အသက်အငယ်ဆုံး ကျမ်းကျိန်ပွဲထွက် ကဗျာဆရာမ အာမန်ဒါ ဂေါမန်း

အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံး ကျမ်းကျိန်ပွဲထွက် ကဗျာဆရာမလေးဟာ လွှတ်တော် ကက်ပီတယ်အဆောက်အအုံ အဓိကရုဏ်းအပြီးမှာ လက်စသပ်ထားတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်တော့မှာပဲ ဖြစ်ပါတယ်။ “ဘယ်လိုပဲဖြစ်ဖြစ် ကျမ မြင်ခဲ့ရသမျှကို အပေါ်ယံ အလှဆင်နေမှာ မဟုတ်ပါဘူး”လို့ သူမက ပြောလိုက်တယ်။

ပြီးခဲ့တဲ့ ရက်သတ္တနှစ်ပတ်လောက်ကပဲ အာမန်ဒါ ဂေါမန်းတစ်ယောက်ဟာ “ငါတို့ တက်နေတဲ့ တောင်ကုန်း (The Hill We Climb)လို့ အမည်ရတဲ့ ကဗျာတစ်ပုဒ်ကို အပြီးသတ်နိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ်။ သူမ ပင်ပန်းနွမ်းလျနေသလို၊ ရွေးကောက်ခံသမ္မတ ဂျိုးဇက် အာ ဘိုင်ဒင် ဂျူနီယာရဲ့ ကျမ်းကျိန်ပွဲမှာ ရွတ်ဆိုဖို့ အမျိုးသားစည်းလုံးညီညွတ်ရေး ကဗျာတစ်ပုဒ်ကို စပ်ဆိုနေရတဲ့အတွက်လည်း သူမဟာ သမိုင်းပေးလုပ်ငန်းတာဝန်ကြီးနဲ့ မထိုက်တန်ဘူးလို့တောင် စိုးရိမ်စိတ်တွေ ဝင်နေရှာပါတယ်။

“တကယ့် ဧရာမတာဝန်ကြီးကို ရထားတာ၊ ဘဝမှာ လုပ်ရမှာတွေထဲက အရေးအကြီးဆုံး အရာတစ်ခုတောင် ဖြစ်နေနိုင်ပါတယ်”လို့ သူမက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ “ဒီတောင်ကြီးကို ရုတ်တရက်ကြီး တက်ရတော့မလိုပဲ၊ ကျမ သတိလစ်သွားတော့မလောက်ပါပဲ”

တချို့က လက်နက်တွေကိုင်၊ တချို့က ကွန်ဖက်ဒရေးရှင်းအလံတွေကို ကိုင်ဆောင်လို့ ဇန်နဝါရီ ၆ရက်နေ့မှာ ထရမ့်လိုလားတဲ့ ဆူပူသူတွေက ကွန်ဂရက်ခန်းမကြီးတွေကို တရကြမ်း ဝင်ရောက်စီးနင်းလိုက်တဲ့အချိန်မှာတော့ ဂေါမန်းဟာ တစ်နေ့ တစ်ကြောင်းနှစ်ကြောင်းနဲ့ ကဗျာလည်း တစ်ဝက်လောက် ပြီးစီးစေခဲ့ပြီဖြစ်ပါတယ်။ သန်းခေါင်သန်းလွဲ မအိပ်မနေ ရေးလာခဲ့တာ အဲဒီနေ့က ကပ်ပီတယ်မှာ ဖြစ်သွားခဲ့တဲ့ ကမ္ဘာပျက်မြင်ကွင်းအကြောင်းကိုပါ ထပ်ပေါင်းလိုက်တော့ ကဗျာဟာ ပြီးသွားခဲ့ပါတယ်။

*

ကျမတို့ တက်နေတဲ့ တောင်ကုန်း

------------------------------------

အချိန်ကျလာတဲ့အခါ ကျမတို့ ကိုယ့်ကိုယ်ကိုယ် မေးရ

မဆုံးနိုင်တဲ့ အရိပ်ထဲမှာ အလင်းကို ဘယ်မှာ ရှာရပ

ကျမတို့ သယ်ဆောင်လာတဲ့ ဆုံးရှုံးမှု

ကျမတို့ ကူးခတ်ရမယ့် ပင်လယ်

ဒုက္ခတွင်းထဲလည်း ရဲရင့်ခဲ့ဖူးပြီ

တိတ်ဆိတ်နေတာဟာ အခါခပ်သိမ်း ငြိမ်းချမ်းရေး မဟုတ်ဘူးဆိုတာ

တရားမျှတမှုရဲ့ စံတွေ ယုံကြည်မှုတွေဟာ

အခါခပ်သိမ်း မတရားဘူးဆိုတာ သိခဲ့ပြီ

ပြီးတော့ ကျမတို့ မသိပေမယ့်

အရုဏ်ဟာ ကျမတို့ရဲ့ အရာ

တစ်နည်းနည်းနဲ့ ကျမတို့ လုပ်ထားတာ

ကျမတို့ ကြံ့ကြံ့ခံရင်း မြင်ခဲ့ရတာ

မကျိုးမကြေ ဒါပေမယ့် အပြီးမသတ်သေးတဲ့ နိုင်ငံတစ်ခုပဲဆိုတာ

ကျမတို့ဟာ

ကျွန်တွေက ဆင်းသက်လာပြီး

တကိုယ်တော်မိခင်က ပြုစုပျိုးထောင်လာခဲ့တဲ့

ပိန်ညောင်ညောင် လူမည်းမကလေး

သမ္မတအဖြစ်ကို အိပ်မက် မက်နိုင်ရာ

သူမကိုယ်သူမ သမ္မတတစ်ယောက်အတွက် ကဗျာရွတ်နေတာကို

တွေ့နေရရာ နိုင်ငံနဲ့ ခေတ်ကာလကို အမွေဆက်ခံသူတွေ

ဟုတ်ပါတယ် ကျမတို့ဟာ အရောင်တင်မခံရ

ပြီးပြည့်စုံမှုဆိုတာလည်း ဝေးလာဝေးသမို့

ပြီးပြည့်စုံတဲ့ ပြည်ထောင်စုကြီးကို ထူထောင်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး

ကျမတို့ဟာ

ရည်ရွယ်ချက်ရှိတဲ့ ပြည်ထောင်စုကြီးကို ပုံဖော်ဖို့ ကြိုးစားနေတာ

ယဉ်ကျေးမှု၊ အသားအရောင်၊ စရိုက်နဲ့ အခြေအနေစုံ အကုန်လုံးကို

သစ္စာထားတဲ့ ပြည်ထောင်စုကြီးကို ဖွဲ့စည်းဖို့ ကြိုးစားနေတာ

ပြီးတော့ ကျမတို့ကြား ခြားနားထားတဲ့ အရာတွေကို မကြည့်

ကျမတို့ ရှေ့မှာ ရပ်ရှိနေတဲ့ အရာတွေကိုပဲ ကြည့်တယ်

ကျမတို့ဟာ အနာဂတ်ကို ရှေ့ရှုဖို့

ကွဲလွဲမှုတွေ အရင် ဘေးချထားရမယ်ဆိုတာ သိလို့

ကွာဟမှုကို ရင်ကြားစေ့ခဲ့ကြတယ်

တစ်ယောက်နဲ့ တစ်ယောက် လက်ကမ်းနိုင်အောင်

လက်နက်တွေ ချခဲ့ကြတယ်

ဘယ်သူ့ကိုမှ ရန်မပြု ညီညွတ်မှုသာ ရှေ့ရှုခဲ့တယ်

ဘယ်သူမှ မပြောရင်တောင် ကမ္ဘာကြီးက ပြောပါစေ

ဝမ်းနည်းပူဆွေးနေတုန်းမှာလည်း ကျမတို့ ကြီးထွားရင့်ကျက်လာခဲ့တာပဲလို့

နာကျင်နေတုန်းမှာလည်း ကျမတို့ မျှော်လင့်ခဲ့တာပဲလို့

ပင်ပန်းနွမ်းနယ်နေပေမယ့်လည်း ကျမတို့ ကြိုးစားခဲ့တာပဲလို့

ကျမတို့ အတူတကွ စည်းလုံးနေကြရင် ကျမတို့ အောင်မြင်ကြမှာပဲ

အရှုံးကို ဘယ်တော့မှ မကြုံတော့မှာကြောင့်မဟုတ်

ကွဲပြားမှုမျိုးစေ့ကို ကျမတို့ နောက်တဖန် မချတော့မှာကြောင့်ပဲ

ကျမ်းစာက ပြောတယ်

ဘယ်သူကမှ မခြောက်လှန့်တော့ဘူး

လူတိုင်းဟာ ကိုယ်စိုက်တဲ့အပင်အောက်မှာ အေးအေးလူလူထိုင်နေတာကို

စိတ်ကူးကြည့်ဖို့

ကျမတို့ ကိုယ့်ခေတ်ရဲ့ဝန် ကိုယ်ထမ်းကြရင်ဖြင့်

အောင်ပွဲဟာ ဓားသွားမှာမတည်

ကျမတို့ထိုးတဲ့ တံတားများမှာပဲ မှီနေလိမ့်

ဒါဟာ လွတ်လပ်လဟာအတွက် ကတိကဝတ်

ရဲမှ

ကျမတို့ တက်ရမယ့် တောင်ကုန်း

အမေရိကန်အဖြစ်ဟာ ကျမတို့ အမွေခံရတဲ့ ဂုဏ်ထက်ပိုတော့

ဒါဟာ ကျမတို့ စွက်ဖက် ပြင်ဆင်ရမယ့်

အတိတ်ပါပဲ

ကျမတို့ဟာ နိုင်ငံကို ဝေမျှဖို့ထက်

ကြေမွစိတ်မွှာသွားစေမယ့် အင်အားကြီးကို မြင်ခဲ့ရပြီ

ဒီမိုကရေစီကို ဆုတ်ဆိုင်းတော့ယောင်

တိုင်းပြည်ကို ဖျက်စီးပစ်မယ့် အင်အားကြီးကို မြင်ခဲ့ရပြီ

အဲဒီအင်အားကြီးဟာ အောင်မြင်တော့မလောက်နီးနီးဖြစ်ခဲ့တာကို မြင်ခဲ့ရပြီ

ဒါပေမယ့်် ဒီမိုကရေစီကို ကာလတစ်ခု ဆုတ်ဆိုင်းထားနိုင်ကောင်းမယ်

ထာဝရ ကျရှုံးသွားအောင်တော့ တတ်နိုင်မယ် မဟုတ်ဘူး

ဒီအမှန်တရားထဲမှာ

ကျမတို့ ယုံကြည်နေတဲ့ ဒီယုံကြည်မှုထဲမှာ

ကျမတို့က အနာဂတ်ကို စိုက်ကြည့်နေတုန်း

အတိတ်သမိုင်းကလည်း ကျမတို့ကို စိုက်ကြည့်နေမှာ

ဒါဟာ ထုတ်ဆယ်ကယ်တင်ရမယ့် ကာလ

အင်အားကြီး ဖွဲ့တည်လာကို ကျမတို့ ကြောက်ခဲ့ကြတယ်

ဒီကြောက်စရာ နာရီကို အမွေခံဖို့ အဆင်သင့်မဖြစ်ဘူးလို့

ခံစားခဲ့ကြတယ်

ဒါပေမယ့် အဲဒီ့ကြောက်စရာကြီးထဲမှာပဲ

ကျမတို့ စာမျက်နှာသစ် ဖွင့်လှစ်နိုင်တဲ့ စွမ်းအားကို တွေ့ကြရ

မျှော်လင့်ချက်နဲ့ ရယ်မောခြင်းတွေ ကိုယ့်ကိုယ်ကိုယ် နှင်းအပ်နိုင်သေးတာ တွေ့ကြရ

ဆိုတော့

တခါက ကပ်ဘေးကို ကျမတို့ ဘယ်လို လွှမ်းမိုးနိုင်မလဲ မေးခဲ့တာ

အခုတော့ ကပ်ဘေးက ကျမတို့ကို ဘယ်လို လွှမ်းမိုးသွားနိုင်မလဲ မေးရပြီ

ဒါပေမယ့်

ဖြစ်ခဲ့တာတွေဆီ နောက်ကြောင်းပြန်မလှည့်

ဖြစ်လာမယ့်အရာတွေဆီသာ ဦးတည်ရွေ့ရှားလို့

ဒဏ်ရာ အညိုအမည်းစွဲပေမယ့် တစည်းတလုံးတည်း နိုင်ငံ

ကြင်နာနူးညံ့ပေမယ့် ရဲရင့်တဲ့နိုင်ငံ

ရိုင်းကြမ်းပြီး လွတ်လပ်တဲ့ နိုင်ငံ

ကျမတို့ကို နောက်ကြောင်းပြန်ခိုင်းလို့ မရဘူး

ခြိမ်းခြောက် ဟန့်တားလို့လည်း မရဘူး

ကျမတို့ရဲ့ မလှုပ်မယှက် ပျင်းရိမှုကို

နောက်မျိုးဆက်က အမွေဆက်ခံမှာမို့ပဲ

ကျမတို့ရဲ့ အမှားဟာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာမို့ပဲ

သေချာတာက

အကြင်နာတရားကို ခွန်အားနဲ့

ခွန်အားကို အမှန်တရားနဲ့ ပေါင်းစပ်ပြီး

ချစ်ခြင်းကို အမွေကြွင်း ချန်ထားနိုင်ခဲ့ရင်

ကျမတို့ ကလေးတွေရဲ့ မွေးရာပါ အခွင့်အရေးကိုလည်း ပြောင်းလဲနိုင်ပြီပေါ့

ဒါကြောင့် ကျမတို့အတွက် ကျန်ရစ်တာထက်

ပိုကောင်းတဲ့ နိုင်ငံတစ်ခုကို ချန်ရစ်ခဲ့ကြပါစို့

ကျမရဲ့ ကြေးညိုရောင် ခုန်နေတဲ့ ရင်ထဲက အသက်ရှူသံတိုင်းနဲ့

ဒီနာနေတဲ့ ကမ္ဘာကို သာယာလှပတဲ့ ကမ္ဘာတစ်ခုအဖြစ်

ကျမတို့ မြှင့်တင်ကြမယ်

ရွှေခြေထောက်နဲ့ အနောက်ဖက် တောင်ကုန်းတွေက

ကျမတို့ ရုန်းထကြမယ်

ဘိုးဘေးတွေ ပထမဆုံး တော်လှန်ရေးကို အသက်သွင်းရာ

လေတဟူးဟူး အရှေ့မြောက်ဖက်က ကျမတို့ ရုန်းထကြမယ်

အနောက်အလယ်ပိုင်းပြည်နယ်တွေရဲ့

ကန်အနားသတ်ထားတဲ့ မြို့တွေက ကျမတို့ ရုန်းထကြမယ်

နေရောင်ရွှဲရွှဲ တောင်ဖက်ဆီက ကျမတို့ ရုန်းထကြမယ်

ကျမတို့ ပြန်တည်ဆောက်ကြမယ်

ပြန်ရင်ကြားစေ့ကြမယ်၊ ပြန် နာလံထကြမယ်

ကျမတို့ တိုင်းပြည်လို့ခေါ်တဲ့

သိပြီးသား အကြိုအကြား အစိတ်အပိုင်းတိုင်းက

အမျိုးစုံ လှပတဲ့ ပြည်သူတွေဟာ

နာကျင်ပေမယ့် လှမြဲလှပလျှက် ရုန်းထလာကြတော့မယ်

ရဲရဲတောက် မကြောက်မရွံ့

အရိပ်ထဲက လှမ်းထွက်လာတဲ့ နေ့ရောက်လာတဲ့အခါ

အရိပ်က လွှတ်ပေးလိုက်ပြီမို့

အရုဏ်သစ်ဟာ ပွင့်လန်းလာပြီ

အလင်းက အမြဲတမ်းပဲ ရှိနေတာ

ရဲရင့်ပါမှ အလင်းကို မြင်ရမှာ

ရဲရင့်ပါမှ အလင်းဖြစ်မှာ ။ ။

*

အသက် ၂၂နှစ်အရွယ်မှာပဲ ဂေါမန်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ အသက်အငယ်ဆုံး ကျမ်းကျိန်ပွဲထွက် ကဗျာဆရာဖြစ်လာပါပြီ။ ရောဘတ် ဖရော့စ်၊ မာယာ အိန်ဂျလို၊ မီလာ ဝီလျံ၊ အဲလိဇဘတ် အလက်ဇန်းဒါးနဲ့ ရစ်ချတ် ဘလန်ကိုတို့လို သမ္မတ ကျမ်းကျိန်ပွဲကို ဝန်းရံ အထိမ်းအမှတ်ပြုပေးကြတဲ့ ကဗျာဆရာ အနည်းအကျဉ်းထဲမှာ သူမ ပါလာပါပြီ။

ဒါပေမယ့်လည်း သူမရှေ့က ကဗျာဆရာတွေဟာ သူမလို စိန်ခေါ်မှုမျိုးတော့ မကြုံတွေ့ခဲ့ကြရပါဘူး။ မျှော်လင့်ချက်ကိုလည်း မွေးပေးနိုင်ပြီး အမေရိကန်တွေဟာ အသေအပျောက်များတဲ့ ကပ်ရောဂါဘေးအပြင် နိုင်ငံရေးအကြမ်းဖက်မှုနဲ့ ဖက်ကွဲလွဲမှုတွေထဲက ရုန်းထနေရတဲ့အခါသမယမှာ ဘုံရည်မှန်းချက်ခံစားမှုကိုလည်း လှုံ့ဆော်ပေးနိုင်တဲ့ ကဗျာတစ်ပုဒ်ကို သူမ ရေးရတော့မှာပါ။

“ကျမရဲ့ ကဗျာထဲမှာ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်၊ တိုးပြီးပြောရရင် ပြီးခဲ့တဲ့ တစ်နှစ်နှစ်နှစ်မှာ ကျမ မြင်ခဲ့ရသမျှတွေကို အပေါ်ယံ ကြည့်ပျော်ရှုပျော်ရှိအောင် နံ့သာလိမ်းကျံနေမှာ မဟုတ်ပါဘူး။ ကဗျာထဲမှာ ကျမ ရည်ရွယ်တာက ကျမရဲ့ စကားလုံးတွေနဲ့ ကျမတို့နိုင်ငံ စည်းလုံးလာနိုင်မယ့်၊ ကုစားနိုင်မယ့် လမ်းကြောင်းကို ထင်လာမြင်လာစေချင်တာပါပဲ။ အဲဒီလို လုပ်တဲ့နေရာမှာ အမေရိက ရင်ကြားစေ့ဖို့ လိုနေတဲ့ ပြင်းထန်ကြမ်းတမ်း တဲ့ အမှန်တရားတွေကို ဖျောက်ဖျက်ပစ်တာမျိုး လျစ်လျူရှုတာမျိုးလည်း မဖြစ်စေရဘူးပေါ့”လို့ သူမက ပြောပါတယ်။

ဂေါမန်းဟာ ခပ်ငယ်ငယ်ကကိုပဲ ကဗျာကို ချစ်တတ်ခဲ့ပါတယ်။ နောက်တော့ အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက်အနေနဲ့ ထူးခြားထင်ရှားလာခဲ့ပါတယ်။ မိခင်ဖြစ်သူ စာသင်တဲ့ အလယ်တန်းကျောင်းရှိရာ လော့စ်အိန်ဂျလိစ်မှာ ကြီးပြင်းလာခဲ့ပြီး ဂျာနယ်တွေမှာ ကဗျာရေးလာခဲ့လို့ အသက် ၁၆နှစ်မှာ လော့စ်အိန်ဂျလိစ်ရဲ့ လူငယ်စာဆိုတော် (Youth Poet Laureate)ဘွဲ့ကို အပ်နှင်းခံရပါတယ်။ နောက်နှစ်အနည်းငယ်အကြာ ဟားဗတ်မှာ လူမှုရေးဗေဒကို လေ့လာနေတဲ့အခါမှာတော့ နိုင်ငံ့လူငယ်စာဆိုတော်ဖြစ်လာလို့ ဒီလိုဘွဲ့ထူး အပ်နှင်းခံရတဲ့ ပထမဆုံး လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။

သမိုင်းမှတ်တိုင်တစ်ခုဖြစ်တဲ့ ကျမ်းကျိန်ပွဲထွက်မှုနဲ့အတူ သူမဟာ ဒီနှစ်ထဲမှာ သူမရဲ့ ကဗျာစာအုပ်တစ်အုပ်နဲ့ ပိုမိုကျယ်ပြန့်တဲ့ ပရိသတ်ဆီ ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်နဲ့ လူရွယ် စာဖတ်ပရိသတ်ကို ပစ်မှတ်ထားတဲ့ ငါတို့ တက်နေတဲ့ တောင်ကုန်းလို့ အမည်ပေးထားတဲ့ ပွဲဦးထွက် ကဗျာစာအုပ်ထဲမှာ ကျမ်းကျိန်ပွဲမှာ ရွတ်ဆိုတဲ့ ကဗျာလည်း ပါဝင်မှာ ဖြစ်ပါတယ်။

သူမဟာ အခုအချိန်အထိ မီးရောင်အောက်ကို ခဏခဏ ဝင်ခဲ့ဖူးပေမယ့်လည်း လေဒီဂါဂါနဲ့ ဂျနီဖာ လိုပက်ဇ်တို့လို ပွဲထွက်စာရင်းမှာ ပါဝင်ပြီး သန်းပေါင်းများစွာချီတဲ့ ရုပ်သံကြည့်ပရိသတ်အတွက်တော့ ကဗျာ မရွတ်ခဲ့ဖူးသေးပါဘူး။ ဒါပေမယ့်လည်း ဖိစီးမှုမရှိပါဘူးလို့ ဂေါမန်းက အရယ်တစ်ဝက်နဲ့ ပြောပါတယ်။

ဘိုင်ဒင်ရဲ့ ကျမ်းကျိန်ပွဲ ကော်မတီက ပြီးခဲ့တဲ့လနှောင်းပိုင်းက သူမကို ဆက်သွယ်လာခဲ့တာပါ။ ဗီဒီယိုကောမှာတောာ့ ဂျီးလ် ဘိုင်ဒင်ဟာ ကွန်ဂရက်စာကြည့်တိုက်မှာ သူမ ကဗျာရွတ်တာကို မြင်ဖူးထားပြီး ကျမ်းကျိန်ပွဲမှာ ဂေါမန်းကို တစ်ခုခု ရွတ်ခိုင်းဖို့ အကြံပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဘာရေးရမယ်ဆိုပြီး မူဘောင်ချပေးတာမျိုးတော့ မရှိဘူးလို့ ဂေါမန်းက ပြောပါတယ်။

“သူတို့က အကန့်အသတ် ဘောင်ခတ်တာမျိုး မလုပ်လိုဘူး။ ကျမ်းကျိန်ပွဲရဲ့ အကြောင်းအရာက အမေရိက စည်းလုံးကြပဲ။ သူတို့ရဲ့ အမြင်ကို ကြားရတော့ ကျမလည်း အလွယ်တကူပဲ ခေါင်းညိမ့်လိုက်တာပေါ့။ ကဗျာထဲမှာ ကျမ ရေးချင်တာကလည်း အမေရိက စည်းလုံးရေး၊ ကဏ္ဍသစ် ဖွင့်လှစ်လိုက်တဲ့ အကြောင်းပါပဲ”လို့လည်း ဂါမန်းက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ ကဗျာဟာ ကျနော်တို့ နေထိုင်ဖြတ်သန်းနေရတဲ့ အမေရိကန်သမိုင်းရဲ့ မှောင်မိုက်တဲ့ ကာလကိုလည်း အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ ခံစားနေရပါတယ်။

“ကျမတို့ ရှေ့ကို ရောက်ဖို့ဆိုရင် ဒီအရှိတရားတွေကို ရင်ဆိုင်ကြရလိမ့်မယ်ဆိုတော့ ဒါဟာလည်း ကဗျာရဲ့ အရေးကြီးတဲ့ မှတ်ကျောက်တစ်ခုပါပဲ။ ဝမ်းနည်းပူဆွေးမှု၊။ အကြောက်တရား၊ မျှော်လင့်ချက်နဲ့ စည်းလုံးမှုကို နေရာပေးရမယ်။ ပျော်ရွှင်မှုအတွက်လည်း အသက်ရှူပေါက်ပေးရမယ်။ ဒီကျမ်းကျိန်ပွဲ အခါသမယမှာ အထိမ်းအမှတ်ပြုစရာတွေ များလှတယ်လို့ ကျမ ထင်ပါတယ်”လို့လည်း ဂေါမန်းက ပြောပါတယ်။

ဂေါမန်းဟာ သူမ လုပ်လေ့လုပ်ထရှိတဲ့အတိုင်း သုတေသနနဲ့ ကဗျာရေးခြင်းကို စတင်ပါတယ်။ အေဗရာဟမ် လင်ကွင်းနဲ့ ဆရာတော် ဒေါက်တာ မာတင် လူသာကင်း ဂျူနီယာလို ပြင်းထန်တဲ့ အကွဲအပြဲအချိန်တွေမှာ နိုင်ငံကို တစ်စည်းတစ်လုံးတည်းဖြစ်ဖို့ ကြိုးစားခဲ့ကြတဲ့ အမေရိကန် ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေကိုလည်း ပြန်ဖတ်ပါတယ်။ ရှေ့က ကျမ်းကျိန်ပွဲထွက်ကဗျာဆရာနှစ်ယောက်ဖြစ်တဲ့ ဘလန်ကိုနဲ့ အလက်ဇန်းဒါးတို့ဆီကလည်း အကြံဉာဏ်တွေ ရယူပါတယ်။

“အလက်ဇန်းဒါးကို အကြံဉာဏ်တောင်းတော့ သူမက ပြောတယ်။ ကဗျာကတော့ ရေးပြီးသားပဲ။ တတ်နိုင်သမျှ အသက်ဝင်လာအောင် လုပ်ဖို့က မင်းတာဝန်ပဲလို့ သူက ပြောပါတယ်”လို့ ဂေါမန်းက ပြန်ပြောင်းပြောပြပါတယ်။

ဗုဒ္ဓဟူးနေ့ပွဲအတွက် သူမဟာ စကားလုံးတွေကို မထစ်မငေါ့ ရွတ်နိုင်တယ်လို့ ယုံကြည်လာတဲ့အထိ ကဗျာကို အခေါက်ခေါက် အခါခါ ထပ်တလဲလဲ ရွတ်နေပါတယ်။

“ကျမအတွက်တော့ တကယ်ကို အားကုန် ပင်ပန်းတဲ့အလုပ်ပါပဲ။ ရေးရတာ ခက်ခဲပင်ပန်းတာကို ထားဦး စကားထစ်တဲ့လူတစ်ယောက်အတွက် ပရိသတ် သန်းပေါင်းများစွာ ရှေ့မှောက်မှာ စကားပြောရမယ်ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့”လို့ ဂေါမန်းက ပြောပါတယ်။။

ဘလန်ကိုရဲ့ အကြံပြုချက်ကြောင့်လည်း ဂေါမန်းဟာ နှစ်သိမ့်မှုရတယ်လို့ ဆိုပါတယ်။ ဘလန်ကို တို့အထဲက တစ်ယောက်အနေနဲ့ မဟုတ်ဘူး။ အမေရိကန် ကဗျာကို ကိုယ်စားပြုနေတာပါလို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဂေါမန်းကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကျမ်းကျိန်ပွဲကဗျာကို အရင်အချိန်တွေထက်ကို ပို လိုအပ်နေပါတယ်လို့ ပြောပါတယ်။

“ကဗျာဆိုတာက သမိုင်းမှာ ကျမတို့ ရပ်နေတဲ့ နေရာ၊ ကျမတို့ ရှေ့ရှုနေတဲ့ အနာဂတ်ကို သတိချပ်ရတော့မယ့်အခါ ကျမတို့ ပြန်သွားလေ့ရှိတဲ့ မှတ်ကျောက်ပဲ မဟုတ်လား”လို့လည်း ဂေါမန်းက ထပ်လောင်း ပြောကြားပါတယ်။

***

New York Times;

Amanda Gorman Captures the Moment, in Verse

by Alexandra Alter

အောင်မိုး (ဘာသာပြန်)

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading