ပဲခူး GTC မူလမြေပိုင်ရှင်တို့က ခေတ်နှင့်အညီ လျော်ကြေးရလို 

ရန်ကုန်- မန္တလေးကားလမ်းဘေး သိမ်းဆည်းခံလယ်ကွက်များ သိန်းထောင်ဂဏန်းပေါက်နေသဖြင့် တစ်ဧက ကျပ် သိန်း ၃၀ လျော်ကြေးကို ပဲခူးမှ မူလပိုင်ရှင်တို့က ငြင်းဆန်နေပြီး လုပ်ငန်းရှင်တို့ ရသွားမည်ကိုလည်း စိုးရိမ်နေသည်

Published on Jan 21, 2021
Published on Jan 21, 2021
တောင်သူ ၆ ဦး ပိုင်ဆိုင်ပြီး လျော်ကြေးကိစ္စအငြင်းပွားနေသောမြေကို ၂၀၂၀ ဒီဇင်ဘာအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - ပေးပို့) 
တောင်သူ ၆ ဦး ပိုင်ဆိုင်ပြီး လျော်ကြေးကိစ္စအငြင်းပွားနေသောမြေကို ၂၀၂၀ ဒီဇင်ဘာအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - ပေးပို့) 

ရန်ကုန်- မန္တလေးကားလမ်းဘေးရှိ ပဲခူးတက္ကသိုလ်မြေနေရာအတွက် အသိမ်းခံရသော လယ်မြေဧက ၅၀ ကျော်အတွက် မူလပိုင်ရှင်များထဲမှ တောင်သူ ၆ ဦးက ခေတ်နှင့်လျော်ညီသောလျော်ကြေး ရလိုကြသည်။

၁၉၉၅ တွင် သိမ်းယူခဲ့သည့် ထိုနေရာသည် နောက်ပိုင်းတွင် ပဲခူးတက္ကသိုလ်နှင့် ပဲခူးနည်းပညာတက္ကသိုလ် (GTC) နယ်မြေ ဖြစ်သွားခဲ့သည်။ 

တောင်သူများထဲမှ စောထိန်လင်းက လျော်ကြေးသည် ၂၀၁၂ လယ်ယာမြေဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်သင့်သည်ဟု ဆိုသည်။ 

"ကာလတန်ကြေးထက် မနည်းတဲ့ လျော်ကြေးလိုချင်တာပေါ့။ သူတို့ (အစိုးရ) အခုပေးတာက အရပ်ဖက်သဟဇာတနဲ့ အရပ်ပေးပေးတာပေါ့။ ဥပဒေအရ ကာလဒေသရဲ့ပေါက်ဈေးပဲ ကျွန်တော်တို့ လိုချင်တာ" ဟု စောထိန်လင်းက  Myanmar Now ကို ပြောသည်။ 

အခြားတောင်သူ ၅ ဦးမှာ ဒေါ်မာဦး၊ စောဘုံဘုံ၊  စောမိုး၊ ဒေါ်မြင့်မြင့်မူနှင့် ဇော်အောင်တို့ဖြစ်ပြီး ဘိုးဘွားစဉ်ဆက် ဓားမဦးချ ပိုင်ဆိုင်ခဲ့သော မြေယာများဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ဤအမှုအတွက် ပြီးခဲ့သည့်အစိုးရလက်ထက်တွင် တိုင်ကြားခဲ့ရာ ၂၀၁၅ တွင် ပြည်ထောင်စုလွှတ်တော်၏ မြေယာကော်မတီရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြောင်း၊ ကော်မတီ၏ ဖြေရှင်းချက်သည် အစိုးရဖွဲ့ထားသည့် ပဲခူးတိုင်းအဆင့် မြေယာကော်မတီ၏ ဖြေရှင်းချက်နှင့် မတူကြောင်း စောထိန်လင်းက ရှင်းပြသည်။  

"ဦးကျော်မြင့်ပြောတာက မြေ ၂ ကွက်နဲ့ ငွေသိန်း ၃၀ ပေးတယ်။ လက်ရှိ တိုင်းအဆင့်မှာဖြစ်နေတာက မြေ ၁ ကွက်နဲ့ သိန်း ၃ဝ ဖြစ်နေတယ်။ ကျွန်တော်တို့ အဲဒီလိုဖြစ်ပြီး ထပ်မဆွေးနွေးဖြစ်တော့ဘူး" ဟု မူလပိုင်ရှင် တောင်သူ စောထိန်လင်းက ပြောသည်။ 

၎င်းကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၇ တွင်  ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တွေ့ဆုံနိုင်ခဲ့သော်လည်း လယ်သိမ်းခံရသူတို့၏ တောင်းဆိုချက် မရရှိခဲ့ကြောင်း စောထိန်လင်းက ပြောသည်။  

တက္ကသိုလ်နယ်နမိတ် 

မူလပိုင်ရှင်တို့က လယ်ယာလုပ်ငန်း ဆက်လုပ်ခြင်း၊ လယ်လုပ်နေသူကို တရားစွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး သိမ်းဆည်းမြေပေါ်ရှိ ပဲခူးတက္ကသိုလ် နယ်မြေအကျယ်အ၀န်းက မေးခွန်းထုတ်စရာ ဖြစ်လာသည်။

၂၀၁၉ ဖေဖော်ဝါရီ ၂၆ တွင် ပြုလုပ်သော ပဲခူးတိုင်းလွှတ်တော်အစည်းအဝေး၌ သာယာဝတီမြို့နယ် အမှတ် (၁) ကိုယ်စားလှယ် ဒေါ်မူမူခင်က ပဲခူးတက္ကသိုလ်အကျယ်အ၀န်းကို မေးမြန်းခဲ့သည်။  

တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ပဲခူးတက္ကသိုလ်၏ မြေအကျယ်အဝန်းမှာ ၇၁၈ ဒသမ ၆၅ ဧက ဖြစ်ပြီး GTC ကျောင်းအတွက် ဧက ၁၆၀ ခွဲဝေပေးခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

လယ်မြေဧက ၅၀၀ ကျော်မှာ ၁၉၉၅ ကတည်းက ပဲခူးဒီဂရီကောလိပ်မြေအဖြစ် လ/န-၃၉ (လူနေထိုင်ခွင့်) ရရှိထားကြောင်းကိုပါ ဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့သည်။

တိုင်းအစိုးရ၏ ဖြေဆိုမှုကို မူလလယ်ပိုင်ရှင်တို့လည်း သတိပြုမိသွားကြသည်ဟု လွှတ်တော်အမတ် ဒေါ်မူမူခင်က ပြောသည်။ 

" ပဲခူးအစိုးရက ဖြေတဲ့အဖြေပေါ်မှာ မူတည်ပြီး ကွင်းအမှတ်တွေ၊ ဦးပိုင်မြေတွေ လွဲနေတာလည်း သိလည်းသိရော လယ်သမားတွေက သူတို့မြေကို GTC စီမံကိန်းနဲ့ မဆိုင်ဘဲ သိမ်းထားပါတယ်ဆိုပြီး လယ်သမားတွေက တက်လာတာလေ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ မူလပိုင်ရှင်လယ်သမားတွေကိစ္စအတွက်ကို မေးတာမဟုတ်ဘူး။ ကျွန်မက ပဲခူးတက္ကသိုလ်ရဲ့ ဧရိယာအကျယ်အဝန်းကို တိတိကျကျဖော်ထုတ်ပေးဖို့အတွက်ကိုပဲ မေးတာ " ဟု ဒေါ်မူမူခင်က Myanmar Now ကို ပြောသည်။ 

"စီမံကိန်းမြေထဲ မပါဘဲ ခြံခတ်ပြီးတော့ လုပ်နေတဲ့လယ်သမားတွေကို မလုပ်ရတော့ဘူးဆိုပြီး လယ်သမားတွေနဲ့ ပြဿနာတက်တာတွေ၊ တရားစွဲတာတွေလည်း ရှိတယ်ဆိုပြီး လာပြောတော့ သိမ်းဆည်းမြေမှာ လျှောက်ထားပါ၊  ပြန်လည်ပြီး စိစစ်ပေးဖို့ ပြောပါဆိုပြီး (လယ်သမားတွေကို) အကြံပြုလိုက်တယ်" ဟု ၎င်းက ဆက်ပြောသည်။ 

တန်ရာတန်ကြေး

အငြင်းပွားမြေနှင့် ပတ်သက်ပြီး ပညာရေးဌာနက မူလပိုင်ရှင်တို့ကို ထိုနေရာမှ ဖယ်ရှားရန် မကြာသေးခင် ကာလအတွင်းက အကြောင်းကြားခဲ့သည်။ 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ပဲခူးတက္ကသိုလ်မြေနေရာများဖြစ်သည်ဟု ဆိုကာ ပဲခူးတက္ကသိုလ်၏ အခွင့်ရအာဏာပိုင် ဦးထွန်းထွန်းဦးက ၎င်းတောင်သူ ၆ ဦးကို ၂၀၁၉ ဇန်နဝါရီမှ မေလအတွင်း အကြောင်းကြားစာ ၃ ကြိမ်ပို့ခဲ့ပြီး ဇွန်တွင် အမှတ် (၃) နယ်မြေရဲစခန်းသို့ တိုင်ကြားလိုက်သည်။ 

တောင်သူ ၆ ဦးက ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသောမြေဖြစ်ကြောင်း၊ လယ်ခွန်ကို ၂၀၁၂ အထိ ပေးသွင်းခဲ့ပြီး အစိုးရကိုလည်း သတ်မှတ်စပါးပေးသွင်းခဲ့သည်ဟု ပဲခူးတရားရုံးတွင် ထွက်ဆိုခဲ့သည်။ 

အမှုကို စစ်ဆေးပြီးနောက် တရားသူကြီးက ၎င်းကိစ္စသည် တရားမကြောင်းအရ စွဲဆိုရမည့်အမှုဖြစ်ကြောင်း၊ ရာဇဝတ်ကြောင်းအရ တောင်သူတို့တွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

အငြင်းပွားနေရာတွင် အခြားလယ်မြေပိုင်ရှင်များကို ပေးလျော်ခဲ့ပြီးဖြစ်ပြီး ၎င်းတောင်သူ ၆ ဦးသာ ကျန်ရှိတော့ကြောင်း ပဲခူးတိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

"လယ် ၁ ဧကကို ၄၀ x ၆၀ မြေ ၁ ကွက်နဲ့ သိန်း ၃၀နဲ့ ပေးတယ်။ မြေစစ်ကို မေးတဲ့အခါကြတော့ မြေစစ်မူအရ အဲ့ဒါ အမြင့်ဆုံးပေးတာပဲ။ တစ်ချို့လယ်မြေတွေဆို ၁၅ သိန်းပေါ့နော်။ တစ်ချို့နေရာတွေဆို ဒေသအရ ပေါက်ဈေး ၁၀ သိန်းပေါ့နော်။ တိုင်းမြေစစ်ရဲ့မူဝါဒအရ ပေးတာပေါ့နော်။ ပညာရေးဝန်ကြီးဌာနက သိန်း ၃၀ ပေးလျော်တယ်။ အစိုးရအဖွဲ့က ၄၀x ၆၀ ဂရန်ပေါက်မြေကွက်တစ်ခုပေးတာ" ဟု သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ဒီဇင်ဘာ ၃၀ တွင် Myanmar Now ကို ပြောသည်။ 

အသစ်တည်ဆောက်နေသော ပဲခူးမြစ်ကူးတံတားအနီး ပဲခူးချောင်းမှ  ပေ ၅၀ အကွာ မြို့ဦးကင်းဆိုသည့်နေရာတွင် မြေကွက် အစားပြန်ပေးခြင်းဖြစ်ပြီး သိန်း ၄၀ နှင့် ၅၀ ကြား ပေါက်စျေးရှိသည့် မြေကွက်များဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

အဆိုပါနေရာသည် ပဲခူးမြို့နှင့် မနီးမဝေးတွင် တည်ရှိပြီး ယင်းနေရာအနီး ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ မြေတိုင်းရပ်ကွက်အမှတ်(၂)၊ သမိန်ဗရမ်းလမ်းနှင့် ဓမ္မပါလလမ်းကြားရှိ စည်ပင်ပိုင်စျေးမြေနေရာ၌ ဈေးသစ်တည်ဆောက်နိုင်ရန် တိုင်းအစိုးရက စီစဉ်နေသည်။

"အားလုံးက အဆင်ပြေပြီး ၆ ဦးကတော့ ကျန်တယ်ပေါ့။ သူတို့ဘက်ကလည်း ဥပဒေအရဆို ဥပဒေအရပဲ ဆက်လုပ်ပေါ့နော်။ အစိုးရအဖွဲ့ကလည်း ဥပဒေအရပဲ ဆောင်ရွက်မှာပေါ့။ သိန်း ၃၀ နဲ့ မြေ ၁ ကွက်ဆိုတာ ခေတ်အဆက်ဆက် အများဆုံးပေးထားတာပေါ့" ဟု ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောသည်။ 

အများဆုံးပေးထားသည်ဆိုသော်လည်း ပေါက်စျေးနှင့် ယှဉ်လျှင် ကွာခြားလွန်းလှသည်ဟု မူလပိုင်ရှင်တို့က ဆိုကြသည်။

"လယ်မြေပေါက်ဈေးက ရန်ကုန်-မန်းလေးကားလမ်း မေးတင်က အလျား ၁၀၀ အနံ ၈၀ ၊ လန ၃၉ ကျပြီးပေါက်ပြီးသားက ကျပ် သိန်း ၄,၀၀၀ ကနေ ၅,၀၀၀ ကြား ရှိတယ်။ လက်ရှိအရောင်းအဝယ်လုပ်နေတဲ့ ပေါက်ဈေးပေါ့။ ကျွန်တော်တို့ ညှိထားတာ ခုထိ မရသေးတာပေါ့။ အဲ့ဒီအနောက်က လယ်တွေကတော့ ၃ ပုံ ၁ ပုံဈေး ရှိတာပေါ့" ဟု တောင်သူ စောထိန်လင်းက Myanmar Now ကို ပြောသည်။ 

အငြင်းပွားမြေပေါ်တွင် အခြားလုပ်ငန်းရှင်တို့ လုပ်ကိုင်ခွင့်ရသွားမည်ကိုလည်း မူလပိုင်ရှင်တို့က မလိုလားကြပေ။

၎င်းတောင်သူများနှင့် ပတ်သက်ပြီး သေချာစိစစ်ပေးရန် တိုင်းအစိုးရအဖွဲ့ကို တင်ပြထားကြောင်း သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဟောင်း လက်ရှိ ပဲခူးတိုင်းအမတ် ဦးကျော်မင်းစံက ပြောသည်။ 

"သိမ်းတာကတော့ အရင်အစိုးရလက်ထက်မှာ သိမ်းပြီးတော့ ကိုယ့်အစိုးရလက်ထက်မှာ GTC စီမံကိန်းမြေ လုပ်တဲ့အခါမှာ သူတို့ (တောင်သူ ၆ ဦး) မြေတွေ ပါကုန်တာပေါ့။ သူတို့ သံသယဖြစ်နေတာက အခြားကုမ္မဏီကလူတွေကလည်း ဒီမြေပေါ်မှာလာပြီး လုပ်နေတယ်ပေါ့။ အဲ့ဒါတွေကိုတော့ အစိုးရအဖွဲ့ကို သေချာစိစစ်ပေးဖို့ တင်ပြထားတယ်" ဟု ၎င်းက ပြောသည်။

ဒေသအသီးသီးတွင် မြေယာပြဿနာများ ဖြစ်ပေါ်နေရာ၂၀၁၆ ခုနှစ်တွင် အစိုးရက လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီကို ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌအဖြစ် တာ၀န်ယူထားသည်။ နေပြည်တော်၊ ပြည်နှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအုပ်စု ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားပြီး သိမ်းဆည်းမြေပြဿနာများ ဖြေရှင်းဆောင်ရွက်နေသည်။

ပဲခူးတိုင်းအဆင့်ကော်မတီတွင် သိမ်းဆည်းလယ်ယာမြေနှင့်ပတ်သက်ပြီး၂၀၁၈ တွင် ပဲခူးခရိုင်၌ အမှုတွဲ ၃၂၂ တွဲ ရှိခဲ့ပြီး စုစုပေါင်းအမှုတွဲ ၇၀၆ မှု ရှိခဲ့သည်။ 

စီစစ်နေဆဲအမှုများနှင့် ပတ်သက်ပြီး လတ်တလောတွင် စာရင်းအတိအကျ မရရှိနိုင်သေးကြောင်း ပဲခူးတိုင်းအစိုးရရုံးအဖွဲ့ ဒုညွှန်မှူး ဦးအောင်ဆွေက ပြောသည်။ 

ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီက ၂၀၁၆ မှ စတင်ပြီး လေးနှစ်ကျော်ကာလအတွင်း ၈၅၅ မှုတွင် ၅၁၀ ကျော် စီစစ်ဖြေရှင်းခဲ့ပြီး စီစစ်ဆဲ ၃၄၅ မှု ကျန်ရှိနေသေးကြောင်း တိုင်းအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က မြန်မာတောင်သူကြီးများဂျာနယ်သို့ ၂၀၂၀ စက်တင်ဘာအတွင်းက ဖြေကြားထားသည်။ 

MSP  သည် Myanmar Now၏ အချက်အလက်စစ်ဆေးသည့် သတင်းထောက်ဖြစ်သည်။
 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading