မုန်တိုင်းထန်ဆဲ မြန်မာ့နိုင်ငံရေးကိုပေါ်လွင်စေသည့် ဒေါင်းတို့မျိုးဆက်အတွက် ပြစ်ဒဏ်များ 

နိုင်ငံရေး၊ စီးပွားရေးတွင် တပ်၏ ပါဝင်နေမှုကို ဝေဖန်သရော် သံချပ်ထိုးမှုအတွက် မြို့အသီးသီးတွင် တုံ့ပြန်တရားစွဲသည့် လုပ်ရပ်မှာ ပြင်းထန်လွန်းသည်ဟု သံချပ်အဖွဲ့ဝင်များနှင့် နိုင်ငံရေးသမားများက ပြောသည်။

၂၀၁၉ မဟာသင်္ကြန်တွင် သံချပ်ထိုးခဲ့သော ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်များ (ဓာတ်ပုံ- ဒေါင်းတို့မျိုးဆက်)

နေပူပူ နေ့လယ်ခင်းတစ်ခုတွင် ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ ပုံမှန်နေ့ရုံးချိန်းများနှင့် မတူဘဲ ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်အများအပြားက တရားရုံးရှေ့တွင် နေရာယူထားကြသည်။

အဓိကရုဏ်းနှိမ်နှင်းချိန်မျိုးတွင်သာ သုံးလေ့ရှိသည့် သံဆူးကြိုးအကာအရံများကို တရားရုံးမျက်နှာစာရှေ့ ချထားသည်။

မကြာမီ အချုပ်ကားတစ်စီးရောက်ရှိလာရာ ကားအတွင်းမှ အချုပ်သားများကို ဝန်းရံထောက်ခံသူတို့၏ အော်ဟစ်အားပေးသံ၊ သတင်းထောက်တို့၏ မေးခွန်းထုတ်သံများဖြင့် တရားရုံးမှာ ပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

အချုပ်ကားပေါ်မှဆင်းပြီး တရားရုံးထဲဝင်သွားသူများမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၀င်များထဲမှ ၇ ဦးဖြစ်ပြီး သင်္ကြန်အတွင်း သူတို့၏ သံချပ်ထိုးသရော်မှုအတွက် တပ်မတော်အရာရှိတစ်ဦး၏ စွဲဆိုမှုကို ဤရုံးတွင် ရင်ဆိုင်ရခြင်းဖြစ်သည်။

သူတို့အထဲမှ ရန်ကုန်ကလေးဆေးရုံကြီးလုပ်ငန်းခွင်တွင် ဖမ်းဆီးခံရသူ ၂၂ နှစ်အရွယ် သူနာပြု မကေခိုင်ထွန်းမှာ သံချပ်အဖွဲ့တွင် ဦးဆောင်သူများထဲတွင် မပါ၀င်သဖြင့် သံချပ်ကြောင့် အရေးယူခံရမည်ဟု မယူဆခဲ့မိပေ။    

“တရားစွဲခံရမယ်လို့ တွေးတော့ တွေးမိတယ်။ ငါတော့ မပါလောက်ဘူးလို့ ထင်တာ” ဟု မကေခိုင်ထွန်းက ပြောသည်။ 

သို့သော်လည်း ထိန်းသိမ်းခံရပြီးနောက် ရန်ကုန်ရှိ ဗိုလ်တထောင်တရားရုံးနှင့် မရမ်းကုန်းတရားရုံးတို့က သူ့ကို စုစုပေါင်း ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့သည်။ 

သူတို့ထဲမှ တချို့ကို တပ်မတော်က သူတို့ သံချပ်ထိုးခဲ့သည့် မြို့နယ်အသီးသီးရှိ တရားရုံးများတွင် တရားစွဲခဲ့ရာ ထိုထက်မက ထောင်ဒဏ်များ ချမှတ်ခံထားရသည်။ 

သံချပ်ထိုး ဝေဖန်သရော်မှုအတွက် မြို့နယ်အများအပြားတွင် တရားစွဲခြင်း၊ တရားရုံးတိုင်းက ထောင်ဒဏ်ပေးခြင်းတို့သည် လွတ်လပ်စွာပြောဆိုခွင့်ကို ခြိမ်းခြောက်နေပြီး သံချပ်ထိုးသည့် ရိုးရာဓလေ့ကိုလည်း ဖျက်ဆီးရာရောက်သည်ဟု လေ့လာသူတို့က ဆိုသည်။ 

၎င်းတို့ထဲမှ ၃ ဦးမှာ ယနေ့အချိန်ထိ မလွတ်မြောက်သေးပေ။

အမှုပေါ် အမှုဆင့်

မကေခိုင်ထွန်း၊ ၂ နှစ် ကျခံရသည့် မဆုရတနာမြင့်နှင့် ကိုဇော်လင်းထွဋ်(ခ)ဖိုးသား တို့မှာ လျှော့ရက်၊ ချုပ်ရက်တို့ ခံစားခွင့်ရရှိခဲ့ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။ 

တရားစွဲဆိုခံခဲ့ရသူ ကိုငြိမ်းချမ်းစိုး (ခ) ချစ်ယုံမှာမူ ဗိုလ်တထောင်မြိုနယ်တွင် သံချပ်ထိုးသည့် နေ့က မပါဝင်ခဲ့သဖြင့် အပြစ်မရှိဆိုကာ ၆ လ အကြာတွင် လွတ်မြောက်ခဲ့သည်။ သံချပ်အဖွဲ့ဦးဆောင်သူများဖြစ်သည့် ကိုပိုင်ဖြိုးမင်းနှင့် ကိုဇေယျာလွင်မှာ ထောင် ၆ နှစ်၊ ကိုပိုင်ရဲသူမှာ ထောင် ၅ နှစ်နှင့် ၆လ ကျခံရပြီး အင်းစိန်ထောင်၌ ရှိနေဆဲဖြစ်သည်။

“ပုံမှန် တစ်ရုံးမှာ တစ်နှစ်ထိပဲ ချလို့ရတဲ့ ပြစ်မှုကို တရားရုံးတွေအများကြီး နယ်မြေတွေအများကြီး ခွဲပြီးစွဲလိုက်တဲ့အတွက်ကြောင့် အခုလို ၅ နှစ်တွေ ၆ နှစ်တွေ ဖြစ်သွားတယ်။ တကယ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့သဘောပါ” ဟု ဇွန်လ ၁၂ ရက်နေ့ ရုံးချိန်းအပြီး Myanamr Now ၏ တယ်လီဖုန်းအင်တာဗျူးတွင် ကိုဇေယျာလွင်က ဖြေကြားခဲ့သည်။

ဒေါင်းတို့မျိုးဆက်သည် ထိုနှစ်သင်္ကြန်ကာလတွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်း မြို့နယ်ပေါင်းများစွာတွင် သွားရောက် သံချပ်ထိုးခဲ့ရာ တပ်မတော်က ထိုမြို့နယ်များတွင် သံချပ်အဖွဲ့ဝင်များကို တရားစွဲခဲ့သည်။

သက်ဆိုင်ရာဒေသတွင် တာ၀န်ကျနေကြသည့် တပ်မတော်အရာရှိများက စွဲဆိုကြခြင်းပင်။ 

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၏ သံချပ်စာသားများမှာ သည်းခံ၍မရသည့် အတိုင်းအတာဖြစ်နေသဖြင့် တရားစွဲဆိုရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က မရမ်းကုန်းမြို့နယ်တရားရုံးတွင် သတင်းထောက်များကို ပြောဖူးသည်။

“တကယ်လို့ ခွင့်လွတ်လိုက်မယ်ဆိုရင် ဒီထက်မက ပိုပို ကျုးလွန်လာမယ်ဆိုလို့ရှိရင် ဒါတွေကို မဖြစ်စေချင်လို့ ဥပဒေရဲ့ တရားမျှတမှုလိုချင်လို့ တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဝေဖန် သရော်ခြင်း  

ကျောင်းသားသမဂ္ဂနောက်ခံဖြင့် ပေါ်ထွက်လာခဲ့သည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှာ တပ်မတော်နှင့်ပတ်သတ်သည့် အကြောင်းအရာများတွင် ပြင်းထန်သည့် သံချပ်စာသားများ ရေးစပ်သီဆိုလေ့ရှိပြီး သင်္ကြန်သံချပ်နှစ်သက်သူ ပရိတ်သတ်အခိုင်အမာရှိသည့် အဖွဲ့ဖြစ်သည်။

၎င်းတို့၏ သံချပ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရနှစ်ရပ်တည်ရှိနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဿနာဖြစ်နေ၍ အရောင်ပြောင်းပစ်ရန်၊ တပ်မတော်သားများ လွှတ်တော်တွင်းမှ ထွက်ခွာသွားရန် စသည့် စာသားများပါ၀င်သည်။ 

စစ်တပ်က စိတ်ကြိုက်‌ရေးစွဲပြီး အငြင်းပွားဖွယ် လူထုဆန္ဒကောက်ယူပွဲဖြင့် မြန်မာပြည်သူအများစုက ထောက်ခံအတည်ပြုခဲ့သည်ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် ပြည်သူက ရွေးချယ်တင်မြှောက်သော အုပ်ချုပ်မှုအောက်တွင် ရှိမနေဘဲ သီးခြားကင်းလွတ်ကာ တည်ရှိနေသည်။ 

ထိုအချက်ကို ထောက်ရှု၍ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များက ၎င်းတို့၏သံချပ်စာသားများမှာ ပြည်သူတို့ နေ့စဉ် ပြောဆိုနေသည့် အကြောင်းအရာများသာ ဖြစ်သည်ဟု တရားခွင်တွင် ထွက်ဆိုလေ့ရှိသည်။

ရခိုင်ပြည်နယ်ရှိ လူနည်းစု မွတ်စလင်များကို လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သတ်ပြီး “အိုင်စီစီကို ကြောက်တဲ့ကောင် နေပြည်တော်ကို ရှောင်၊ အိုင်စီစီကို ကြောက်တဲ့ဘဝ နေပြည်တော်က အဘ” ဟု သံချပ် စပ်ဆိုခဲ့ပြီး ထိုသံချပ်စာသားမှာ ၂၀၁၉ ခုနှစ်က လူမှုကွန်ရက်တွင် ထင်ရှားခဲ့သည်။

တပ်ခေါင်းဆောင်များကို ICC ဟု အတိုကောက်ခေါ်သည့် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးတွင် သွားရောက်ရင်ဆိုင်ကြရန် သရော်ထားသည့် ထိုသံချပ်စာသားများမှာလည်း တပ်ခေါင်းဆောင်များကို အမျက်ဒေါသထွက်စေမည့် သံချပ်စာသားများဖြစ်သည်။

ထို့အပြင် ဘီယာ၊ အရက်၊ ဆေးလိပ်နှင့် တယ်လီဖုန်းဆက်သွယ်ရေး စသည့် စီးပွားရေးလုပ်ငန်းများ တပ်နှင့် ဆက်စပ်နေပုံကို ဝေဖန် သံချပ်ထိုးခဲ့ကြသည်။ 

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ထောင်ဒဏ်ချမှတ်ခဲ့သည့် တရားရုံးများအနက် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တရားရုံးက သံချပ်စာသားများမှာ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် ဆန့်ကျင်နေသည်ဟု ဆိုသည်။

တပ်မတော်သားများ၏ တာဝန်ဝတ္တရားကို မလေးစားဘဲ ပျက်ကွက်စေရန် အကြံဖြင့် ဖျော်ဖြေဖြန့်ချိခဲ့ကြောင်း မှတ်ယူနိုင်သည်ဆိုကာ တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် တစ်နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု မရမ်းကုန်းမြို့နယ်တရားသူကြီးက တရားခွင်တွင် ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ ပုဒ်မ ၅၀၅ နှင့် အကျဉ်းကျနေသူမှာ ၂၄ ဦးရှိသည်။

သံချပ်ကို စိစစ်မှု  

ဒေါင်းတို့မျိုးဆက်သည် သင်္ကြန်ကာလတွင် ရန်ကုန်တိုင်း၊ သံချပ်စာသားစိစစ်ရေးကော်မတီထံ စာသားတင်ပြခြင်း မရှိပေ။ 

အိုးဝေသံ၊ ကျောင်းနံရံ၊ အလုပ်သမား ဝါသနာရှင်များ ပါ၀င်သည့် ဒို့အသံ သံချပ်အဖွဲ့များကလည်း စိစစ်သည့် မူဝါဒကို လက်မခံဘဲ နှစ်စဉ် ဆင်ဆာမတင်ဘဲ သံချပ်ထိုးလေ့ရှိကြသည်။

၎င်းတို့အားလုံးက သံချပ်ဆိုသည်မှာ ပြည်သူ့အသံဖြစ်၍ ဆင်ဆာမလိုအပ်၊ ဆင်ဆာသည် သံချပ်၏ အနှစ်သာရကို ပျက်စီးစေသည်ဟု တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။

ဆယ်စုနှစ်ပေါင်းများစွာ သံချပ်ထိုးလျင် သံချပ်စာသား စိစစ်ပြီးမှသာ ခွင့်ပြုခဲ့ရာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရခဲ့သည့် ၂၀၁၆ ခုနှစ်တွင်တော့ ကင်းလွတ်ခွင့်ရရှိခဲ့သည်။ သို့သော်လည်း ထိုလွတ်လပ်ခွင့်မှာ ယနေ့တိုင် ပြန်ပေါ်မလာတော့ပေ။

၂၀၁၉ ခုနှစ်၏ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီ၊ သံချပ်များစိစစ်ရေးအဖွဲ့ဥက္ကဌမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ဖြစ်သည်။

သံချပ်စိစစ်ရေးအဖွဲ့မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ဘာသာရေး၊ လူမျိုးရေးနှင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့် အဖွဲ့အစည်းများ ထိခိုက်နစ်နာမှု မရှိစေရန် သံချပ်စာသားကို စိစစ်၍ ပြင်ဆင်ပေးရန် ညှိနှိုင်းပေးခြင်းဖြစ်ပြီး မတင်ပြသူများကို အရေးယူလေ့မရှိကြောင်း ဦးဇော်အေးမောင်က ပြောသည်။ 

အစိုးရနှင့် တပ်မတော်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသဖြင့် တိုင်းပြည်အပေါ် အပြုသဘောဖြင့် ဝေဖန်သည့် သံချပ်စာသားများကိုလည်း တားမြစ်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။ 

သို့သော်လည်း လူအများကို ဒေါသထွက်၊ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သော ဘာသာရေးအရ အထွဋ်အမြတ်ဖြစ်သည့် အရာများကို ဝေဖန်ခြင်း၊ လူပုဂ္ဂိုလ်၊ အဖွဲ့အမည်နာမများဖြင့် တိုက်ရိုက်ဝေဖန် သံချပ်ထိုးခြင်းမဟုတ်လျှင် အစိုးရမဏ္ဍပ်များတွင် ပြိုင်ပွဲဝင် ဖျော်ဖြေခွင့်ပြုခဲ့သည်ဟု ၎င်းက ဆိုသည်။ 

စိစစ်ရေးအဖွဲ့ကို တင်ပြလေ့မရှိသော သံချပ်အဖွဲ့များမှာ အစဉ်အလာကြီးသည့် မဏ္ဍပ်ပေါ်တက်ခွင့် ပိတ်ပင်ခံထားရပြီး လှည့်လည်ဖျော်ဖြေရာတွင်လည်း အာဏာပိုင်များက လိုက်လံတားမြစ်ပိတ်ပင်လေ့ရှိကြောင်း ကျောင်းနံရံသံချပ်အဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ် ကိုပိုဆိုင်တွန်က ပြောသည်။ 

“စာသားထက်စာရင် သံချပ်ထွက်နိုင်ဖို့တောင် တော်တော်ပြန်ရုန်းကန်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ ဥပဒေတွေက တားဆီးတာထက် မြေပြင်မှာ ဖျော်ဖြေခွင့်မရတဲ့ အခြေအနေက ကျွန်တော်တို့အတွက် ပိုပြီး ကျပ်တည်းစေတယ်ဗျ” ဟု ၂၀၁၉ ခုနစ်တွင် ၎င်းတို့ သံချပ်အသင်း ရင်ဆိုင်ခဲ့ရသည်များကို ရည်ညွှန်းပြောဆိုသည်။

“အဲဒီလိုအခြေအနေမျိုးမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့လို ဖမ်းဆီးပိတ်ပင်မှုတွေ ပိုဖြစ်လာတဲ့အခါ ကျွန်တော်တို့ စိုးရိမ်တာက ကျွန်တော်တို့ ဗမာရဲ့ ချစ်စဖွယ်လည်းဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူရဲ့အသံကို အစိုးရဆီကို တိုက်ရိုက်နားပွင့်ပေါက်နိုင်မယ့် လမ်းကြောင်းဖြစ်တဲ့ ဒီသံချပ်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာ စိုးရိမ်တယ်” ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်ဟောင်းလည်းဖြစ်သည့် ကိုပိုဆိုင်တွန်က ဆက်ပြောသည်။

ကိုပိုဆိုင်တွန် စိုးရိမ်သကဲ့သို့ပင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် သင်္ကြန်သံချပ်ထိုးသည့် ဓလေ့ကို လူငယ်များစိတ်ဝင်စားမှု နည်းပါးလာမည်ကို စိုးရိမ်သူ ဝါရင့်သံချပ်သမားကြီးများထဲတွင် “အပ္ပမာဒေန သဗ္ဗာဒေထ” သံချပ်အဖွဲ့ဦးဆောင်သူ အသက် ၇၀ ကျော် အရွယ်ရှိ ဦးသီဟလည်း ပါ၀င်သည်။

သင်္ကြန်သံချပ်စိတ်ဝင်စားသူ လူငယ်များမှာလည်း ဖမ်းဆီးခံရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကဲ့သို့ ကျောင်းသားသမဂ္ဂနောက်ခံရှိသူများသာဖြစ်ပြီး သံချပ်စပ်ဆိုရာတွင် တုတ်ထိုးအိုးပေါက် ဝေဖန်မှုမျိုးထက် ရသမြောက်မြောက်၊ ပရိယာယ်ကြွယ်ကြွယ် စပ်ဆိုမှုမျိုး ပိုလိုအပ်သည်ဟု ၎င်းက သုံးသပ်သည်။ 

“ခေတ်က ခါးဖြတ်လိုက်သလို ဖြစ်သွားတယ်။ ဒါပေမယ့် စိတ်ဓာတ်တွေကလည်းရှိတယ်။ လုပ်လည်းလုပ်ချင်တယ်။ အဲဒီအခါကျတော့ လိုအပ်တာလေးတွေ “ဟ” နေတာလေးတွေ အစပ်အဆက်မမိတာလေးတွေ ပရိယာယ်မကြွယ်တာလေးတွေ ရှိမယ်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကန့်သတ်ခံရသည့် ပြောဆိုခွင့်

ဒေါင်းတို့မျိုးဆက်မှ၂၆ နှစ်အရွယ် မဆုရတနာမြင့်သည် ၂၀၁၉ သင်္ကြန်တွင် သံချပ်ထိုးရာ၌ ရှေ့ထွက်တိုင်ပေးခြင်း မရှိဘဲ နောက်မှနေ၍ သံချပ်ထိုးခဲ့သော်လည်း တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) တို့ဖြင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့ သံချပ်ထိုးခဲ့သည့် မရမ်းကုန်းနှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် တရားစွဲခံရပြီး ထောင် ၂နှစ် ကျသွားသည်။

ထိုအတောအတွင်း ပညာသင်ဆုရရှိထားသော်လည်း ထိန်းသိမ်းခံနေရသဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဘာသာရပ် သွားရောက်သင်ယူနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။ အမှုတစ်ခုမပြီးသေးခင် နောက်တစ်မှု ထပ်ပေါ်လာတတ်သဖြင့် အမှုသစ်အတွက် စစ်ဆေးမေးမြန်းခံရမည်ကို စိုးရိမ်ခဲ့ရသည်ဟု ဆိုသည်။ 

“တစ်ခု စစ်နေရင်းနဲ့ အဲဒီတစ်ခု ပြီးတော့မလို ကိုယ်က စိတ်ခဏလျှော့မလို့ရှိတုန်း နောက်တစ်မှုက ထပ်ပေါ်လာပြီ။ စစ်ကြောရေးဆိုတဲ့ အသံကြားရင် ကိုယ်တွေက လန့်နေပြီ” ဟု အကျဉ်းထောင်ထဲတွင် ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံကို မဆုရတနာမြင့်က ပြန်ပြောပြသည်။ 

သံချပ်ထိုးသရော်သူတို့ ပြင်းပြင်းထန်ထန် တုန့်ပြန်ခံရသကဲ့သို့ ရခိုင်ဒေသအရေး ပြောဆိုကန့်ကွက်သည့် ကျောင်းသားများဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ပေါ်ပေါက်ခဲ့သည်ကို သတိထားမိသည်ဟု သူက ဆက်ပြောသည်။

ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်တို့ကို တရားရုံးအများအပြားတွင် တပြိုင်နက်တည်းတရားစွဲဆိုခြင်းမှာ ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်နေခြင်းဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်စေကြောင်း အခြားသော သံချပ်အဖွဲ့များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သရော်စာ ရေးသားသူများက ယူဆကြသည်။ 

ထိုသို့ ယူဆသူများတွင် ကဗျာဆရာ မုံရွာအောင်ရှင်ဟု လူသိများထင်ရှားသည့် အာဏာရပါတီ၏ ပြန်ကြားရေးကော်မတီခေါင်းဆောင် ဦးအေးကြူလည်း ပါ၀င်သည်။ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်များ ပုဒ်မ ၅၀၅ နှင့် ထောင်ကျခဲ့သလို သူသည်လည်း စစ်အစိုးရခေတ်တွင် ထိုပုဒ်မနှင့်ပင် ထောင်ဒဏ်ချမှတ်ခံရဖူးသည်။  

ထောင်ဒဏ်ကျခံနေရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အရ သက်သာခွင့်ပေးသင့်ကြောင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်သော ပုဒ်မများ ပြင်ဆင်ဖျက်သိမ်းနိုင်ရေးအတွက် လွှတ်တော်က ကြိုးပမ်းရန် လိုအပ်နေကြောင်း သူက သုံးသပ်သည်။

“ကျောင်းသားလူငယ်ကလေးတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာ မကြိုက်ဘူး။ အမြန်ဆုံးလွှတ်ပေးသင့်တယ်” ဟု ပါတီအာဘော် ဒီလှိုင်းဂျာနယ်၏ အယ်ဒီတာချုပ်လည်းဖြစ်သူ မုံရွာအောင်ရှင်က မှတ်ချက်ပြုသည်။ 

The Voice သတင်းစာတွင် “ကျည်ထောင်စုသစ္စာ” ခေါင်းစဉ်ဖြင့် သရော်စာရေးသားခဲ့အပြီး တပ်က တရားစွဲဆိုခြင်းကို ခံရသည့် ရန်ကုန်မြို့မှ သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်ကလည်း သံချပ်၊ သရော်စာတို့သည် နိုင်ငံရေးအရ၊ လူမှုရေးအရ ဖြစ်ပျက်နေသည့် လူမှုဘဝနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို ပြည်သူကို မျက်နှာမူ၍ သရုပ်ဖော်ပေးခြင်းဖြစ်ကြောင်း၊ တရားစွဲဆိုခဲ့သည့် လုပ်ရပ်ကို ကန့်ကွက်ကြောင်း ပြောသည်။ 

“ဒီမိုကရေစီနိုင်ငံတွေမှာက တရားစွဲဆိုခွင့်ရှိပါတယ်။ သို့ပေမယ့် မလျော်ညီတဲ့ ဩဇာကို သုံးပြီးတော့ တစ်နေရာပြီးတစ်နေရာ အငြိုးတကြီး လိုက်စွဲနေတာမျိုးက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

အကျဉ်းကျနေသူတို့ စိတ်ခွန်အားတက်စေရန် ပြင်ပမှ စာပေးပို့သည့် လှုပ်ရှားမှုကို နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် လုပ်ဆောင်ရာ စာပေါင်း ၈၀ ခန့် ရရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းသွေးသစ် ဦးဆောင်ပါဝင်သည့် အိုးဝေသံအဖွဲ့မှာလည်း တပ်နှင့် အစိုးရကို ပြင်းထန်သည့် စကားလုံးများဖြင့် ဝေဖန်လေ့ရှိသည့် ကျောင်းသားသမဂ္ဂနောက်ခံ သံချပ်အဖွဲ့ဖြစ်သည်။

၎င်းတို့ အိုးဝေသံ သံချပ်အဖွဲ့လည်း လာမည့် သင်္ကြန်တွင် သံချပ်ထိုးခွင့်ရရှိပါက တရားစီရင်ရေးနှင့် အစိုးရကို အားကိုးဖို့ရာ မဖြစ်နိုင်၍ တပ်နှင့်ပတ်သက်သည့် အကြောင်းအရာကို သံချပ်စာသားရေးစပ်ရန် တွန့်ဆုတ်နေရသည်ဟု ကိုမင်းသွေးသစ်က ဆိုသည်။

“သူ့ရဲ့ရင်ကြားစေ့ရေးကို ထိခိုက်မယ်လို့ ယူဆတဲ့ အစိုးရနဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို ထိပါးတယ် ဒါမှမဟုတ် ပြည်သူတစ်ရပ်လုံးကို သူတို့ရဲ့ နိုင်ငံရေးပေါ်မှာ ကြီးစိုးမှုရှိနေသေးတယ်လို့ ပြချင်တဲ့ စစ်တပ်ရဲ့ ကြားထဲမှာ ဒေါင်းတို့မျိုးဆက်က ညှပ်သွားပြီး ဓားစာခံဖြစ်နေတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်” ဟု ၎င်းက တွေးတွေးဆဆ ပြောလိုက်သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading