ရန်ကုန်မြို့လယ်ရှိ မီးရထားရုံးချုပ်အဆောက်အအုံဟောင်း ပြုပြင်ခြင်းအပါအဝင် အဆင့်မြင့်အဆောက်အဦများ ထည့်သွင်းတည်ဆောက်မည့် အဆိုပါစီမံကိန်းကို ရိုးမနှင့် FMI တို့က ရှယ်ရာ ၆၀ ရာခိုင်နှုန်း၊ မစ်ဆူဘီရှီကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ IFC နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ၅ ရာခိုင်နှုန်းစီ ပါဝင်ရင်းနှီးမြှုပ်နှံထားသည်
သတ်မှတ်လုပ်ခလစာ အပြည့်အဝ မရှင်းပေးသဖြင့် ရိုးမကုမ္ပဏီ (Yoma Strategic Holding) က အကောင်အထည်ဖော်လျက်ရှိသည့် ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်မြေနေရာ ဆောက်လုပ်ရေးစီမံကိန်းမှ ရာနှင့်ချီသော အလုပ်သမားများက ယနေ့(ဇန်နဝါရီ ၁၉) တွင်လမ်းပိတ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။
နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ၏ ရိုးမကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားသည့် ယင်းစီမံကိန်းကို BYMA ဆောက်လုပ်ရေးကုမ္ပဏီက အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ပြီး စုစုပေါင်း ဆောက်လုပ်ရေးလုပ်သား ၄,၀၀၀ ကျော်အတွက် ယခင်က နှစ်ပတ်စာ (၁၄ ရက်) လုပ်ခငွေကြေးကို ပုံမှန်ပေးချေသော်လည်း ယခုလတွင် ၅ ရက်စာ လုပ်ခငွေကိုသာ ပေးချေခဲ့ခြင်းကြောင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

“လူတိုင်းမှာ အခက်အခဲရှိတယ်။ မိသားစုရှိတယ်။ အခုဒီလပိုင်းမှာ ဆိုးလာတယ်။ ၁၂ လပိုင်း၊ ၁ လပိုင်းမှာ ဆိုးလာတယ်။ မရှင်းပေးတာ များလာတယ်။ အလုပ်ကလည်း ပြီးခံနေပြီ (ပြီးခါနီး)။ လူတွေက လျှော့တယ်။ သူတို့က နစ်နာကြေးမပေးချင်တော့ လုပ်ချင်သလိုလုပ်တယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ဆောက်လုပ်ရေးလုပ်သား ကိုအောင်ကိုက Myanmar Now ကို ပြောသည်။
ဆောက်လုပ်ရေးလုပ်သားများသည် ကျွမ်းကျင်မှုအလိုက် တစ်ရက်လျှင် ၈,၀၀၀ ကျပ်မှ ၁၀,၀၀၀ အထိ ရရှိပြီး နှစ်ပတ်ပုံမှန်အလုပ်ဆင်းထားသော်လည်း ၅ ရက်စာသာ လုပ်ခပေးချေသဖြင့် အိမ်းငှားခအပါအဝင် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲရှိကြောင်း အလုပ်သမားများက ဆိုသည်။
“နှစ်ပတ်စာကို တစ်ပတ်စာပဲ ပေးလိုက်တော့ ပိုက်ဆံမလောက်မငှတွေဖြစ်တယ်။ လမ်းစရိတ်မရှိတဲ့ အခါကျတော့ သူများဆီကနေ အတိုးနဲ့ ချေးငှားပြီးသုံးရတယ်။ ဒါမျိုးတွေ ဖြစ်တဲ့အခါကြတော့ ကျွန်တော်တို့ အလုပ်သမားတွေ အများကြီးအခက်အခဲရှိတယ်” ဟု ပန်းရံလုပ်သား ကိုရဲထွဋ်က ပြောသည်။
ထို့အပြင် လုပ်သက် ၆ လမှ တစ်နှစ်အထိရှိသည့် ဆောက်လုပ်ရေးလုပ်သားများသည် လူမှုဖူလုံရေးကြေးများ ပုံမှန်ပေးသွင်းနေရသော်လည်း လူမှုဖူလုံရေးကတ်မရရှိသေးသည့်အပြင် ကိုဗစ်နိုင်တင်းကာလ ပေးအပ်သည့် လူမှုဖူလုံရေးကြေးခံစားခွင့်များလည်းမရကြောင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်စာတမ်းများမရှိကြောင်းလည်း အလုပ်သမားများက ပြောသည်။


တစ်ပတ်စာသာ လုပ်ခပေးချေခြင်း၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်မရခြင်းကြောင့် အလုပ်သမားများသည် စီမံကိန်းဧရိယာအဝင်ဝတွင် ဆန္ဒထုတ်ဖော်တောင်ဆိုခဲ့ကြပြီး အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က လာရောက်ဖြေရှင်းခဲ့သည်။
အလုပ်သမားများ၏ လူမှုဖူလုံရေးကြေးနှင့်ပတ်သက်၍ အစိုးရဘက်က ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်နေခြင်းကြောင့် ရသင့်ရထိုက်သူများကို တစ်ပတ်အတွင်းအကြောင်းကြားမည်ဖြစ်ပြီး လုပ်ခပေးချေမှုနှင့် ပတ်သက်၍ လာမည့်အပတ်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ဖြေရှင်းထားသည်။
“(လူမှုဖူလုံရေးကြေး)အစိုးရက အတည်ပြုပြီးသားဖြစ်တယ်။ ဆောင်ထားတယ်။ ကျွန်တော်တို့ တင်ပေးထားတယ်။ လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်းရမယ်ဆိုတာလည်း အစိုးရဘက် အသိအမှတ်ပြုပြီးသားဖြစ်တယ်” ဟု စီမံကိန်းတာဝန်ရှိသူတစ်ဦးက ဆန္ဒထုတ်ဖော်ရာသို့ လာရောက် ရှင်းလင်းခဲ့သည်ကို တွေ့ရသည်။
ကိုဗစ်နိုင်တင်း စတင်ဖြစ်ပွားသည့် ပြီးခဲ့သည့် ၂၀၂၀ ဧပြီကလည်း အလုပ်သမားများ ရောဂါပိုးမကူးစက်ရန် ဧပြီလကို လစာပေး၍ အလုပ်ပိတ်ပေးရန် အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများက တောင်းဆို ဆန္ဒပြခဲ့ဖူးသည်။
ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင်တည်ရှိသည့် အဆိုစီမံကိန်းကို အဆောက်အဦ လေးခုနှင့် မီးရထားရုံးချုပ်အဆောင်အအုံဟောင်းတို့ပါဝင်ပြီး လူနေအိမ်ခန်း၊ အဆင့်မြင့်ရုံးခန်းများ၊ စီးပွားရေးလုပ်ငန်းသုံး ဟိုတယ်နှင့် လက်လီအရောင်းဆိုင်ခန်းများထည့်သွင်းတည်ဆောက်မည် ဖြစ်သည်။
အဆိုပါစီမံကိန်းကို ရိုးမနှင့် FMI တို့က ရှယ်ရာ ၆၀ ရာခိုင်နှုန်း၊ မစ်ဆူဘီရှီကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ဘဏ်၏ အဖွဲ့အစည်းတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)နှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)တို့က ရှယ်ရာ ၅ ရာခိုင်နှုန်းစီ ထည့်ဝင် ရင်းနှီးမြှုပ်နှံထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














