မဲစာရင်းထုတ်ပေးရန် ပြည်ခိုင်ဖြိုးက ထပ်မံတောင်းဆို

ပြည်ထောင်စုအဆင့် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်းများက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ၂၀၀ နီးပါးထံ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မဲစာရင်း ထုတ်ပေးရန် တောင်းဆိုသည့် အကြောင်းကြားစာကို ပေးပို့ခဲ့သည်

Published on Jan 19, 2021
၂၀၂၀ နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးနေစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)
၂၀၂၀ နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးနေစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

မဲစာရင်းရရှိရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၂၀၀ ခန့်က နိုင်ငံတစ်ဝန်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများထံ ဇန်နဝါရီလ ဒုတိယအပတ်အတွင်းက ဥပဒေကြောင်းအရ စာပို့တောင်းဆိုခဲ့သည်။​

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ၂၀၀ နီးပါးအတွက် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများထံ မဲစာရင်းထုတ်ပေးရန် အကြောင်းကြားစာကို ပေးပို့ခဲ့သည်ဟု နေသူရိန် ဥပဒေအကျိုးဆောင်လုပ်ငန်း ဥက္ကဋ္ဌ ဦးအောင်သူရိန်ထွန်းက Myanmar Now ကို ပြောသည်။​

ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၉ ခု တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများထံမှ ပေးပို့လာသော စာများကို လက်ခံရရှိခဲ့ကြောင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက Myanmar Now ကို ပြောသည်။​

စာများကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ထပ်ဆင့် တင်ပြပေးထားသော်လည်း တိုင်းအဆင့်သာမက ပြည်ထောင်စုအဆင့်ထိတိုင် မည်သူကမျှ မဲစာရင်း ထုတ်ပေးမည်မဟုတ်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။ 

“ကျွန်တော်တို့ကတော့ အထက်ကို ဆက်ပြီး တင်ပြတဲ့အဆင့်ပဲ ရှိတယ်။ ဘယ်သူကမှလည်း ပေးမှာတော့ မဟုတ်ဘူး” ဟု ဦးခင်မောင်ဝင်းက ပြောသည်။

မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းခရိုင်များအတွင်းရှိ  မြို့နယ်ကော်မရှင်ရုံးများထံသို့လည်း အကြောင်းကြားစာများ ရောက်ရှိထားကြောင်း သက်ဆိုင်ရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးများထံမှ သိရှိရသည်။ 

ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးသိန်း ကိုယ်စား ၎င်း၏ ဥပဒေအကျိုးဆောင်က မြို့နယ်ကော်မရှင်ရုံးသို့ ပေးပို့သောစာကို Myanmar Now က ဖတ်ရှုခဲ့ရပြီး  တောင်းဆိုသော မဲစာရင်းများကို အကြောင်းကြားစာနို့တစ် (Notice) လက်ခံရရှိသည့်နေ့မှ သုံးရက်အတွင်း  ပေးအပ်ရန်ဟု ပါရှိသည်။

ယင်းနောက် “လိုက်နာခြင်းမရှိပါက ဦးမျိုးသိန်း (ခ) ဦးမြသိန်း၏ ဆန္ဒနှင့်အညီ အမှန်တရားနှင့် တရားမျှတမှု ရရှိစေရေးအလို့ငှာ နိုင်ငံသားအခွင့်အရေးအရ တည်ဆဲ ဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားရလိမ့်မည် ဖြစ်ကြောင်း တစ်ပါတည်း သတိပေးလိုက်သည်” ဟု ရေးသားထားသည်။  

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပုဒ်မ ၁၅ (ခ) တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်သည် မဲစာရင်းမိတ္တူကူးယူခွင့်ပြုရန် လျှောက်ထားလာပါက လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်လျှင် မဲစာရင်းမိတ္တူတစ်စုံကို အခမဲ့ကူးယူခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

Myanmar Now က မေးမြန်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူ အချို့ကမူ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်ပြင်ဆင်ထုတ်ပြန်သော မဲစာရင်းမိတ္တူများကို ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုအရ  ရွေးကောက်ပွဲနေ့မတိုင်မီကတည်းက ပေးခဲ့ပြီးဖြစ်၍ ရွေးကောက်ပွဲလွန်ကာလ၌ ထပ်မံပေးအပ်ရန် ကော်မရှင်ဘက်တွင် တာဝန်မရှိကြောင်း ပြောကြသည်။ 

“နောက်ဆုံး ဖိုင်နယ် ရွေးကောက်ပွဲနေ့မှာ ပေးလိုက်တဲ့မဲစာရင်းကတော့ ရွေးကောက်ပွဲမဲရုံတွေမှာ ကိုယ်တို့က ပေးလိုက်တာပေါ့။ ဖိုင်နယ် (နောက်ဆုံးစာရင်း) ကိုတော့ အရင်တုန်းက တောင်းခဲ့တာလည်း မရှိဘူး၊ ပေးလို့လည်း မရဘူး” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ဆိုသည်။

နောက်ဆုံးမဲစာရင်းများသည် ပါတီအသီးသီး၏ မဲရုံကိုယ်စားလှယ်များ၊ မဲရုံမှူးများနှင့် တာဝန်ရှိသူများရှေ့တွင် ရေတွက်ပြီး မဲများနှင့် ရောကာ ရွေးကောက်ပွဲဆိုင်ရာ အခြားစာရွက်စာတမ်းများနှင့်အတူ  ချိပ်ပိတ်သိမ်းဆည်းထားရသည်ဟု ၎င်းက ရှင်းပြသည်။ 

“တာဝန်ရှိသူတွေရှေ့မှာ ရေတွက်ပြီးတဲ့ မဲတွေနဲ့ ရောပြီး ချိပ်ပိတ်ပြီး သိမ်းပြီးသားဖြစ်တဲ့အတွက် ခုံရုံးက အမိန့်ပေးတော့မှ အဖွဲ့ဝင်အားလုံးရှေ့မှာ ပြန်ဖွင့်ခွင့်ရှိတယ်” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲခုံရုံးက အမိန့်ပေးသည်ဆိုရာတွင်လည်း ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုနှင့် အခြားရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများအရ ယင်းစာရွက်စာတမ်းအချက်အလက်များကို ပြန်လည်ဖွင့်ဖောက်စိစစ်ရန် လိုအပ်သောအခါမှသာ အမိန့်ပေးညွှန်ကြားခြင်းမျိုးဖြစ်သည်ဟု ဦးနှစ်ဆန်းဦးက ရှင်းပြသည်။ 

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဆွေကလည်း  ရွေးကောက်ပွဲနေ့ မတိုင်ခင်မဲစာရင်းများကို စီဒီတွင် ထည့်သွင်းကာ ကိုယ်စားလှယ်လောင်းများကို အခမဲ့ ပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။  ပယ်မဲစာရင်း ပုံစံ ၁၇ အပါအဝင် ရွေးကောက်ပွဲကာလတစ်ရပ်လုံးတွင် သုံးခဲ့သည့် မဲစာရင်းပုံစံအားလုံးကို ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် တောင်းဆိုနေကြခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။​

“ပုံစံ ၁၉ (ရွေးကောက်ပွဲနေ့တွင် အသုံးပြုခဲ့သည့် အပြီးသတ် မဲစာရင်း) တွေကို ဓာတ်ပုံရိုက်ပါဆို ပြောပြီးသားပဲ။ အဲဒီ ၁၉ ထဲမှာ ပါပါတယ်ဗျာ။ သူတို့ ဒါကတော့ ဘာရည်ရွယ်ချက်နဲ့ တောင်းသလဲ သူတို့ သိမှာပေါ့။ မဲရုံထဲမှာ သူတို့ရဲ့ မဲရုံကိုယ်စားလှယ်တွေ ရှိနေတာပဲ။ အဲဒီအချိန်မှာလည်း သူတို့ ကန့်ကွက်တာတွေ လုပ်လို့ရတယ်။ ချက်ချင်းရှင်းလို့ရပါတယ်” ဟု ဦးသိန်းဆွေက ပြောသည်။

မဲစာရင်းများ ထုတ်ပေးရန် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများက ရှေ့နေမှတစ်ဆင့် မြို့နယ် ၂၀၀ နီးပါးတွင် တောင်းဆိုထားသော်လည်း မည်သည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကမျှ မဲစာရင်း ထုတ်မပေးခဲ့သဖြင့် နိုင်ငံသားအခွင့်အရေးအရ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာ ဥပဒေနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ စာချွန်တော်တင်သွင်းသွားမည်ဟု အကျိုးဆောင်ကုမ္ပဏီက ဆိုသည်။

“နို့တစ် (အကြောင်းကြားစာ) ပေါ်မှာ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိတဲ့အတွက် အခု ကျွန်တော်တို့ အာဏာပေးစာချွန်တော် ထုတ်ဆင့်ဖို့ အမှုတွေ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်” ဟု ဦးအောင်သူရိန်ထွန်းက ပြောသည်။

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတချို့ကလည်း  ၎င်းတို့၏ ရှေ့နေအသီးသီးဖြင့် တိုင်ပင် ဆောင်ရွက်နေသည်ဟု တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ရွေးကောက်ပွဲ၀င်ခဲ့သည့်  ပြည်ခိုင်ဖြိုးပါတီမှ  ဦးမျိုးဝင်းကျော်က ဆိုသည်။ 

မဲစာရင်းအပါအဝင် မဲရုံတွင်အသုံးပြုသော ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို အဆင့်ဆင့် ထုပ်ပိုး ချိပ်ပိတ်ကာ  မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများရှိ စတိုခန်းများတွင် ထိန်းသိမ်းထားရှိရသဖြင့် ရွေးကောက်ပွဲပြီးနောက် မဲစာရင်းများ မိတ္တူကူးယူခွင့်ပြုပါရန် လျှောက်ထားလာခြင်းနှင့် စပ်လျဉ်း၍ ခွင့်ပြုဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဇန်နဝါရီ ၁၄ ရက်စွဲဖြင့် ဦးမျိုးဝင်းကျော်ထံ ပြန်ကြားပေးပို့လာသည့် စာတွင် ရေးသားထားသည်။

“၂၀၁၈ တုန်းကလည်း မဲစာရင်းကူးဖို့လိုမျိုး တင်ခဲ့ဖူးတယ်။ ရွေးကောက်ပွဲပြိုင်ပြီးတော့ တင်လိုက်တော့ ထုတ်ပေးတယ်” ဟု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက်ပင် ယှဉ်ပြိုင်ခဲ့ဖူးသည့် ဦးမျိုးဝင်းကျော်က ပြောသည်။ 

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလတွင် တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဦးသိန်းပိုင်ကမူ ဦးမျိုးဝင်းကျော်၏ ပြောဆိုချက်မှာ မှန်ကန်မှုမရှိဟု ဆိုသည်။ 

ထိုစဉ်က နောက်ဆုံးပြင်ဆင်ပြုစုပြီးသည့် မဲစာရင်းမိတ္တူများကို ဦးမျိုးဝင်းကျော် အပါအဝင် အခြားပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲနေ့မတိုင်မီကတည်းက ပေးအပ်ခဲ့ကာ ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် မည်သူ့ကိုမျှ မဲစာရင်းထုတ်ပေးခဲ့ခြင်းမရှိဟု ဦးသိန်းပိုင်က Myanmar Now ကို ပြောသည်။

ဦးမျိုးဝင်းကျော်၏ ပြောဆိုချက်နှင့် ပတ်သက်၍ “ကျွန်တော်သာ အခုနေ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ရှိနေသေးတယ်ဆိုရင် ဂုဏ်သိက္ခာပိုင်းကို စော်ကားရာရောက်လို့ ပြန်တောင်တရားစွဲဆိုလိုက်မှာ၊ အမြဲတမ်းလည်း သည်းခံနေလို့ မရဘူး” ဟု ဦးသိန်းပိုင်က တုံ့ပြန်သည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကမူ ဥပဒေအကျိုးဆောင်လုပ်ငန်းငှားရမ်း၍ မဲစာရင်းတောင်းယူမှု လုပ်ငန်းစဉ်မှာ ၎င်းတို့ပါတီ၏ ဥပဒေရေးရာအထောက်အကူပြုကော်မတီက စီစဉ်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်းနှင့် အခြေအနေကို သေချာမသိရှိသေးသဖြင့် မှတ်ချက်မပေးလိုကြောင်း ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမြင့်နိုင်က မောင်စာဂ ကလောင်ဖြင့် ရေးသားထားသော “ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းသည့် အပြီးသတ်အဆုံးအဖြတ်များ” အမည်ရှိ ဇန်နဝါရီ ၁၅ ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတွင် “ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ရွေးကောက်ပွဲခုံအဖွဲ့တို့၏ ဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ မည်သည့်တရားရုံးတွင်မျှ စစ်ဆေးပိုင်ခွင့် မရှိကြောင်း” ရေးသားခဲ့သည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် New Myanmar Foundation ၏ ဒါရိုက်တာ ဒေါ်မြနန္ဒာသင်းကမူ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ဆက်စပ်သက်ဆိုင်သူ အားလုံးအတူတကွ ပါဝင်၍ ဖြေရှင်းခြင်း နည်းလမ်းကသာလျှင် အပြန်အလှန်ယုံကြည်မှုကို ဖြစ်စေနိုင်သည်ဟု သုံးသပ်သည်။

“အားလုံးဝိုင်းထိုင်ပြီး ဒါက ဘယ်လို ဖြစ်ခဲ့တာလဲ၊ တကယ့် ပြဿနာက ဘာတွေဖြစ်နေတာလဲဆိုတာကို သိအောင် ဝိုင်းဝန်းလုပ်ဆောင်ကြရမယ်။ ဒါမှ နောက်ရွေးကောက်ပွဲတွေမှာ ဘယ်လိုမျိုး ပြင်ဆင်သင့်တယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ ဖြေရှင်းနည်းကို ရမှာဖြစ်တယ်” ဟု ဒေါ်မြနန္ဒာသင်းက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲ ဖြစ်စဥ်ကို စောင့်ကြည့်လေ့လာနေသည့် ဖန်တီးအိမ်အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်ကမူ ယခုကဲ့သို့ မဲစာရင်းမိတ္တူပေးခြင်းနှင့် သက်ဆိုင်သည့် အငြင်းပွားမှုများသည် ရွေးကောက်ပွဲဥပဒေ အားနည်းချက် ဖြစ်သည်ဟု ဆိုသည်။

“ဥပဒေမှာတော့ သူက ရွေးကောက်ပွဲအလွန်တို့၊ ရွေးကောက်ပွဲမတိုင်ခင်တို့ဆိုတဲ့ အချိန်ကာလကို မထည့်ထားဘူး၊ ဥပဒေအားနည်းချက်ပေါ့။ အခုလို ပြဿနာတွေ ဖြစ်လာတဲ့အခါကျ အငြင်းပွားစရာဖြစ်တာ” ဟု ဒေါ်ခင်လေးငယ်က မှတ်ချက်ပြုသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ ရှိခဲ့၍ ရွေးကောက်ပွဲကော်မရှင်အား အရေးယူပေးရန် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် အတိုက်အခံ အင်အားကြီးပါတီ ပြည်ခိုင်ဖြိုးသည် မိတ်ဖက်နိုင်ငံရေးပါတီ ၁၉ ခုနှင့်အတူ အိတ်ဖွင့်ပေးစာတစ်စောင်ကို နိုဝင်ဘာ ၂၅ တွင်  နိုင်ငံတော်သမ္မတထံ  ပေးပို့တောင်းဆိုခဲ့သည်။ 

ဒီဇင်ဘာ ၆ တွင်လည်း  မဲစာရင်းကြေညာချက် အလွဲများနှင့် မဲလက်မှတ် ဖောင်းပွမှုများကို ပွင့်လင်းမြင်သာရှိစွာ ရှင်းလင်းသင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ပြန်သည်။

ဒီဇင်ဘာလဆန်းပိုင်း၌ပင်  တပ်မတော်ကလည်း တပ်မဲရုံများကို ပြန်လည်စိစစ်နေသည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများအား ကူးယူခွင့်ပြုရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တောင်းဆိုခဲ့သည်။ 

သို့ရာတွင် တပ်မတော်၏ တောင်းဆိုချက်မှာ ဥပဒေနှင့် ညီညွတ်မှုမရှိသည့်အတွက် ခွင့်မပြုနိုင်ဟု  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၇ တွင် ကြေညာချက်ထုတ်ပြန်၍ ငြင်းပယ်ခဲ့သည်။ .

ထို့နောက် တပ်မတော်က ၎င်းတို့၏ ကိုယ်ပိုင်မဲစာရင်းစိစစ်ချက်များကို ဆက်တိုက်ထုတ်ပြန်နေခဲ့ရာ ယနေ့အထိ ၂၂ ကြိမ် ရှိပြီဖြစ်သည်။ 

KLT သည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading