တပ်နှင့် ဖားကန့်အမတ်အမှုကို ၂၉ရက်နေ့တွင် စတင်စစ်ဆေးမည်

ဖားကန့်ဒေသနှင့် ပတ်သက်ပြီး သမ္မတထံ ပေးပို့သောစာကြောင့် တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ စာပို့သည့် လွှတ်တော်အမတ် အမှုရင်ဆိုင်နေရသည်

၂၀၂၀  စက်တင်ဘာ ၁၆ တွင် ရွေးကောက်ပွဲမဲဆွယ်ပွဲတစ်ခု၌ တွေ့ရစဉ် (ဓာတ်ပုံ-  U Oo Cho Facebook) 

တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်အမတ် ဦးခင်မောင်မြင့်အား အသရေဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် အမှုကို လာမည့်ဇန်နဝါရီ ၂၉ရက်နေ့တွင် စတင်စစ်ဆေးရန် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တရားရုံးက ဆုံးဖြတ်လိုက်သည်။

တပ်မတော်အကြီးအကဲများကို ဂုဏ်သိက္ခာညိုးနွမ်းစေအောင် ပြုလုပ်သည်ဟုဆိုကာ ထောင်ဒဏ် ၂နှစ်အထိ ချမှတ်ခံရနိုင်သော အသရေဖျက်မှု ပုဒ်မ ၅၀၀ နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က ၂၀၂၀ ဒီဇင်ဘာ ၈ ရက်တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယနေ့(ဇန်နဝါရီ ၁၈) ဒုတိယရုံးချိန်းတွင် အမှုစစ်ဆေးခြင်းမရှိသေးဘဲ အမှုအမျိုးအစားသတ်မှတ်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် စီမံချက်များအပေါ် တရားလိုနှင့် တရားစွဲခံရသူတို့ နှစ်ဖက်အပြန်အလှန်ရှင်းပြရသည့် မှုခင်းကြိုတင်စီမံခန့်ခွဲမှု (CMP)အစည်းအဝေး ကျင်းပခြင်းတို့ကိုသာ ဆောင်ရွက်ခဲ့သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၏ ရှေ့နေ ဦးသန်းထွန်းက ပြောသည်။

“CMP အစည်းအဝေးအရ ဒီအမှုကို တရားရုံးတော်က ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပါတယ်။ ၆ လအတွင်း အပြီးစစ်မယ်လို့ အမိန့်ချပါတယ်။ နောက်အပတ်ရုံးချိန်းမှာ စစ်ဆေးဖို့ ချိန်းဆိုထားတယ်”ဟု ရှေ့နေက ပြောသည်။

ဦးခင်မောင်မြင့် ခေါ် ဦးချိုသည် လက်ရှိတွင် ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့်အပြင်၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထပ်မံ အနိုင်ရရှိထားသူ ဖြစ်သည်။

ဦးခင်မောင်မြင့်သည် ဖားကန့်မြို့နယ်အတွင်း ဘတ်ဟိုးယန္တယားများ သိမ်းဆည်းခြင်းကိစ္စနှင့်ပတ်သက်၍ သမ္မတဦးဝင်းမြင့်ထံ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တင်ပြသည့်စာ၌ တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေသည့် အကြောင်းအရာများပါဝင်သည်ဟုဆိုကာ တရားစွဲခံရခြင်းဖြစ်သည်ဟု ရှေ့နေက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို မေးမြန်းရာ တရားဥပဒေအတိုင်းဖြေရှင်းရမည့် ကိစ္စဖြစ်ပြီး ၎င်းအနေဖြင့် သီးခြားမှတ်ချက်မပြုလိုကြောင်း Myanmar Now သို့ ပြောသည်။

ယာဉ်၊ ယန္တရားများဖမ်းဆီးခံရစဉ်က ဖမ်းဆီးခံရသူများသည် စက်များ ပြန်လည်ရယူလို၍ ဘယ်လိုအခြေအနေမျိုးတွင် ဘယ်လိုအဖမ်းဆီးခံခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ဖားကန့်လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြခဲ့ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောသည်။

ပြည်နယ်အစိုးရက ကွင်းဆင်းစစ်ဆေးပြီးနောက် စက်များဖမ်းဆီးခံရမှုဖြစ်စဉ်ကို နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ (လုံ တည် ဥ) ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထပ်မံတင်ပြခဲ့ကြောင်း သူက ဆက်ပြောသည်။ 

“ဝန်ကြီးချုပ်ကိုယ်တိုင် လုံ တည် ဥ ကို တင်တယ်။ အဲဒီကနေ ပြန်ပေးဖို့ဆိုတဲ့ အနေအထားမျိုးတွေ ကျွန်တော်တို့ကြားရတယ်။ ဒါပေမဲ့ လက်ရောက်ပေးဖို့ကိစ္စမှာ တော်တော်လေး ပြဿနာဖြစ်သွားတယ်။ အဲဒီတုန်းက ဖမ်းဆီးရေးအဖွဲ့မှာ ပါလာတဲ့ တပ်မမှူး ဗိုလ်ချုပ်မောင်မောင်စံနဲ့ အကုန်လုံးထောင်ကျတယ်။ အဲဒီမှာ ပြဿနာတွေရှုပ်နေတော့ တုံ့ဆိုင်းနေတာ။ အဲဒီအချိန်မှာ ဦးချိုက သမ္မတနဲ့ အတိုင်ပင်ခံကို ထပ်ဆင့်စာပြန်တင်တာ” ဟု ဦးတင့်စိုးက ပြောသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ရတနာနယ်မြေ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လုပ်ငန်းသုံးယာဉ်နှင့် ယန္တရားများကို ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ပတ်သက်၍ အစိုးရနှင့် ပြည်သူများအကြား နစ်နာမှုမရှိစေဘဲ ဖြေရှင်းပေးနိုင်ရေးအတွက် ဦးခင်မောင်မြင့်က သမ္မတဦးဝင်မြင့်ထံ ၂၀၁၉ ဒီဇင်ဘာလ ၂၃ရက်က တင်ပြခဲ့သည်။

ဖားကန့်မြို့နယ် တာမခံကျေးရွာ၊ နမ့်တောင်ကျေးရွာ၊ ဟောင်းပါးကျေးရွာ၊ နမ့်ပင်ကျေးရွာ၊ ရွှေတောင်ကျော်ကျေးရွာ၊ နမ့်ပါဟုတ်ကျေးရွာ၊ ကွင်းဟဲကျေးရွာနှင့် အခြားရွာများမှာ လုပ်ငန်းသုံးယာဉ်၊ ဘတ်စိုးယာဉ် အစီး ၄၀၊ မြေတင်ကား ၈ စီး၊ ဆီတင်ယာဉ် ၁၂ ဘီးကား  ၂စီး၊ စက်လှေများနှင့် အခြားယာဉ်များကို တပ်မတော်က ဖမ်းဆီးခဲ့သည်ဟု ဦးခင်မောင်မြင့်၏ စာတွင် ဖော်ပြထားသည်။  

အလားတူ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာလည်း ယာဉ်၊ ယန္တရားများဖမ်းဆီးနေမှုများရှိပြီး စီမံချက်ဖြင့် ဆောင်ရွက်သင့်သော ကိစ္စဖြစ်ကြောင်း ဦးခင်မောင်မြင့်က တိုက်တွန်းထားသည်။

ယာဉ်၊ ယန္တရားများကို ဖမ်းဆီးရာတွင်လည်း တပ်မတော်ကသာ ဖမ်းဆီးခြင်းဖြစ်ပြီး မဖမ်းခင် သတင်းကြိုရ၍ ကြိုတင်ရှောင်တိမ်းထားသော ယာဉ်များ၊ ပျက်ယွင်းနေသော ယာဉ်များနှင့် ယာဉ်အသစ်များလည်း ပါဝင်ကြောင်း ဦးခင်မောင်မြင့်၏ စာတွင် ဖော်ပြထားသည်။

လုပ်ငန်းသုံးယာဉ်၊ ယန္တရားများသည် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနမှ ပြည်ထောင်စုဝန်ကြီး၏ သဘောထားမှတ်ချက်ဖြင့် သမ္မတရုံးသို့ ပေးပို့၍ သမ္မတ၏ ခွင့်ပြုချက်ဖြင်သာ တင်ပို့သယ်ဆောင်ရမည့် ကိစ္စများဖြစ်သော်လည်း ၎င်း၏ မဲဆန္ဒနယ် ဖားကန့်ဒေသတွင် သမ္မတခွင့်ပြုချက်မပါဘဲ နယ်လုံဝန်ကြီး၊ တိုင်းမှူး၊ တပ်မမှူးများ၏ လက်မှတ်များဖြင့် ရန်ကုန်ဆိပ်ကမ်းမှ (ကျောက်)လုပ်ကွက်သို့ ယာဉ်အမျိုးအစား ၆၀၀၀ ကျော် နည်းမျိုးစုံဖြင့် ဝင်ရောက်လုပ်ကိုင်နေသည်ဟု သမ္မတအား ဦးခင်မောင်မြင့်က ရှင်းပြထားသည်။

NLDအစိုးရမတက်မီကာလအထိ ဖားကန့်ဒေသသို့ ယာဉ်၊ ယန္တရားများ နည်းမျိုးစုံဖြင့် ဝင်ရောက်နေခဲ့ခြင်းဖြစ်ပြီး လာဒ်ပေးလာဒ်ယူမှုများ၊ မသမာမှုများရှိကြောင်း သမ္မတထံပေးပို့သည့် စာတွင် ဦးခင်မောင်မြင့်က မှတ်ချက်ပြုထားသည်။

ဖားကန့်ဒေသသို့ ရောက်ရှိလာသော ယာဉ်၊ ယန္တရားများကို ကချင်ပြည်နယ်အစိုးရ ခွင့်ပြုချက်ဖြင့် တင်သွင်းလားသော ယာဉ်တစ်စီးမှ မပါကြောင်း ဦးခင်မောင်မြင့်စာတွင် ဖော်ပြထားသည်။

ဖားကန့်ဒေသရှိ ယာဉ်၊ ယန္တရားများကို တပ်မတော်က ဖမ်းဆီးစဉ်က ပြစ်မှုကျူးလွန်လျက်မိသော ယာဉ်များမပါသောကြောင့် အရေးယူသိမ်းဆည်းမည်ဆိုပါက သက်သေမခိုင်လုံပဲ အရေးယူသလိုဖြစ်လာမှာဖြစ်ပြီး အရေးယူလျှင်လည်း ဥပဒေစိုးမိုးမိုးအတွက် အခက်အခဲများစွာရှိလာမည့်အရေးကိုလည်း ဦးခင်မောင်မြင့်၏ စာတွင် ဖော်ပြထားသည်။

ယာဉ်၊ ယန္တရားများကို ဖမ်းဆီးရာတွင် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနကမပါဘဲ တပ်မတော်နှင့် ရှမ်းနီပြည်သူစစ်တို့က ဝင်ရောက်ဖမ်းဆီးတာဖြစ်ကြောင်း၊ ထိုသို့ဖမ်းဆီးရာတွင် ဆီတင်ကား၊ မြေတင်ကားများနှင့် စက်လှေများကိုပါ ဖမ်းဆီးခြင်သည် တရားမဝင်ရောက်ရှိနေသော ယာဉ်ယန္တရား ၆၀၀၀ ကျော်ကို ရှင်လင်းနိုင်မည့် အဖြေမဟုတ်ကြောင်းကိုလည်း စာတွင် တင်ပြထားသည်။

တပ်မတော်က ဖမ်းဆီထားသည့် ယာဉ် ၄၀ကျော်သည် တရားမဝင်ရောက်ရှိနေသည့် ယာဉ် ၆၀၀၀အနက်မှ ပြောပလောက်သော အရေအတွက်မဟုတ်ဘဲ တရားဝင်တင်သွင်းသော ကုမ္ပဏီ၏ ယာဉ်များပါ ပါဝင်နေကြောင်း၊ တရားမဝင်ရောက်ရှိနေသော ယာဉ် အစီး ၆၀၀၀ ကျော်နှင့်ပတ်သက်၍ မဖြေရှင်းနိုင်သေးကြောင်း ဖော်ပြထားသည်။

“တရားစွဲဆိုရန် လုံလောက်သော အထောက်အထားမရှိသည့် ယာဉ်များကို ပြန်ပေးနိုင်ရန်နှင့် ထပ်ပြီးမလုပ်ရန်၊ မိမိတို့အစိုးရမသိဘဲ စစ်တပ်အာဏာရှိ ပုဂ္ဂိုလ်များ၏ အဂတိဖြင့် သွင်းထားသော ပြဿနာကို ၎င်းတို့ဖမ်းပို့အပ်နှင်မှုအပေါ် သိမ်းဆည်းပါက ဓားခုတ်ရာ လက်လျှိုအနေအထားနှင့် မိမိတို့အစိုးရက ကြုံတွေ့နေရပါသည်”ဟု သမ္မတထံပေးပို့သည့် စာတွင် ဖော်ပြထားသည်။

အမှန်တင်သွင်းထားသော ကုမ္ပဏီများ မနစ်နာသင့်ဘဲ နစ်နာနေသလို စီမံခန့်ခွဲရန် ခက်နေသော ပြည်နယ်အစိုးရအတွက် စိန်ခေါ်မှုဖြစ်ပေါ်နေကြောင်း၊ ဖမ်းဆီးခံယန္တရားများကို ပြည်နယ်အတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးပေးရန်၊ ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန် သမ္မတထံ အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တုန့်ပြန်ချက်များရရှိရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ထံ ယနေ့ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading