မန္တလေးလူငယ်သင်တန်းကျောင်း လူသေဆုံးမှုတွင် ၁၆ ဦးကို အမှုဖွင့်ထား

ကျောင်းဝန်ထမ်း ၅ ဦးနှင့် သင်တန်းသား ၁၁ ဦးကို လူသတ်မှု၊ အပြင်းအထန်နာကျင်စေမှုပုဒ်မများဖြင့် အမှုဖွင့်ထားသော်လည်း ကိုဗစ်နိုင်တင်း ကပ်ရောဂါကာလ ဖြစ်သည့်အတွက် ရုံးထုတ်စစ်ဆေးမှု မရှိသေးပေ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း (ဓာတ်ပုံ- ရန်မိုးနိုင်/ Myanmar Now)

မန္တလေးလူငယ်သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ပြန်လည်ထိန်းသိမ်းခံရသူ လူငယ်၂ ဦး သေဆုံးခဲ့မှုကို တိုင်းအစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီးနောက် ကျောင်းဝန်ထမ်း ၅ ဦးနှင့် သင်တန်းသား ၁၁ ဦးကို လူသတ်မှု၊ အပြင်းအထန်နာကျင်စေမှုပုဒ်မများဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့် တရားစွဲဆိုထားသည်ဟု အောင်မြေသာစံမြို့နယ် အမှတ် (၂) ရဲစခန်းမှ သိရှိရသည်။ 

အမှုဖွင့် အရေးယူထားသူ သင်တန်းသား ၁၁ ဦးအနက် ၅ ဦးမှာ အသက်မပြည့်သေးသော သက်ငယ်ကျောင်းသားများ ဖြစ်သည့်အတွက် ကလေးသူငယ်တရားရုံးတွင်သာ အမှုရင်ဆိုင်ရမည်ဟု အောင်မြေသာစံအမှတ် (၂) ရဲစခန်းမှူး ရဲအုပ်ဇော်ဝမ်းလေးက Myanmar Now ကို ပြောသည်။ 

“ကိုဗစ်ကြောင့် အမှုက ရုံးမထုတ်ဘူး။ ၅ ဦးကို ကလေးသူငယ်တရားရုံး၊ ကျန်သူတွေကို မန္တလေးခရိုင်တရားရုံးမှာ တရားစွဲတင် ပို့ထားပါတယ်” ဟု ရဲအုပ်ဇော်ဝမ်းလေးက ပြောသည်။

တာဝန်ကျ သင်တန်းကျောင်းဝန်ထမ်း ၅ ဦးနှင့် သင်တန်းသား ၆ ဦးကို မန္တလေးခရိုင်တရားရုံး၌ စက်တင်ဘာ ၂၅ တွင် တရားစွဲတင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။​

“ရဲစခန်းကို သက်သေခံ တင်ပြလာတာက တုတ်နဲ့ ဝါးခြမ်းပြားတွေပေါ့၊ အများစုက ဝါးခြမ်းပြားတွေပါ။ သေသူတွေမှာက ရိုက်ခံရတဲ့ အရှိုးရာတွေ အများကြီးလေ” ဟု ရဲအုပ်ဇော်ဝမ်းလေးက ပြောသည်။ 

အမှုဖွင့်တရားစွဲဆိုခံရသူ ၁၆ ဦးအနက် သင်တန်းကျောင်းအုပ် ဦးနေအောင်ကျော် မပါဝင်ကြောင်းလည်း ၎င်းက အတည်ပြုသည်။ 

လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရသူ လူငယ် ၅ ဦးသည် ၂၀၂၀ ဇူလိုင် ၃၁ တွင် ကျောင်းမှ ထွက်ပြေးခဲ့သဖြင့် ကျောင်းတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ပြီးနောက် တစ်ဦးမှာ ယင်းနေ့တွင်ပင် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ၅ ရက်အကြာတွင် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။ 

သေဆုံးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ဌာနတွင်းစစ်ဆေးရေးအဖွဲ့နှစ်ခုအပြင် တိုင်းအစိုးရအဖွဲ့၏ သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် ဦးဆောင်သောအဖွဲ့၊ တိုင်းတရားသူကြီးချုပ် ဦးဆောင်သောအဖွဲ့၊ ကျော်စောသတင်းကြောင့် လာရောက်စစ်ဆေးသည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ စသည်ဖြင့် တိုင်းအဆင့်နှင့် နိုင်ငံတော်အဆင့် စစ်ဆေးရေးအဖွဲ့ ၇ ဖွဲ့က စုံစမ်းစစ်ဆေးခဲ့သည်။ 

ထွက်ပြေးသည့် ကျောင်းသားနှစ်ဦးသေဆုံးရခြင်းမှာ လိုက်လံဖမ်းဆီးသည့် ကျောင်းသားများက ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကြောင့်ဖြစ်သည်ဟု အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ စစ်ဆေးသုံးသပ်ချက်နှင့် ပတ်သက်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ဩဂုတ်လအတွင်း Myanmar Now ကို ပြောကြားခဲ့သည်။

အမှုဖွင့်ခံထားရသည့် သင်တန်းကျောင်းဆရာ ၅ ဦးမှာ ဘော်ယိမ်း၊ လော့ထန်း၊ ကျော်မင်းဌေး၊ သက်နိုင်၊ ဝင်းထွန်းတို့ ဖြစ်သည်။ သင်တန်းဆရာ လော့ထန်း၏ မိခင်ဖြစ်သူ ဒေါ်ရှင်းဟာကမူ ၎င်း၏ သားသည် ကျူးလွန်သူမဟုတ်ကြောင်း ယုံကြည်နေပြီး သေဆုံးမှုများမှာ ကျောင်းသားအချင်းချင်း ရိုက်နှက်မှုကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။ 

“ဖြစ်တဲ့နေ့က သူ့ဂျူတီလည်းမဟုတ်ဘဲ လူမရှိတော့ ဝင်ရတာ။ ဖြစ်စဉ်ဖြစ်တော့ လိုက်ဖမ်းတဲ့အထဲတော့ သူပါတယ်။ ရိုက်တဲ့အထဲတော့ သူမပါဘူးလို့ ကျွန်မတို့ စခန်းကို လိုက်သွားတော့ပြောတယ်” ဟု ဒေါ်ရှင်းဟာက ပြောသည်။

အလုပ်တာဝန်ချိန်အတွင်း လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံရန် အထက်လူကြီးများ၏ စေခိုင်းမှုရှိသည်ဟု ဒေါ်ရှင်းဟာက စွပ်စွဲလိုက်ပြီး နိုင်ငံတော်သမ္မတရုံးသို့ စက်တင်ဘာ ၁၇ တွင် တိုင်ကြားစာ ပေးပို့ခဲ့သည်ဟု ဆိုသည်။ 

“သူ့ကိုအတင်းဝန်ခံခိုင်းတယ်။ ဝါးခြမ်းကိုင်ခိုင်းပြီး ဓါတ်ပုံရိုက်တယ်။ ဓါတ်ပုံရိုက်တဲ့အထိ သူဖမ်းခံရမယ်မှန်း မသိသေးဘူးတဲ့” ဟု ဒေါ်ရှင်းဟာက ဆက်ပြောသည်။

ထိုတိုင်ကြားမှုကို သမ္မတရုံးက အကြောင်းမပြန်သေးကြောင်း၊ လက်ရှိတွင် ကိုဗစ်ကပ်ရောဂါကာလ တရားရုံးချိန်းများ မထုတ်သည့်အတွက် သားဖြစ်သူကို တွေ့ခွင့်မရကြောင်းလည်း ဒေါ်ရှင်းဟာက ဆိုသည်။ 

အခင်းဖြစ်ပွားသည့်နေ့တွင် ကျောင်းလုံခြုံရေးတာဝန်ကျနေသူ ဘော်ယိမ်း၏ ဦးလေးဖြစ်သူကလည်း ထွက်ပြေးပြီးဖမ်းမိလာသူ လူငယ်များကို ကျောင်းအုပ်၏ စေခိုင်းမှုကြောင့် ရိုက်ခဲ့ရသော်လည်း သေဆုံးစေနိုင်လောက်သည့် ဒဏ်ရာများမှာ ကျောင်းသားအချင်းချင်း ထိုးကြိတ်မှုကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။ 

ထိုကဲ့သို့ ရိုက်နှက်ရန် စေခိုင်းမှုနှင့် အတင်းအကျပ်ဝန်ခံခိုင်းမှုများ ရှိပါက အမှုဖွင့်ခံထားရသူများကိုယ်တိုင် တရားရုံးတွင်သာ ဖြေရှင်းရန် ရဲအုပ်ဇော်ဝမ်းလေးက တုံ့ပြန်သည်။​

“ဒါက အဖွဲ့တွေအများကြီး စစ်ဆေးထားတဲ့ အဖြေပဲ။ မဟုတ်ဘူးဆို တရားရုံးမှာ ဖြေရှင်းရမှာပေါ့” ဟု ၎င်းက ပြောသည်။​

မန္တလေးလူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းထားရသည့် သင်တန်းသားဦးရေ များပြားသော်လည်း ဝန်ထမ်းအရေအတွက် နည်းပါးခြင်းကြောင့် လုံခြုံရေးအားနည်းကာ ကျောင်းသားများ ထွက်ပြေးသည့် ဖြစ်ရပ်များ ပေါ်ပေါက်ရကြောင်း ကျောင်းအုပ်ဆရာ ဦးနေအောင်ကျော်က ထုတ်ဖော်ပြောကြားထားသည်။ 

လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သော မန္တလေးလူငယ်သင်တန်းကျောင်း၏ ဖြစ်စဉ်နောက်ဆက်တွဲ အခြေအနေများနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းကို Myanmar Now က မေးမြန်းခဲ့ရာ ကျောင်းသားများ ထွက်ပြေးပါက ရဲစခန်းကိုသာ တိုင်ကြားရမည်ဟု ဆိုသည်။ 

“လုပ်ထုံးလုပ်နည်းမှာက ထွက်ပြေးရင် လိုက်မဖမ်းရဘူး။ ရဲကို အကြောင်းကြားရတယ်။ လိုက်ဖမ်းမိတဲ့ အကျိုးဆက်ပေါ့ဗျာ။ အခုတော့ ရဲပဲ အကြောင်းကြားတော့တယ်” ဟု ဇန်နဝါရီ ၆ တွင် ၎င်းက Myanmar Now ကို ပြောသည်။ 

ထွက်ပြေးမှုများကြောင့် လုံခြုံရေးကင်မရာ အများအပြား တိုးချဲ့တပ်ဆင်ထားရှိထားသည်ကိုလည်း ဇန်နဝါရီ ၆ တွင် Myanmar Now က သင်တန်းကျောင်းသို့ သွားရောက်ခဲ့စဉ် တွေ့ခဲ့ရသည်။ 

ထိုသင်တန်းကျောင်း၌ အခင်းဖြစ်ပွားပြီး လပိုင်းအကြာတွင် ထပ်မံတိုးချဲ့ထားသည့် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းသို့ ကျောင်းသားဦးရေ ၂၁၁ ဦး ပြောင်းရွှေ့လိုက်သည်။

အဆိုပါသင်တန်းကျောင်းသစ်မှလည်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကျောင်းသားတစ်ဦးထွက်ပြေးမှု ထပ်မံပေါ်ပေါက်ခဲ့ပြီး ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ပုသိမ်ကြီးမြို့နယ်ရဲစခန်းထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading