တောင်ကြီးဒေသခံများနှင့် ပအိုဝ်းပြည်သူ့စစ် မြေယာကိစ္စအငြင်းပွား

အငြင်းပွားနေသော ဧကမှာ ၅၀၀ကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ၁၉၉၅ တွင် လုပ်ပိုင်ခွင့်ရခဲ့သည်ဟုဆိုပြီး တောင်သူများကမူ ၎င်းတို့၏ ဘိုးဘွားပိုင်မြေယာဟု ဆိုကြသည်

Published on Jan 22, 2021
တောင်ကြီးမြို့နယ်၊ မြစိမ်းကွင်းဧရိယာရှိ အငြင်းပွားနေသော တောင်ယာမြေများအား တွေ့ရစဉ် ( ဓာတ်ပုံ-ပေးပို့)
တောင်ကြီးမြို့နယ်၊ မြစိမ်းကွင်းဧရိယာရှိ အငြင်းပွားနေသော တောင်ယာမြေများအား တွေ့ရစဉ် ( ဓာတ်ပုံ-ပေးပို့)

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ဧက ရာဂဏန်းရှိသော လယ်မြေတို့ကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့က သိမ်းယူနေသည်ဟု ဒေသခံတောင်သူများက ပြောသည်။

တောင်ကြီးမြို့၏ တောင်ဘက် မိုင်အနည်းငယ်အကွာ၊ ထီးဖောင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၈၀ ဦးခန့် စိုက်ပျိုးလုပ်ကိုင်နေသည့် ဧက ၅၀၀ ခန့်ကို အထူးဒေသ (၆) ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အသွင်ပြောင်း (ဌာနေ) ပြည်သူ့စစ်အဖွဲ့က ဇန်နဝါရီ ၁၆ တွင် သိမ်းယူလိုက်သည်ဟု ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၁၆က တောင်ယာမြေတွင် ထယ်ထိုးနေစဉ် PNA တပ်ဖွဲ့ဝင် ၂၀ ဦးခန့် ရောက်ရှိလာပြီး ထယ်ထိုးခွင့်မပေးတော့ဘဲ ထွန်စက်သော့ကိုလည်း တစ်နာရီခန့်ကြာအောင် သိမ်းဆည်းသွားခဲ့သည်ဟု ညိုမီးကုန်းပေါ်ရွာသား အသက် ၅၂ နှစ်အရွယ် ဦးစောလူက ပြောသည်။

မြစိမ်းကွင်းဧရိယာတွင် ၎င်းပိုင်ဆိုင်သည့် မြေ ၁၂ ဧက ရှိပြီး ပြောင်း၊ မြေပဲ၊ ပဲနှမ်း၊ ငရုတ် တို့ကို စိုက်ပျိုးလုပ်ကိုင်လာသည်မှာ အနှစ် ၂၀ ခန့် ရှိပြီဖြစ်ကြောင်း တောင်သူ ဦးစောလူက ပြောသည်။

အဆိုပါ မြစိမ်းကွင်းဧရိယာတွင် မြေဧက ၁,၇၀၀ ဧက ခန့်ရှိပြီး PNA က တစ်ဧကလျှင် လျော်ကြေး ၁၀ သိန်းဖြင့် ပေးလျော်ကာ သိမ်းဆည်းနေကြောင်း၊  လျော်ကြေးမယူဘဲ တောင်ယာ ဆက်လက်လုပ်ကိုင်လိုသူများကိုလည်း ခြိမ်းခြောက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“မင်းတို့ လျော်ကြေးမယူလည်း ဒီမြေကို လုံးဝ ဝင်လို့မရဘူး၊ အခွင့်မပေးဘူးဆိုပြီး ခြိမ်းခြောက်တယ်၊ ဒါပေမဲ့ ကျွန်တော်မကြောက်ဘူး။ ဒါက ကိုယ့်မြေပဲလေ” ဟု ဦးစောလူက ပြောသည်။

သို့ရာတွင် တောင်သူများပိုင်ဆိုင်သော ဘိုးဘွားပိုင်မြေမဟုတ်ဘဲ ၎င်းတို့ လုပ်ပိုင်ခွင့်ရခဲ့သော မြေများသာဖြစ်ကြောင်း PNA ပြည်သူ့စစ်အဖွဲ့က တုံ့ပြန်ပြောဆိုခဲ့သည့်။ အငြင်းပွားဧကမှာ တောင်သူများဘက်မှ ဧက ၅၀၀ ဟု ဆိုခဲ့သော်လည်း PNA ကမူ ဧက ၃၀၀ ခန့်သာဖြစ်ကြောင်း ပြောသည်။ 

ဒေသခံတောင်သူများကို ခြိမ်းခြောက်ခြင်းမရှိဘဲ လာရောက်မြေပြင်ခြင်း၊ ထယ်ထိုးခြင်းနှင့် စိုက်ပျိုးခြင်းများကိုသာ ဟန့်တားခဲ့ခြင်းဖြစ်သည်ဟု PNA ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးကျော်သူက Myanmar Now ကို ပြောသည်။

“မလုပ်ပါဘူး၊ လူကြီးတွေကလည်း ပြောထားပြီးသား။ ဘာမှ ခြိမ်းခြောက်တာတွေ မလုပ်နဲ့။ အကယ်၍ (တောင်ယာ) ဝင်လုပ်ရင် ထွန်စက်ကိုတော့ သိမ်းထားရမယ်၊ လူကို ဘာမှမလုပ်ဘူး။ ပြီးရင် စက်လည်း ပြန်ပေးမယ်လို့ ပြောထားရတယ်” ဟု ဗိုလ်မှူးကျော်သူက ပြောသည်။

၁၉၉၁ တွင် တပ်မတော်အစိုးရနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ ငြိမ်းချမ်းရေးယူပြီးနောက် ၁၉၉၅ ၌ မြစိမ်းကွင်းမြေရှိ ဧက ၁,၇၀၀ ကို အစိုးရက လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

၂၀၁၀ နောက်ပိုင်းမှသာ အဆိုပါမြေနေရာတွင် ဒေသခံများ ဝင်ရောက်စိုက်ပျိုးသည်ကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဘိုးဘွားပိုင်မြေမဟုတ်ကြောင်းနှင့် စီမံကိန်းလုပ်ဆောင်ရန်အတွက် ယခုမှသာ မြေကို ပြန်လည်ရယူခြင်းဖြစ်သည်ဟု ဆိုသည်။

ထောက်ပံ့ကြေးသဘောဖြင့် ၂၀၁၉ အောက်တိုဘာမှ စတင်ကာ တစ်ဧကကို ၁၀ သိန်းနှုန်းဖြင့် တောင်သူများကို ပေးလျော်ခဲ့ပြီး တောင်သူ ၂၃၀ ဦး၏ မြေဧက ၁,၄၀၀ ဧကခန့်ကို ပြန်လည်ပေးလျော်ပေးပြီးဖြစ်ကြောင်း ဗိုလ်မှူးကျော်သူက ပြောသည်။

PNA အဖွဲ့တွင်ရှိသည့် စာရင်းအရ လျော်ကြေးမယူသေးဘဲ အငြင်းပွားနေသည်မှာ ညိုမီးကျေးရွာနှင့် ထီဟန်ဆွေရွာမှ တောင်သူ ၃၀ ဦး ခန့်နှင့် မြေဧက ၃၀၀ တို့ ဖြစ်သည်ဟု သိရသည်။

ညိုမီးသရက်ပင်ရွာသူ အသက် ၆၀ အရွယ် ဒေါ်အေးအေးနွယ်က PNA က ပေးသည့် လျော်ကြေးကို မယူဘဲ တောင်ယာ ဆက်လက်လုပ်ကိုင်နေရာ ဇန်နဝါရီ ၁၆ ရက်တွင် ၎င်းပိုင်မြေ ၁၂ ဧကကို PNA က သိမ်းယူသွားသည်ဟု ဆိုသည်။ 

အဆိုပါမြေ‌ပေါ်တွင် စိုက်ပျိုးလုပ်ကိုင်နေသည်မှာ အနှစ် ၂၀ ကျော် ရှိပြီဖြစ်ပြီး စပါးစိုက်ရန် ထယ်ထိုးရမည့်အချိန် ရောက်ရှိနေပြီဖြစ်သော်လည်း PNA တပ်ဖွဲ့ဝင်များက လုပ်ကိုင်ခွင့်မပေးဘဲ ယာမြေများပေါ်တွင် အဆောက်အဦငယ်များ ဆောက်ကာ နေရာယူထားသည်ဟု ဆိုသည်။

“ကျွန်မမြေကိုပဲ ပြန်လိုချင်တယ်။ မြေမရှိရင် ကျွန်မ သားတွေ၊ သမီးတွေက ဘာနဲ့လုပ်စားကြမလဲ။ ထမင်းငတ်သွားမှာပေါ့” ဟု ဒေါ်အေးအေးနွယ်က ပြောသည်။ 

မြစိမ်းကွင်းဧရိယာအတွင်း တောင်ယာမြေ ၇ ဧကခန့်ကို လုပ်ကိုင်နေသည့် အသက် ၆၀ အရွယ် တောင်သူတစ်ဦးကလည်း စိုက်ပျိုးမြေများပေါ်တွင် ပဲစင်းငုံခင်းများနှင့် ပြောင်းခင်းအနည်းငယ်ကျန်ရှိနေပြီး ဝင်ရောက်ခူးဆွတ်ရန် ခက်ခဲနေကြောင်း ပြောသည်။ 

ဗိုလ်မှူးကျော်သူက ဆက်လက်စိုက်ပျိုးမှုကိုသာ တားဆီးထားခြင်းဖြစ်ပြီး သီးနှံများကို သိမ်းဆည်းရန်အတွက် တားမြစ်ခြင်းမရှိကြောင်း ပြောသည်။

“သူတို့ ပြောင်းတွေ၊ ဘာတွေ ကျန်တယ်ဆိုရင် သိမ်းလို့ရပါတယ်။ ခွင့်ပြုပါတယ်။ ထပ်ပြီးတော့ မြေပြင်မှာကိုသာ ခွင့်မပြုတာ” ဟု ဗိုလ်မှူးကျော်သူက ပြောသည်။

ထီဖောင်းကျေးရွာအုပ်စုအတွင်းရှိ တွီလုံး၊ ကောင်သာယာ၊ ရေဖြူ၊ ဒုန်ခါရာ၊ လွယ်‌တောင်း၊ ဖီဖောင်း၊ ကောင်းရွေး၊ နောင်ဆုတ်စသည့် ရွာပေါင်း ၁၃ ရွာရှိ တောင်သူများကို လျော်ကြေးပေးထားပြီးဖြစ်သလို ကျန်သည့် တောင်သူများနှင့်လည်း ဆက်လက်ညှိနိုင်းသွားမည်ဟု ၎င်းက ဆက်ပြောသည်။

ယခု သိမ်းဆည်းထားသည့် မြေများပေါ်တွင် စက်ရုံများ တည်‌ဆောက်သွားမည်ဖြစ်သော်လည်း အဆိုပါစီမံကိန်း အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ပြောသည်။

၂၀၁၉ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှမ်းပြည်နယ်ခရီးစဉ်တွင်း အဆိုပါမြေယာကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းပေးပါရန် အကြောင်းကြားခဲ့ပြီး ယင်းနှစ် အောက်တိုဘာနှင့် ဒီဇင်ဘာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ထပ်မံတိုင်ကြားခဲ့သော်လည်း ယနေ့အထိ အကြောင်းပြန်လာခြင်းမရှိသေးကြောင်း မြစိမ်းကွင်းဧရိယာရှိ တောင်သူများက ပြောသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ဦးအောင်ခမ်းထီ ဦးဆောင်ပြီး ၁၉၉၁ တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၀ တွင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းကာ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

PNO ၏လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က ၂၀၀၈ ၌ ကာကွယ်ရေးဦးစီးချုပ်ရုံးလက်အောက်တွင် ပြည်သူ့စစ်အဖြစ် တရားဝင်ပြောင်းလဲလိုက်ပြီး အထူးဒေသ (၆) အဖြစ် ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်များကို ထိန်းချုပ်ခွင့် ရခဲ့သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading