အမှုသုံးခုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မိုက်ကယ်ကျော်မြင့်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အထိမ်းအမှတ်ကျောက်တိုင်အပ်မည့် အခမ်းအနားကို ဦးဆောင်မည်ဟု သူ၏ပါတီက ပြောသည်
မြို့နယ် ၃မြို့နယ်တွင် တရားစွဲဆိုခံထားရပြီး ရဲတပ်ဖွဲ့က အလိုရှိနေသည့် "အမျိုးသားရေးသမား" ဆိုသူ မိုက်ကယ်ကျော်မြင့်သည် ဇန်နဝါရီ ၂၉ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာအနီး အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူပွဲ အခမ်းအနားကို ဆက်လက်ဦးဆောင်သွားမည်ဟု သူ၏ ပါတီက ပြောသည်။
"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မျိုးချစ်တပ်မတော်က တိုင်းပြည်ကို ကာကွယ်ပေးရန်" ဟု အမည်ပေးထားသော တပ်ထောက်ခံသည့် လှုပ်ရှားမှုကို ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်တွင် အမြန်လမ်း ရန်ကုန်တိုးဂိတ်မှ စတင်ရန်အတွက် အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်က ညွှန်ကြားထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မိုးမိုးခိုင်က ပြောသည်။

“ကာကွယ်ရေး ဦးစီးချုပ်လက်ထဲကို တိုက်ရိုက်အပ်မှာပါရှင်။ သက်ဆိုင်ရာက လာပြီးတော့ ဟိုဟာဖြစ်မှာပါ။ သူတို့လက်ထဲကို တိုက်ရိုက်အပ်မှာပါရှင်” ဟု ၎င်းက ပြောသည်။
“ကျွန်မတို့ ချိတ်ဆက်ပြီးသွားပြီ။ ဖိတ်စာလည်း ပေးထားပြီးသွားပါပြီရှင်” ဟု ၎င်းက ဆက်ပြောသည်။


၎င်းတို့ပြုလုပ်မည့် ပွဲသည် ဖေဖော်ဝါရီ ၁ ရက်နေ့ နေပြည်တော်တွင် စတင်ကျင်းပမည့် တတိယအကြိမ်လွှတ်တော်အစည်းအဝေးများကို အဟန့်အတားတစ်စုံတစ်ရာဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်မှုများရှိသည်။
ထိုကဲ့သို့အခြေအနေတွင် ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးက မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄- က ဖြင့် ယမန်နေ့တွင် တရားစွဲဆိုခဲ့သည်။


မိုက်ကယ်ကျော်မြင့်ကို ခွင့်ပြုချက်မဲ့တစ်ကိုယ်တော်ဆန္ဒပြမှုဖြင့် ကျောက်တံတားမြို့နယ်ရဲစခန်းကလည်း ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ဇန်နဝါရီ ၁၂ တွင် အမှုဖွင့်တရားစွဲဆိုထားသည်။ ၎င်း၏ပါတီဦးဆောင်၍ ဒီဇင်ဘာ ၂၈ တွင် ဆန္ဒပြမှုတစ်ခု စီစဉ်ပြုလုပ်ခဲ့ပြီး ယင်းဆန္ဒပြပွဲတွင်တပ်မတော်ကို ထောက်ခံပြီး၊ ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း ကန့်ကွက်ခဲ့ကြသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရဲစခန်းကလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလဖြစ်သည့် အောက်တိုဘာလတွင် မိုက်ကယ်ကျော်မြင့်ကို အစိုးရကို အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်တရားစွဲဆိုထားသဖြင့် ဖမ်းဝရမ်းထုတ်ထားသည်။
၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ဩဂုတ်လက ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေး ပါတီ ၃၄ ပါတီ တို့ တွေ့ဆုံရာတွင် မိုက်ကယ်ကျော်မြင့်လည်း ပါဝင်ခဲ့ပြီး တပ်ချုပ် မင်းအောင်လှိုင်နှင့် မိုက်ကယ်ကျော်မြင့်တို့ တွဲရိုက်ထားသည့် ဓာတ်ပုံမှာ အင်တာနက် စာမျက်နှာများတွင် ထွက်ပေါ်လာပြီးနောက် ဝေဖန်မှုများစွာ ရှိခဲ့သည်။
မိုက်ကယ်ကျော်မြင့်မှာ ၂၀၁၉ ခုနှစ်အတွင်းက တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြ ဆူပူမှုကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင် ၁ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။
ဇန်နဝါရီ ၂၉ ရက်နေ့ တပ်ချုပ်ကို ဂုဏ်ပြုသည့် နေပြည်တော်အခမ်းအနားကျင်းပမည့် နေ့ရက်မတိုင်မီ မိုက်ကယ်ကျော်မြင့်ကို မဖမ်းဆီးနိုင်ပါက တည်ဆဲအစိုးရတွင် အာဏာမရှိသည့်အချက်မှာ ပေါ်လွင်နေမည်ဖြစ်သည်ဟု ရန်ကုန်မြို့အခြေစိုက် နာမည်ကျော်ရှေ့နေတစ်ဦးဖြစ်သည့် ဦးကြီးမြင့်က သုံးသပ်သည်။
“ဒါက တပ်မတော်နဲ့ အစိုးရကို အကြီးအကျယ် ရန်တိုက်ပေးတဲ့ ပွဲပေါ့ဗျာ။ အစိုးရက အဲ့လောက်ကြီးတော့ သည်းခံမယ် မထင်ဘူး” ဟု ၎င်းက ပြောသည်။
နေပြည်တော်တွင် ကျင်းပမည့် တပ်ထောက်ခံသည့်အခမ်းအနား ပြီးဆုံးသွားပါက မိုက်ကယ်ကျော်မြင့်မှာ ၎င်းကို တရားစွဲဆိုထားသည့် အမှုများကို ဥပဒေကြောင်းအရ သွားရောက်ရင်ဆိုင်သွားမည်ဖြစ်သည်ဟု ပါတီ၏ အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သူ ဒေါ်မိုးမိုးခိုင်က ဆိုသည်။
“ကျွန်မတို့ ဒီမှာ အရေးကြီးတဲ့ တိုင်းကျိုးပြည်ပြုပွဲ ၂၉ ရက်နေ့ ပွဲပြီးသွားတာနဲ့ ဒီအမှုတွေကို ရင်ဆိုင်သွားမှာပါ။ သူတို့ စွဲထားတဲ့ဟာတွေကလည်း ဥပဒေအတိုင်း သက်ဆိုင်ရာ စခန်းတွေမှာ သွားပြီးတော့ ဖြေရှင်းသွားမှာပါ” ဟု ၎င်းကဆိုသည်။
ဒေါ်မိုးမိုးခိုင်မှာ ၂၀၂၀ ဒီဇင်ဘာလက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် “မျိုးချစ်တပ်မတော်ကို ထောက်ခံကြောင်း” ဆန္ဒပြပွဲကို ခွင့်ပြုလူဦးရေထက် ပိုမိုပြီး ကျင်းပမှုဖြင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ နှင့် ကျောက်တံတားမြို့နယ်ရဲစခန်းတွင် အမှုဖွင့် အရေးယူခံထားရသူလည်း ဖြစ်သည်။
တပ်မတော်မှာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် တစ်ခုတည်းသော အဖွဲ့အစည်းဟု ခံယူထားသည့်အတွက် ထိုအထိမ်းအမှတ်ကျောက်တိုင်ကို တပ်မတော်လက်ထဲသို့ ပေးအပ်ရခြင်းဖြစ်ပြီး လမ်းခရီးတွင် ရဲတပ်ဖွဲ့၏ အကြမ်းဖက်ဖမ်းဆီးမှုနှင့် ရင်ဆိုင်ရမည်ကိုလည်း စိတ်လှုပ်ရှားရကြောင်း ဒေါ်မိုးမိုးခိုင်က ဆိုသည်။
ဒေါ်မိုးမိုးခိုင်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









