မြို့တော်ရန်ကုန်က မျှော်တိုင်းဝေးနေဆဲ ကိုယ်ပိုင်တိုက်ခန်းပိုင်ဆိုင်ခွင့် 

ရန်ကုန်မြို့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သာ အိမ်ပိုင်ဆိုင်ကြပြီး နှစ်စဉ်အိမ်ရာ (တိုက်ခန်း) လိုအပ်ချက်လည်း ၂ သိန်းခန့် ရှိနေသည်။ လစဉ်ဝင်ငွေ ကျပ် ၁၀ သိန်းအောက်ရှိသူတစ်ဦးအနေဖြင့် သိန်း ၁၀၀ ကျော်တန်ဖိုးရှိ တိုက်ခန်းတစ်ခု ပိုင်ဆိုင်ရန် ၈ နှစ်မှ ၁၀ နှစ်အထိ စုဆောင်းရမည်ဖြစ်သည်

ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းနှင့် အဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

စီးပွားရေးမြို့တော် ရန်ကုန်တွင် ကိုယ်ပိုင်အိမ်ပိုင်ဆိုင်လိုသော ကိုဇော်ဝေ၏ အိမ်မက်သည် လွယ်လွယ်ကူကူ ရုပ်လုံးပေါ်လာခဲ့ခြင်း မဟုတ်ပေ။ လွန်ခဲ့သော လေးနှစ်ခန့်က သိန်း ၁၀၀ ကျော်တန် တိုက်ခန်းတစ်ခန်းကို ကိုဇော်ဝေ ဝယ်ယူနိုင်ခဲ့သည်ဆိုသော်လည်း အရစ်ကျစနစ်ဖြင့် ငွေပေးသွင်းရန် ၆ နှစ် ကျန်နေသေးသည်။ 

ရန်ကုန်တွင် ဈေးအသက်သာဆုံးဟု ဆိုရမည့် တိုက်ခန်းတစ်ခန်းကို ၁၀ နှစ်အရစ်ကျဖြင့် ကိုဇော်ဝေ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

တိုက်ခန်းဝယ်ယူစဉ်က တစ်လလျှင် ကျပ် ၆ သိန်းကျော် ဝင်ငွေရှိသည့် ၃၅ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း ကိုဇော်ဝေသည် တိုက်ခန်းအတွက် လက်ငင်းပေးချေရမည့် ၃၀ ရာခိုင်နှုန်း (ကျပ်သိန်း ၃၀) ကို တစ်နှစ်ခွဲကျော်ကြာ စုဆောင်းခဲ့ရသည်။​

“တန်ဖိုးနည်းတိုက်ခန်းဖြစ်တဲ့အတွက် ဈေးက အရမ်းသက်သာတယ်။ ဒါပေမဲ့ အရမ်းကြိုးစားခဲ့ရတယ်။ ကျပ်သိန်း ၃၀ စပြီးတော့ ပြည့်အောင် စုရတယ်။ အိုးအိမ်ဘဏ် (CHID Bank) ပေါ့၊ အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်လုပ်ထားတဲ့ဘဏ်မှာ သိန်း ၃၀ ပြည့်တဲ့သူတွေကို မဲဖောက်ပေးတယ်” ဟု အာမခံကုမ္ပဏီတစ်ခုတွင် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်နေသည့် ကိုဇော်ဝေက ပြောသည်။ 

ကိုဇော်ဝေသည် အစိုးရက ရောင်းချသည့် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကနောင်တန်ဖိုးနည်းအိမ်ရာတွင် ကျပ် ၁၀၆ သိန်းတန် တိုက်ခန်းတစ်ခုကို ၁၀ နှစ် အရစ်ကျဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ တစ်လလျှင် ၁၀၇,၀၀၀ ကျပ် ပေးသွင်းနေရသည်။ 

ရန်ကုန်တွင် သိန်း ၁၀၀ ကျော်တန် တိုက်ခန်းများကို အစိုးရကသာ အကောင်အထည်ဖော်နိုင်ပြီး တိုက်ခန်းအရေအတွက်မှာ အကန့်အသတ်ရှိနေသေးသည်။

ဝင်ငွေ အတည်တကျမရှိသည့် အခြေခံလူတန်းစားများမှာ ထိုတန်ဖိုးနည်းအိမ်ရာတိုက်ခန်းကိုပင် လက်လှမ်းမီရန် ခက်ခဲနေဆဲဖြစ်သည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များက ဖော်ဆောင်နေသည့် တိုက်ခန်းများမှာ သာမန်လူတန်းစားများအတွက် စိတ်ကူးပင် မယဉ်နိုင်သေးသည့် အခြေအနေဖြစ်သည်။

ခေါင်ခိုက်နေသော အိမ်ခြံမြေဈေးနှုန်းများက ရန်ကုန်မြို့နေလူထု၏ အိမ်ပိုင်ဆိုင်ခွင့်အိပ်မက်ကို ရိုက်ချိုးထားသည်။ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဝတိုးတက်ရေးအတွက် အနယ်နယ်အရပ်ရပ်မှ ရန်ကုန်သို့ ပြောင်းရွှေ့အခြေချလာသူ သန်းချီသောလူများမှာ ကျောတစ်ခင်းစာအတွက် အိမ်ငှားဘဝဖြင့်သာ သံသရာလည်နေကြရသည်။ 

မော့ကြည့်နေရဆဲ တိုက်ခန်းဈေး

အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် iMyanmarHouse အရ ရန်ကုန် တိုက်ခန်းဈေးနှုန်းများမှာ မြို့နယ်အလိုက် အနည်းဆုံး ကျပ်သိန်း ၂၀၀ ဝန်းကျင်မှ အများဆုံး ကျပ်သိန်း ၇၅၀၊ ၈၀၀ အထိ ရှိကြသည်။ 

ဒေါပုံမြို့နယ်တွင် ကျပ်သိန်း ၁၈၀ မှ ၅၅၀၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သံလျင်မြို့ နယ်တို့တွင် ကျပ်သိန်း ၂၅၀ မှ ၆၅၀၊ မြောက်ဒဂုံ၊ လှိုင်၊ အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်း၊ တာမွေ၊ ကမာရွတ်မြို့နယ်တို့တွင် ကျပ်သိန်း ၃၃၀ မှ ၇၅၀ အထိ ဈေးပေါက်သည်။ 

အလုံ၊ ကြည့်မြင့်တိုင်၊ ဗိုလ်တစ်ထောင်၊ ရန်ကင်းမြို့နယ်တို့တွင် သိန်း ၄၅၀ မှ ၈၀၀၊ ပန်းပဲတန်း၊ ကျောက်တံတား၊ ဗဟန်းမြို့နယ်တို့တွင် သိန်း ၅၅၀ မှ ၈၅၀ အထိရှိကာ မင်္ဂလာတောင်ညွန့်တွင် အနည်းဆုံး သိန်း ၇၇၀ မှ ၈၅၀ အထိ ပေါက်ဈေးရှိကြသည်။ 

“အခြေခံလူတန်းစားတွေဝင်ငွေနဲ့ ဈေးကွက်ထဲမှာ ဖြစ်ပျက်နေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေက မကိုက်ညီတာကို တွေ့ရတယ်။ အဲဒီတော့ အခြေခံလူတန်းစားအများစု လက်လှမ်းမီနိုင်လောက်တဲ့ အခြေအနေမရှိသေးတာကို တွေ့ရတယ်” ဟု iMyanmarHouse ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက Myanmar Now ကို ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အနိမ့်ဆုံးအခြေခံလုပ်ခလစာသည် တစ်ရက် ၄,၈၀၀ ကျပ်ဖြစ်ပြီး တစ်လလျှင် လုပ်ခလစာ ကျပ် ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ ကျပ်ဝန်းကျင်ရရှိသည့် အခြေခံလုပ်သားတစ်ဦးသည် ဒေါပုံရှိ သိန်း ၂၀၀ အောက် တိုက်ခန်းတစ်ခန်း ဝယ်ယူရန် ၇ နှစ်မှ ၈ နှစ်အထိ လစာကို တစ်ပြားတစ်ချပ်မျှ မသုံးစွဲဘဲ စုဆောင်းရမည် ဖြစ်သည်။ 

တိုက်ခန်းဈေးနှုန်းမြင့်မားမှုကြောင့် ကိုယ်ပိုင်တိုက်ခန်း မဝယ်ယူနိုင်သဖြင့် တိုက်ခန်းတစ်ခုတည်းတွင် အိမ်ထောင်စုနှစ်စုမှ သုံးစုအထိ စုပေါင်းနေထိုင်ရသူများစွာလည်း ရှိသည်။ ထို့အတူ အဆောင်များ၊ မြို့အစွန် ဆင်ခြေဖုန်းမြို့နယ်များ၌ နေအိမ်အင်္ဂါရပ်နှင့် မလျော်ညီသည့် အခန်းငယ်များတွင် ကြံရာကျပန်းနေထိုင်နေရသည့် မိသားစုများလည်း ဒုနဲ့ဒေးရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။

အိမ်ခြံမြေရောင်းဝယ်ငှားလုပ်ကိုင်သည့် အကျိုးဆောင်များကိုယ်တိုင်ပင် တိုက်ခန်းဈေးနှုန်းကြီးမြင့်မှုကြောင့် တိုက်ခန်းပိုင်ရန် ရုန်းကန်နေရကြောင်း အကျိုးဆောင်လုပ်သက် ၆ နှစ်ရှိပြီဖြစ်သည့် ၅၇ နှစ် အရွယ် ဒေါ်သန်းသန်းဝေက Myanmar Now ကို ပြောသည်။

“ကျွန်မတို့ကိုယ်တိုင်လည်း မဝယ်နိုင်သေးဘူး။ သာမန်လူတွေအတွက်ကတော့ သိန်း ၂၅၀၊ ၃၀၀ ဆိုလည်း လူတိုင်းအတွက်က မဝယ်နိုင်သေးဘူးပေါ့။ အခက်အခဲရှိပါတယ်။ အိမ်ပိုင်ဆိုင်ထားတာ မရှိဘူး။ ကြိုးစားဆဲပဲ” ဟု ရန်ကုန်မြို့ ပုဇွန်တောင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အကျိုးဆောင်လုပ်ကိုင်သည့် ဒေါ်သန်းသန်းဝေက ပြောသည်။ 

ဈေးနှုန်းကြောင့် တိုက်ခန်းဝယ်နိုင်ရေးအိမ်မက် အလှမ်းဝေးနေဆဲတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ဈေးကွက်အတွင်း တိုက်ခန်းဝယ်လိုအား ယခင်ကထက် ကျဆင်းလာပြီး ၎င်း၏ ဝင်ငွေလည်း ကျဆင်းသွားသည်ဟု ဒေါ်သန်းသန်းဝေက ဆိုသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ၂၀၂၀ မတ်မှ စတင်၍ ရန်ကုန်မြို့တိုက်ခန်းအရောင်းအဝယ် ရပ်ဆိုင်းခဲ့ကာ တိုက်ခန်းဈေးများမှာလည်း ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းလာပြီး ‘ကိုဗစ်ဈေး’ ဟု ခေါ်တွင်လာခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ 

၂၀၂၁ နှစ်ဆန်းပိုင်းမှ စတင်၍ အရောင်းအဝယ်ပြန်ဖြစ်လာသော်လည်း ဈေးကျဆင်းနေဆဲဖြစ်သောကြောင့် ငွေကြေးတတ်နိုင်သူများ တိုက်ခန်းဝယ်ယူရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းခွန်နောင်က ပြောသည်။ ကိုဗစ်နိုင်တင်းကာကွယ်ဆေး ရရှိနိုင်မှုနှင့် ကပ်ရောဂါထိန်းချုပ်မှုအခြေအနေ တည်ငြိမ်လာပါက ရန်ကုန်တိုက်ခန်းဈေးနှုန်းများ ကျိန်းသေမြင့်တက်လာမည်ဟု ၎င်းက ဆိုသည်။ 

တိုက်ခန်းဈေးနှုန်း၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟု ဆိုသော်လည်း ရန်ကုန်မြို့ မြို့နယ်ပေါင်း ၂၀ ၏ တိုက်ခန်းဈေးနှုန်းများမှာ ကျပ်သိန်း ၁၈၀ မှ ၈၅၀ အထိ ဈေးပေါက်နေဆဲဖြစ်သည်။ ယင်းတိုက်ခန်းများမှာ ရိုးရိုးအထပ်မြင့်အခန်းများဖြစ်ပြီး မြို့နယ်နေရာ၊ အချက်အချာကျမှု၊ အကျယ်အဝန်းနှင့် အထပ်အမြင့်အလိုက် ဈေးကွာခြားကြကာ အဆင့်မြင့်ကွန်ဒိုမီနီယံတိုက်ခန်းများမှာမူ သိန်းထောင်ချီဈေးရှိသည်။​

အိမ်ရာချေးငွေနှင့် တိုက်ခန်းပိုင်ဆိုင်ခွင့်

ရန်ကုန်တွင် အိမ်ဈေးနှုန်းကြီးမြင့်မှုကြောင့် မိဘအမွေရသူ၊ ထီပေါက်သူနှင့် စုဆောင်းမိသူများသာ သိန်းရာချီဈေးပေါက်သည့် တိုက်ခန်းကို လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူရန် လက်လှမ်းမီကြသည်။

သို့သော် ပြည်တွင်းဘဏ်များက မိတ်ဆက်လာသည့် နှစ်ရှည်အိမ်ရာချေးငွေဝန်ဆောင်မှုကြောင့် အလယ်အလတ်ဝင်ငွေရှိသည့် ကုမ္ပဏီဝန်ထမ်းများ တိုက်ခန်းများပိုင်ဆိုင်ရန် မျှော်လင့်ချက်ရှိလာသည်။​

ဝယ်ယူလိုသည့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီး ကျန်ငွေကို တစ်လလျှင် အနည်းဆုံး ၃ သိန်းဖြင့် အရစ်ကျပေးဆောင်လျှင် ၈ နှစ်အတွင်း တိုက်ခန်းတစ်လုံး ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ဘဏ်နှင့် ချိတ်ဆက်ကာ အိမ်ခြံမြေရောင်းဝယ်သည့် ဇလပ်ပွင့်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမြင့်အောင်က Myanmar Now ကို ပြောသည်။

“နိုင်ငံတကာမှာ ငွေလက်ငင်းပေးပြီး ဝယ်တဲ့စနစ်ဆိုတာ မရှိတော့ဘူး။ ယုတ်စွအဆုံး အရှေ့တောင်အရှမှာ ကမ္ဘောဒီးယားလို နိုင်ငံမျိုးမှာတောင် မရှိတော့ဘူး။ အခု ကျွန်တော်တို့ မြန်မာပြည်မှာပဲ ငွေထုတ်ကြီးကိုင်ပြီး ဝယ်တာ။ ဒီခေတ်ကြီးကတော့ တဖြည်းဖြည်းတော့ ပပျောက်သွားလိမ့်မယ် ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

တစ်လလျှင် ကျပ် ၅၀၀,၀၀၀ မှ သိန်း ၂၀ အထိ ဝင်ငွေရရှိသူများသည် ယခုနှစ်ပိုင်းများအတွင်း နှစ်ရှည်အိမ်ရာချေးငွေရယူကာ တိုက်ခန်းများ ဝယ်ယူလာကြပြီး ဇလပ်ပွင့်ကုမ္ပဏီအနေဖြင့် တစ်လလျှင် ဘဏ်ချေးငွေလျှောက်ထားသည့် ဖိုင်တွဲပေါင်း ၂၀ ခန့်ကို ဝန်ဆောင်မှုပေးနေရကြောင်း ဦးမျိုးမြင့်အောင်က ဆိုသည်။

ဝယ်ယူသူသည် အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းပြီး ကျန် ၇၀ ရာခိုင်နှုန်းကို ဘဏ်ချေးငွေဖြင့် ပေးချေပါက အတိုးနှုန်း ၁၀ ရာခိုင်နှုန်း၊ ကနဦးပေးသွင်းငွေ ၅၀ ရာခိုင်နှုန်းပေးသွင်းပါက အတိုးနှုန်း ၈ ရာခိုင်နှုန်း သတ်မှတ်ထားကာ ချေးငွေသက်တမ်း ၃ နှစ်မှ ၁၅ နှစ်အထိ ရှိသည်။ 

သိန်း ၂၅၀ တန် အိမ်တစ်လုံး ဝယ်ယူမည်ဆိုပါက ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၇၅ သိန်း ပထမဆုံးပေးချေရမည်ဖြစ်ပြီး ကျပ် ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၁၇၅ သိန်းကို ဘဏ်က ထုတ်ချေးခြင်းဖြစ်သည်။ ဘဏ်ချေးငွေ ၁၇၅ သိန်းကို ၅ နှစ်အရစ်ကျဖြင့် ပေးသွင်းမည်ဆိုပါက အတိုးအပါအဝင် လစဉ် ၃၇၁,၀၀၀ ကျော် ပေးချေရမည်ဖြစ်ရာ ၅ နှစ်အတွင်း အသားတင်အတိုး ၄၈ သိန်း ကျသင့်သည်။  

သိန်း ၂၅၀ တန် တိုက်ခန်းတစ်လုံး ပိုင်ဆိုင်နိုင်ရန် ၅ နှစ်အချိန်ယူ၍ သိန်း ၃၀၀ နီးပါး ပေးဝယ်ရသည့် သဘောဖြစ်သည်။ ချေးငွေသက်တမ်းကြာမြင့်လျှင် ဘဏ်ကိုပေးချေရမည့် တိုးနှုန်းလည်း မြင့်မားလာမည် ဖြစ်သည်။

တစ်လလျှင် ကျပ် ၁၅၀,၀၀၀ ဖြင့် အိမ်းငှားရမ်းနေထိုင်မည်ဆိုပါက တစ်နှစ်ငှားရမ်းခြင်း စာချုပ်ချုပ်ဆိုလျှင် ၁၈ သိန်း လက်ငင်းပေးရမည်ဖြစ်ပြီး ထိုကုန်ကျစရိတ်သည် မည့်သည့်အကျိုးအမြတ်မျှ ပြန်မရရှိကြောင်း တောင်ဥက္ကလာပတွင် ဘဏ်ချေးငွေစနစ်ဖြင့် ကျပ်သိန်း ၃၂၀ တန် တိုက်ခန်းတစ်ခန်း ဝယ်ယူထားသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ 

“ပိုက်ဆံနည်းနည်းစိုက်ပြီး Home Loan အနေနဲ့ သွင်းလိုက်ရင် အဲဒီဟာက အချိန်ကြာရင် အပိုင်ဖြစ်သွားမယ်။ စစချင်းကတော့ သူတို့ကတော့ Down Payment (ကနဦးပေးသွင်းငွေ) ၃၀ ရာခိုင်နှုန်းလောက်ဆိုရင် သိန်း ၁၀၀ လောက် ကျသင့်သွားတယ်။ ရန်ကုန်မှာနေတဲ့လူ တော်တော်များများကတော့ အိမ်ပိုင်ချင်တဲ့ အိမ်မက်ရှိကြတာပဲ” ဟု နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ အဆိုပါအမျိုးသမီးက ပြောသည်။ 

အိမ်ဝယ်ယူရန် ယခင်ကတည်းက ငွေကြေးစုဆောင်းခဲ့သော်လည်း သိန်းရာချီဈေးပေါက်သည့် တိုက်ခန်းကို တစ်လုံးတစ်ခဲတည်း ငွေပေးချေကာ မဝယ်နိုင်ကြောင်း၊ ယခုဝယ်ယူလိုက်သည့် တိုက်ခန်းအတွက် ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းကိုပင် မိဘများထံမှ ချေးယူခဲ့ရကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။​

အစိုးရ၏ တန်ဖိုးနည်းတိုက်ခန်းများ

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် (UN-Habitat) တို့ ပူးပေါင်းပြုစုခဲ့သည့် မြန်မာနိုင်ငံအိမ်ရာမူဝါဒနှင့် မဟာဗျူဟာ (၂၀၁၇) အစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံးတွင် အိမ်ရာလိုအပ်ချက် ၂ သန်းဝန်းကျင်ခန့် ရှိသည်ဟု သိရသည်။

နိုင်ငံ၏ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းရန် အစိုးရအနေဖြင့် ၂၀၁၁ မှ ၂၀၃၀ အထိ နှစ် ၂၀ အတွင်း အိမ်ရာ ၁ သန်း ဖော်ဆောင်ရန် မျှော်မှန်းပြီး ၂၀ ရာခိုင်နှုန်းဖြစ်သည့် အိမ်ရာ ၂ သိန်းကို အစိုးရက တည်ဆောက်ရန် ပြင်ဆင်ထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက Myanmar Now ကို ပြောသည်။ 

မြို့ပြဒေသများသည် ကျေးလက်ဒေသထက် အိမ်ရာလိုအပ်ချက်မြှင့်မားပြီး အထူးသဖြင့် လူဦးရေထူထပ်သည့် ရန်ကုန်မြို့တွင် တစ်နှစ်လျှင် အိမ်ရာလိုအပ်ချက် ၂၀၀,၀၀၀ ခန့် ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။ 

ထိုသို့ ရန်ကုန်တွင် အိမ်ရာလိုအပ်ချက် ကြီးမားသော်လည်း အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုကြောင့် မြို့နေလူထုမှာ အိမ်ဝယ်ယူနိုင်စွမ်း အကန့်အသတ်ရှိ‌ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ပြောဆိုသည်။ ၆ သန်းကျော်သော ရန်ကုန်မြို့နေလူထု၏ ၂၀ ရာခိုင်နှုန်းခန့်သာ အိမ်ပိုင်ဆိုင်ကြသည်ဟု ဇလပ်ပွင့်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီက ခန့်မှန်းသည်။ 

အစိုးရတည်ဆောက်သည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများသည် ကျပ်သိန်း ၁၀၀ မှ ၄၅၀ အထိ ဈေးရှိပြီး ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) နှင့် ချိတ်ဆက်ကာ အရစ်ကျရောင်းချပေးနေပြီး တစ်နှစ်လျှင် တိုက်ခန်းပေါင်း ၂,၀၀၀ မှ ၂,၅၀၀ ကြား ရောင်းချပေးနေကြောင်း ဒေါ်မိုးသီတာက ပြောသည်။

အစိုးရက ရောင်းချနေသည့် တန်ဖိုးနည်းတိုက်ခန်းများသည်ပင် တစ်လလုပ်ခလစာ ၃၀၀,၀၀၀ ကျပ်နှင့်အထက် ရရှိသည့် ဝန်ထမ်းအချို့သာ လက်လှမ်းမီနိုင်ပြီး ဝင်ငွေအတည်တကျမရှိသည့် အခြေခံလက်လုပ်လက်စားများမှာ မဝယ်ယူနိုင်ကြကြောင်း ဒေါ်မိုးသီတာက ဆိုသည်။

“စုငွေလေးစုနိုင်မှ ဝယ်နိုင်တာ။ အရစ်ကျပေးမယ်လို့ ကြည့်တဲ့အခါကျတော့ ဘဏ်တွေက လစဉ်ပုံမှန်ဝင်ငွေ စစ်တယ်။ စစ်တဲ့အခါကျတော့ ၃၀၀,၀၀၀ လောက်မှ မရှိရင် မရဘူး။ (လစဉ်) ပေးရတဲ့ငွေက ၁၀၀,၀၀၀ လောက်တော့ရှိတယ် အနိမ့်ဆုံးပြန်ပေးရတယ်” ဟု ဒေါ်မိုးသီတာက ဆိုသည်။

ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်း၊ အတိုးနှုန်း ၈ ရာခိုင်နှုန်းသည် များပြားလွန်းပြီး ချေးငွေလျှောက်ထားရာတွင် ဘဏ်များက တောင်းဆိုနေသည့် ဝင်ငွေအထောက်အထားများကြောင့် လူအများစု လက်လှမ်းမမီသေးကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းခွန်နောင်ကလည်း ဆိုသည်။

“လက်လှမ်းမမီပါဘူး။ တော်တော်များများက ချေးတိုင်းရတာ မဟုတ်ဘူးလေ။ သူက လုပ်ငန်းပြရတယ်။ ဝင်ငွေတွေ ခိုင်မာအောင် ပြရတာလေ။ အဲတော့ လွယ်လွယ်ကူကူနဲ့ ရတာမရှိဘူး။ အဓိကက ပြည်သူလူထုတွေ ပုံမှန်ဝင်ငွေရှိအောင် လုပ်ငန်းတွေ ဖော်ဆောင်ပေးဖို့ လိုတာပေါ့။ ဒါပါပဲ။ ပုံမှန်ဝင်ငွေရနေရင် ဘဏ်ကလည်း ယုံကြည်မှုရှိမှာပါပဲ” ဦးစိုင်းခွန်နောင်က ပြောသည်။

တိုက်ခန်းများကို ပြည်သူများ ပိုမိုလက်လှမ်းမီနိုင်ရန်မှာ ဘဏ်ကသတ်မှတ်ထားသည့် ကနဦးပေးသွင်းငွေကို ၃၀ ရာခိုင်နှုန်းအောက် လျှော့ချခြင်း၊ မြို့သစ်စီမံကိန်းများ၊ အိမ်ရာများဆောက်လုပ်ရန် အစိုးရက ဦးဆောင်၍ မြေနေရာများ ဖော်ထုတ်ပေးခြင်းတို့ လိုအပ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာကလည်း အိုးအိမ်ဘဏ်နှင့် ချိတ်ဆက်ရောင်းချပေးနေသည့် တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူသူများအတွက် ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းအောက် လျှော့ချပေးနိုင်ရန် စဉ်းစားနေကြောင်း၊ အိမ်မဝယ်နိုင်သော အခြေခံလူတန်းစားများအတွက် အငှားအိမ်ရာများဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ဆိုသည်။ 

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၁ မှ ၂၀၂၀ အထိ အရောင်းအိမ်ရာနှင့် အငှားအိမ်ရာ ၅၆,၀၀၀ ကျော် တည်ဆောက်ခဲ့ပြီး အရောင်းအိမ်ရာစုစုပေါင်း၏  ၉၀ ရာခိုင်နှုန်းကို ရန်ကုန်တွင် တည်ဆောက်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

မည်သို့ဆိုစေ လူဦးရေအထူထပ်ဆုံး ရန်ကုန်မြို့တွင် တစ်နှစ်ထက်တစ်နှစ်ပို၍ နေအိမ်လိုအပ်ချက် ဆက်လက်မြင့်မားနေဦးမည်ဖြစ်ပြီး မြို့နေလူထု၏ တိုက်ခန်းပိုင်ဆိုင်ခွင့်မှာလည်း နိုင်ငံစီးပွားရေးတိုးတက်လာမှုအပြင် လူတစ်ဦးချင်းဝင်ငွေ မြင့်တက်လာမှု၊ တန်ဖိုးနည်းအိမ်ရာအများအပြား ပေါ်ထွန်းလာမှုတို့ပေါ် မူတည်နေမည်ဖြစ်သည်။ 

“တိုက်ခန်းတွေ များများဖော်ဆောင်နိုင်ဖို့တော့ လိုတယ်။ အဲဒါဆိုရင် ပိုပြီးယှဉ်ပြိင်မှုလည်း များလာမယ်။ စားသုံးသူကလည်း ပိုပြီး (ရွေးချယ်ခွင့်) များလာမယ်။ ပုဂ္ဂလိကဘက်ကလည်း တန်ဖိုးနည်းအတွက် ဦးတည်လာတယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့ ” ဟုအာမခံကုမ္ပဏီဝန်ထမ်း ကိုဇော်ဝေက ပြောသည်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading