အမုန်းစကားနှင့် သတင်းမှား ဖြန့်ဝေသူတို့ TikTok မှာ ကျက်စားလာ

လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်ချက်များ၊ အစွန်းရောက်ဝါဒီများ၊ လုပ်ကြံသတင်းများသည် Facebook, VK တို့အပြင် ရေပန်းစားလာသည့် TikToK လူမှုကွန်ရက်ပေါ်သို့  အလုံးအရင်းနှင့် ရောက်လာသည်

Published on Jan 17, 2021
TikTok ပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် အမုန်းစကားနှင့် သတင်းတု၊ သတင်းမှားအချို့ 
TikTok ပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် အမုန်းစကားနှင့် သတင်းတု၊ သတင်းမှားအချို့ 

ရေပန်းစားလာသည့် TikTok လူမှုကွန်ရက်ကို မြန်မာနိုင်ငံတွင် အပျော်အသုံးပြုခြင်းသာမက လူမျိုးရေး၊ ဘာသာရေးခွဲခြားသည့် အကြောင်းအရာများ အပါအဝင် နိုင်ငံရေးဝါဒဖြန့်ချိရန်၊ အမုန်းစကား၊ သတင်းတုနှင့် လုပ်ကြံသတင်းများ ဖြန့်ဖြူးရန် အသုံးချလာကြသည်ကို တွေ့ရသည်။ 

သီချင်းထဲမှ စာသားများ၊ ရုပ်ရှင်ဗီဒီယိုထဲမှ ပြောစကားများ၊ အသံများကို ယူကာ စက္ကန့်ပိုင်းမှ  ၁ မိနစ်အထိရှိသည့် ဗီဒီယိုအတိုများ ပြုလုပ်ဖန်တီးကာ ဖြန့်ဝေနိုင်သော TikTok ကို မြန်မာနိုင်ငံတွင် သုံးစွဲသူ နေ့စဉ်နှင့်အမျှ တိုးတက်နေသည်။

၂၀၁၆ တွင် တရုတ်နိုင်ငံ၌ စတင်အခြေပြုခဲ့သည့် TikTok သည် ၂၀၂၀ တွင် ကမ္ဘာတစ်ဝန်း၌ သုံးစွဲသူ သန်း ၈၀၀ အထိ ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် သုံးစွဲသူအရေအတွက် မည်မျှရှိသည်ကို မသိရသော်လည်း အထင်ကရ ကြော်ငြာသရုပ်ဆောင် ဖြူဖြူထွေးသည် TikTok တွင် ပရိသတ် ၂.၅ သန်းအထိရှိကာ နိုင်ငံတွင်း TikTok သုံးသူများအနက် ပရိသတ်အများဆုံး ရရှိထားသူတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံတွင် သုံးစွဲသူ ကျယ်ပြန့်များပြားလာသည့်အလျောက် အပျော်သဘောထက် အပျက်သဘောအသုံးပြုသူများ ရှိလာသည်ဟု လူမှုကွန်ရက်စောင့်ကြည့်လေ့လာသူ ကိုမြတ်သူက ဆိုသည်။ 

“ဥပမာ တချို့ဆို တကယ့်သီးသန့် လူမျိုးရေး ဘာသာရေးပြဿနာအတွက်ကို တမင်တကာ ဖန်တီးတာမျိုးလို့တောင် ပြောလို့ရတယ်။ သူတို့ တောက်လျှောက်တင်တဲ့ အကြောင်းအရာတွေသည် လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြားမှာ ပြဿနာဖြစ်စေနိုင်တဲ့အရာမျိုး၊ ပိုပြီးနက်နက်နဲနဲသွေးထိုးတဲ့စကား ဒါမျိုးကိုပဲ တစိုက်မတ်မတ် လုပ်တာမျိုးတွေမြင်ရတယ်” ဟု ရန်ကုန်တွင် နေထိုင်သည့် ကိုမြတ်သူကပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခကို အခြေခံကာ လူမျိုးရေးအမုန်းစကားများကို TikTok ပေါ် ဖြန့်ဝေလာသည်ကို လွန်ခဲ့သော သုံးလခန့်မှစတင်ပြီး တွေ့ရသည်။ 

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှိုင်းထားသည့် TikTok ဗီဒီယိုတစ်ခု ထွက်ပေါ်ခဲ့ပြီးနောက် ထိုအကြောင်းအရာကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ညစ်ညမ်းစွာ ပြောဆိုထားသည့် ဗီဒီယိုအများအပြား ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ရခိုင်နှင့်ဗမာ လူမျိုးရေးအရ အပြန်အလှန် ဆဲဆိုတိုက်ခိုက်ကြသည့် ဗီဒီယိုများ ထောင်နှင့်ချီကာ ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် မြန်မာ ရိုဟင်ဂျာ တိုင်းရင်းသား  ဆိုသည့် TikTok ဗီဒီယိုတစ်ခုနှင့် ယင်းအကြောင်းအရာကို ပြန်လည်တုံ့ပြန်ခဲ့သည့် ဗီဒီယိုများလည်း တွေ့ရကာ နောက်ပိုင်းတွင် ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားမှုအသွင်ဖြင့် အနည်းဆုံး ‌ဗီဒီယိုအတို ၅၀ ခန့် ထပ်မံထွက်ပေါ်လာခဲ့သည်။

“ဘာသာရေးလူမျိုးရေးဆိုင်ရာ အမုန်းစကားတွေကို TikTok အသုံးပြုပြီး ပိုပြီးဖြန့်လာတယ်။ Facebook မှာ ၂၀၁၂၊၂၀၁၃၊၂၀၁၄၊၂၀၁၅ တုံးက တောက်လျှောက် အမုန်းစကားဖြန့်တဲ့ပုံစံမျိုး အတုံးလိုက်အတစ်လိုက် ဖြန့်တဲ့ဟာတွေ အမုန်းစကား ပြောတဲ့ဟာတွေက TikTok ကိုရွှေ့သွားတယ်လို့ ပြောလို့ရတယ်” ဟု ကိုမြတ်သူက ပြောသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ၂၀၁၈ တွင် TikTok စတင်ထိုးဖောက်ခဲ့ပြီးနောက် ဇာတ်နိမ့်ဇာတ်မြင့်နှင့် လူမျိုးရေးခွဲခြားမှု၊ အမျိုးသမီးများကို အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတို့ကို လှုံ့ဆော်အားပေးသော ဗီဒီယိုများကြောင့် မြေပြင်တွင် လူမျိုးရေးပဋိပက္ခများ၊ လူသေဆုံးမှုနှင့် ဒဏ်ရာရခြင်းတို့အထိ ဖြစ်ပွားခဲ့သည့် ဥပမာဖြစ်စဉ်များလည်း ရှိသည်။  

အင်ဒိုနီးရှားနိုင်ငံတွင်လည်း လိင်မှုဆိုင်ရာ ညစ်ညမ်းအကြောင်းအရာများ၊ ဘာသာရေးကို ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ၊ မသင့်လျော်သော အကြောင်းအရာများ ဖြန့်ဖြူးလာမှုကြောင့် အစိုးရက ၂၀၁၈ ဇူလိုင်တွင် TikTok ကို ယာယီပိတ်ပင်ခဲ့သည်။  ကန့်သတ်မည့် အကြောင်းအရာများနှင့်ပတ်သက်၍ TikTok နှင့် အင်ဒိုနီးရှားအစိုးရတို့ သဘောတူညီမှုရပြီးသည့်အခါမှသာ ပြန်လည်ဖွင့်ပေးခဲ့သည်။ 

အလားတူပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း လိင်မှုဆိုင်ရာအကြောင်းအရာများ ပျံ့နှံ့လာမှုကြောင့်၂၀၁၉ နှစ်ဆန်းပိုင်းတွင် TikTok ကို ယာယီပိတ်ပင်ခဲ့ရသည်။ ပါကစ္စတန်နိုင်ငံတွင်လည်း မစင်ကြယ်သောအကြောင်းအရာများ ပျံ့နှံမှုကြောင့်ဟု ဆိုကာ ၂၀၂၀ အောက်တိုဘာတွင် ပိတ်ပင်ခဲ့ပြီး ပြည်တွင်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်မည်ဟု TikTok တာဝန်ရှိသူများက အာမခံခဲ့သည့်အတွက် ၁၀ ရက်အကြာတွင် ပြန်လည်ဖွင့်ပေးခဲ့သည်။

အစွန်းရောက်ဘာသာရေးဝါဒဖြန့်မှုနှင့် လုပ်ကြံသတင်းများ

ပြည်တွင်းနှင့် နိုင်ငံတကာဖိအားများကြောင့် Facebook က ယင်း၏ကွန်ရက်ပေါ်တွင် အမုန်းစကားတိုက်ဖျက်ရေးနှင့် တပ်မတော်နှင့် ဆက်စပ်သည့်အကောင့်များကို အရေးယူဖြုတ်သည့်နောက်ပိုင်း ရုရှားနိုင်ငံ၏ လူမှုကွန်ရက် VK ပေါ် ပြောင်းရွှေ့သွားကြသည့် "အမျိုးသားရေးလှုပ်ရှားသူများ"သည် ယခုအခါ TikTok ကို အလုံးအရင်း အသုံးပြုလာကြသည်​။

အမျိုး ဘာသာ သာသနာကို အလေးထားသင့်ကြောင်း၊ ဗုဒ္ဓဘာသာသည် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေပြီး အခြားဘာသာများ၏ စော်ကားခံနေရသဖြင့် ကာကွယ်စောင့်ရှောက်သင့်ကြောင်း ရည်ညွှန်းထားသည့် ဗီဒီယိုအတိုများကို ဖန်တီးပြီး အမျိုးသားရေးလှုပ်ရှားသူများက TikTok တွင် ဖြန့်ဝေနေကြသည်။

ထို့အပြင် သတင်းအချက်အလက်များကို လိုသလိုပုံဖော်ကာ အမှန်နှင့်အမှား ရောနှောထားသည့် လုပ်ကြံသတင်းတုများ TikTok ပေါ် ပျံ့နှံ့လာသည်ကိုလည်း တွေ့ရသည်။ Facebook ပေါ်တွင် လုပ်ဆောင်သကဲ့သို့ပင် အသုံးပြုသူတချို့သည် နာမည်ကျော်ကြားစေရန်နှင့် လူကြည့်များစေရန် ရည်ရွယ်ချက်ဖြင့် သတင်းတုများ ဖန်တီးဖြန့်ဝေလာကြခြင်း ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ  နိုင်ငံရေးပါတီများကို တိုက်ခိုက်ထားသည့် အကြောင်းအရာများ၊ ပါတီတစ်ခုနှင့်တစ်ခု တိုက်ခိုက်ထားသည့် လုပ်ကြံသတင်းတုများ ရှိလာပြီး နောက်ပိုင်းတွင်  ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲရလဒ်တို့နှင့် သက်ဆိုင်သော သတင်းတုများစွာ ပျံ့နှံခဲ့သည်။  

လတ်တလောတွင် TikTok ပေါ်  ပျံ့နှံ့လာသည်မှာ မျိုးရိုးဗီဇပြောင်းကူးစက်မြန် ကိုဗစ်နိုင်တင်းရောဂါနှင့်ပတ်သက်သည့် သတင်းတုများ ဖြစ်သည်။ “Covid19 ပိုး မျိုးစိတ်ကွဲတွေ့ရှိ လူသားစားတယ်လို့ သတင်းများထွက်ပေါ်” ဆိုသည့် ခေါင်းစဉ်ဖြင့် လူအချို့ အော်ဟစ်ထွက်ပြေးကာ လုံခြုံရေးက တားဆီးပိတ်လှောင်နေသည့် ဗီဒီယိုတစ်ခု ပျံ့နှံ့နေသည်။ 

ယင်းဗီဒီယိုကို Rui Carlota အမည်ရှိ အကောင့်က ဦးစွာတင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဗီဒီယိုမူရင်းတွင် Zombies ဟုသာ ရေးသားထားပြီး ကိုဗစ်နိုင်တင်းရောဂါနှင့် သက်ဆိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ ထိုအကောင့်သည် TikTok တွင် Zombies နှင့်ပတ်သက်သည့် ရိုက်ကွင်းပုံ သရုပ်ဖော် ဗီဒီယိုအတိုများ တင်နေသည်။

အချက်အလက်စစ်ဆေးသူများအတွက် စိန်ခေါ်မှု

TikTok သည် အသစ်ပေါ်လာသည့် ပလက်ဖောင်းတစ်ခုဖြစ်သည့်အတွက် လူမှုကွန်ရက်စောင့်ကြည့်လေ့လာသူများ၊ အချက်အလက်စစ်ဆေးသူများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေကာ စောင့်ကြည့်နိုင်သည့် နည်းလမ်းများကို သုတေသနပြု ရှာဖွေနေကြဆဲဖြစ်သည်။ 

“TikTok ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးရှာဖွေရမှာလဲ၊ ဘယ်လိုမျိုးတုံ့ပြန်ရမှာလည်း လေ့လာတုန်းပေါ့။ ကျွန်တော်တို့အနေနဲ့ ထဲထဲဝင်ဝင် မလေ့လာရသေးတဲ့အတွက် သူတို့ပြောတဲ့စကားတွေ သူတို့ဆီက ပြန့်သွားတဲ့ ဗီဒီယိုတွေက ပြင်ပလူ့အဖွဲ့အစည်းကို ဘယ်လောက်အထိ ထိခိုက်နေလဲဆိုတာ ပြောဖို့ခက်တယ်” ဟု ရန်ကုန်အခြေစိုက် ဖွံ့ဖြိုးမှုအတွက်မြန်မာအိုင်စီတီအဖွဲ့ (MIDO) မှ အချက်အလက်စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ကိုခန့်ဖြိုးလွင်က ပြောသည်။

TikTok အနေဖြင့် ယင်း၏ ပလက်ဖောင်းပေါ်တွင် မည်သည့်ဗီဒီယိုကိုမဆို တင်ခွင့်ပြုထားခြင်းတော့ မဟုတ်ပေ။ TikTok က ထုတ်ပြန်ထားသည့် လူမှုကွန်ရက်စံနှုန်းများတွင် အမုန်းစကားနှင့် လုပ်ကြံသတင်းတုများကို ခွင့်မပြုကြောင်း ကန့်သတ်ထားပြီး အမုန်းစကားဖြစ်စေသည့် ဗီဒီယိုအချို့ ဖြုတ်ချခဲ့သည်ကို တွေ့ရသည်။ 

မြန်မာနိုင်ငံတွင် Facebook ကို အသုံးပြု၍ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေခဲ့သည့် ဖြစ်စဉ်ဥပမာများ ရှိခဲ့သည့်အလျောက် နိုင်ငံအတွင်း ရေပန်းစားလာသည့် TikTok ပေါ်တွင် အလားတူဖြစ်ရပ်များ မရှိစေရန် မည်သို့ကြိုတင်ပြင်ဆင်ထားသည်ကို Myanmar Now က ဇန်နဝါရီ ၈ တွင် အီးမေးဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း TikTok တာ၀န်ရှိသူများထံမှ ယခုသတင်းဖြန့်ချိချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှု မရှိသေးပေ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading