YRTA အဖွဲ့ အရာရှိ၏ကုမ္ပဏီက အဖွဲ့ပိုင်ငွေ ကျပ်ဘီလီယံချီ ရနေ

ရန်ကုန်တိုင်းအစိုးရကွပ်ကဲသည့် YRTA အဖွဲ့ပိုင်ငွေ သုံးစွဲမှု၊ လုပ်ငန်းလုပ်ပိုင်ခွင့်ချပေးမှုသည် အငြင်းပွားဖွယ်ဖြစ်နေသော်လည်း အဂတိတိုက်ဖျက်ရေးကော်မရှင် ကိုင်တွယ်ခွင့်မရသည့်အမှု ဖြစ်နေသည်

Published on Jan 22, 2021
YRTA ကြီးကြပ်မှုဖြင့် ပြေးဆွဲနေသည့် YBS ယာဉ်တစ်စီးကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေဈေးမှတ်တိုင်အနီး ဇန်နဝါရီ ၂၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-မျိုးဆက်ပိုင်/ Myanmar Now)
YRTA ကြီးကြပ်မှုဖြင့် ပြေးဆွဲနေသည့် YBS ယာဉ်တစ်စီးကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေဈေးမှတ်တိုင်အနီး ဇန်နဝါရီ ၂၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-မျိုးဆက်ပိုင်/ Myanmar Now)

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ၏ အရာရှိကြီးတစ်ဦးပိုင်ဆိုင်သော ကုမ္ပဏီက YBS ယာဉ်များတွင် တပ်ဆင်ထားသည့် တည်နေရာပြစနစ် ပစ္စည်းများအတွက် လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ကျပ်ဘီလီယံချီ ဝင်ငွေရရှိနေသည်။

ရန်ကုန်ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း(YBS- Yangon Bus Service) ယာဉ်များတွင် GPS (တည်နေရာပြ စနစ်) ထည့်သွင်း၍ အွန်လိုင်းမှ ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရန် ယာဉ်များတွင်တပ်ဆင်မည့် စက်ပစ္စည်းများကို YRTA က တင်ဒါ မခေါ်ဘဲ B’ smart Myanmar ကုမ္ပဏီက ၂၀၁၇ ဇန်နဝါရီ ၂၂ တွင် လုပ်ပိုင်ခွင့်ရခဲ့သည်။  

Myanmar Now က ရရှိခဲ့သော အထောက်အထား၊ အချက်အလက်များအရ လုပ်ပိုင်ခွင့်ရရှိခဲ့သည့် အဆိုပါကုမ္ပဏီသည် စက်ဝယ်ယူရေး ကြိုတင်ငွေအဖြစ် ၂၀၁၈ တွင် ကျပ်သိန်းသုံးထောင်၊ ၂၀၁၉ တွင် ကျပ်သိန်းငါးထောင် ရရှိခဲ့သည့်အပြင် စက်ပစ္စည်းငှားရမ်းမှုအတွက်လည်း နေ့စဉ် YBS ယာဉ်တစ်စီးလျှင် ကျပ် ၄၀၀ နှုန်း ဖြင့် YRTA ထံမှ ရရှိနေသည်။ 

အသွင်ပြောင်း စီအီးအို

ထိုကုမ္ပဏီကို အသက် ၃၈ နှစ်အရွယ် ဦးအောင်ညီညီမော်က ပိုင်ဆိုင်ပြီး ၎င်းသည် ၂၀၁၇ နိုဝင်ဘာမှစတင်ပြီး YRTA ၏ မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဖြစ်သည်။

၂၀၁၄ တွင် တည်ထောင်ခဲ့သော ကုမ္ပဏီတွင် CEO အဖြစ် လုပ်ကိုင်နေရာမှ ၂၀၁၇ ဇူလိုင်တွင်  YRTA သို့ အဖွဲ့ဝင်အဖြစ် ရောက်ရှိလာပြီး တစ်လအကြာ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်(CEO) ရာထူးမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် ၂၀၁၇ နိုဝင်ဘာတွင် မန်နေဂျင်းဒါရိုက်တာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

မန်နေဂျင်းဒါရိုက်တာ တာ၀န်ယူထားသူ ဦးအောင်ညီညီမော်သည် အဆိုပါကုမ္ပဏီမှ နုတ်ထွက်ထားကြောင်း YRTA တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

"သူကိုယ်တိုင်က ဒီတာဝန်ကို ယူတဲ့အခါမှာ B’ smart ကုမ္ပဏီက တာဝန်ယူနေတဲ့ Telematic စနစ်နဲ့ မပတ်သက်အောင်၊ (ကုမ္ပဏီကနေ) သူ နုတ်ထွက်တယ်ဆိုတဲ့အကြောင်းကို လူကြီးတွေအားလုံးကို သူ ရှင်းလင်းတင်ပြထားပါတယ်"ဟု ၎င်းက ပြောသည်။

သို့သော် B’ smart Myanmar ကုမ္ပဏီတွင် ဦးအောင်ညီညီမော်က တရားဝင် ဒါရိုက်တာတစ်ဦးအဖြစ် ရှိနေကြောင်း မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ယနေ့အထိ ဖော်ပြထားသည်။

ထိုကုမ္ပဏီတွင် ဒါရိုက်တာရာထူးအဖြစ် ဆက်ရှိနေသော်လည်း ကုမ္ပဏီ၏ လုပ်ငန်းများသည် ၎င်းနှင့် ပတ်သက်မှု လုံးဝမရှိတော့ကြောင်း ဦးအောင်ညီညီမော်က Myanmar Now ကို ဇန်နဝါရီ ၁၈ တွင် ပြောသည်။

ပိုင်ဆိုင်မှုနှင့် လုပ်ငန်းဝင်ရောက်ဆောင်ရွက်မှုမှာ တူညီခြင်းမရှိဟု သူက ဆိုသည်။  

"ပိုင်ဆိုင်မှုဆိုတာကတော့ ဘယ်သူမဆို ရှိနေမှာပဲ။ တစ်ခုပဲ။ အဲ့ဒီပိုင်ဆိုင်မှုက ကျွန်တော်တို့အနေနဲ့ ဖုံးကွယ်စရာတော့ မရှိဘူး။ ပိုင်တာက ပိုင်တာပဲလေ။ Operation (လုပ်ငန်းဆောင်ရွက်မှု) ကို မလုပ်တာက မလုပ်တာပဲလေ။ မတူဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ရှိတယ်လေ၊ ကုမ္ပဏီတွေ ပိုင်မှာပဲ။ ဝင်လုပ်လား၊ မလုပ်လားပဲ အရေးကြီးတယ်လေ"ဟု ဦးအောင်ညီညီမော်က ပြောသည်။

YRTA တွင် ၎င်း၏ ရာထူးရရှိထားမှုနှင့် ကုမ္ပဏီ၏အကျိုးစီးပွား ပတ်သက်ဆက်နွယ်မှု မရှိဟုလည်း ဦးအောင်ညီညီမော်က ငြင်းဆိုသည်။

"YBS ကြီး အပြောင်းအလဲလုပ်တာက ၂၀၁၇ ဇန်နဝါရီ ၁၆၊ Telematic က အဲ့ဒီ (ဇန်နဝါရီ ၂၂) ကတည်းက စနေပြီ။ ကျွန်တော်က အပြင်လူပဲ အဲ့ဒီအချိန်တုန်းက။ ဆိုတော့ အဲ့ဒီအချိန်ကာလမှာ တင်ဒါ ခေါ်ခြင်း၊ မခေါ်ခြင်းက ကျွန်တော့်အနေနဲ့ ပြောပိုင်ခွင့်မရှိဘူး"ဟု ၎င်းက ဆိုသည်။

စက်ငှားရမ်းခအဖြစ် YBS တစ်စီးလျှင် နေ့စဉ် ကျပ် ၄၀၀

YBS များကို ထိန်းချုပ်နေသည့် Yangon Bus Operation (YBO) စီမံကိန်းတွင် အသုံးပြုနေသည့် Telematics စက်ပစ္စည်းများ ငှားရမ်းခကိုလည်း YRTA က ကုမ္ပဏီထံ လစဉ် ပေးသွင်းနေသည်။ ထိုသို့ ပေးသွင်းနေရခြင်းမှာ စာချုပ်ပါအချက်များအရ ဖြစ်သည်ဟု YRTA ၏ မန်နေဂျင်းဒါရိုက်တာနှင့် တွဲဘက်အတွင်းရေးမှူးတို့က ပြောသည်။

၂၀၁၇ ဇန်နဝါရီ ၁၆ မှစ၍ YRTA အဖွဲ့၏ စီမံခန့်ခွဲမှုစရိတ်အဖြစ် YBS တစ်စီးလျှင် နေ့စဉ် ကျပ် ၄,၀၀၀ နှုန်း ကောက်ခံပြီး ထိုအထဲမှ ၄၀၀ ကျပ်ကို Telematic စက်ငှားရမ်းခအဖြစ် B’ smart Myanmar  ကုမ္ပဏီကို ပေးခြင်းဖြစ်သည်ဟု YRTA တွဲဘက်အတွင်းရေးမှူးက ရှင်းလင်းသည်။

" ယာဉ်တစ်စီးကို တစ်နေ့ကို လေးရာကျပ်နှုန်းကို ယခင် (ဦးအောင်ညီညီမော် မရောက်ခင်) သတ်မှတ်တဲ့အတိုင်း ကျွန်တော်တို့က ပေးဆောင်နေရတာဖြစ်ပါတယ်" ဟု ၎င်းက ဆက်ပြောသည်။ 

YRTA ၏ စာရင်းများအရ ရန်ကုန်မြို့တွင်း နေ့စဉ်ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်အစီးရေ ၄,၆၀၀ ခန့်ရှိနေရာ တစ်စီး ကျပ် ၄၀၀ နှုန်းဖြင့် တွက်ပါက တစ်လလျှင် ပျမ်းမျှ ကျပ်သိန်း ၅၅၀ ခန့်ကို ကုမ္ပဏီက ရရှိနေခြင်းဖြစ်သည်။

ဦးအောင်ညီညီမော်က YRTA တွင် ၎င်းတာဝန်ယူချိန်အတွင်း Telematics စက်များအတွက် ကုမ္ပဏီထံ ငွေပေးသွင်းခဲ့ရသည့် ပမာဏကို မမှတ်မိတော့ကြောင်း ပြောသည်။

ထိုစက်တန်ကြေး ငွေပမာဏအပါအဝင် လစဉ် ပေးချေနေရသည့် စက်ငှားရမ်းခများကို မည်သည့်ကာလအထိ ပေးချေရမည်ကိုမူ YRTA ဘက်မှ ဖြေကြားကြခြင်း မပြုပေ။

အဆိုပါ Telematics စက်ပစ္စည်းများ အသုံးပြုရခြင်းအတွက် ကျပ်သိန်းပေါင်း ၃၃၀၀ ကျော်ကို YRTA က တစ်နှစ်အတွင်း သုံးစွဲခဲ့ကြောင်း ၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာချုပ်ပါသတ်မှတ်ချက်များ သိနိုင်ရန် အင်တာနက်တွင် B’ smart Myanmar ကုမ္ပဏီက ဖော်ပြထားသည့် ဖုန်းနံပါတ်မှတစ်ဆင့် ကုမ္ပဏီဒါရိုက်တာတစ်ဦးဖြစ်သူ ဦးဝေအောင်ထံ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိပေ။

ထိုစက်များ တပ်ဆင်ထားပါက YBS ယာဉ်မောင်းများ၏ ယာဉ်မောင်းနေစဉ် အပြုအမှုများ၊ ယာဉ်အမြန်နှုန်း၊ ဘရိတ်အသုံးပြုမှုများနှင့် ယာဉ်သွားလာသည့် အကွာအဝေးများကို သိရှိနိုင်မည်ဖြစ်သည်။ 

အဂတိကော်မရှင်သို့ အတိုင်ခံရ

ရန်ကုန်တိုင်းအစိုးရကိုယ်တိုင် ကွပ်ကဲနေသော YRTA သည် အဖွဲ့ပိုင်ငွေ သုံးစွဲရာတွင် Telematics စက်ကိစ္စအပါအဝင် အခြားကိစ္စရပ်များကို ဘဏ္ဍာရေးစည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ အဂတိလိုက်စားမှုများ ဖြစ်ပေါ်နေသည်ဟုဆိုကာ YRTA ၏ ဘဏ္ဍာရေးမှူးဟောင်း ဒေါ်သန်းသန်းမြင့်က ၂၀၂၀ ဩဂုတ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ထံ တိုင်ကြားခဲ့သည်။

"ဘယ်လောက် တန်ဖိုးရှိတဲ့ဟာကို ဝယ်မယ်လို့ ဘယ်ဆုံးဖြတ်ချက်မှာမှ မရှိဘဲနဲ့ (ကျပ်သိန်း) ၃၀၀၀ ပေးလိုက်၊ ၅၀၀၀ ပေးလိုက်နဲ့ (ကုမ္ပဏီထံ) ပေးခိုင်းနေတယ်။ နောက်ပြီးတော့မှ ဘတ်ဂျက် ဘယ်လောက်သုံးမယ်ဆိုတဲ့ အစအဆုံးကို ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေနဲ့ အစည်းအဝေးမှာ လက်မှတ်ထိုးထားခြင်းမရှိဘဲနဲ့ လစဉ် သိန်း ၃၀၀၀ လိုသလို သုံးနေကြတယ်။ အဲ့ဒါ အဂတိပဲ။ အဲ့ဒီ စိတ်တိုင်းကျ သုံးစွဲနေတဲ့ဟာတွေ မှန်သမျှကို မှန်ပါတယ်လို့ ဘဏ္ဍာရေးမှူးကို ထောက်ခံခိုင်းတယ်"ဟု ဒေါ်သန်းသန်းမြင့်က Myanmar Now ကို ပြောသည်။

YRTA  ၏ ၄ နှစ်သက်တမ်းအတွင်း ဘဏ္ဍာရေးမှူး ၃ ဦး အပြောင်းအလဲဖြစ်ခဲ့ပြီး ၎င်းသည်လည်း ၂၀၁၉ စက်တင်ဘာ တစ်လသာ YRTA ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူခဲ့ကာ နုတ်ထွက်စာတင်၍ နုတ်ထွက်ခဲ့သည်ဟု တိုင်ကြားသူ ဒေါ်သန်းသန်းမြင့်က ပြောသည်။

ဒေါ်သန်းသန်းမြင့်သည် အစိုးရဝန်ထမ်းလုပ်သက် ၃၈ နှစ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ စီမံကိန်းနှင့် စာရင်းအင်းဌာန၊ ဒုတိယအထွေထွေမန်နေဂျာ အတွင်းစာရင်းစစ်ဟောင်းတစ်ဦးဖြစ်သည်။ ၂၀၁၉ စက်တင်ဘာ ၂ တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် လက်မှတ်ထိုးပြီး YRTA ဘဏ္ဍာရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

ဒေါ်သန်းသန်းမြင့်က အစိုးရဌာနများနှင့်ပတ်သက်၍ အကျင့်ပျက်ခြစားမှုများ၊ ဘဏ္ဍာငွေသုံးစွဲမှုအလွဲများကို အသိပညာပေး၊ အစီရင်ခံစာထုတ်ဝေသော အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် Citizen Action for Transparency (CAFT) ကိုယ်စားပြု၍ အဂတိကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်း၏ တိုင်ကြားချက်ပါဖြစ်စဉ်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်မြောက် မပြင်ဆင်ခင်က အကြောင်းအရာဖြစ်နေ၍ အရေးယူဆောင်ရွက်၍ မရကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ ညွန်ကြားရေးမှူးချုပ် ဦးသန့်ဇော်က ၂၀၂၀ ဒီဇင်ဘာ ၁၁ တွင် စာဖြင့် အကြောင်းပြန်ခဲ့သည်။

ထို့ကြောင့် ၎င်းက အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ထံ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် တိုင်ကြားခဲ့ရာ ပါတီအနေဖြင့် စစ်ဆေးပါက အလုပ်သဘောအရ ဘောင်ကျော်သည့်သဘော သက်ရောက်နေ၍ လုပ်ဆောင်၍မရကြောင်း NLDဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။ 

ထို့ပြင် YRTA အဖွဲ့အတွင်း ဘဏ္ဍာငွေအသုံးပြုရာတွင် အထောက်အထားမဲ့ ငွေကြေးသုံးစွဲမှုများဖြစ်ပေါ်နေသည်ကို ၎င်း ဘဏ္ဍာရေးမှူးဖြစ်ချိန်တွင် တွေ့ရှိရသဖြင့် YRTA ၏ နာယကဖြစ်သူ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဝန်ကြီးဒေါ်နီလာကျော်ထံ နှစ်ကြိမ်တိုင်ကြားခဲ့သော်လည်း လူချင်းတွေ့ဆုံခွင့်ပင် မရခဲ့ကြောင်း တိုင်ကြားသူ ဘဏ္ဍာရေးမှူးဟောင်းက ပြောသည်။

GPS တပ်မှ YBS ဆွဲခွင့်ရ

တည်နေရာပြ Telematic (ခေါ်) GPS စက်ကို ခရီးသည်တင်ပြေးဆွဲမည့် ယာဉ်များတွင် တပ်ဆင်ထားမှသာ မြို့တွင်းပြေးဆွဲခွင့်ရပြီး ထိုစက်တပ်ရန်အတွက် ယာဉ်လိုင်းပိုင်ရှင်နှင့် YRTA အကြား စက်ငှားရမ်းစာချုပ် ချုပ်ဆိုရကြောင်း Power Eleven Public Co., ltd အမှုဆောင်ညွန်ကြားရေးမှူး ကိုတရုတ်ကလေး (ခေါ်) ဦးသက်တင်ဝင်းက Myanmar Now ကို ပြောသည်။

YBS ၂၁၊ ၃၉၊ ၄၁ စသည့် ယာဉ်လိုင်းများပိုင်ဆိုင်သည့် ထိုကုမ္ပဏီသည် ယာဉ်အစီးရေ ၂၅၀ ကျော်၊ ယာဉ်မောင်း ၃၀၀ ခန့်ဖြင့် ရန်ကုန်မြို့တွင်း နေ့စဉ်ပြေးဆွဲလျက်ရှိသည်။

"သာမန်အားဖြင့်ဆိုရင်တော့ လုပ်ဆောင်မှု (Telematic စက်လုပ်ဆောင်မှုပုံစံများ) အနေအထားလောက်ဆိုရင်တော့ တစ်သိန်း ၊ တစ်သိန်းခွဲ ဝန်းကျင်လောက်တော့ တန်ကြေးရှိမယ်နဲ့ တူတယ်" ဟု ကိုတရုတ်ကလေးက စက်တန်ဖိုးကို ခန့်မှန်းသည်။

YRTA နှင့် ချုပ်ဆိုသည့် စာချုပ်တွင် ယာဉ်ပိုင်ရှင်များက Telematic စက်အတွက် ငွေမပေးချေရသော်လည်း စက်ပျောက်ဆုံး၊ ပျက်စီးပါက စက်တန်ဖိုးအဖြစ် ကျပ် ၂၅၀,၀၀၀ ပေးလျော်ရမည်ဟု ဖော်ပြထားသည်။ 

ကိုတရုတ်ကလေးကမူ သုံးနှစ်ကျော်ကြာ အသုံးပြုခဲ့သော အဆိုပါစက်များ၏ စွမ်းဆောင်ရည်သည် ယခုအချိန်၌ ကျပ် တစ်သောင်းကျော်တန်စက်များ၏ စွမ်းဆောင်ရည်နှင့် များစွာကွာခြားမှုမရှိတော့ကြောင်း မှတ်ချက်ပြုသည်။

Telematic စက်ပစ္စည်းအမျိုးအစား အများအပြားရှိသည့်အနက် YBS ယာဉ်ကဲ့သို့ ကားများတွင် တပ်ဆင်နိုင်သည့် စက်အမျိုးအစားသည် တစ်ခုလျှင် ၁၁ ဒေါ်လာ (ပျမ်းမျှ ၁၅,၀၀၀ ကျပ်ခန့်) မှ ၁၄ ဒေါ်လာ (၁၉,၀၀၀ ကျပ်နီးပါး) ကြား တန်ကြေးရှိကြောင်း တရုတ်သူဌေး ဂျက်မားတည်ထောင်ခဲ့သည့် အလီဘာဘာဈေးဝယ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုစက်များ တပ်ဆင်ထားသောကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့် YBS ယာဉ်လိုင်းများကို အရေးယူနိုင်ခဲ့ပြီး ယာဉ်မတော်တဆမှုအချို့ကိုလည်း စစ်ဆေးအရေးယူနိုင်ခဲ့ကြောင်း YRTA ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ မတ်လမှစ၍ ကိုဗစ်နိုင်တင်းကြောင့် လုပ်ငန်းထိခိုက်မှု ကုစားရေးအဖြစ် YBS ယာဉ်တစ်စီးလျှင် စီမံခန့်ခွဲမှုစရိတ် တစ်ရက် ကျပ် ၄၀၀၀ ကောက်ခံနေမှုကို YRTA မှ ကင်းလွတ်ခွင့်ပြုခဲ့သဖြင့် အဆိုပါ Telematics စက်ငှားရမ်းများကိုပါ မူလရရှိထားသည့် ရန်ပုံငွေမှ YRTA က ပေးချေနေရသည်။

၂၀၁၆ တွင် NlD အစိုးရတက်လာပြီးနောက် ရန်ကုန်မြို့တွင်း ယာဉ်လိုင်းများကို ကြီးကြပ်နေသော မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ)ကို ဖျက်သိမ်း၍ YRTA အာဏာပိုင်အဖွဲ့ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။

ထို့နောက် နှစ်ဝက်ခန့်အကြာတွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် မထသခရီးသည်တင်ယာဉ်လိုင်းစနစ်ကို ဖျက်သိမ်းပြီး YBS စနစ်ဖြင့် အစားထိုးပြေးဆွဲခဲ့ရာ ၂၀၂၁ ဇန်နဝါရီ ၁၆ ၌ လေးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။

၂၀၁၇-၁၈ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာအရ ယင်းနှစ်အတွက် YRTA သည် ကျပ် ၉ ဒသမ ၄ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ပြီး ၁ ဒသမ၇ ဘီလီယံကျပ် သုံးစွဲခဲ့သည်။

သို့သော်လည်း ဝင်ငွေများအတွက် ပြည်ထောင်စုအစိုးရသို့ အခွန်မဆောင်ဟု ဝေဖန်ခံခဲ့ရသည်။ 

ရန်ကုန်တိုင်း၀န်ကြီးချုပ်ကမူ YRTA ၏ဝင်ငွေအားလုံးသည် အစိုးရဘဏ္ဍာဖြစ်သွား၍ အခွန်မဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရက အခွန်ဆောင်ရန် ညွှန်ကြားပါက ဆောင်မည်ဖြစ်ကြောင်း ၂၀၂၀ ဖေဖော်ဝါရီလ ရန်ကုန်မြို့ လူထုတွေ့ဆုံပွဲတစ်ခုတွင် ထည့်သွင်းပြောကြားထားသည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading