နေပြည်တော်တပ်ထောက်ခံပွဲတွင် 'တပ်နှင့် ပြည်သူ ဒို့ရန်သူ' ဟု မှားယွင်းကာကြွေးကြော်

“တပ်နှင့်ပြည်သူ ဒို့ရန်သူ” ဟု မှားယွင်းကြွေးကြော်ခဲ့သည့် ချီတက်ဆန္ဒပြပွဲအပြင် လယ်ဝေးနှင့် ဥတ္တရသီရိ မြို့နယ်များတွင်လည်း ရာနှင့်ချီသော ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက အင်အားပြလှည့်လည်ခဲ့ကြသည် 

Published on Jan 22, 2021
နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝန်းရံသူများ တပ်မတော်ကိုထောက်ခံကြောင်း ယနေ့ (ဇန်နဝါရီ ၂၂) ဆန္ဒထုတ်ဖော်နေစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 
နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝန်းရံသူများ တပ်မတော်ကိုထောက်ခံကြောင်း ယနေ့ (ဇန်နဝါရီ ၂၂) ဆန္ဒထုတ်ဖော်နေစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ နေရာသုံးခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တပ်မတော်ကို ထောက်ခံကြောင်း ချီတက်ဆန္ဒပြပွဲနှင့် အင်အားပြလှည့်လည်ခြင်းများ ယနေ့ (ဇန်နဝါရီ ၂၂) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ 

ဥတ္တရသီရိမြို့နယ် ရွှေနံသာဘောလုံးကွင်းတွင် ပြုလုပ်သော ချီတက်ဆန္ဒပြပွဲတွင် ပါဝင်သူများက “အာဏာအလွဲသုံးသူ ဒို့ရန်သူ”၊ “တပ်နှင့်ပြည်သူ အတူတူ သွေးခွဲလာသူ ဒို့ရန်သူ” ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်ခဲ့ပြီး စီတန်းလှည့်လည်မှု အစတွင် “တပ်နဲ့ပြည်သူ ဒို့ရန်သူ” ဟု နှစ်ကြိမ်တိုင် မှားယွင်းကြွေးကြော်ခဲ့သည်။  

“ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်လွှာများအပေါ် တရားမျှတစွာ စစ်ဆေးဆောင်ရွက်နိုင်ရန်” ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါ ချီတက်ဆန္ဒပြနှင့် ဟောပြောပွဲကို လူအင်အား ၂၀ ခန့်ဖြင့် ပြုလုပ်ခဲ့ပြီး လယ်ဝေးနှင့် ဥတ္တရသီရိမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးများတွင် ရာနှင့်ချီသောလူများဖြင့် အင်အားပြခဲ့ကြသည်။ 

ချီတက်ဆန္ဒပြပွဲနှင့်အတူ ရွှေနံ့သာဘောလုံးကွင်းတွင် ပြုလုပ်သော ဟောပြောပွဲတွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူဆိုသော လူသုံးဦးက တပ်မတော်၏ ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ဟောပြောကြသည်။

"တရားဥပဒေကို လက်တစ်လုံးကြားလုပ်၊ လိုသလိုဆွဲ၊ လိုချင်သလို အကောင်အထည်ဖော်နေတဲ့ သူတွေကို ကျွန်တော်ဒီနေရာက ပြောချင်တာက ခင်ဗျားတို့တစ်တွေ ရူးတောင်သွားဦးမယ်လို့ ပြောချင်ပါတယ်"ဟု ပျဉ်းမနားမြို့ခံဆိုသူ ဦးဇော်တူးအောင်က ဟောပြောခဲ့သည်။

ရွှေနံ့သာဘောလုံးကွင်း၌ ဆန္ဒဖော်ထုတ်နေချိန်တွင် ဥတ္တရသီရိနှင့် လယ်ဝေးမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးများတွင် ရာနှင့်ချီသော ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ စုရုံးခဲ့ကြပြီး အချို့မှာ နေပြည်တော်အတွင်း မော်တော်ယာဉ်တန်းဖြင့် စီတန်းလှည့်လည်ခဲ့သည်ကို Myanmar Now က တွေ့ရှိရသည်။ 

ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် လာရောက်စုဝေးသူတစ်ဦးဖြစ်သည့် ဦးစန်းဦးဆိုသူက ရွှေနံသာဘောလုံးကွင်းဆန္ဒပြပွဲတွင် ပါဝင်လိုသော်လည်း ကိုဗစ်နိုင်တင်းကာလအတွင်း လူ ၃၀ ဦးထက် ပိုမစုရဆိုသော အစိုးရ၏ ကန့်သတ်ချက်ကြောင့် ၎င်းတို့ထောက်ခံသည့်ပါတီရုံးဝင်းအတွင်း ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“(အစိုးရက) ကိုဗစ်နိုင်တင်းရောဂါကာကွယ်တိုက်ဖျက်ရေး သဘာဝဘေးအန္တရာယ်ဆိုတဲ့ အချက်ကို ဇောင်းပေးပြီးတော့မှ ပြည်သူလူထုကို စုဖွဲ့မှုမရအောင်လို့ ခွဲထုတ်လိုက်တာပဲ။ ဝန်းရံတဲ့အဖွဲ့က ရုံးထဲမှာ ဆန္ဒထုတ်ဖော်ပေးတာ" ဟု ဦးစန်းဦးက ဆိုသည်။

ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံးအတွင်းစုဝေးပြီး နံနက် ၉ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာလာသော လူရာချီသည့် လူအုပ်ကို မော်တော်ယာဉ် အစီးရေ ၅၀ ကျော်ဖြင့် ပြန်လည်တင်ဆောင်သွားသည်ကို တွေ့ရသည်။

ယင်းတို့အနက် မော်တော်ယာဉ် အစီး ၂၀ ခန့်တွင် လူတစ်ရာခန့်ကို တင်ဆောင်သွားသည့် ယာဉ်တန်းမှာ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံးရှေ့မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနီးရှိလမ်းကို ဖြတ်သန်းကာ ဇေယျဌာနီလမ်းမကြီးပေါ်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ရုံးရှေ့တွင် ခေတ္တရပ်တန့်ပြီးနောက် လူစုခွဲသွားကြသည်ကို တွေ့ရှိခဲ့ရသည်။ 

အလားတူပင် လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင်လည်း ဝန်းရံသူ ရာချီစုဝေးခဲ့ကြသည်ဟု ပြည်ထောင်စုနယ်မြေ၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဌေးဝင်းက Myanmar Now ကို ပြောသည်။

“သီးခြားလှုပ်ရှားမှုတော့ မဟုတ်ပါဘူးခင်ဗျ။ မရှိပါဘူး။ ဒီကနေ့ ရွှေနံ့သာမှာလုပ်မယ်ဆိုတော့ သူ့ဟာသူ ဘေး(ဝန်းရံသူတွေ)က လာကြမယ်ဆိုတော့ဗျာ။ မလာဖို့တားရင်း ဆန္ဒပြပွဲမသွားရတဲ့သူတွေ ရုံးထဲဝင်တဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

လယ်ဝေးနှင့် ဥတ္တရသီရိ ပြည်ခိုင်ဖြိုးရုံးများတွင် လူစုလူဝေးဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံ မေးမြန်း၍ မရသေးသော်လည်း ရွှေနံ့သာဘောလုံးကွင်းအတွင်းဆန္ဒပြမှုမှာမူ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်းသာဖြစ်၍ အရေးယူရန်မရှိဟု ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ယာယီရဲမှူးဝင်းလွင်က Myanmar Now ကို ပြောသည်။

သို့သော် လူဦးရေ ၃၀ ထက် ပိုမိုစုဝေးသည်ဆိုလျှင် ဥပဒေအရ အရေးယူဆောင်ရွက်ရန် အထက်အဆင့်မှ ညွန်ကြားထားကြောင်း ယာယီရဲမှူးဝင်းလွင်ထံမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ ကျင်းပခဲ့သည်အနက် ပြည်ခိုင်ဖြိုင်းပါတီက ၇၁ နေရာ သာ အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများနည်းတူ မဲမသမာမှုဖြစ်နိုင်ခြေများစွာ ရှိသည်ဟူသော တပ်မတော်၏ ပြောဆိုချက်များကို ပြည်ခိုင်ဖြိုးပါတီက ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုနေသည့်နည်းတူ အင်အားပြဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မှသာ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်ကြောင်း တပ်မတော်က ဇန်နဝါရီ ၂၀ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။ 

ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးအကျပ်အတည်းဖြစ်နေသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုပြီး ထိုအကျပ်အတည်းကို ကျော်လွှားနိုင်ရန် ပြည်ထောင်စုလွှတ်တော်၊ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ဖြေရှင်းပေးရန်လည်း တောင်းဆိုထားသည်။ 

လွှတ်တော်အာဏာပိုင်များကမူ ၂၀၂၀ ရွေးကောက်ပွဲရလဒ် စတင်အသက်ဝင်စေမည့် တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ထို့အတူ နိုင်ငံတော်သမ္မတရွေးချယ်ရေးနှင့် အစိုးရဖွဲ့စည်းရေးလုပ်ငန်းစဉ်များဆောင်ရွက်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။ 

လွှတ်တော်အစည်းအဝေးများ မစတင်မီ ဇန်နဝါရီ ၂၉ ရက်တွင် သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီနှင့် ၎င်း၏မိတ်ဖက် သမ္မတရုံးဝန်ကြီးဟောင်းနှင့် စစ်ဥပဒေချုပ်ဟောင်း ဦးစိုးမောင်၏ ပါတီတို့က တိုင်ကြားထားသည့် စာချွန်တော်လျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ကြားနာရန် ရှိနေသည်။ 

ထို ဇန်နဝါရီ ၂၉ ရက်တွင် “တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်” ဟူသော တပ်မတော်ထောက်ခံပွဲကျင်းပရန် အမှုသုံးခုဖြင့် ဝရမ်းပြေးဖြစ်နေသူ မိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီက ဦးဆောင်စည်းရုံးလျက်ရှိသည်။ 

အဆိုပါလှုပ်ရှားမှုကို မိုက်ကယ်ကျော်မြင့်ကိုယ်တိုင် ဦးဆောင်မည်ဖြစ်ကြောင်း သူ၏ပါတီမှ တာဝန်ရှိသူအချို့က ထုတ်ဖော်ပြောကြားထားသည်။ တရားစွဲဆိုခံထားရသည့် အမှုသုံးခုကြောင့် ဝရမ်းပြေးဖြစ်နေသူ မိုက်ကယ်ကျော်မြင့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း နေပြည်တော်သို့ ရောက်ရှိနေကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။ 

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading