အနိုင်ရ NLD ပါတီဝင် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများကို စတင်ကြားနာမည်ဖြစ်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အနိုင်ရ NLD ကိုယ်စားလှယ်နှင့် ဒုတိယရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များအကြား မဲကွာဟချက်မှာ အနည်းဆုံး ၂၄,၀၀၀ မှ အများဆုံး ၂၅၀,၀၀၀ ကျော် အထိရှိသည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကြားနာမည်ဖြစ်ကြောင်း ယနေ့ (ဇန်နဝါရီ ၂၀) ကြေညာလိုက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားသည့် ကန့်ကွက်လွှာများကို ဗွေဆော်ဦး စတင်ကြားနာမည်ဖြစ်သည်။
နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံး၌ ခုံရုံးအဖွဲ့ ၁ နှင့် ၂ ခွဲ၍ စတင်ကြားနာမည့်အမှုပေါင်း ၂၂ ခုရှိပြီး အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် ကိုယ်စားလှယ်များကို ပြည်ခိုင်ဖြိုးပါတီဝင်ကိုယ်စားလှယ် ၁၅ ဦးနှင့် မဲဆန္ဒရှင် ၇ ဦးတို့က ကန့်ကွက်လွှာ တင်သွင်းထားသည့် အမှုများဖြစ်သည်။

အမျိုးသားလွှတ်တော်နေရာတွင် NLD က အနိုင်ရထားသည့် မန္တလေးတိုင်း အမှတ် (၁)၊ (၇)၊ (၁၀)၊ (၁၂) ပဲခူးတိုင်း အမှတ် (၁၂) မဲဆန္ဒနယ်မြေများ၌ ပြိုင်ဘက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းငါးဦးနှင့် အဆိုပါ မဲဆန္ဒနယ်မြေများ၌ မဲပေးခဲ့သူဟု ဖော်ပြထားသည့် မဲဆန္ဒရှင်လေးဦးတို့က တင်သွင်းထားသည့် ကန့်ကွက်လွှာများမှာ ခုံရုံးအဖွဲ့ ပထမဆုံးကြားနာမည့်စာရင်းတွင် ပါဝင်သည်။
ထို့အတူ ပဲခူးတိုင်း၊ နတ်တလင်း၊ မိုးညို၊ ပြည်၊ ဝေါ၊ အုတ်တွင်း၊ ကျောက်ကြီး၊ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရ NLD ကိုယ်စားလှယ်များကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ခြောက်ဦးနှင့် သက်ဆိုင်ရာနေရာများတွင် မဲပေးခဲ့သူဟု ကန့်ကွက်လွှာတွင် ဖော်ပြထားသည့် မဲဆန္ဒရှင်သုံးဦးတို့က တင်သွင်းခဲ့သည့် ကန့်ကွက်လွှာများကိုလည်း ဖေဖော်ဝါရီ ၁ တွင် ကြားနာမည်ဖြစ်သည်။


ပဲခူးတိုင်းလွှတ်တော် သဲကုန်းမြို့နယ်အမှတ် (၂)၊ ရွှေတောင်မြို့နယ်အမှတ် (၂)၊ ပြည်မြို့နယ်အမှတ် (၂) နေရာများတွင် အနိုင်ရခဲ့သည့် NLD အမတ်သုံးဦးကိုလည်း ပြိုင်ဘက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ဟုဆိုသူတစ်ဦးက ကန့်ကွက်ထားပြီး ယင်းနေ့တွင်ပင် UEC ရှိခုံရုံး၌ စတင်စစ်ဆေးရန်ရှိသည်။
ရွေးကောက်ပွဲတွင် မတရားပြုကျင့်မှုများရှိကြောင်း သက်သေအထောက်အထားများဖြင့် တိုင်တန်းထားကြပြီး ကန့်ကွက်ခံရသူ၏ အနိုင်ရလဒ်ကို ပယ်ဖျက်၍ သက်ဆိုင်ရာမဲဆန္ဒနယ်တွင် ဒုတိယမဲအများဆုံးရခဲ့သည့် ၎င်းတို့ကိုအနိုင်ပေးရန် ခုံရုံးသို့ တင်ပြလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာစာများတွင် တွေ့ရသည်။


ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများတွင် မဲဆန္ဒရှင်ဟု ဖော်ပြထားသူများကမူ ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိဘဲ အနိုင်ရ NLD ကိုယ်စားလှယ်သည် သက်ဆိုင်ရာဥပဒေများကို ချိုးဖောက်ခဲ့သဖြင့် ကန့်ကွက်လွှာတင်သွင်းခြင်းဖြစ်ကြောင်း ၎င်းတို့၏ ကန့်ကွက်လွှာများတွင် အကြောင်းပြထားသည်ကို တွေ့ရသည်။
Myanmar Now ၏ အချက်အလက်တိုက်ဆိုင်စစ်ဆေးမှုအရ ကန့်ကွက်ခံရသည့် အနိုင်ရ NLD ကိုယ်စား လှယ် ၁၅ ဦးနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ဒုတိယမဲအများဆုံးဖြစ်သည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများကြား မဲကွာဟချက်မှာ အနည်းဆုံး ၂၄,၀၀၀ မှ အများဆုံး ၂၅၀,၀၀၀ ကျော် အထိရှိသည်။
ထိုသို့ ကနဦးစတင်ကြားနာမည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးတာဝန်ရှိသူများထံမှ သဘောထားမှတ်ချက်တောင်းခံနိုင်ခြင်း မရှိသေးပေ။
ပြည်ထောင်စုရွေးကောက်ပွဲရုံးတွင် ဒီဇင်ဘာလအတွင်းက ကန့်ကွက်လွှာလာရောက်တင်သွင်းစဉ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကမူ ကန့်ကွက်လွှာပေါင်း ၂၀၀ နီးပါး တင်သွင်းထားပြီး အားလုံးမှာ NLD နှင့်သာ အကျုံးဝင်သည်ဟု ပြောကြားခဲ့သည်။
ထိုစဉ်က “အနိုင်အရှုံးဆိုတာ ခုံရုံးပေါ်မှာ တင်ပြနိုင်တဲ့ အထောက်အထားပေါ် မူတည်တယ်။ သက်သေပြရန် တာဝန်ကျေပွန်မယ့်ဘက်ကတော့ အမှုနိုင်ဖို့ရှိတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သူ ဒေါ်ယဉ်မင်းမြင့်ဆွေက Myanmar Now ကို မှတ်ချက်ပြုထားဖူးသည်။
ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် ဗွေဆော်ဦးဖြေရှင်းရမည့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်ကမူ တင်သွင်းထားသည့် ကန့်ကွက်လွှာအမှုများအတွက် ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်ထားပြီးဖြစ်သည်ဟု ပြောသည်။
“အနိုင်ရဖို့ရာအတွက် မလျော်သောနည်းလမ်းနဲ့ သုံးဖို့ဆိုတာ NLD မှာ နဂိုကတည်းက မရှိဘူး။ ဒါကြောင့်မို့ အထူးမစိုးရိမ်ဘူး။ နိုင်နိုင်နင်းနင်း ပြန်လည်ချေပနိုင်မယ်လို့ ယုံကြည်တယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က Myanmar Now ကို ပြောသည်။
မဲဆန္ဒရှင်များအဖြစ် ကန့်ကွက်လွှာတင်သွင်းမှုများနှင့်ပတ်သက်၍မူ အမှုရင်ဆိုင်ချိန်ရောက်မှ မည်သည့်အစုအဖွဲ့မှ ပုဂ္ဂိုလ်များဖြစ်ကြောင်း သိနိုင်မည်ဖြစ်သဖြင့် လတ်တလောတွင် မှတ်ချက်တစ်စုံတစ်ရာ ပေးလိုခြင်းမရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်လွှာပေါင်း ၂၈၇ မှု လက်ခံရရှိရာတွင် အနိုင်ရ NLD ကိုယ်စားလှယ်များကို ကန့်ကွက်သောအမှု ၂၆၅ မှု (စုစုပေါင်း၏ ၉၀ရာခိုင်နှုန်းခန့်) ရှိကြောင်း၊ လိုက်ပါဆောင်ရွက်မည့်ရှေ့နေများကို စုဖွဲ့ထားပြီးဖြစ်ကြောင်း ဦးအောင်ကြည်ညွန့်က ပြောသော်လည်း အသေးစိတ်အစီအစဉ်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁,၁၁၇ နေရာရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေရာ ၉၂၀၊ ပြည်ခိုင်ဖြိုးပါတီက ၇၁ နေရာ အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲတွင် မဲစာရင်းကွဲလွဲမှု၊ မဲမသမာမှုများ ရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်တို့က အဆက်မပြတ် ဝေဖန်ပြောဆိုလျက်ရှိသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












