သတင်း

ကိုဗစ်ကာကွယ်ဆေး ဦးစားပေးဒေသတွင် မန္တလေး ပါဝင်ဖွယ်ရှိ

မန္တလေးတိုင်းသည် ကိုဗစ်ပိုးတွေ့လူနာ ဒုတိယအများဆုံးဖြစ်ပြီး ရောဂါကူးစက်မှုအများဆုံးဧရိယာများတွင် ပါဝင်နေ၍ ကာကွယ်ဆေး ဦးစားပေးရရှိနိုင်မည့် အခြေအနေရှိကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“မန္တလေး ဘယ်လောက်ရမယ်ဆိုတာကတော့ အတိအကျ မသိရသေးပေမဲ့ ကိုဗစ်နိုင်တင်းအဖြစ်များတဲ့ ဧရိယာဆိုတော့ ရန်ကုန်၊ မန္တလေး၊ ရခိုင်က တခြားနေရာတွေထက်စာရင် ဖြစ်တာများတော့ ကာကွယ်ဆေးရလာရင် ဒီဧရိယာတွေက ပိုပြီးဦးစားပေးရမယ်နဲ့ တူပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းပိုးတွေ့လူနာ စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ မတ်လ ၂၃ မှ ၂၀၂၁ ဇန်နဝါရီ ၂၀ အထိ ကူးစက်မှုအမြင့်ဆုံးဒေသများမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ဖြစ်သည်။

ယမန်နေ့ (ဇန်နဝါရီ ၂၁) အထိ မန္တလေးတိုင်းတွင် ပိုးတွေ့လူနာ  ၁၆,၀၀၀ ကျော်နှင့် သေဆုံးသူ ၄၀၀ နီးပါး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ကာကွယ်ဆေးထိုးနှံရန် ရောဂါကူးစက်မှုများသော ဧရိယာများကို ဦးစားပေးသွားမည်ဖြစ်ပြီး ရောဂါကာကွယ်ဆေးစီမံခန့်ခွဲမှု သီးသန့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထံမှ သိရသည်။ 

အိန္ဒိယနိုင်ငံက လှူဒါန်းသည့် Covishield (ကိုဗစ်အကာအကွယ်) ဟု အမည်ပေးထားသော ကာကွယ်ဆေး တစ်သန်းခွဲသည် ယနေ့ (ဇန်နဝါရီ ၂၂) မွန်းလွဲပိုင်းက ရန်ကုန်လေဆိပ်မှတစ်ဆင့် ရောက်ရှိပြီဖြစ်သည်။

ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံ၏ နာမည်ကျော်ဆေးဝါးကုမ္ပဏီ AstraZeneca နှင့် သဘောတူညီမှုရယူပြီး အိန္ဒိယနိုင်ငံ Serum Institute က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ 

ကာကွယ်ဆေး ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများ၊ ဗဟိုအစိုးရအဖွဲ့ဝင်များ၊ နေပြည်တော်၌ လွှတ်တော်တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များကို စတင်ထိုးနှံပေးမည်ဖြစ်ပြီး လူဦးရေ ၇ သိန်းခွဲအတွက် ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေး တစ်သန်းခွဲကို လာမည့်သီတင်းပတ်တွင် စတင်ထိုးနှံပေးသွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်နိုင်တင်းရောဂါကာကွယ်ထိန်းချုပ်ရေး နောက်ဆုံးအခြေအနေများနှင့် ပတ်သက်သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

” ဒီလုပ်ငန်းတွေကို သေသေချာချာ၊ ထိထိရောက်ရောက် လုပ်နိုင်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်ထားပါတယ်။ ဒီ ကာကွယ်ဆေးကို နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် သုံးမလဲဆိုတာ နိုင်ငံအတွက် အင်မတန်အလေးထားစဉ်းစားရပါတယ်” ဟုအတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

လူတစ်ဦးလျှင် နှစ်ကြိမ်ထိုးရမည့် ကိုဗစ်နိုင်တင်းရောဂါကာကွယ်ဆေးကို ပထမအကြိမ်ထိုးအပြီး ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ထပ်ထိုးရမည်ဖြစ်သည်။ 

ဒုတိယဦးစားပေးအဖြစ် ပြည်သူများကို ထိုးနှံပေးမည်ဖြစ်ပြီး ရောဂါရရှိမှု လွယ်ကူသူ၊ ရောဂါအခံရှိသူနှင့် ရောဂါပြန့်ပွားနှုန်းများသော အုပ်စုများဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားထားသည်။ 

လက်ရှိတွင် ကိုဗစ်နိုင်တင်းရောဂါကာကွယ်ဆေးအတွက် အစိုးရက ကျပ် ၁ ဘီလျံ မ,တည်ကြောင်း၊ စေတနာရှင်များက လှူဒါန်းသော ငွေကျပ် ၁၈ ဘီလျံကျော်ကို လက်ခံရရှိပြီးဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ 

ကာကွယ်ဆေးဝင်ရောက်မှု ဆက်ရှိလာမည်ဖြစ်ပြီး အများပြည်သူကို ဦးစားပေးအဆင့်အလိုက် ထိုးပေးသွားမည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။  

” ဘာပဲပြောပြော စေတနာရှင်တွေက ပေးတဲ့ဟာတွေနဲ့ဆိုရင် Coverage  (လွှမ်းခြုံမှု) က ကျွန်တော်တို့ နိုင်ငံအတွက် သိပ်မဆိုးဘူးလို့ ကျွန်တော်ထင်တယ်။ ၂၀၂၁ တစ်နှစ်လုံးကတော့ ကိုဗစ်ကာကွယ်ဆေးတွေ ရမှာပါ။ အဆင့်လိုက်၊ အဆင့်လိုက် ရရမှာပါ” ဟု ဝန်ကြီးချုပ်က ပြောသည်။  

အိန္ဒိယအစိုးရက ကာကွယ်ဆေး တစ်သန်းခွဲ လှူဒါန်းခဲ့သော်လည်း မြန်မာအစိုးရက လူဦးရေ ၁၅ သန်းစာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖိုး ဝယ်ယူထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားပြီး လာမည့် ဖေဖော်ဝါရီအတွင်း ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ 

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ  ဇန်နဝါရီ ၂၁ အထိ တစ်သိန်းသုံးသောင်းကျော် ရှိခဲ့သည်။ ထိုအထဲမှ အများစု သက်သာပျောက်ကင်းကြောင်း၊ သေဆုံးသွားသူ ၃၀၁၃ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button