ရဲဘက်အကျဉ်းသားများ ကိုဗစ်ကပ်ဘေးကာလအတွင်း ကုန်ထုတ်နေရဆဲဖြစ် 

ရဲဘက်စခန်းများသို့ ရောက်ရှိလာသော အကျဉ်းသား၊ အကျဉ်းသူများသည် အလုပ်နှင့်ထောင်ဒဏ် ကျခံနေရသူများဖြစ်၍ ကျောက်မိုင်းလုပ်ငန်းခွင်တွင် လူအင်အားဖြင့် တစ်နေ့ ၈ နာရီနီးပါး လုပ်ကိုင်ရပြီး ယခု ကိုဗစ်ကာလတွင်ပါ လုပ်ငန်းရပ်နားခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေကြရသည်

P
Published on Jan 18, 2021
မန္တလေး ထုံးဘိုကျောက်ထုတ်စခန်းတွင် အကျဉ်းသားကျောက်ထုတ်နေသည့်မြင်ကွင်း။ (ဓာတ်ပုံ-ဆွေဝင်း/Myanmar Now) 
မန္တလေး ထုံးဘိုကျောက်ထုတ်စခန်းတွင် အကျဉ်းသားကျောက်ထုတ်နေသည့်မြင်ကွင်း။ (ဓာတ်ပုံ-ဆွေဝင်း/Myanmar Now) 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူ့ဂုဏ်သိက္ခာနှင့်မညီသော အပြစ်ပေးမှုမပြုရဟု တားမြစ်ထားသော်လည်း မြန်မာနိုင်ငံရှိ ရဲဘက်အကျဉ်းစခန်းများက အကျဉ်းသားများသည် ကိုဗစ်နိုင်တင်းကပ်ရောဂါဘေးကြားမှပင် အန္တရာယ်ရှိသည့် ကျောက်မိုင်းများတွင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်နေရဆဲဖြစ်သည်။ 

ထိုကျောက်မိုင်းများမှ ထွက်ရှိလာသော ကျောက်ကို ဆောက်လုပ်ရေးကုမ္ပဏီများ ဝယ်ယူခြင်းဖြစ်ရာ ရဲဘက်အကျဉ်းစခန်းများမှ ရရှိလာသော ငွေကြေးများသည် နိုင်ငံတော်ဘဏ္ဍာထဲသို့ မည်သို့ရောက်ရှိသည်လဲဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုကျေးရွာရှိ ကျောက်ထုတ်လုပ်ရေး ထုံးဘိုကုန်ထုတ်စခန်း (ရဲဘက်စခန်း) သို့  ရောက်ရှိလာသော ရဲဘက်အကျဉ်းသားများသည် တနင်္ဂနွေမှအပ အပတ်စဉ် တစ်နေ့လျှင် ၈ နာရီနီးပါး ဗြုန်းကျောက်ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်ကြရသည်။ 

၂၀၂၀ မတ်လ နောက်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းကမ္ဘာ့ကပ်ရောဂါကြောင့် အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခြင်း ကန့်သတ်ခဲ့သည်။

သို့သော်လည်း အကျဉ်းဦးစီးအောက်ရှိ ထုံးဘိုကုန်ထုတ်စခန်း၏ ကျောက်ထုတ်လုပ်ခြင်းမှာမူ ရပ်နားခြင်းမရှိဘဲ အကျဉ်းသူ၊ အကျဉ်းသားများဖြင့် ပုံမှန်ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။ 

"အခုလို အလုပ်ကြမ်းလုပ်ရတော့ စိတ်ပူတာပေါ့။ ဒါပေမဲ့ လွတ်ဖို့တော့ သိပ်မလိုတော့ပါဘူး” ဟု အကျဉ်းကျခံနေရသည့် မိခင်အတွက် လိုအပ်သော ဆေးနှင့်အစားအစာတို့ လာပို့ပေးသော အမျိုးသမီးတစ်ဦးက ပြောသည်။ 

၎င်း၏မိခင်မှာ လောင်းကစားမှုဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ပြစ်ဒဏ်ကျခံခဲ့ရပြီး မန္တလေးအိုးဘိုထောင်၌ ရှစ်လနေခဲ့ပြီးနောက် ထုံးဘို (အမျိုးသမီး) ကျောက်ထုတ်စခန်းကို ရောက်ရှိလာသူ ဖြစ်သည်။ 

မန္တလေး - ပြင်ဦးလွင်ကားလမ်းပေါ်ရှိ ထုံးဘိုကုန်ထုတ်စခန်း (၁)၊ (၂) တွင် အကျဉ်းသားအရေအတွက် စုစုပေါင်း ၅၀၀ ဝန်းကျင်ရှိပြီး အများစုမှာ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ကျခံထားရသူများဖြစ်ကာ သက်ဆိုင်ရာထောင်မှ လွတ်ရန် တစ်နှစ်၊ နှစ်နှစ်သာ ကျန်တော့သူများဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။ 

ခန့်မှန်းခြေ ဧက ၁,၀၀၀ နီးပါး ရှိနိုင်သော ထုံးဘိုကုန်ထုတ်စခန်းသို့ ရောက်လာသော အကျဉ်းသားများ၏ တာဝန်မှာ ကျောက်တောင်ကြီးများကို မိုင်းခွဲ၍ ဗြုန်းအရွယ်ကျောက်တုံးလေးများဖြစ်သည်အထိ ကြိတ်ခွဲ လုပ်ကိုင်ရခြင်းဖြစ်သည်။ 

ထုံးဘို (၁) ကုန်ထုတ်စခန်းအတွင်းရှိ ပေ ၁,၀၀၀ ခန့်အမြင့်ရှိသော ကျောက်တောင်ကြီးများပေါ် အကျဉ်းသားအချို့က ကြိုးများဖြင့် တွယ်တက်ပြီး ကျောက်သားများကို ဂန်းဖြင့် ထိုးဖောက်ခြင်း၊ မိုင်းခွဲရလာသော ကျောက်တုံးကြီးများအား ကြိတ်ခွဲစက်အတွင်း ကြိတ်နိုင်သည့်အဆင့်ဖြစ်အောင် တူဖြင့် ပြန်လည်ထုခွဲခြင်း၊ ကျောက်ကြိတ်ခွဲစက်သို့ သယ်ပို့ခြင်း၊ ဗြုန်းကျောက်ငယ်များဖြစ်ရန် ထပ်မံကြိတ်ခွဲခြင်းတို့ လုပ်ကိုင်ကြရသည်။ 

ထိုကဲ့သို့ ကြမ်းတမ်းသည့်လုပ်ငန်းခွင်တွင် လူကို ရောမခေတ်ကျွန်များကဲ့သို့ သုံးစွဲသဖြင့် နှစ်စဉ် အကျဉ်းသားများသေဆုံးခြင်း၊ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး ဒီမိုကရေစီနိုင်ငံရေးစနစ်သို့ လွန်ခဲ့သည့် ၁၀ နှစ်က ကူးပြောင်းခဲ့သော်လည်း ထိုအခြေအနေမှာ ပြောင်းလဲခြင်းမရှိသေးကြောင်း Myanmar Now က ဆောင်းပါးများ မကြာသေးမီနှစ်များက ရေးသားခဲ့သည်။ 

ကျောက်ထုတ်စခန်းများတွင် ကျောက်များထုတ်လုပ်ရောင်းချသဖြင့် နှစ်စဉ်ဝင်ငွေ ကျပ်သိန်းထောင်ချီ ရရှိနေသော်လည်း မည်သည့်အတွက်ကြောင့် စက်ယန္တယားများဝယ်ယူပြီး လုပ်ကိုင်ခြင်းမရှိသည်ကို မေးမြန်းရာတွင် အကျဉ်းဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်းစွာ မဖြေကြားနိုင်ပေ။

လူအင်အား အများအပြားသုံးစရာမလိုဘဲ စက်ယန္တယား အဓိကအသုံးပြု ပုဂ္ဂလိကကျောက်မိုင်းလုပ်ငန်းခွင်များရှိ လုပ်သားတစ်ဦး၏ တစ်ရက်ဝင်ငွေသည် ကျပ်တစ်သောင်းမှ နှစ်သောင်းအထိ ရရှိနိုင်သည်။ 

သို့ရာတွင် အကျဉ်းဦးစီးပိုင် ကျောက်မိုင်းများ၌ ဗြုန်းကျောက်ငယ်များအဆင့် ကြိတ်ခွဲခြင်းမှအပ ကျောက်မိုင်းခွဲခြင်း၊ မိုင်းခွဲပြီး ရလာသော ကျောက်တုံးများအား ကြိတ်ခွဲစက်အတွင်းထည့်နိုင်သည့် အဆင့်ဖြစ်အောင် ထုခွဲခြင်း၊ ကျောက်ဗြုန်းများ သယ်ယူခြင်းလုပ်ငန်းတို့အတွက် စက်ယန္တရားများအစား ပြစ်ဒဏ်ကျ ရဲဘက်အကျဉ်းသားများ၏ လူအားဖြင့် လုပ်ကိုင်ကြရသည်။ 

ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း အကျဉ်းသားများကို လူစုလူဝေးဖြင့် အလုပ်လုပ်နေမှုအပေါ် ပြင်ပမှ ကူးစက်စရာမရှိကြောင်း အကျဉ်းဦးစီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

"ကိုဗစ်က အပြင်က ကူးတာဖြစ်ပြီး ထောင်ထဲမှာ ကူးစရာမရှိဘူးလေ။ ပြီးတော့ ဒီလို ကုန်ထုတ်စခန်းတွေမှာ ထောင်လို မဟုတ်ဘဲ Social Distancing အပြည့်အဝရှိတယ်။ ဘာလို့လဲဆိုတော့ စခန်းတွေမှာ ထားသင့်တဲ့ သတ်မှတ်လူဦးရေထက် အမြဲလျှော့ပြီးပဲ ထားတယ်”ဟု အကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဦးရဲရင့်နိုင်က Myanmar Now ကို ပြောသည်။

ကိုဗစ်နိုင်တင်းကာလအတွင်း ပြင်ပလူများဖြင့် ထိတွေ့မှုမရှိစေရန် ထောင်ဝင်စာတွေ့ခြင်း ကန့်သတ်ထားသည်ဟု အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားသော်လည်း ကျောက်မိုင်းလုပ်ငန်းခွင်မှာမူ ပြင်ပမှ ကျောက်သယ်ကားများ၊ ထွေလာဂျီများ အချိန်နှင့်အမျှ ဥဒဟိုဝင်ထွက်ကာ သွားလာလျက်ရှိနေသည်ကို Myanmar Now က တွေ့ရှိခဲ့ရသည်။

ထို့ပြင် ကျောက်မိုင်းခွဲသည့်ဧရိယာ၌ အလုပ်လုပ်သော အကျဉ်းသားများသည်လည်း လုပ်ငန်းခွင်သုံးဦးထုပ် ဆောင်းထားကြသော်လည်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းနှင့် ၆ ပေအကွာ ခြားပြီး နေထိုင်ရမည့်အချက်တို့ကိုလည်း အများစု လိုက်နာမှုအားနည်းသည်ကို တွေ့ရသည်။ 

နှာခေါင်းစည်း( Mask) တပ်၍ ကျောက်တောင်ပေါ်ရှိ ကျောက်သားများကို ဂန်းဖြင့်ထိုးရခြင်းသည် အလုပ်လုပ်ရန် အဆင်မပြေဘဲ Mask ကြောင့် အသက်ရှုပိုကြပ်စေသည်ဟု ပုဂ္ဂလိကကျောက်မိုင်းတစ်ခုမှ ဂန်းထိုးလုပ်သား ကိုသိန်းက သူ့အတွေ့အကြုံကို ပြောသည်။ 

အကျဉ်းဦးစီးဌာန၏ လုပ်ငန်းစဉ် ၈ ရပ်တွင် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်သော်လည်း ကပ်ရောဂါကာလအတွင်း ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို တိကျစွာလိုက်နာရန်လိုအပ်သည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က္ကဋ္ဌ ဦးလှမြင့်က Myanmar Now ကို ပြောသည်။ 

"အကျဉ်းဦးစီးဆိုတာက အကျဉ်းသားတွေကို ဒီလိုပဲခိုင်းနေကျဆိုတော့ ဒါက လက်ခံပြီးသားအလေ့အကျင့် (Practice) ဖြစ်လို့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ဒီလိုအချိန်မှာ ရောဂါကာကွယ်ရေးစည်းကမ်းမလိုက်နာလို့ ကိုဗစ်ကူးပြီး ထိန်းမရ၊ သိမ်းမရဖြစ်ရင် သူတို့တာဝန်ဖြစ်မယ်။ ဒီလိုခိုင်းခြင်းအားဖြင့် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်မယ်။ အကျိုးရော ရှိမှာလား။ ဒါက စဉ်းစားရမဲ့အရာပါ” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ "ကပ်ရောဂါကာလမှာ အကျဉ်းသားတွေကို ခုလိုစေခိုင်းတာက လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ တိုင်းတာတာထက် ကိုဗစ်ကော်မတီက ထုတ်ထားတဲ့ စည်းကမ်းတွေနဲ့ ညီဖို့ပဲ လိုတယ်။ စည်းကမ်းနဲ့ မညီဘူးဆိုရင်တော့ Right to Health (ကျန်းမာရေးဆိုင်ရာအခွင့်အရေး)ကို ထိမှာပေါ့” ဟု ဦးလှမြင့်က ထောက်ပြသည်။ 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကိုဗစ်နိုင်တင်းကူးစက်ရောဂါဖြစ်ပွားမှု မတိုင်မီ ၂၀၂၀ ဖေဖော်ဝါရီအထိ အကျဉ်းထောင်များ၊ ကုန်ထုတ်စခန်းများနှင့် လူငယ်သင်တန်းကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့သော်လည်း ကိုဗစ်ကြောင့် မတ်လနောက်ပိုင်းမှစ၍ စစ်ဆေးခြင်းလုပ်ငန်းများ ရပ်နားထားရသည်မှာ ယနေ့အထိဖြစ်သည်။ 

အဆောက်အဦနှင့် လမ်းတံတားခင်းခြင်းစသော ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော ကျောက်ဗြုန်းများအား အကျဉ်းသားများ၏ လုပ်အားဖြင့် ကြိတ်ခွဲထုတ်လုပ်သလို အကျဉ်းသားများ စားသောက်ရေးရန်ပုံငွေအတွက် ကုန်ထုတ်စခန်းများ(ကျောက်ထုတ်စခန်း)က နှစ်စဉ် စခန်းတစ်ခုလျှင် ကျောက်ကျင်း ၆,၀၀၀ ခန့် ဌာနသို့ ပြန်လည်ပေးသွင်းရသည်ဟု အကျဉ်းဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ၌ အသုံးများဆုံးဖြစ်သော ၃ မူးဆိုဒ် ကျောက်ဗြုန်းတစ်ကျင်း  (၈ပေ×၇ ပေ)အရှည်ရှိ ထွေလာဂျီတစ်စီးစာ) လျှင် သုံးသောင်းကျပ်ဝန်းကျင် ပေါက်ဈေးရှိသည်ဟု ပုဂ္ဂလိကကျောက်ခွဲစက်များမှ သိရသည်။

အကျဉ်းဦးစီးဌာန တရားဝင်စာရင်းများအရ တစ်နိုင်ငံလုံးတွင် အကျဉ်းသား ၂ဝ,ဝဝဝ ခန့်၏ လုပ်အားကို အသုံးပြု၍ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသော ရဲဘက်အကျဉ်းစခန်း ၄၈ ခုရှိသည်။

P

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading