AA လက်ထဲမှာ ၇၉ ရက်ကြာ

NLD အမတ်လောင်း သုံးဦးက AA အဖွဲ့၏ နယ်မြေတွင် သုံးလနီးပါး ထိန်းသိမ်းခံထားရသည့်အကြောင်းများကို Myanmar Now နှင့် တွေ့ဆုံစဉ် ဝေမျှထားသည်

Published on Jan 18, 2021
AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် NLD ၏ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမတ်လောင်းသုံးဦး။ 
AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် NLD ၏ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမတ်လောင်းသုံးဦး။ 

လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးခန့်က တောင်ကုတ်မြို့နယ်၊ ဖောင်းကားကျေးရွာရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်းသို့ ရုတ်တရက် ဝင်ရောက် စီးနင်းလိုက်ကြသည်။

ထိုအိမ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုကာ တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်း ၃ ဦး နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များ ရှိနေသည်။ 

အမတ်လောင်း ၃ဦးမှာ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်အမတ် ဦးမင်းအောင်၊ အမျိုးသားလွှတ်တော်အမတ်လောင်း ဒေါ်ချစ်ချစ်ချောတို့ ဖြစ်သည်။

ဖောင်းကားရွာသည် ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ ဖောင်းကားကျွန်းပေါ်တွင် ရှိသည်။ တောင်ကုတ်မြို့နယ်သည် အခြားတောင်ပိုင်းမြို့နယ်များကဲ့သို့ပင် NLD ပါတီ အားကောင်းသည်။

“ထမင်းဝိုင်းမှာ ထိုင်တုန်းပဲရှိသေးတယ်။ လက်နက်နဲ့ဝင်လာကြတယ်။ ကျွန်မတို့ သေသေချာချာတောင် သတိမထားမိဘူး။ လက်နက်ကြီးတွေနဲ့ ဝင်လာကြပြီးတော့ ဘယ်သူမှမလှုပ်နဲ့ပေါ့ ။ ကျွန်မက ပထမကြည့်လိုက်တော့ တစ်ယောက်ယောက် ကျီစယ်နေတာလားပေါ့။ ဗြုန်းစားကြီး၊ ထင်တောင်မထင်ထားတာ” ဟု အသက် ၃၂ နှစ် အရွယ် ဒေါ်နီနီမေမြင့်က ဆိုသည်။

ဆဲဆို၊ ကြိမ်းမောင်းသံများနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ဦးမင်းအောင်ကို လက်နက်ကိုင်အဖွဲ့မှ တစ်ယောက်က ပါးရိုက်လိုက်သည်ဟု ဒေါ်နီနီမေမြင့်က ပြောသည်။ 

ထို့နောက် လက်နက်ကိုင်များက လွှတ်တော်အမတ်လောင်း ၃ ဦး၏ အမည်များကို မေးမြန်းပြီး လက်ကိုင်ဖုန်းနှင့် ပစ္စည်းများကို သိမ်းဆည်းကာ ရွာအပြင် ပင်လယ်ကမ်းစပ်သို့ ခေါ်သွားကြသည်။ အသင့်စောင့်နေသည့် စက်လှေနှစ်စီးပေါ် ၎င်းတို့ ၃ ဦးကို တက်ခိုင်းပြီး မျက်လုံးများကိုလည်း အဝတ်စဖြင့် စည်းနှောင်လိုက်ကြသည်။ 

ထို့နေ့သည် အောက်တိုဘာ ၁၄ ရက်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရန် ရက် ၂၀ ကျော်သာ လိုတော့သည့် ကာလတွင် အမတ်လောင်း ၃ ဦးတို့ AA အဖွဲ့၏ အကျဉ်းသားဘဝကို ကျရောက်ခဲ့ရသည်။

အကျဉ်းစံဘဝ

မျက်လုံးစည်းနှောင်ခံထားရသည့် သူတို့ ၃ ဦးသည် နာရီပေါင်းများစွာကြာအောင် စက်လှေဖြင့် ခရီးနှင်ကြရသည်။ ည ၈ နာရီခန့်တွင်တော့ ချောင်းကမ်းစပ်တစ်နေရာတွင် ရပ်ပြီး ရွာတစ်ရွာတွင် တစ်ည အိပ်ရသည်။ နောက်တစ်နေ့လည်း စက်လှေနှင့်ပင် ခရီးဆက်ရပြီး လမ်းတွင် တစ်ည ထပ်အိပ်ရသည်။

နောက်တစ်နေ့မိုးလင်းသည့်အခါ ထမင်းစားသောက်ပြီးနောက် ကားနှင့် လာရောက်ခေါ်ဆောင်သည်။ ကားလမ်းဆုံးသည်နှင့် တောတောင်များကို ခြေလျှင်ခရီးဖြင့် နှစ်ရက်ကြာ ဖြတ်သန်းရပြီး ဖြစ်သလိုအိပ်စက်ရသည်ဟု ဒေါ်နီနီမေမြင့်က ပြောသည်။

ထိုသို့ ၄ ရက်ကြာ ဖြတ်သန်းပြီးနောက် ထိန်းသိမ်းထားမည့် တောတွင်းစခန်းတစ်ခုကို ညပိုင်းတွင် ရောက်ရှိခဲ့သည်။ 

“အဆောင်လေးတွေရှိတယ်၊ မိန်းကလေးတွေနေတဲ့ အဆောင်လေးတွေလေ။ အဲဒီနေရာမှာ ကျွန်မတို့ မိန်းကလေးနှစ်ယောက်ကို သီးသန့်ထားတယ်။ လုံခြုံရေးတော့ရှိတယ်။ သွားတဲ့နေရာကို လိုက်ပေးတာပေါ့ ” ဟု ဒေါ်နီနီမေမြင့်က ပြောသည်။

၎င်းနေရာတွင် ၁၀ ရက်ခန့် နေထိုင်အပြီး တောင်ပေါ်သို့ ပြောင်းရွှေ့လိုက်သည်။ တောင်ပေါ်တွင် ဝါးကြမ်းခင်း ခင်းထားပြီး သစ်လုံးများ ခပ်ကျဲကျဲ ကာရံထားသည့် အချုပ်ခန်းတစ်ခုတွင် အမျိုးသမီးအမတ်လောင်း ၂ ဦးတို့ ၂၁ ရက်ကြာ နေထိုင်ကြရသည်။ ဦးမင်းအောင်ကိုမူ  အခြားတစ်နေရာတွင် ခွဲထားသည်ဟု ဆိုသည်။ 

ရက် ၂၀ ကျော် ကြာသည့်အခါ တောင်အောက်ရှိ မူလခေါ်ဆောင်စဉ်က ၁၀ ရက်ကြာနေထိုင်ခဲ့သည့် နေရာသို့ AA တပ်ဖွဲ့၀င်တို့က ပြန်ပို့ပြီး အကျယ်ချုပ်သဘောမျိုး နေထိုင်စေကြောင်း အမတ်လောင်းတို့ထံမှ သိရသည်။

သူတို့သုံးဦးထိန်းသိမ်းခံနေရမှုမှာ နိုင်ငံတကာသတင်းဖြစ်ခဲ့ပြီး ပြည်တွင်းတွင်လည်း အများစိတ်၀င်စားခဲ့ကြသည်။ သို့သော်လည်း AA က သူတို့ကို မည်သို့မည်ပုံ ထိန်းသိမ်းထားသည်ဆိုသည်မှာ ပဟေဠိဖြစ်နေခဲ့သည်။ 

AA အဖွဲ့သည် NLD ပါတီ၀င်တို့ကို ယခင်ကလည်း ခေါ်ဆောင်သွားခဲ့ဖူးသည်။ ၂၀၁၉ နှစ်ကုန်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်းသည် ၂ ပတ် အကြာတွင် သေဆုံးသွားခဲ့သည်။ ဥက္ကဋ္ဌသေဆုံးခြင်းမှာ တိုက်ပွဲအတွင်း ပစ်ခတ်ခံရသောကြောင့်ဖြစ်သည်ဟု AA က ကြေညာခဲ့သည်။ သို့သော်လည်း သေဆုံးရသည့်အကြောင်းရင်းကို သီးခြားအတည်ပြုနိုင်ခြင်း ယနေ့တိုင် မရှိသေးပေ။

ဦးရဲသိန်း၏ဖြစ်ရပ်ဆိုးရှိခဲ့ဖူးသောကြောင့် အမတ်လောင်းသုံးဦးအတွက် စိုးရိမ်ခဲ့ကြသည်။

ဒေါ်ချစ်ချစ်ချောက ၎င်းတို့ကို ထိန်းသိမ်းထားသောနေရာနှင့် အလှမ်းမဝေးသည့် နေရာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကို ရွေးကောက်ပွဲမကျင်းပမီရက်ပိုင်းအထိ နေ့စဉ် ကြားနေခဲ့ရသည်ဟု ပြောသည်။

ရိုက်နှက်ခံရမှု 

ဖမ်းဆီးပြီး ရက်အနည်းငယ်အကြာတွင် AA က ၎င်းတို့ ၃ ဦးကို သီးခြားစီ ခေါ်ယူပြီး ပါတီကိစ္စများ၊ တပ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ပုဂ္ဂိုလ်ရေးကိစ္စများကို စစ်မေးခဲ့သည်။ 

“ဘာရယ်လို့လည်း မဟုတ်ဘူး။ မေးတယ်၊ မှတ်တယ် ဒီလောက်ပါပဲ။ ဘယ်အရာကြီးကို အရမ်းသိချင်တယ်၊ တစ်ခုခုကို သိရမှဖြစ်မယ်ဆိုတာမျိုးလည်း မဟုတ်ဘူး” ဟု ဒေါ်နီနီမေမြင့်က ပြောသည်။

ဒေါ်နီနီမေမြင့်သည် ၂၀၀၇ ရွှေဝါရောင်သံဃအရေးအခင်းပြီးသည့်နောက် နိုင်ငံရေးကို စိတ်ဝင်စားလာခဲ့သည်။ ၂၀၀၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၂၀ ပြည့်ကာလ တောင်ကုတ်မြို့လှုပ်ရှားမှုတွင် ဖမ်းဆီးခံခဲ့ရပြီး ဘူးသီးတောင်အကျဉ်းထောင်တွင် ၃ နှစ်နီးပါး နေခဲ့ရသည်။   

AA ၏ အကျဉ်းသားဘ၀တွင်မူ သူက ရန်ကုန်မြို့တွင် နေထိုင်သည့် ခင်ပွန်းနှင့် ၄ နှစ်ကျော်အရွယ် သမီးလေးအတွက် လှမ်းပြီး စိတ်ပူမိသည်ဟု ဒေါ်နီနီမေမြင့်က ပြောသည်။

“အမြဲတမ်းပဲ သွားတဲ့လူနဲ့ ကျန်ခဲ့တဲ့လူမှာ ကျန်ခဲ့တဲ့လူက ပိုပူတယ်ဆိုတော့ အပြင်ကိုပဲ ပိုပူတာပေါ့။ ကိုယ့်ကိုကိုယ်လည်း မပူတာတော့မဟုတ်ဘူး။ တစ်ခါတစ်ခါမှာ ကိုယ့်ကိုကိုယ်ထက် အပြင်ကိုပဲ ပိုပြီးတော့ စိတ်ကရောက်နေတာ” ဟု ၎င်းက ပြောသည်။

တတ်နိုင်သမျှ ကျန်းမာအောင် ဂရုစိုက်သည်၊ နေရာထိုင်ခင်း အခက်အခဲအချို့ရှိသော်လည်း အဆင်ပြေအောင် နေထိုင်ခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရခေတ် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ ဦးမင်းအောင်ကတော့ AA တပ်ဖွဲ့၀င်တို့က အောက်တိုဘာ ၂၉ နှင့် ၃၀ တွင် ၎င်းကို စစ်မေးစဉ် နှိပ်စက်ကြသည်ဟု ဆိုသည်။ 

“သူတို့မေးတာတွေ ဖြေရတယ်။ အလိုမကျတော့ ရိုက်တာပေါ့။ ကျောကုန်းကို ၁၅ ချက်လောက် အရိုက်ခံခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

အဓိကစစ်မေးသည့် အကြောင်းအရာများမှာ  ဦးမင်းအောင် ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးအဖြစ် ၂ နှစ်တာ တာဝန်ယူခဲ့စဉ်အတွင်း AA အဖွဲ့ကို ထိခိုက်နစ်နာအောင် လုပ်ဆောင်ခဲ့ခြင်းရှိမရှိနှင့် အဂတိလိုက်စားမှုများရှိမရှိ တို့ကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ဒေါ်နီနီမေမြင့်နှင့် ဦးမင်းအောင်တို့နည်းတူ ထူးထူးခြားခြားမေးမြန်းခံရခြင်း မရှိကြောင်း ၃၃ နှစ်အရွယ် ဒေါ်ချစ်ချစ်ချောက ပြောသည်။

ကျန်နှစ်ဦးနှင့် မတူသောအချက်မှာ ဒေါ်ချစ်ချစ်ချောသည် ၂၀၂၀ တွင်မှ ရွေးကောက်ပွဲ၀င်သည့် အတွေ့အကြုံရှိသူဖြစ်သည်။ ၂၀၁၁ တွင် NLD ပါတီသို့ ဝင်ရောက်ခဲ့သည်။   

နေ့စဉ် ထမင်းနှစ်ကြိမ် ကျွေးပြီး အများအားဖြင့် ဒေသအခေါ် ဟင်းလှော်ဟု ခေါ်သည့် အသီးအရွက်ဟင်းများကိုသာ စားသောက်ကြရသည်။

“မနက် ၇ နာရီ၊ ၈ နာရီလောက်ကစားပြီး တစ်နေ့လုံး ဗိုက်ဆာနေတဲ့အချိန်မှာ မနက်ကလည်း ဟင်းတစ်မျိုးတည်း စားခဲ့ရတော့ ညနေတော့ ဟင်းလေး တိုးပါမလားပေါ့၊ အရမ်းမျှော်လင့်နေတဲ့အချိန်မှာ ညနေကျတော့လည်း ဟင်းလှော်ကလေးဆိုတော့ ဘယ်လိုပြောမလဲ၊ ထမင်းစားရမယ့်အချိန်တွေကို ကြောက်လာတာလည်း ရှိခဲ့တာပေါ့” ဟု ဒေါ်ချစ်ချစ်ချောက ပြောသည်။

ထို့အပြင် အောက်တိုဘာလ မိုးမကုန်သေးသည့်အတွက် မိုးသည်းသည့်ညများဆိုလျှင် ဘေးမှ မိုးပက်သည့်အတွက် အချုပ်ခန်းအလယ်တွင် နှစ်ဦးသားကပ်ပြီး ထိုင်ခဲ့ရသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ရက်များကြာလာသည်အမျှ မခံချင်စိတ်၊ ဝမ်းနည်းစိတ် ဖြစ်လာကြပြီး မိသားစုဝင်များကြောင်းကို အပြန်အလှန်ပြောဆိုခဲ့ကြသည်။

“နီနီဆိုရင် သူ့သမီးလေးအကြောင်း ပြောတယ်။ ကျွန်မဆိုရင် ကိုယ့်အမေအကြောင်း ပြောတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြန်ပြီးတော့ နှစ်သိမ့်တယ်။ တခါတလေဆိုရင် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျပြီးတော့ ဒေါမနဿဖြစ်တာပေါ့” ဟု ဒေါ်ချစ်ချစ်ချောက ပြောသည်။

အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ကို စောင့်ကြည့်ရသည့် ကလေးမလေးများနှင့် အနည်းငယ်ရင်းနှီးလာပြီး နိုင်ငံရေးဟာသများကိုပြောရင်း အတူတူရယ်မောကြသည်ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံထားရသည့်  ၇၉ ရက်အတွင်း AA တာဝန်ရှိသူများက ပေးဖတ်သည့် စာအုပ်များနှင့် အချိန်ကုန်ဆုံးခဲ့ကြသည်။

ဒေါ်နီနီမေမြင့်က အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်အကြောင်းရေးသားထားသည့်စာအုပ်၊ အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး ဂန္ဒီအကြောင်းစာအုပ်၊ ရခိုင်သမိုင်းကြောင်းများအပါအ၀င် စာအုပ်ပေါင်း ၅၀ ခန့် ဖတ်ရှုခဲ့သည်ဟု ပြောသည်။

ပြန်လွတ်ပြီ

ဒီဇင်ဘာ ၃၀ ရက်နေ့ ၊ နံနက် ၁၁ နာရီခန့်တွင်တော့ တာဝန်ရှိသူတစ်ဦးက ၎င်းတို့ကို တောင်တက်လေ့ကျင့်ထားရန် ထူးထူးဆန်းဆန်း ပြောလာသည့်အတွက် ပြန်လွတ်တော့မည့် အရိပ်အယောင်ဟု ယူဆမိကြောင်း ဒေါ်နီနီမေမြင့်က ပြောသည်။

“၁ ရက်နေ့ကိုတော့ လွှတ်လောက်ပါရဲ့လို့ ထင်တယ်။ ညနေလည်းကျရော အထုပ်ထုပ်၊ အထုပ်ထုပ်ဆိုပြီးတော့ ဟယ် အခုချက်ချင်းလားဆိုတော့ ဟုတ်တယ်၊ အခုသွားရတော့မယ်ဆိုတော့ အဲဒီမှာ ၃၀ ရက်နေ့ ၅ နာရီလောက်က ပြန်ပြီးတော့ လွှတ်လိုက်တယ်” ဟု ဒေါ်နီနီမေမြင့်က ပြောသည်။

အလာခရီးအတိုင်းပင် အပြန်ခရီးကလည်း ပင်ပန်းခဲ့သည်။ ခြေလျှင်ခရီးဖြင့် တောတောင်များကို ၂ ရက်ကြာ ဖြတ်သန်းရပြီး တောထဲ၌ပင် ညအိပ်ခဲ့ရသည်။

၂၀၂၁ ဇန်နဝါရီ ၁ ရက် နံနက်အစောပိုင်းတွင်တော့ ၎င်းတို့ကို တောင်ခြေတွင် အသင့်စောင့်နေသည့် ကားဖြင့် မြေပုံမြို့နယ်၊ မီးချောင်းတက်ကျေးရွာသို့ ခေါ်ဆောင်လာခဲ့ကြသည်။

စတင်ဖမ်းဆီးစဉ်က ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ဖြစ်ပြီး ပြန်လွှတ်သည့် နေရာမှာ ထိုမြို့နှင့် မိုင် ၁၅၀ ဝန်းကျင်ဝေးသည့် မြေပုံမြို့နယ်အတွင်းဖြစ်သည်။

မီးချောင်းတက်ရွာရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် နေရာထိုင်ခင်းများစီစဉ်ထားပြီး မွန်းလွဲ ၂ နာရီခွဲခန့်တွင် AA အရာရှိတစ်ယောက်က တပ်မတော်မှ ဗိုလ်မှူးချုပ်စိုးတင့်ထံ လွှဲပြောင်းပေးသည်။ ထို့နောက် ညနေ ၅ နာရီခန့်တွင် စစ်တွေမြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

လွတ်မြောက်ပြီး ရက်အနည်းငယ်အကြာတွင် သူတို့သုံးဦးလုံး နေအိမ်သို့ ပြန်ရောက်ပြီး မိသားစုနှင့် တွေ့ဆုံခွင့်ရကြပြီဖြစ်သည်။ 

မိသားစုကို အသက်ရှင်လျှက် ပြန်တွေ့နိုင်ပါ့မလားဟု စိုးရိမ်မိခဲ့ကြသော်လည်း တကယ်တမ်းပြန်တွေ့ရမည်ဟု သိရသည့်အခါ ဝမ်းသာမိသည်ဟု ဒေါ်နီနီမေမြင့်က ပြောသည်။

ပြန်လွတ်လာပြီး စစ်တွေရောက်သည့် ညနေတွင် မိသားစုထံ ဖုန်းခေါ်ဆိုခဲ့သည်။ သို့သော် ၄ နှစ်ခွဲအရွယ် သမီးဖြစ်သူက ၂ လကြာ ခွဲခွာခဲ့ရသည့် မိခင်၏ အသံကို ရုတ်တရက် မမှတ်မိ၍ ဝမ်းနည်းမိကြောင်း ၎င်းက ပြောသည်။

“မေမေ ဆက်နေတာလေဆိုတော့ ကလေးက ဘယ်သူလဲ၊ မေမေက မရှိဘူးလေဆိုပြီး ဆန်ကျင်ဘက်တွေချည်းပဲ ပြန်ပြောတော့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတာပေါ့” ဟု ဒေါ်နီနီမေမြင့်က ပြောသည်။

ရွေးကောက်ပွဲ

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) အများစုအနိုင်ရခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ ခုနှင့် အခြားမြို့နယ်လေးမြို့နယ်မှ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၂၁ တွင် ရခိုင်ပြည်နယ်၏ အင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) က တောင်ကုတ်မြို့တွင် အင်အားအလုံးအရင်းနှင့် မဲဆွယ်စည်းရုံးခဲ့သည်။ 

၂၀၁၅ ခုနှစ်က NLD အနိုင်ရရှိခဲ့သည့် တောင်ကုတ်မြို့တွင် ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သုံးနေရာလုံးကို ANP က အနိုင်ရသွားသည်။

AA ၏ ၀င်ရောက် ခေါ်ဆောင် ဖမ်းဆီးမှု ပေါ်ပေါက်မလာဘဲ မဲဆွယ်ယှဉ်ပြိုင်ခွင့် အပြည့်အဝရပါက ရလဒ်က ပြောင်းပြန်ဖြစ်မည်ဟု ဒေါ်နီနီမေမြင့်က ယူဆသည်။ အမျိုးသားလွှတ်တော်နေရာအတွက် ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်က မဲ ၆၀၀ ဝန်းကျင် အသာဖြင့် နိုင်သွားခဲ့သည်။ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်တို့တွင်လည်း ထိုပမာဏလောက်ပင် မဲရလဒ်ကွာခြားခဲ့ရာ ဒေါ်ချစ်ချစ်ချောက လွတ်လပ်စွာ မဲဆွယ်ယှဉ်ပြိုင်ခွင့်သာရရှိပါက အနိုင်ရမည်ဟု ဆိုသည်။

ANP အနိုင်ရရှိမှုအတွက် ဂုဏ်ပြုကြောင်း၊ တက်လာမည့် ကိုယ်စားလှယ်များကလည်း တောင်ကုတ်မြို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။ 

ကာလအတန်ကြာဖမ်းဆီးခံရခြင်း၊ ရွေးကောက်ပွဲရှုံးနိမ့်ခြင်းတို့ ကြုံရသော်လည်း နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲမည်မဟုတ်ဘဲ NLD နှင့် လက်တွဲပြီး နိုင်ငံရေးလုပ်ငန်းများကို ဆက်လုပ်ကိုင်သွားမည်ဟု လွတ်မြောက်လာသည့် တောင်ကုတ်အမတ်လောင်းများက ပြောသည်။

နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းအရသာ ဖြေရှင်းသင့်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဖမ်းဆီးခြင်းက လူထု၏ဆန္ဒကိုပါ ဆန့်ကျင်ရာရောက်သည်ဟု ဝေဖန်သည်။

“ကိုယ်စားလှယ်လောင်းတွေတောင်မှ အဖမ်းခံရတယ်ဆိုတဲ့ အနေအထားမျိုးမှာ အကြောက်တရားတွေ အများကြီးဝင်ပြီးတော့ မျိုးဆက်သစ်တွေ နိုင်ငံရေးဆက်မလုပ်မှာ စိုးရိမ်တယ်” ဟု ဒေါ်ချစ်ချစ်ချောက ပြောသည်။

သူက လူငယ်များ၊ အမျိုးသမီးများကို အားပေးစကားပြောတတ်သူဖြစ်သည်။ တောထဲတွင် တွေ့ခဲ့သော အမျိုးသမီးစစ်သည်များကိုလည်း အရည်အသွေးဖြည့်ထားသင့်ကြောင်း၊ စာအုပ်များမှလည်း ဗဟုသုတရှာဖွေ သင်ယူနိုင်ကြောင်း၊ အမျိုးသမီးများလည်း  ခေါင်းဆောင်နေရာရလာပြီး စီမံခန့်ခွဲခွင့်များရှိလာကြောင်း ပြောဆိုဖြစ်သည်ဟု ဒေါ်ချစ်ချစ်ချောက လွတ်မြောက်လာပြီးနောက် သူ၏ Facebook စာမျက်နှာတွင် ရေးခဲ့သည်။ 

အမျိုးသမီးစစ်သည်တော်များ စာအုပ်ကိုင်ထားကြသည်ကို မြင်ရသည်မှာ ကြည်နူးဖွယ်ဖြစ်သည်ဟု သူက ဆိုသည်။

ဦးမင်းအောင်ကလည်း ချုပ်နှောင်ထားစဉ်ကာလအတွင်း လူငယ်တပ်သားတစ်ဦးက အရာရှိများမသိအောင် စကားလာပြောကြောင်း၊ တပ်နှင့် AA  အပစ်ရပ်ထားပြီး ဆွေးနေသည့်အတွက် မကြာခင် ငြိမ်းချမ်းရေးရမည်ဟု ပြောသည့်အခါ တပ်သားလေးက မကျေမချမ်းဖြစ်သွားကြောင်း ပြောပြသည်။

“ကျနော်တို့က လွတ်လပ်ရေးအတွက် တိုက်နေတာလေတဲ့။ အဲလို ညှိနိုင်းလို့ရသွားရင် ငြိမ်းချမ်းရေးရသွားရင် လွတ်လပ်ရေးအတွက် တိုက်ရင်းသေသွားတဲ့ ကျနော်တို့ ရဲဘော်တွေအတွက် ဘယ်လောက် ရင်နာစရာကောင်းသွားပြီလဲ၊ အဲလိုဆိုရင် ကျနော်တို့ထွက်ပြေးမယ်၊ ကျနော်တို့သူငယ်ချင်းတွေကို ဘယ်လို မျက်နှာပြရမှာလဲတဲ့လေ။ ငြိမ်းချမ်းရေးရသွားရင်တော့ မြို့နားရွာနားတွေမှာ နေရမှာပေါ့ကွာ မပြေးပါနဲ့လို့ နှစ်သိမ့်လိုက်ရပါတော့တယ်” ဟု ဦးမင်းအောင်က ပြောသည်။

နိုင်ငံရေးသားကောင်

အမတ်လောင်းတို့ ဖမ်းဆီးခံရသည့်နေ့မှစပြီး NLD က ကြေညာချက် သုံးကြိမ်ထုတ်ပြန်၍ သူတို့ ၃ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ 

နောက်ဆုံးအကြိမ်ထုတ်ပြန်သည့်နေ့မှာ ဒီဇင်ဘာ ၂၉ ရက်ဖြစ်ပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးရန် AA က အသင့်ဖြစ်နေခဲ့သည်။

AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းဌာနများကို ဖြေကြားရာတွင် ဒီဇင်ဘာ ၃၀ ရက်က AA နှင့် တပ်မတော်တို့ အင်တာနက်မှတဆင့် ဆွေးနွေးမှု၏ အကျိုးရလဒ်ဟု လွှတ်ပေးသည့်နေ့တွင် ပြောခဲ့သည်။ ဇန်နဝါရီ ၁ တွင် တပ်ကလည်း အလားတူ ထုတ်ပြန်ခဲ့သည်။

ရက်ပေါင်း ၇၀ ကျော် ဖမ်းဆီးခံခဲ့ရသည့် အမတ်လောင်း ၃ ဦးလုံး နေအိမ်ပြန်ရောက်၍ မိသားစုနှင့်အတူတူ ရှိနေကြပြီဖြစ်သည်။ 

ခေါ်ယူထိန်းသိမ်းထားခဲ့ခြင်းမှာ စစ်ရေး၊ နိုင်ငံရေးနှင့် တော်လှန်ရေးလိုအပ်ချက်အရ ဖြစ်သည်ဟု ဇန်နဝါရီ ၁ ရက် ထုတ်ပြန်ချက်တွင်လည်း AA က ထည့်သွင်းရေးသားထားသည်။

ထိုမှတ်ချက်မှာ အဓိပ္ပာယ်မဲ့သည်ဟု NLD ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး မုံရွာအောင်ရှင်က သုံးသပ်သည်။

"တော်လှန်ရေးအတွက် အလုပ်လုပ်တဲ့ အင်အားစုက ဒီလိုမျိုး အပြစ်မဲ့ပြည်သူတွေကို နှိပ်စက်ကလူ ပြုတာမျိုးကတော့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ တော်လှန်ရေးအတွက်၊ သူတို့ရည်မှန်းချက်အတွက် လမ်းလွဲနေတယ်လို့ ကျွန်တော်ထင်တယ်”ဟု ၎င်းက ပြောသည်။

မည်သည့် နိုင်ငံရေးလိုအပ်ချက်အရ ဖမ်းဆီးရသည်ဆိုသည်ကို ရခိုင့်တပ်တော်ဘက်မှ တိတိကျကျ ရှင်းလင်းပြရန် လိုအပ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ သို့သော်လည်း ပြန်လွှတ်ပေးလိုက်သည့်အတွက် ကြိုဆိုကြောင်း မုံရွာအောင်ရှင်က ပြောသည်။

ဦးမင်းအောင်ကို စစ်ဆေးစဉ်က ၎င်းကို ဘာကြောင့်ဖမ်းသည်ကို သိသလားဟု စစ်ကြောသူများက မေးမြန်းခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် စစ်ကြောရေးလုပ်နေသည့် နေရာသို့ အဆိုပါနေရာ၏ တာဝန်ခံ ဗိုလ်မှူးကြီးဒေါင်းရန်ဆိုသူ ရောက်လာခဲ့သည်ဟု ဦးမင်းအောင်က ဆိုသည်။

“ရောက်လာတော့ ဘာစကားပြောလဲဆိုတော့ မင်းတို့ကိုဖမ်းထားရတာ နိုင်ငံရေးအရ သိက္ခာအကျခံပြီးတော့ ဖမ်းထားရတာဆိုတဲ့ စကားကိုတော့ ပြောသွားတယ်” ဟု ဦးမင်းအောင်က ပြောသည်။

သို့သော် အမှန်တကယ် ဖမ်းဆီးရသည့် အကြောင်းအရင်းကိုတော့ တိတိကျကျ မသိခဲ့ရကြောင်း အမတ်လောင်း ၃ ဦးလုံးက ဆိုကြသည်။ 

“အမှန်တကယ်တော့ ကျွန်မတို့က မြေစာပင်ပေါ့နော်၊ သားကောင်ပေါ့။ နိုင်ငံရေးရဲ့ လက်ရှိအနေအထားမှာ သားကောင်ဖြစ်သွားတာပေါ့” ဟု ဒေါ်နီနီမေမြင့်က ပြောလိုက်သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading