရာသည် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် မြန်မာ့မီးရထားဌာနကပိုင်သော နိုင်ငံတော်ပိုင်မြေဖြစ်သည်။

ထို့ကြောင့် နိုင်ငံပိုင်မြေတွင် နိုင်ငံရေးပါတီတစ်ခုက အသုံးပြုနေခြင်းကို ယခုအစိုးရလက်ထက်တွင် မြေငှားသက်တမ်းတိုးခွင့်ရပ်ဆိုင်းခဲ့ပြီး ပါတီပိုင်အဆောက်အဦးကို ကာလတန်ကြေးဖြင့် ဈေးသင့်ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါရုံးမြေကို စွန့်လွတ်လိုက်ရသော်လည်း ၎င်းကိုယ်စားပြုသည့် မဲဆန္ဒနယ်သည် ဖျက်သိမ်းခံလိုက်ရသဖြင့် မြို့နယ်ပါတီရုံးအသစ်ဆောက်ရန်နေရာ ထပ်မရှာတော့ဟု ပြည်ခိုင်ဖြိုးပါတီဝင် ဆိပ်ကမ်းမြို့နယ်ဟောင်း၏ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့က မြို့နယ်ပျက်သွားတော့ ဖွဲ့စည်းပုံက ပျက်ပြီလေ။ ဖွဲ့စည်းပုံပျက်သွားတော့ တခြားပါတီဝင်တွေကတော့ သက်ဆိုင်ရာ မြို့နယ်တွေမှာပဲ ပါတီတာဝန်တွေ ဆက်ယူတာပေါ့”ဟု ၎င်းက ပြောသည်။

အစိုးရက ငွေတန်ဖိုးသင့်၍ ပေးချေပြီးပါက ပါတီရုံးအဆောက်အအုံကို အပြီးတိုင် လွှဲပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

ဦးစံကျော်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကျောက်တံတားမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုဝင်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ် ဒေါ်ရွှေမိုဃ်းညွန့်ကို ဆန္ဒမဲ ငါးထောင်ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။ 

ပြည်ခိုင်ဖြိုးပါတီက ခေတ်အဆက်ဆက်ရယူထားသည့် နိုင်ငံပိုင်မြေပေါ်ရှိ ပါတီပိုင်အဆောက်အအုံအချို့ နှင့် ကျပ်ဘီလျံချီ တန်ကြေးရှိနေသည့် ပါတီဝင်ငွေရ မြေနေရာအချို့ကိုလည်း ယခုအစိုးရသက်တမ်းအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

စစ်ဗိုလ်ချုပ်များဦးစီးကာ ၁၉၉၃ တွင် စတင်တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်းကို ၂၀၁၀ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့သည်။

တရားဝင်စည်းကမ်းချက်များအရ နိုင်ငံရေးပါတီတစ်ခုသည် နိုင်ငံပိုင်ပစ္စည်းများကို သုံးစွဲခွင့်မရှိပေ။ သို့သော် ပြည်ခိုင်ဖြိုးအသင်းလက်ထက်တွင် ရယူပိုင်ဆိုင်ခဲ့သော နိုင်ငံတော်ပိုင်မြေများ၊ အဆောက်အအုံများနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဆက်လက်ပိုင်ဆိုင်ခွင့်ရှိမရှိကိုမူ မေးခွန်းထုတ်စရာများ ရှိနေသည်။ 

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading