တပ်မတော်ကိုထောက်ခံကြောင်း ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးဦးဆောင်ကာ ဆန္ဒထုတ်ဖော် 

အင်းစိန်မြို့နယ်တွင် ခွင့်ပြုချက်မဲ့ဆန္ဒထုတ်ဖော်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအပါအဝင် ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခဲ့သော်လည်း ကမာရွတ်မြို့နယ်တွင် တိတ်တဆိတ်ပြုလုပ်ခဲ့သည့် အလားတူဆန္ဒထုတ်ဖော်မှုကိုမူ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်သည် 

Published on Jan 19, 2021
အင်းစိန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးဆောင်သည့် ဆန္ဒထုတ်ဖော်မှုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးပြီးနောက် လူစုကွဲသွားစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 
အင်းစိန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးဆောင်သည့် ဆန္ဒထုတ်ဖော်မှုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးပြီးနောက် လူစုကွဲသွားစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

ရန်ကုန် အင်းစိန်မြို့နယ်တွင် တပ်မတော်ကို ထောက်ခံကြောင်း ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်ခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးနှင့် ဝန်းရံသူ နှစ်ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ(ငြိမ်းစုစီ)ဖြင့် ရဲတပ်ဖွဲ့က အရေးယူလိုက်သည်။

အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်မှ ပြည်ခိုင်ဖြိုးပါတီ ဒုတိယစည်းရုံးရေးမှူး ဦးသိန်းဦးက ဦးဆောင်၍ လူ ၁၅ ဦးခန့်သည် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများနှင့်ပတ်သက်၍ တပ်မတော်၏ သတင်းထုတ်ပြန်မှုကို ကြိုဆိုသည်ဟုဆိုကာ ယနေ့ (ဇန်နဝါရီ ၁၉) နံနက်ပိုင်းက အင်းစိန်မြို့နယ်ရှိ စက်မှုလက်မှုသိပ္ပံကျောင်း (GTI) ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းစုစီဥပဒေအရ ဆန္ဒထုတ်ဖော်ရန် ရဲတပ်ဖွဲ့သို့ ၄၈ နာရီ ကြိုတင်အကြောင်းကြားရမည်ဖြစ်သော်လည်း ပြည်ခိုင်ဖြိုးပါတီဝင် ဦးသိန်းဦး ဦးဆောင်သည့် ဆန္ဒပြသူများသည် ကြိုတင်အကြောင်းမကြားဘဲ ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု အင်းစိန်မြို့နယ် စခန်းမှူး ဒုတိယရဲမှူးတင်လတ်က ပြောသည်။

“သူတို့တွေက တစ်ယောက်က ပြည်ခိုင်ဖြိုး ရပ်ကျေးအဆင့်။ ကျန်တဲ့နှစ်ယောက်က ပါတီလိုလားသူတွေပေါ့။ ပါတီဝင်လည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ စစ်ဆေးနေတုန်းပါပဲ။ ပြည်ခိုင်ဖြိုးက ဦးဆောင်လုပ်တာ။ ပြည်ခိုင်ဖြိုးကားနဲ့ပဲ ပါလာကြတာ” ဟု စစ်ဆေးတွေ့ရှိမှုအပေါ် ၎င်းက ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီမှ အင်းစိန် ကြို့ကုန်းအနောက်ရပ်ကွက် ဒုတိယစည်းရုံးရေးမှူး ဦးသိန်းဦးနှင့် ဝန်းရံသူနှစ်ဦးဖြစ်သော ဇော်မင်းနိုင်နှင့် ဝေလင်းထက်တို့အား ငြိမ်းစုစည်ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်၍ စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးသိန်းဦး ဦးဆောင်သော အဖွဲ့သည် အင်းစိန် GTI ကျောင်းရှေ့တွင် “တပ်မတော်၏သတင်းထုတ်မှုကိုကြိုဆိုပါသည်”၊ “ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ် နိုင်ငံတော်ကို ကယ်တင်ပေးပါ”၊ “ဒီမိုကရေစီတည်တံ့ရေး ပြည်သူ့ဆန္ဒကိုဦးစားပေးပါ”၊ “ပြည်သူ့တို့၏ ခံစားချက်ကို အလေးထားပါ”၊ “ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေပါသည်” ဆိုသော ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ယနေ့ဆန္ဒပြသူများအနက် ဦးသိန်းဦးတစ်ယောက်သာ ပါတီဝင်ဖြစ်ပြီး တခြားသူများမှာ ဆန္ဒအလျောက် ပါဝင်ကြခြင်းဖြစ်သည်ဟု အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖြစ်သူ ဦးဇော်နိုင်ဦးက Myanmar Now ကို ပြောသည်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့စိတ်ထဲမှာ ရှိတဲ့ဟာတွေကို ဆန္ဒဖော်ထုတ်တယ်လို့ပဲ မြင်ပါတယ်။ ကျွန်တော်တို့ ဦးဆောင်တာ မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ ဆန္ဒဖော်ထုတ်တာပါ။ ကျွန်တော်တို့မြို့နယ်က ဦးဆောင်တာ မဟုတ်ပါဘူး” ဟုလည်း ဦးဇော်နိုင်ဦးက ပြောသည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အပြတ်အသတ် အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်း ကွဲလွဲမှုနှင့် မသမာမှုများ ရှိနေသည်ဟု ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားနေသည့်နည်းတူ တပ်မတော်ကလည်း မဲစာရင်းတိုက်ဆိုင် စစ်ဆေးချက်များကို ဆက်တိုက်ထုတ်ပြန်လျက်ရှိသည်။ 

အင်းစိန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးက ဦးဆောင်ကာ ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်သဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့သော်လည်း ကမာရွတ်မြို့နယ်တွင် ရဲတပ်ဖွဲ့ပင် မသိလိုက်သော ဆန္ဒထုတ်ဖော်ပွဲတစ်ခု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။ 

“ဘယ်လိုတွေ တိုင်ပင်ကိုက်ပြီးလုပ်သွားလဲ မသိလိုက်ဘူး။ သူတို့လာတဲ့ လမ်းကြောင်းတွေကို ပြန်လိုက်နေပါတယ်။ လိုင်းပေါ်မှာ တွေ့တာကတော့ လုပ်နေတဲ့ပုံတွေပဲ တွေ့လိုက်တယ်။ အဲဒီနေရာကို ကျွန်တော်တို့က နာရီ ၁၅ (၃ နာရီ) လောက် ရောက်သွားတယ်။ သူတို့က ၁ နာရီ ၁၃ မိနစ်လောက်မှာ ပြီးသွားပြီ" ဟု ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်အောင်က Myanmar Now ကို ပြောသည်။ 

ကမာရွတ်မြို့နယ်တွင် တိတ်တဆိတ်ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် လူဦးရေ ၂၀ ခန့် ပါဝင်ခဲ့ပြီး အင်းစိန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲနည်းတူ တရားမမျှတသော ရွေးကောက်ပွဲရလဒ်အလိုမရှိကြောင်းနှင့် တရားသူကြီးချုပ်က နိုင်ငံတော်ကို ကယ်တင်ပေးရန် ကြွေးကြော်ခဲ့ကြသည်။  

“အမှတ် ၂ ရပ်ကွက် မြကန်သာ (၂) လမ်းက လမ်းကြားထဲမှာ လုပ်သွားတာ။ သတင်းရလို့သွားတဲ့ အချိန်မှာ မရှိတော့ဘူး။ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်တဲ့ကိစ္စအပေါ်မှာ အရေးယူဖို့ စုံစမ်းနေပါတယ်။ ဘယ်သူတွေ လုပ်တာလဲဆိုတာ အခုတော့ မသိသေးဘူး။ စုံစမ်းနေတုန်းပါ” ဟု ရဲမှူးမျိုးမြင့်အောင်က ပြောသည်။ 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading