သတင်း

တပ်ကို ဆက်ဝေဖန်မည်ဟု မြဝတီကျောင်းဆရာတော် မိန့်ကြား

တပ်မတော်ကို ဝေဖန်နေရခြင်းမှာ ပြည်သူများ ဒုက္ခရောက်မည်စိုးသောကြောင့်ဖြစ်ကြောင်း မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသက ယမန်နေ့ (ဇန်နဝါရီ ၁၉) ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှ အထွက်တွင် မိန့်ကြားခဲ့သည်။ 

“သူတို့ရဲ့ဒဏ်တွေကို ပြည်သူက ခံနေရတာ။ သူတို့ မပြောင်းလဲသမျှ တိုင်းပြည်က ဒုက္ခရောက်မယ်။ ဒါကြောင့် ဝေဖန်နေရတာ” ဟု မြဝတီမင်းကြီးဆရာတော်က မိန့်ကြားသည်။ 

တပ်ကို ဝေဖန်ပြီးနောက်ပိုင်း အမှုရင်ဆိုင်နေရသော်လည်း ဗုဒ္ဓဟောကြားထားသည့် ဆုံးမရမည့်လမ်းစဉ်အတိုင်း တာဝန်ရှိ၍ ဆက်လက်ဝေဖန်သွားမည်ဟု ဆရာတော်က မိန့်သည်။ 

ဆရာတော်၏ မိန့်ကြားချက်နှင့် ပတ်သက်ပြီး တရားလို၊ တပ်မတော်ပြောခွင့်ရအရာရှိတစ်ဦးတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

မဘသကို အမည်ပြောင်းထားသည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို တပ်မတော်က ကျပ်သိန်း ၃၀၀ လှူဒါန်းမှုအပါအဝင် တပ်ကို ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်ပြီး ဆရာတော်ကို အရေးယူပေးရန် ၂၀၁၉၊ စက်တင်ဘာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးသော်တာထွေးက တရားရုံး၌ ဦးတိုက်တရားစွဲဆိုခဲ့သည်။

ဆရာတော်သည် ခေတ်သစ်မီဒီယာနှင့် အင်တာဗျူးတွင် မိန့်ကြားချက်များမှာ တပ်မတော်ကို သိက္ခာကျစေသည်ဟု တရားရုံးတိုင်စာ၌ တရားလို ဒုဗိုလ်မှူးကြီးသော်တာထွေးက ရေးသားဖော်ပြထားသည်။

“ဒီအဖွဲ့အစည်းက ဒီမိုကရေစီလမ်းကြောင်းကို ဖျက်ဆီးနေတယ်။ စစ်အုပ်စုက ငွေကြေးထောက်ပံ့မှုတွေ အများကြီးရရှိနေသည့် ဝိနည်းတော်နှင့်မညီတဲ့ အဖွဲ့အစည်းလို့ ပြောချင်ပါတယ်ဟူ၍လည်းကောင်း၊ “အရင်ကတည်းက စစ်တပ်က လက်နက်တစ်ခုတည်းနဲ့ အနိုင်ကျင့်ပြီး တိုင်းပြည်ကို လုပ်ချင်သလိုလုပ်လာတဲ့ စစ်တပ်ပဲ။ အခုလည်းပဲ နောင်လည်းပဲ လွှတ်တော်ထဲမှာ ပြည်သူ့ဆန္ဒကို နင်းချေပြီးတော့ ဝင်ထိုင်နေတဲ့ စစ်တပ်၊ ပြောရရင်တော့ သူခိုး၊ ဓားပြပဲ” ဟူ၍လည်းကောင်း ပြောဆိုထားမှုများသည် တပ်မတော်ကို သိက္ခာကျစေ၍ တိုင်တန်းရခြင်းဖြစ်သည်” ဟု ရေးသားထားသည်။

ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ်နှစ်အထိ အများဆုံးချမှတ်နိုင်သည့် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသည့် ဤအမှုကို မန္တလေးမြို့ ပြည်ကြီးတံခွန်တရားရုံးတွင် အကြိမ် ၃၀ မြောက် စစ်ဆေးခဲ့ပြီးဖြစ်သည်။

ယမန်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေဖြစ်သူ ယခင်ပြည်ကြီးတံခွန်မြို့နယ်စခန်းမှူး ရဲမှူး ကျော်ကျော်လွင်ကို တရားရုံးက စစ်ဆေးခဲ့သည်။

အမှုဖြစ်စေသည့် အင်တာဗျူးနှင့် ပတ်သက်ပြီး ရဲအရာရှိက ထွက်ဆိုသည်ဟု ဆရာတော်၏ ရှေ့နေတစ်ဦးဖြစ်သူ ဦးထင်အောင်က ပြောသည်။

“သူက ဆရာတော်ရဲ့အမှုဖြစ်စေတဲ့ အင်တာဗျူးအကြောင်းခြင်းရာတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်သိသူ မဟုတ်ဘူးပေါ့။ ဒါတွေကို ထွက်ဆိုသွားပါတယ်”ဟု  ရှေ့နေ ဦးထင်အောင်က ပြောသည်။

ဆရာတော်၏ ယခင်ရုံးချိန်းများတွင် ရှေ့နေ ဦးသိန်းသန်းဦးက လိုက်ပါဆောင်ရွက်ပေးခဲ့သည်။ 

အမှုကို လာမည့် ဖေဖော်ဝါရီ ၉ သို့ ထပ်မံချိန်းဆိုလိုက်ပြီး ယင်းရုံးချိန်းတွင် ခေတ်သစ်မီဒီယာမှ ကိုသာလွန်ဇောင်းထက်နှင့် မနန်းအိသူတို့ကို သက်သေအဖြစ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ်တရားသူကြီး ဒေါ်ကြည်ပြာဆင့်က ပြောသည်။ 

တပ်မတော်ဂုဏ်သိက္ခာထိခိုက်အောင် Facebook ပေါ်တွင် ရေးသားသည်ဟုဆိုကာ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာဝိဇိတာရာမတိုက်​ မလိခဝါဆိုကျောင်းဆရာတော် ဦးစိန္တိတကိုလည်း တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နှင့် တရားစွဲဆိုထား၍ အမှုရင်ဆိုင်နေရသည်။

မန္တလေးမြို့မှ ဆရာတော်တစ်ပါးဖြစ်သည် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကိုလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်မှ တပ်မတော်အရာရှိတစ်ဦးက ထိုပုဒ်မနှင့် စွဲဆိုထား၍ အမှုရင်ဆိုင်နေရသည်။

တပ်မှ တရားစွဲခံထားရသည့် မန္တလေးမှ ဦးစိန္တိတနှင့် ဦးသောဘိတတို့မှာ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ပါဝင်ခဲ့သည့် ဆရာတော်များလည်း ဖြစ်သည်။

Show More

Related Articles

Back to top button