စက်ထဲတွင် ကြေမွသွားသော သားလိမ္မာတစ်ဦး၏အိပ်မက်

မြန်မာနိုင်ငံရှိ ၁ ဒသမ ၁ သန်းကျော်ရှိသည့် တရားမဝင် ကလေးလုပ်သားများသည် ပညာရေးကို စွန့်လွှတ်ကာ အိမ်စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာပေးနေသူများဖြစ်သော်လည်း ၎င်းတို့၏ ဘေးကင်း လုံခြုံရေး အတွက်မူ အလွန်ပင်အန္တရာယ်များသည့်အနေအထားမှာ ရှိနေသည့်အချက်မှာ လျစ်လျူအရှုခံရဆုံးဖြစ်သည်။

Published on Jan 11, 2019
လက်ချောင်း သုံးချောင်း ဆုံးရှုံးသွားသော်လည်း မိသားစုအသုံးစရိတ်ထောက်ပံ့ရန် အလုပ် ဆက်လုပ်လိုသေးသည့် အသက် ၁၂ နှစ်အရွယ် မောင်ချစ်မင်းထွေး (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)
လက်ချောင်း သုံးချောင်း ဆုံးရှုံးသွားသော်လည်း မိသားစုအသုံးစရိတ်ထောက်ပံ့ရန် အလုပ် ဆက်လုပ်လိုသေးသည့် အသက် ၁၂ နှစ်အရွယ် မောင်ချစ်မင်းထွေး (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

ရန်ကုန် စီးပွားရေးကျပ်တည်းသည့် မိဘကိုငဲ့ညှာကာ ကျောင်းထွက်ပြီး အလုပ်ဝင်ခဲ့သည့် လှိုင်သာယာ မြို့နယ်မှ စတုတ္ထတန်း ကျောင်းသားဟောင်း မောင်ချစ်မင်းထွေးသည် ယခုအခါမှာတော့ ညာဘက်လက်မှ လက်ချောင်း သုံးချောင်းကို ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။

အသက် ၁၂ နှစ်သာ ရှိသေးသော်လည်း မိဘအပေါ်သိတတ်သည့် မောင်ချစ်မင်းထွေးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ကမှ ရွှေလင်ဗန်း စက်မှုဇုန်ရှိ Four Ocean ပီနံအိတ်စက်ရုံတွင် ကလေးလုပ်သားအဖြစ် အလုပ်ဝင်ခဲ့ပြီး တစ်လအကြာမှာ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကော်စေ့ကျိုသည့် စက်အတွင်း လက်ညပ်ပါသွားခဲ့ခြင်း ဖြစ်သည်။

လက်ချောင်းသုံးချောင်းမှာ နေရာမှာတင် စက်အတွင်း မွမွကြေကာ ဆုံးရှုံးသွားပြီး လက်မနှင့်လက်ညှိုးမှာ ထက်ပိုင်းပြတ်ထွက်သွားသည်။ အင်းစိန်မြို့နယ်ဆေးရုံသို့ အားချင်း သွားကာ ပြတ်ထွက်သွားသည့်လက်နှစ်ချောင်းကို အချိန်မီ ပြန်ဆက်ရသည်။ ဆေးရုံတွင် နှစ်လခန့် တက်ရောက်ကုသပြီးနောက် ပြန်ဆင်းလာခဲ့သည်။

ထိုစက်မှုဇုန်အနီးရှိ ကျူးကျော်ရပ်ကွက်တွင် မောင်ချစ်မင်းထွေးသည် မိဘနှစ်ပါး၊ ညီတစ်ဦးတို့နှင့် အတူ နေထိုင်သည်။ သူသာ ကျောင်းမထွက်ဖြစ်ခဲ့လျှင် ယခုအချိန်သည် ကျူးကျော်တဲလေး အတွင်း မောင်ချစ်မင်းထွေးသည် စာကျက် စာအံ လုပ်နေရမည့်အစား သူသည် ပတ်တီးစည်းထားသည့် ၎င်း၏လက်ကိုသာ ကြည့်ရင်း ခြင်ထောင်အတွင်း လဲလျောင်းနေရသည်။

မောင်ချစ်မင်းထွေးတို့ အိမ်သည် ရွှေလင်ဗန်းစက်မှုဇုန်အနီး ကတ္တရာလမ်းဘေးတွင် အိမ်ဟုပင်ခေါ်ရခက်သည့် ကျူးကျော်တဲတန်းများတွင် ပါဝင်သည်။ ဆယ်ပေပင်မကျယ်သည့် ဓနိမိုးတဲအတွင်း ဝါးခြမ်းပြား ခပ်ကျဲကျဲကြမ်းခင်းပြီး အခန်းဟူ၍မပါ။ မိုးကာစများဖြင့် အိမ်ကိုကာထားသည်။ မောင်ချစ်မင်းထွေး လဲလျောင်းသည့် အိပ်ရာနှင့်ခြေနှစ်လမ်း အကွာသည် အိမ်သာဖြစ်ပြီး အိမ်သာ၏ဘေးတွင်ပင် ထမင်း၊ ဟင်းချက်ပြုတ်ကြသည်။

စည်းနှောင်ထားသည့် ပတ်တီးဖြူကြားမှ လက်မတစ်ချောင်းနှင့်လက်ညှိုးတစ်ချောင်းက သိသိသာသာ ကွေးထွက်နေပြီး ကျန်လက်ချောင်းများမှာ အရင်းမှစ တုံးတိဖြစ်နေသည်။ ပြန်ဆက်ထားရသည့် လက်နှစ်ချောင်းမှာ အသားနုများ တက်နေပြီဖြစ်သော်လည်း တွန့်ကောက်ကွေးနေသည်။

“အမေတို့က သားမမွေးခင်ကတည်းက ဆင်းရဲတာတဲ့။ သားမမွေးခင်က အမေတို့မှာ ခြင်ထောင်အကောင်းတောင်မရှိဘူး။ အမေတို့ကို အလုပ်မခိုင်းချင်တော့ဘူး။ တကယ်ဆိုရင် သားတစ်ယောက်ပဲ လုပ်ကျွေးချင်ပြီ။ သုံးယောက်ပေါင်း လုပ်ရင် အဆင်ပြေသွားမယ်ထင်တာ။ ဒီရပ်ကွက်ထဲမှာလည်း မနေချင်တော့ဘူး။ ပိုက်ဆံက စုချိန်တောင်မရှိဘူး။ အကြွေးသမားကို ပေးတာနဲ့ ကုန်နေတာပဲ” ဟု ၁၂ နှစ်သားကလေးက ဆိုသည်။

မောင်ချစ်မင်းထွေးသည် ရွှေလင်ဗန်းစက်မှုဇုန်အရှေ့ဘက် အမှတ် (၄၇) ကျောင်းတွင် စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။ ကျောင်းမှပြန်လာသည့်အခါများ၊ မိဘများ ဈေးရောင်းထွက်သည့်အခါများတွင် အော်ဟစ်ကာ အကြွေးလာ တောင်းသူများက အိမ်ရှေ့မှာ မကြာခဏ ပေါ်လာတတ်သည်။ အဖေနှင့်အမေ ရှာသမျှ မိသားစုအတွက် မသုံးစွဲရ၊ အတိုးပေါ်အတိုးဆင့်နေသည့် ကြွေးမြီများအတွက်သာ အကြွေးရှင်လက်ထဲသာ ပုံပေးရသည် ဟု ပြောသည်။

မိဘများမှာ ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းသုံးခွဇာတိဖြစ်ပြီး လှိုင်သာယာတွင် ကျူးကျော်နေထိုင်သည်မှာ အိမ်ထောင်ကျစကတည်းက ဖြစ်သည်။ မိဘများမှာ ရွှေကြည်၊ ကောက်ညင်းပေါင်း စသည့် မြန်မာမုန့်များကို စက်မှုဇုန်အတွင်း စက်ဘီးဖြင့် လိုက်လံလှည့်လည် ရောင်းချခြင်းဖြင့် အသက်မွေးကြ သည်။ သို့သော် မလောက်ငှသဖြင့် အကြွေးသံသရာလည်နေသူများဖြစ်သည်။

ထို့ကြောင့် မိဘကိုမကြည့်ရက်သည့် မောင်ချစ်မင်းထွေးသည် စက်မှုဇုန်အတွင်း ပီနံအိတ်စက်ရုံ၌ အလုပ်လုပ်ရန် လာခေါ်သည့် စက်ရုံစက်မောင်း နှင့် အလုပ် အတူတူ လိုက်လုပ်ရန် မိဘများအား ခွင့်တောင်းခဲ့သည်။ ပြင်းပြင်းပြပြ တောင်းဆို နေသည့်အတွက် မိဘများကလည်း ခွင့်ပြုခဲ့သည်။

အငှားဆိုင်ကယ်ဖြင့်သွားလျှင် သူ့အိမ်မှ ၁၅ မိနစ်ခန့်ဝေးသော ပီနန်အိတ်ထုတ်လုပ်သည့်စက်ရုံသို့ မနက်ခင်းစောစော မောင်ချစ်မင်းထွေး နေ့စဉ်သွားရပြီး နံနက်ပိုင်း ၆ နာရီခွဲမှ ည ၇ နာရီခွဲထိ အလုပ်လုပ်ရသည်။ စက်ရုံတွင် သူလုပ်ရသည်မှာ ကော်စေ့များကို ပလတ်စတစ်အိတ်တွင်းသို့ သွတ်ရခြင်းနှင့် တစ်ခါတစ်ရံ ပီနန်အိတ်အဟောင်းများကို စက်တစ်ခုအတွင်းသို့ လက်ဖြင့်ထိုးထည့်ပြီး ကျိုရခြင်းဖြစ်သည်။ 

အလုပ်ဝင်ပြီး တစ်လကျော်အကြာတွင် လက်ချောင်းများဆုံးရှုံးခဲ့ရသော ဖြစ်ရပ်ဆိုးနှင့် ကြုံခဲ့ရခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးဝင်းဦးကပြောသည်။

“ကျွန်တော့်သားကို ကျွန်တော် ဘယ်တော့မှမခိုင်းတော့ဘူး။ မတော်လို့ ကျွန်တော်သာ အခုနေ သေသွားကြည့် ကျွန်တော့် သားလေး တစ်ဘဝလုံး ဘယ်လိုနေသွားရမလဲ။ ကလေးဒီလောက်ဖြစ်သွားတာတောင် စက်ရုံက ဖြစ်ချင်တာဖြစ် တိုင်ချင်တဲ့နေရာတိုင်ပြောတာ ကျွန်တော်အသည်းနာတယ်” ဟု မချိတင်ကဲပြောသည်။

စက်ရုံက တစ်ပတ်လျှင် ကျပ် ၅၀,၀၀၀-၆၀,၀၀၀ နှုန်းဖြင့် ငွေရှင်းတတ်ပြီး မောင်ချစ်မင်းထွေး ၏ တစ်လဝင်ငွေမှာ နှစ်သိန်းအထိ ရှိတတ်သဖြင့် အားထားရကြောင်း၊ မိဘလက်ထဲ ရသမျှငွေ အကုန်ပြန်အပ်သည့် သားဖြစ်ကြောင်း မိခင်ဒေါ်နီလာကပြောသည်။

မြန်မာပြည်ရဲ့ဓာတ်ပြားဟောင်းကြီး

မောင်ချစ်မင်းထွေး၏ဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ဆင်းရဲမွဲတေမှုအခြေအနေကိုလည်းကောင်း၊ ဆင်းရဲမွဲတေမှု၏ နောက်ဆက်တွဲ ကလေးလုပ်သားပြဿနာ မည်မျှကြီးနေပြီဆိုသည်ကို လည်းကောင်း ပြသနေသည့် အသစ်မဟုတ်သော သာဓကတစ်ခုပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၁ ဒသမ ၁ သန်းကျော် ရှိသည့်အနက် ခြောက်သိန်းကျော်မှာ ဘေးအန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) နှင့် ပူးပေါင်းပြီး ၂၀၁၆ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြသည်။

‘လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင် ဝင်ရောက်မှု အကူးအပြောင်းဆန်းစစ်ခြင်း စစ်တမ်းအစီရင်ခံစာ - ၂၀၁၅’ ဟု အမည်ပေးထားသည့် ထိုအစီရင်ခံစာတွင် ကလေးလုပ်သားအများစု လုပ်ကိုင်နေသည့် အန္တရာယ်ရှိ လုပ်ငန်းခွင်များမှာ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စသည်တို့ဖြစ်ပြီး ယင်းလုပ်ငန်းများသည် ကလေးများကို ဖုန်၊ အခိုးအငွေ့၊ အန္တရာယ်ရှိ စက်ပစ္စည်းများ၊ အပူ၊ အအေးနှင့်ဓာတုပစ္စည်းများကို ထိတွေ့စေကြောင်း ဆိုထားသည်။

၁၉၅၁ ခုနှစ်ကပြဋ္ဌာန်းခဲ့သည့် အလုပ်ရုံအက်ဥပဒေတွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ကို ကလေးလုပ်သား၊ ၁၆ နှစ်မှ ၁၈ နှစ်ကို လူရွယ်လုပ်သားဟု သတ်မှတ်ထားပြီး အသက် ၁၄ နှစ်အောက်ကို ခိုင်းစေခွင့်မရှိဟု ပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံတွင် အသက် ၁၄ နှစ်အောက် ကလေးလုပ်သားအများအပြားကို လုပ်ငန်းခွင်အများအပြားတွင် မြင်တွေ့နေရ သည်။

မောင်ချစ်မင်းထွေးတို့ မှီခိုရာ ရွှေလင်ဗန်းစက်မှုဇုန်မှာပင် အရက်ချက်စက်ရုံတစ်ခု၌ ကလေးငယ်များနှင့် အမျိုးသမီးငယ် များ အလုပ်လုပ်နေကြရကြောင်း ၂၀၁၆ ခုနှစ် မတ်လ ၃ ရက်နေ့စွဲဖြင့် လွှင့်တင်ထားသည့် DVB သတင်းဌာန၏ ကလေးအလုပ်သမားအကြောင်း စုံစမ်းဖော်ထုတ်မှုမှတ်တမ်း ဗီဒီယိုဖိုင် တွင် တွေ့ရသည်။

မောင်ချစ်မင်းထွေး၏ဖြစ်ရပ်သည် အန္တရာယ်ရှိလုပ်ငန်းခွင်ရောက် ကလေးလုပ်သားများ၏ လျစ်လျူရှုခံ အနေအထားကို မီးမောင်းထိုး ပြနေခြင်းဖြစ်သည်။ မောင်ချစ်မင်းထွေးကဲ့သို့ လုပ်ငန်းခွင်မတော်တဆဖြစ်ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသည့် ကလေးလုပ်သား မည်မျှရှိကြောင်းကိုတော့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကရော အစိုးရမဟုတ်သည့် အဖွဲ့အစည်း များကပါ မှတ်တမ်းပြုစုထားခြင်း မရှိသဖြင့် မသိရပေ။

၁၄ နှစ်အောက်များကို မခိုင်းရ

ဥပဒေအရ အသက် ၁၄ နှစ်အောက်ကလေးငယ်များကို အလုပ်ခိုင်းစေခွင့်မရှိဟု ဆိုထားသော်လည်း ကလေးလုပ်သား ဦးရေမှာ စက်ရုံတွင်ဖြစ်စေ၊ လမ်းဘေး လက်ဖက်ရည်ဆိုင်တွင်ဖြစ်စေ ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။

၁၄ နှစ်နှင့်အထက် ခိုင်းစေမည်ဆိုလျှင်တောင် ဆရာဝန်၏တာဝန်ခံလက်မှတ်ပါမှသာ ခိုင်းစေခွင့်ရှိသည်ဟု ဥပဒေတွင် ချမှတ်ထားသော်လည်း စက်ရုံအများစုသည် လိုက်နာခြင်းမရှိဟု အလုပ်သမားခုံသမာဓိကောင်စီ (ဗဟို)တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့သည့် ၎င်းက ဆက်ပြောသည်။

“ဥပဒေကပြဋ္ဌာန်းထားပေမယ့် စက်ရုံတော်တော်များများ မလိုက်နာကြပါဘူး။ နောက်ပြီး ရဲစခန်းမှာ အလုပ်သမားဘက်က အမှုဖွင့်ရင် တော်တော့်ကိုခက်တယ်။ တိုင်ချက်ကို လက်မခံတာ။ ရဲလုပ်ငန်းတွေ တရားစွဲအဖွဲ့အစည်းတွေက တိုင်းချက်ဖွင့်ရင် ကို လက်မခံတာမျိုး မြန်မာပြည်မှာ ကြုံနေရတယ်”ဟု ရှေ့နေဦးဌေးက ပြောသည်။

အသက် ၁၄ နှစ်အောက် ကလေးလုပ်သားကိစ္စသည် ရဲအရေးမပိုင်သဖြင့် အလုပ်သမား ဝန်ကြီးဌာန အလုပ်သမားရုံးများနှင့် ကနဦးတွေ့ဆုံပြီး ဆုံးဖြတ်ချက်ကျမှသာလျှင် ရဲက အမှုပေးဖွင့်သည်ဟု ၎င်းက ပြောသည်။

တရားစွဲထား

မောင်ချစ်မင်းထွေး လက်ထိခိုက်ပြီးသည့်နောက်တွင် ၎င်းဆေးကုသစရိတ်အတွက် စက်ရုံကဆေးရုံတက်စဉ် ကျပ် ၉၀၀,၀၀၀ ကျော် ထောက်ပံ့ခဲ့သော်လည်း နောက်ပိုင်း ဆေးကုသစရိတ်ကိုတော့ ဆက်လက်ထောက်ပံ့ခြင်းမရှိတော့ဟု ချစ်မင်းထွေး၏မိခင် အသက် ၃၉ နှစ်အရွယ် ဒေါ်နီလာကပြောသည်။

ဆေးရုံတက်နေစဉ်ကာလများအတွင်း ဆေးကုသစရိတ်အပါအဝင် ဆေးရုံ၌နေစဉ် စားသောက်စရိတ်များနှင့် စုစုပေါင်း ကျပ် ၁၇ သိန်းနီးပါးကုန်ကျခဲ့သည်ဟု ၎င်းတို့ကပြောသည်။

“စက်ရုံက (ကျပ်ကိုးသိန်း) ထောက်ပံ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမပေးတော့တဲ့ အခါကျတော့ အတိုးတွေနဲ့ပဲဘေးက ချေးပြီးကုရတာပေါ့။ အခုဆိုအတိုးတွေလည်း တက်နေတာမနည်းဘူး” ဟု ဒေါ်နီလာမျက်ရည်ဝဲကာ ပြောသည်။

၁၄ နှစ်အောက်ကလေးငယ်ကို ခိုင်းစေသည့်အတွက် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနက အဆိုပါ Four Ocean ပီနံအိတ်စက်ရုံကို လှိုင်သာယာမြို့နယ်တရားရုံး၌ ဒီဇင်ဘာလအတွင်း တရားစွဲဆိုထားကြောင်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးကပြောသည်။

“၁၄ နှစ်အောက်ကလေးကိုခိုင်းတယ်။ မတော်တဆထိခိုက်မှုဖြစ်ပြီဆိုရင် သတင်းပို့ရမှာကို မပို့တဲ့အတွက် ထောင်ဒဏ်သုံးလ ဒါမှမဟုတ် ငွေဒဏ် ကျပ်သိန်း ၂၀ ချမှတ်နိုင်တဲ့ ပုဒ်မနဲ့စွဲထားတာ။ ရုံတိုင်းနီးပါးမှာရှိနေတော့ ဒါတွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်ဖို့လိုတယ်။ ဌာနဆိုင်ရာတွေလည်း အလုပ်လုပ်ဖို့လိုပြီ လူမှုဖူလုံရေးတော့ တောင်းပြီး ကျန်တာကိုယ်နဲ့မဆိုင်သလို ဖြစ်နေတယ်” ဟု ၎င်းက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

ဥပဒေတွင် ကျူးလွန်သည့်အလုပ်ရှင်အား အရေးယူရန် ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် ချမှတ်ထားသော်လည်း ထောင်ဒဏ်ကျခံသွားရသည့် အမှုမျိုး ယခုအချိန်အထိ မတွေ့ရကြောင်း အလုပ်သမားရေး ကူညီဆောင်ရွက်ပေး သည့်ရှေ့နေများက ပြောသည်။ အလုပ်ရှင်နှင့်အလုပ်သမားအကြား လျော်ကြေးငွေ သဘောဖြင့်သာ ကျေအေးသွားလေ့ရှိသည်ဟု ဆိုသည်။

Four Ocean စက်ရုံသို့ Myanmar Now က သွားရောက်မေးမြန်းခဲ့သော်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဖြေဆိုလိုသည့်ဆန္ဒမရှိကြောင်း ပြောသည်။

မုန့်လုံးစက္ကူကပ်

စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်နေသည့် ကလေးသူငယ်အများစုမှာ နွမ်းပါးသည့် မိသားစုများမှ ပေါက်ဖွားလာသူများဖြစ်ပြီး အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေရသူများဖြစ်သော်လည်း ထိုကလေးငယ်များ စက်ရုံတွင် အလုပ်ရနေခြင်းကပင် မိဘများအတွက် ကျေးဇူးတင်ရမလို ဖြစ်နေကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောသည်။

“ကလေးတွေဒီလိုလုပ်ရတာ သူတို့မိသားစုတွေ အဆင်မပြေလို့။ သူတို့စက်ရုံမှာလုပ်နေရတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ ဒီကလေး ဒီစက်ရုံမှာအလုပ်မရရင် လမ်းဘေးမှာ လေလွင့်နေတဲ့ အမှိုက်ကောက်တဲ့ကလေးတွေလို ဖြစ်သွားတော့တာလေ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ခြောက်လခန့်က စစ်တမ်းကောက်ယူမှုအရ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များတွင် အလုပ်လုပ်သည့် အလုပ်သမားဦးရေ တစ်သိန်းခွဲကျော်ရှိပြီး အမြဲတမ်း ခန့်အဖြစ် လုပ်ကိုင်သူမှာ ၉၀,၀၀၀ ကျော် အထိရှိကြောင်း ဦးဝင်းမောင်က ပြောသည်။

လူ့ခန္ဓာကိုယ်တွင် ညာဘက်လက်ချောင်းများအနက် လက်မတစ်ချောင်း ဖြတ်တောက်ရခြင်းသည် လူ့ခန္ဓာကိုယ် မသန်စွမ်းမှု ၄၅ ရာခိုင်နှုန်းနှင့်ညီကြောင်း ရန်ကုန်ဆေးရုံကြီး အရိုးအကြောဌာန၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုပညာဌာနမှ ပါမောက္ခဌာနမှူး ဆရာဝန်ကြီး ဒေါက်တာခင်မောင်မြင့်က ပြောသည်။ လက်မကဲ့သို့ လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့ ဖြတ်တောက်ရခြင်းသည်လည်း ထိုရာခိုင်နှုန်းနှင့်ပင် ညီမျှသည်ဟု ပြောသည်။

“နိုင်ငံတကာမှာတော့ ဒီလိုဖြစ်သွားပြီဆိုရင် အလုပ်သမားဝန်ကြီးဌာနကို သတင်းပို့တယ်။ ပြီးရင်ဌာနနဲ့ဆေးရုံက ဆရာဝန်နဲ့ ပေါင်းပြီး ဒီအလုပ်သမားနစ်နာသွားတဲ့ မသန်စွမ်းမှု ရာခိုင်နှုန်းကို တွက်ချက်တယ်။ ဆေးကုသနေစဉ် အတောအတွင်း စက်ရုံက ဘယ်လောက်ထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလဲ ကြည့်တယ်။ ကျွန်တော်တို့ဆီမှာတော့ အဲ့ဒီလင့်ခ် (အချိတ်အဆက်) တွေ ပြတ်နေတယ်” ဟု သူကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင်ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာများအနက် လက်ထိခိုက်ဒဏ်ရာမှာ ၇၅ ရာခိုင်နှုန်းအထိရှိပြီး ထိခိုက်ဒဏ်ရာနှင့်ဆေးရုံရောက်ရှိလာသည့် ကလေးလုပ်သားများအား မကြာခဏ တွေ့ရလေ့ ရှိသည်ဟု ၎င်းကဆက်ပြောသည်။

သို့သော်လည်း မှတ်တမ်းမှတ်ရာ အားနည်းသည့် မြန်မာနိုင်ငံတွင် ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးရသည့် ကလေးလုပ်သား အရေအတွက် မှတ်တမ်းများ ပြုစုထားခြင်း မရှိပေ။

ဆင်းရဲတွင်းမှလွတ်ကင်းချင်

လက်ချောင်းများဆုံးရှုံး သွားသော်လည်း မောင်ချစ်မင်းထွေးမှာမူ ယခင်ကဲ့သို့ အိမ်စရိတ်ပြန်လည်ထောက်ပံ့နိုင်ရန် ဆန္ဒပြင်းပြလျက်ရှိသည်။

“အဖေကတော့ ပြောတယ်။ အလုပ်ထပ်မလုပ်နဲ့တော့တဲ့။ ဘုန်းကြီးဝတ်လိုက်တော့တဲ့။ သားအလုပ်လုပ်ချင်တယ်။ ဒါပေမယ့် သားကို ဘယ်သူကခန့်တော့မလဲ” ဟု ပတ်တီးဖြူဖြူ နှောင်ထားသည့် တွန့်ကောက်နေသည့် လက်ချောင်းကို ကြည့်ကာပြောသည်။

ထိုသို့သောအခြေအနေမျိုးနှင့် ကြီးပြင်းရခြင်းကို စိတ်ပျက်မိကြောင်း၊ သူ့တွင်တခြားသော ကလေးများကဲ့သို့ စစ်ဗိုလ်၊ အင်ဂျင်နီယာစသည့် ရည်မှန်းချက်များ မရှိသော်လည်း ၎င်း ကြီးပြင်းသည့်အခါ မိသားစုကို ‘ကျူး’ ဟုအမည်တပ်ခံ ထားရသည့် ထိုရပ်ကွက်မှ ခေါ်ထုတ်သွားချင် ကြောင်းပြောသည်။

“တခြားထွေထွေထူးထူးရည်မှန်းချက်တွေတော့ မရှိပါဘူး။ သားကြီးလာရင် သားအမေနဲ့အဖေကို ဒီရပ်ကွက်ကနေ ခေါ်ထုတ်သွားမယ်။ ရွှေပြည်သာဘက်မှာ မြေကွက်တွေရှိတယ်။ အဲ့မှာခြံဝယ်ပြီး အမေ့ကိုထားမယ်” ဟု သားလိမ္မာလေးက ခပ်မြန်မြန်ဆိုသည်။

ဝင်းနန္ဒာသည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading