“AA ကို ရခိုင်လူမျိုးတွေထောက်ခံမှု တော်တော်ကြီးနေပြီ”

AA အပေါ် ရခိုင်ပြည်သူများ မည်ကဲ့သို့ သဘောထားရှိကြောင်းကို အမေရိကန်ပြည်ထောင်စု Syracuse University, Maxwell School မှ ပြည်သူ့အုပ်ချုပ်ရေးဘာသာရပ်နဲ့ မဟာဘွဲ့ရရှိထားသည့် အသက် ၃၃ နှစ်အရွယ် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းဇာတိ ကိုအောင်နေမွန်းနှင့် တွေ့ဆုံခြင်း။

Published on Jan 9, 2019
ကိုအောင်နေမွန်း (ဓာတ်ပုံ - Aung Nay Mong facebook)
ကိုအောင်နေမွန်း (ဓာတ်ပုံ - Aung Nay Mong facebook)

၂၀၀၉ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေထဲမှာ လူဦးရေ ၂၀ ကျော်နဲ့ စတင်တည်ထောင်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် (AA) ဟာ တည်ထောင်ပြီး နှစ်အနည်းငယ်အတွင်းမှာ အင်အားထောင်နဲ့ချီ တိုးပွားလာခဲ့ပြီး ကျန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ခြေကုပ်ယူနိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ကျန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်လာခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ရဲကင်းစခန်း ခုကို AA က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော် ကျဆုံးခဲ့ပါတယ်။ AA ရဲ့တိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် အစိုးရက သတ်မှတ်ပြီး အင်အားသုံးချေမှုန်းသွားမယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက သမ္မတရုံးရဲ့ ပုံမှန်အစည်းအဝေးမှာ ပြောကြားလိုက်ပြီး ရခိုင်တိုင်းရင်းသားတွေကိုလည်း AA ကိုထောက်ခံတာ ရပ်တန်းကရပ်ဖို့ သတိပေးခဲ့ပါတယ်။

AA အပေါ် ရခိုင်တိုင်းရင်းသားတွေရဲ့ အမြင်ဘယ်လိုရှိလဲ၊ ဘယ်လောက်ထောက်ခံလည်းဆိုတာကို ရခိုင်တိုင်းရင်းသား အလွတ်တန်း လူမှုရေးသိပ္ပံသုတေသီတစ်ဦးဖြစ်သည့် ကိုအောင်နေမွန်းက Myanmar Now ကိုပြောပြထားပါတယ်။ အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းဇာတိ ကိုအောင်နေမွန်းဟာ မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စု Syracuse University, Maxwell School ကနေပြီး ပြည်သူ့အုပ်ချုပ်ရေးဘာသာရပ်နဲ့ မဟာဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။

မေး။       သမ္မတရုံးဝန်ကြီးဌာနပြောခွင့်ရ ဦးဇော်ဌေးက ရက္ခိုင့်တပ်မတော်AA ကို ရခိုင်တွေမထောက်ခံဖို့ ပြောသွားတဲ့အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။       ကျွန်တော့်သဘောနဲ့ ပြောရမယ်ဆိုရင် အဲဒီလိုပြောတာက ကြံရာမရလို့ လျှောက်ပြောနေတယ်လို့ ပြောရမယ်။ လူတွေရဲ့ စိတ်ခံစားချက်အရ ထောက်ခံတယ်မထောက်ခံဘူး ကြိုက်တယ်မကြိုက်ဘူး မုန်းတယ်မမုန်းဘူးဆိုတဲ့ဟာမှာ သူက ရာဇသံပေးသလို ပြောတာကတော့ လက်ခံလို့မရဘူး။ တခြားသူတွေကို ခင်ဗျားတို့ ဒီလိုမခံစားနဲ့ ဒီလိုခံစားဆိုပြီးပြောတာကတော့ အဓိပ္ပါယ်မရှိဘူးလို့မြင်တယ်။

မေး။      ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတွေက AA အပေါ်မှာ အပြည့်အဝထောက်ခံနေကြသလား။

ဖြေ။      အပြည့်အဝဆိုတာကတော့ ဘယ်နေရာမှာမှမရှိဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တောင်မှ ပြည်သူတွေက အပြည့်အဝထောက်ခံကြတာမှမဟုတ်ဘဲ။ စစ်တပ်နဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းတွေ၊ ကိုယ့်တူ ကိုယ့်သားတွေ တပ်ထဲရောက်နေတဲ့အခါမျိုးတွေမှာ ရခိုင်လူမျိုးတွေက AA ကို မထောက်ခံတာတွေလည်းရှိတာပေါ့။ သူတို့မထောက်ခံဘူးဆိုတာကလည်း မထောက်ခံချင်လို့ဆိုတာထက် အန္တရာယ်ဖြစ်မှာစိုးလို့ မထောက်ခံချင်တာလည်းပါမယ်။ ဒါပေမဲ့ ရခိုင်တိုင်းရင်းသားအားလုံးအနေနဲ့ ခြုံကြည့်ရင်တော့ ထောက်ခံတဲ့ ထောက်ခံမှုကြီးကတော့ တော်တော်ကိုကြီးတယ်လို့ ပြောရမယ်။ ကျွန်တော် ရခိုင်ပြည်သူတစ်ယောက်အနေနဲ့ရော ရခိုင်အသိုင်းအဝိုင်းမှာ ရှိနေတဲ့အခါ ကြားရသိရမြင်ရ ခံစားချက်တွေကို ပြောကြဆိုကြတာတွေကို ထိတွေ့ရသလောက်ဆိုရင်တော့ AA ကို ရခိုင်လူမျိုးတွေ ထောက်ခံမှု တော်တော်ကြီးနေပြီ။ အကုန်လုံးလို့တော့ မပြောချင်ဘူး တော်တော်ကြီးတယ်လို့တော့ ပြောချင်တယ်။

မေး။      AA ကလည်း ရခိုင်မြောက်ပိုင်းမှာ အခြေချဖို့ ကြိုးစားနေပြီဆိုတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး ရခိုင်လူငယ်တွေကြားမှာ ဘာတွေပြောဆိုနေကြလဲ။

ဖြေ။      AA ကိုတည်ထောင်တဲ့သူတွေကလည်း လူငယ်တွေဆိုတော့ ရခိုင်လူငယ်တွေရဲ့ အသည်းနှလုံးကို ဆွဲလှုပ်နိုင်တယ်ပေါ့။ ရင်ခုန်စေတယ်ပေါ့ဗျာ။ ရခိုင်တွေ စတင်တော်လှန်တဲ့အချိန်ကစရင် အခုအချိန်လောက်အထိ တစ်ခါမှ အင်အားမတောင့်တင်းခဲ့ဘူး။ အခု အဲဒီလောက်အထိ လုပ်ပြနိုင်ခဲ့တယ်။ ဆိုတော့ ပြည်သူတွေက အားကိုးလာတယ်ပေါ့ဗျာ။ နောက်ပြီးတော့ ခေတ်စနစ်အရပေါ့ ရခိုင်တွေ ယူဆတာက ရခိုင်ပြည်နယ်ကို တမင်တကာ ကစားကွက်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ပြီးတော့မှ လုပ်ဆောင်တဲ့ အခါကျတော့ ဖွံ့ဖြိုးမှုတွေနိမ့်ကျတယ်၊ ဆင်းရဲတယ်၊ ပညာတွေမတတ်ကြဘူး၊ အခွင့်အလမ်းမရဘူး၊ စီးပွားရေးမရှိဘူးဆိုပြီး ခါးခါးသီးသီး ခံစားနေရတယ်။ နောက်တစ်ခုက မွတ်ဆလင်တွေနဲ့ ပြဿနာတွေ ရှိတဲ့အခါကျတော့ ရခိုင်တွေက ထွက်ပေါက်တစ်ခုလိုလာတယ်။ တစ်ခုခုလုပ်မှရတော့မယ်ဆိုတဲ့ဟာမျိုးပေါ့၊ ဒီလိုပုံစံနဲ့ သွားလို့မရတော့ဘူးဆိုတဲ့ဟာမျိုးမှာ AA ကနေပြီးတော့ မျှော်လင့်ချက်ပေးနိုင်တယ်ဆိုတဲ့ အဖွဲ့အစည်းဖြစ်လာတယ်ပေါ့ဗျာ။ ဖြစ်လာလို့ ဒါဟာ ထွက်ပေါက်ပဲဆိုတဲ့ သဘောမျိုးနဲ့ ထောက်ခံကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ AA ကလုပ်ပြနိုင်လာတယ်။ လုပ်ပြနိုင်တယ်ဆိုတာ အင်အားတောင့်တင်းလာတာပေါ့၊ အဲဒါမျိုးတွေရှိတယ်။ နောက်ပြီးတော့ လူငယ်၊ လူရွယ်တွေတည်ထောင်တဲ့ လက်နက်ကိုင်တပ်မတော် တစ်ခုဖြစ်တယ်။ ပြည်သူတွေ အရမ်းကြီးကို ခံစားနေရပြီးတော့ ပေါက်ကွဲလုမတတ်ဖြစ်နေတဲ့ နေရာမှာ အလင်းရောင်တစ်ခုပေးတယ်၊ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုအဖြစ်မျှော်လင့်ချက်ပုံစံမျိုး ဖြစ်လာတဲ့ အခါကျတော့ အဲဒီအပေါ်မှာ အရမ်းကို စိတ်ရောကိုယ်ရောထက်သန်ပြီးတော့မှ ထောက်ခံကြတယ်လို့ မြင်တယ်။

မေး။      AA ကို ရခိုင်လူငယ်တွေက အဓိက ထောက်ခံနေတယ်လို့ဆိုလိုတာလား။

ဖြေ။      ဖေ့ဘွတ်ကိုပဲ ကြည့်လိုက်ပေါ့။ ကျွန်တော့်အကောင့် (account) ထဲမှာ ရခိုင်တွေ ထောင်နဲ့ချီပြီးတော့ရှိတယ်။ တစ်နေ့တစ်နေ့ မြင်နေရတာက ပေါ်ပေါ်ထင်ထင်ကို ထောက်ခံလာကြတာတွေက အများကြီးမြင်ရတယ်။ လူရွယ်တွေ၊ လူငယ်တွေ လူလတ်ပိုင်းတွေပေါ့။ လူကြီးပိုင်းတွေက အရမ်းကြီးပေါ်ပေါ်ထင်ထင် ထောက်ခံကြတာတော့ သိပ်မတွေ့ရဘူး။ သူတို့က တစ်ခုခုကို စိုးရိမ်လို့အရမ်းကြီးမပြောတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ လူငယ်တွေ လူရွယ်တွေကြားထဲမှာတော့ တော်တော်လေးကို တွေ့ရတယ်။

မေး။      AA က အချိန်တိုအတွင်း အင်အားကောင်းလာတာက မူးယစ်ဆေးကရတဲ့ငွေကြောင့်ဖြစ်ပြီး ARSA အဖွဲ့နဲ့လည်း ပူးပေါင်းမှုတွေရှိနေတယ်ဆိုပြီး အစိုးရက စွပ်စွဲထားတယ် ဒီအပေါ်မှာရော ရခိုင်ပြည်သူတွေ ဘယ်လိုသဘောထားရှိလဲ။

ဖြေ။      ကျွန်တော်ကတော့ မူးယစ်ဆေးဝါးလုပ်တယ်ဆိုတဲ့အပေါ်မှာရော ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဝင်ငွေဘယ်ကရလဲ ကျွန်တော်မသိဘူး။ ဒါပေမယ့် သူတို့တွေ(AA) အဲဒီလိုလုပ်မလား၊ မလုပ်ဘူးလားဆိုတာကို ကျွန်တော် မှတ်ချက်သိပ်မပေးချင်ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကို ပြောပါဆိုရင်တော့ ကျွန်တော်အဲဒီလိုမယုံကြည်ဘူးဗျ။ တခြား ရင်းမြစ်တွေလည်း သူတို့မှာ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော့်အထင်ကိုပြောတာ။ ARSA နဲ့ အဆက်အသွယ်ရှိတယ် ပူးပေါင်း ဆောင်ရွက်တယ်ဆိုတာကို ကျွန်တော်မယုံကြည်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ AA က သံရေးတမန်ရေးကောင်းတယ်။ နောက်ပြီးတော့ ပြည်တွင်းစစ်ဖြစ်တဲ့အထဲမှာလည်း ဂျနီဗာကွန်ဗန်းရှင်းလိုမျိုး ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွန်းတွေချမှတ်ထားတာကို လိုက်နာဖို့အတွက် အတတ်နိုင်ဆုံး လိုက်နာဖို့ကြိုးစားတဲ့ အဖွဲ့တစ်ဖွဲ့အဖြစ် ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ AA အနေနဲ့ ပြည်သူတွေကို နှိပ်စက်တာ ရွာတွေကို ဝင်ပြီးတော့ မီးရှို့သွားတာမလုပ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။ လက်နက်ကိုင်က လက်နက်ကိုင်ကိုတိုက်တဲ့အတွက်ကြောင့်မို့လို့ ARSA လိုမျိုး အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်လိမ့်မယ်လို့ ကျွန်တော်မယုံကြည်ဘူး။ ဒါပေမဲ့ အဖွဲ့အစည်းတစ်ခုခု လှုပ်ရှားနိုင်ဖို့ဆိုတာက အဲဒီနိုင်ငံအစိုးရ ဒါမှမဟုတ် တစ်ခုခုနဲ့ သဘောတူညီမှုရှိရင်ရှိမှာပေါ့။ ဒါပေမယ့် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။

မေး။      AA က လူငယ်တွေအတွက် ပညာရေးတွေကစ ထောက်ပံ့ပေးနေတယ်လို့သိရတယ်။ အဲဒီအချက်တွေကြောင့်ပဲ ထောက်ခံကြတာလား။

ဖြေ။      ကျွန်တော်ထင်တာကတော့ အကျိုးခံစားခွင့်ရှိလို့ ထောက်ခံတာမျိုးမဟုတ်ဘူးဗျ။ နောက်ပြီးတော့ Arakan Dream ဆိုပြီးတော့ ရက္ခိတလမ်းစဉ်လိုမျိုးချထားတာရှိတယ်။ အဲဒီလမ်းစဉ်တွေက ရေလတ် (ကာလလတ်) စံမျိုးချထားပြီးတော့ ပန်းတိုင်တစ်ခုကို သွားနေတာမျိုး ပြည်သူတွေက မြင်တဲ့အခါမှာ ပိုပြီးတော့မှ ထောက်ခံရတာ အဆင်ပြေတယ်။ ဒီအဖွဲ့ဟာ ဘယ်ကိုသွားလို့သွားနေမှန်း မသိတဲ့ဟာမျိုး ဆိုရင်တော့ ထောက်ခံမှုရချင်မှရမယ်။ AA မှာက ဒီလိုချမှတ်ထားတာရှိတော့ လက်ဆုပ်လက်ကိုင် မပြနိုင်သေးရင်တောင်မှ ဒီပန်းတိုင်ကို သွားနေပါလားဆိုတာက လူတွေအတွက် ပိုပြီးတော့ အားရပါးရရှိတယ်။ ကျွန်တော်ကတော့ အဲဒီလိုထင်တယ်။ AA ကထောက်ပံ့ထားတာမို့လို့ အကျိုးခံစားခွင့်ရှိတဲ့ အသိုင်းအဝိုင်းတွေက ထောက်ခံကြတယ်လို့တော့ ကျွန်တော်မထင်ဘူး။

မေး။      ၂၀၂၀ ရောက်ရင် ရက္ခိုင့်ကံကြမ္မာကို ရခိုင်တွေ ဖန်တီးနိုင်ရမယ်လို့ဆိုတဲ့ AA ရဲ့ ကြွေးကြော်ချက် Arakan Dream ၂၀၂၀ ဆိုတာကလည်းရှိတယ်။ ဆိုတော့ လာမယ့်နှစ်ပိုင်း ၂၀၂၀ ရောက်တော့မယ်ဆိုတော့ AA နဲ့ပတ်သက်ပြီး ရခိုင်တွေကြားမှာ ထောက်ခံမှုတွေ ပိုတိုးလာနိုင်လား။

ဖြေ။      တိုးလာနိုင်တယ်။ ဘာလို့လဲဆိုတော့ ဦးဇော်ဌေး ပြောလိုက်တဲ့စကားဆိုရင် AA ကိုထောက်ခံတဲ့  ရခိုင်ပြည်သူတွေ တော်တော်များများက ဒါဟာ စော်ကားလိုက်တယ်လို့ကျွန်တော်မြင်တယ်။ ဘာလို့လဲဆိုရင် ဘယ်တုန်းကမှ ဖွံ့ဖြိုးရေးလည်းမလုပ်ခဲ့ဘူး။ အမှန်တကယ် ဦးစားပေးပြီးတော့ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး လုပ်မယ့်အထဲမှာ မထည့်ထားဘဲနဲ့ ဒီလိုမလုပ်ပါနဲ့၊ ဒီလိုလုပ်ရင် မင်းတို့ ဖွံ့ဖြိုးရေး နောက်ကျကျန်ခဲ့မှာကို စဉ်းစားပါ ဆိုတာက တော်တော်ရယ်စရာကောင်းတယ်လို့ ကျွန်တော်မြင်တယ်။ ဘာလို့လဲဆိုတော့ အမှန်တကယ် အင်နဲ့အားနဲ့ ဖွံ့ဖြိုးအောင်လုပ်ပေးနေတဲ့ကြားထဲကမှ AA နဲ့ဖြစ်တာမဟုတ်ဘူးလေ။ ဖွံ့ဖြိုးရေးအနည်းဆုံးပြည်နယ်ကိုမှ အခုမှ AA နဲ့ပြဿနာ ဖြစ်လို့ ဖွံ့ဖြိုးရေးနောက်ကျရတယ်ဆိုတာက ဒါအဆင်မပြေဘူး။ အဲဒီစကားဟာ ရခိုင်လူမျိုးတွေကို စော်ကားတယ်လို့ ခံစားရတယ်။ ၂၀၂၀ မှာလည်း ထောက်ခံမှုတွေ ပိုများလာနိုင်တယ်။ မထောက်ခံဖို့တားတာက ထောက်ခံဖို့အတွက် တွန်းပို့လိုက်သလိုမျိုးလို့ မြင်ကြတယ်။ ရခိုင်ပြည်သူတွေကို အဲဒီဘက်ရောက်အောင် ပိုပြီးတော့ တွန်းပို့လိုက်သလိုမျိုးဖြစ်နေတယ်။

မေး။      AA အပေါ်ကို ရခိုင်စစ်ဘေးရှောင်တွေကရော ဘယ်လိုမြင်မလဲ။

ဖြေ။      စစ်ဘေးရှောင်တွေကတော့ အဓိကခံစားရတာပေါ့။ သူတို့ကတော့ နှစ်ပိုင်းရှိမယ် AA ကြောင့်ဖြစ်ရတယ်ဆိုတာထက် စစ်ပွဲကြောင့် ဒုက္ခရောက်ရတယ်ဆိုတာမျိုးဖြစ်နိုင်တယ်။ အမှန်ပြောရရင် စစ်ပွဲတော့ ကျွန်တော်လည်း မထောက်ခံဘူး။ ရခိုင်တွေကို အမှန်တကယ် လူလိုသူလိုသတ်မှတ်ပြီးတော့မှ ဒီလူတွေနဲ့ ဆွေးနွေးရမယ်ဆိုတဲ့ဟာမျိုးပေါ့။ ဘာလို့လဲဆိုတော့ ဘယ်တုန်းကမှ လူရာမသွင်းခဲ့တဲ့ အနှိမ်ခံလူမျိုးကနေပြီးတော့ အားနာလာတဲ့ လူမျိုးတစ်မျိုးဖြစ်အောင် ကြိုးစားနေတဲ့အခါကျတော့ တချို့တွေလည်း နားလည်မယ် တချို့တွေကျတော့လည်း အစိုးရက စစ်ဘေးရှောင်တွေကို လာကြည့်တဲ့အခါမှာ သူတို့(စစ်ရှောင်တွေ) အနေနဲ့ပြောချင်တာကို ပြောကြမှာပဲ။ သူတို့စိတ်ခံစားချက်မှာ ရှိတာကတော့ သူတို့ပဲအသိဆုံးဖြစ်လိမ့်မယ်။ ကွဲပြားမှုတော့ တော်တော်ရှိလိမ့်မယ်။

မေး။       AA ကို ကိုအောင်နေမွန်းကရော ထောက်ခံလား။

ဖြေ။       ပုဂ္ဂိုလ်ရေးအရတော့ ထောက်ခံပါတယ်။ ဒါပေမဲ့ စစ်ပွဲကိုတော့ ကျွန်တော်သိပ်မကြိုက်ဘူး။ အင်အားချိန်ခွင်လျှာညှိဖို့အတွက် စစ်တပ်တစ်ခုခု ရှိနေတာကတော့ ရခိုင်ပြည်သူတွေအတွက် အင်မတန်ကောင်းတဲ့အရာလို့ ကျွန်တော်မြင်တယ်။

မေး။      ဦးဇော်ဌေးပြောကြားချက်အရ AA ကို အင်အားသုံးနှိမ်နင်းသွားမယ်ဆိုတော့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာရင် အများဆုံးထိခိုက်မှာက ပြည်သူတွေပဲ အဲဒီအပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ။      အဓိကကတော့ စစ်ပွဲသံသရာလည်သွားမယ်ဆိုတာထက် ရခိုင်ပြည်ကတော့ ပဋိပက္ခသံသရာမှာ လည်နေတာ တော်တော်ကြာခဲ့ပြီ။ ပဋိပက္ခသံသရာ၊ လူမျိုးရေးသံသရာ၊ နိုင်ငံရေးသံသရာနဲ့ ဆင်းရဲမွဲတေမှုသံသရာတွေကြားမှာ ကျင်လည်ခဲ့တာ တော်တော်ကြာပြီ။ အဲဒီလိုမျိုးဖြစ်ခဲ့တဲ့ ပြဿနာတိုင်းဟာ ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ယူဆောင်လာတဲ့ ပြဿနာတော့တစ်ခုမှမရှိဘူး။ အခုကတော့ ခြေကုပ်ယူလို့ရတယ်ဆိုတာ ရခိုင်ပြည်သူတွေအတွက် မျှော်လင့်ချက်ပေးတဲ့ ပြဿနာလို့မြင်တယ်။ ပြဿနာတွေကတော့ ရှိလိမ့်မယ်။ ကျွန်တော်အနေနဲ့ကတော့ စစ်ကိုမဖြစ်စေချင်ဘူး။ မထောက်ခံဘူး။ မနှစ်တုန်းကဆိုရင် AA နဲ့ တိုက်ပွဲဖြစ်ပြီး မြန်မာတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်လူမျိုး ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း အပစ်ခံလိုက်ရတယ်။ လက်ဖြောင့်တပ်သား လက်ချက်မိသွားတယ်လို့ သိရတယ်။ အဲဒီမတိုင်ခင်ကလည်း ကျွန်တော် စစ်ပွဲကိုမထောက်ခံပါဘူး။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ မဟုတ်ဘဲနဲ့ ရခိုင်ပြည်သူတွေရဲ့ အကြည့်နဲ့ ကြည့်မယ်ဆိုရင် ဒီပြဿနာက မျှော်လင့်ချက်ကို ယူဆောင်လာပေးတဲ့ ပြဿနာဆိုပြီးတော့မှ မြင်နေကြတယ်။

မေး။      AA ကို ပြည်တွင်းပြည်ပက ရခိုင်တိုင်းရင်းသားတွေလည်း ထောက်ပံ့နေတယ်လို့ ပြောကြတယ် အဲဒါရောဖြစ်နိုင်လား။

ဖြေ။      ကြားရတာက ပြည်ပကိုရောက်နေတဲ့ ရခိုင်လူငယ်တွေထောက်ပံ့ကြတယ်ဆိုတာမျိုးပေါ့။ အဲဒီလိုမျိုး ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေရတယ်ဆိုတာကြားဖူးတယ်။ ပြည်တွင်းမှာတော့ အရမ်းကြီး ပေါ်ပေါ်တင်တင် ထောက်ပံ့ကြတာမျိုး မတွေ့မိဘူး။

မေး။      AA အပေါ် ရခိုင်တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုက ရှေ့ဆက်ပိုတိုးလာဖို့ရှိလား။

ဖြေ။      ထောက်ခံမှုက ဆက်တိုးလာဖို့ပဲရှိတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ကို စိန်ခေါ်ပြီးတော့၊ ပြန်လည်ခုခံပြီးတော့ ရင်ဘောင်တန်းပြီးတော့ တိုက်နိုင်တဲ့ ဒီလောက်အင်အားကြီးတဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ အရင်တုန်းက ရှိမှမရှိခဲ့ဘူးလေ။ မရှိခဲ့တဲ့အတွက် ဆင်းရဲမှုသံသရာ၊ ဖွံ့ဖြိုးရေးနောက်ကျမှုသံသရာ၊ ပညာမတတ်မှုသံသရာတွေထဲ ဝဲလည်နေခဲ့တဲ့ ရခိုင်ပြည်နယ်အတွက် အခုမှ မျှော်လင့်ချက်လေးကို မြင်လိုက်ရတဲ့အတွက် ထောက်ခံမှုတွေပိုပြီးတော့မှ များလာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading