ခိုးထုတ်သွားသည့် ဆေးဝါးများ မှောင်ခိုဈေးကွက်မှာ ရဲတပ်ဖွဲ့ဘယ်လိုဖော်ထုတ်ခဲ့လဲ 

ကျန်းမာရေးဌာန ဆေးဂိုထောင်မှ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ပဟေဠိဆန်ဆန် အလုံးအရင်းနှင့် ပျောက်ဆုံးမှုသည် လူ ၆ ဦးကို ထိန်းသိမ်းအရေးယူမှုနှင့် အဆုံးသတ်သွားသည်

Published on Jan 16, 2021
ပျောက်ဆုံးဆေးဝါးများ ပြန်လည်ရရှိပြီးနောက် ရန်ကုန်၊ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ရုံရှေ့မှ ဖြတ်သန်းသွားလာနေသူများကို ဇန်နဝါရီ ၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)
ပျောက်ဆုံးဆေးဝါးများ ပြန်လည်ရရှိပြီးနောက် ရန်ကုန်၊ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ရုံရှေ့မှ ဖြတ်သန်းသွားလာနေသူများကို ဇန်နဝါရီ ၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

ရန်ကုန်၊ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းတွင် လုံခြုံရေး၀န်ထမ်းအဖြစ် နှစ်အတန်ကြာ လုပ်ကိုင်နေသည့် ကိုပေါက်သည် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်ရင်း နှစ်သစ်ကူးကာလကို ဖြတ်သန်းခဲ့ရသည်။

နှစ်ကူးတော့မည့်အချိန်တွင် ကိုပေါက်နှင့် သူ့လုပ်ဖော်ကိုင်ဖက်များသည် သိုလှောင်ရုံအတွင်း ရေခဲမှတ်အောက် အအေးဒဏ်ကို အံတုရင်း ဆေးပုလင်းများကို အပူတပြင်းရေတွက်နေကြခြင်းမှာ သိုလှောင်ရုံအတွင်းမှ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ၅၈၁၀၊ အသည်းရောင်အသားဝါ B ကာကွယ်ဆေး ၄၈၀၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး ၇၀၀ လျော့နည်းနေခြင်းကြောင့်ပင်။

ဆေးများလျော့နည်းနေခြင်းမှာ ဆေးရုံတစ်ခုခုသို့ အရေအတွက် မှားယွင်းထည့်ပေးလိုက်မိခြင်းကြောင့် ဖြစ်သည်ဟု ကနဦးကောက်ချက်ချထားပြီး ဆေးအ၀င်အထွက်စာရင်းများ အပြန်ပြန်အလှန်လှန် စစ်ဆေးကာ လက်ကျန်ဆေးအရေအတွက်ကို ထပ်မံ ရေတွက်သော်လည်း စာရင်းမကိုက်ချေ။

ဆေးသိုလှောင်ရုံမှာပင် ညအိပ်၊ ညနေ နေသူဖြစ်သောကြောင့် ဆေးပျောက်ဆုံးမှုအတွက် အပြစ်ပုံချခံရပြီး ထောင်ထဲသွားရမည်ကို စိုးရိမ်ခဲ့မိသည်ဟု ကိုပေါက်က ပြောပြသည်။ 

“ဘယ်သူယူသွားမှန်း မသိလို့ပေါ့ဗျာ။ သိရင် တစ်ခါတည်းပြောတာပေါ့။ ကျွန်တော်က အအေးခန်းထဲ အဝင်၊ အထွက်များတော့ ကျွန်တော့်ကိုတောင် သံသယဖြစ်လာနိုင်တာ” ဟု ကိုပေါက်က မကျေမချမ်းပြောသည်။

ဗဟိုကာကွယ်ဆေးသိုလှောင်ရုံကို တစ်နေ့လျှင် အစောင့်နှစ်ယောက်စီ နေ့၊ ည အချိန်ပြည့် စောင့်ကြည့်နေသည့်ကြားမှပင် ဆေးပုလင်းများပျောက်သွားပုံကို မည်သူမျှ ရေရေရာရာမသိကြ။ အအေးခန်းထဲမှ ဆေးများကို သူခိုးက မည်သို့သယ်ထုတ်သွားသနည်း ဆိုသည်ကို ၀န်ထမ်းများ စဉ်းစား၍မရကြ။

ဗဟိုဆေးသိုလှောင်ရုံတွင် ယခင်က ဆေးဝါးများပျောက်ဆုံးဖူးသည့် သာဓကမရှိခဲ့ဟု သိရသည်။

နောက်ဆုံးတွင် ကျပ်သိန်း ၄၆၀ တန်ဖိုးရှိ ဆေးဝါးများပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ကျန်းမာရေးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ သိုလှောင်ရုံဝန်ထမ်း ၁၄ ဦးကို စစ်ဆေးကြသည်။ ငယ်ရွယ်သော၀န်ထမ်းများအပါအ၀င် သိုလှောင်ရုံတာ၀န်ကျသူများကို တစ်ညနှင့် တစ်ရက် စစ်ဆေးအပြီးတွင်လည်း သဲလွန်စ မရခဲ့ကြဟု ကိုပေါက်က ဆိုသည်။ 

“နောက်ခံအချက်အလက်တွေ မေးတယ်။ ဒီအလုပ်မလုပ်ခင် ဘာလုပ်လဲဆိုတာတွေ မေးတာပေါ့။ ဆေးက ဘယ်နှစ်လုံးပျောက်တယ်ဆိုတာ ကျွန်တော်အသိဆုံးလေ။ အခန်းထဲကို အမြဲတမ်းဝင်နေတာ။ ဘယ်သူယူပါတယ်ဆိုတာ သိရင် တစ်ခါတည်းပြောလိုက်မှာပေါ့။ အခုက ဘာမှ မသိတဲ့ကလေးတွေပါ ရဲစခန်းရောက်ကုန်တာ”ဟု ကိုပေါက်က ဆိုသည်။ 

လုံခြုံရေးတင်းကျပ်ထားသော ဆေးသိုလှောင်ရုံ၏ အအေးခန်းထဲမှ ရှားပါးဆေးများ အလုံးအရင်းပျောက်ဆုံးမှုတွင် အတွင်းလူပါ၀င်မည်ဟူသော သံသယဖြင့် ၀န်ထမ်းများကိုပါ စစ်ကြောခဲ့ခြင်း ဖြစ်သည်။

ဆေးဆိုင်မှ သဲလွန်စ

အရေးကြီးသောနေရာတွင် လုံခြုံရေးကင်မရာ တပ်ဆင်မထားသည့်အတွက် ဆေးထုတ်ယူသွားသူနောက်ကို ခြေရာခံရန် ခက်ခဲသလို ဖြစ်ခဲ့သည်။

ပျောက်ဆုံးသွားခဲ့ပြီး ၈ ရက်အကြာတွင် ဆေးများကို ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ခိုးထုတ်သည်ဟု ယူဆရသူနှင့် ရောင်းချသူများကို ဖမ်းဆီးခဲ့သည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပုလင်းတွင် ပါရှိသည့် ပစ္စည်းမှတ်ပုံတင်နံပါတ် Lot No – T013330 ပါရှိရာ ထိုနံပတ်ပါသော ကာကွယ်ဆေးကို စျေးကွက်အတွင်း လိုက်လံရှာဖွေရာမှ ထိုသို့တွေ့ရှိပြီး သံသယတရားခံကို ခြေရာခံနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဆေးပျောက်ဆုံးမှုအကြောင်းကို ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်သိရှိခဲ့သည့် ကျန်းမာရေးဌာနတာ၀န်ရှိသူများက ထိုနေ့ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားသည်ဟု ဝန်ထမ်းများက ဆိုသည်။ အလားတူ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေ ရဲစခန်းမှာလည်း တိုင်ကြားခဲ့သည်။

ထိုနေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့ ၆ ဖွဲ့ ဖွဲ့စည်းကာ ဆေးသိုလှောင်ရုံမှ ဆေးပျောက်ဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းကိုင်တွယ်ခဲ့သည်ဟု မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန့်ဇင်ဦးက Myanmar Now ကို ပြောသည်။

လုပ်ငန်းစဉ်များထဲတွင် ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်များကို ပိုက်စိပ်တိုက်ရှာဖွေခြင်း၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးရောင်းသည့် နေရာများမှ ဆေးနမူနာ ဝယ်ယူစစ်ဆေးခြင်းတို့လည်း ပါ၀င်သည်။

ဈေးကွက်အတွင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ရနိုင်သည့် ဆေးဆိုင်များကို တစ်ဆိုင်ချင်း သွားရောက်စုံစမ်းရသည်။ ဖုန်းဖြင့် ဆက်သွယ်စုံစမ်းရသည်။

ဒီဇင်ဘာ ၂၉ရက်က ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းရှိ ဆေးဆိုင်တစ်ခုမှ နမူနာဝယ်ယူခဲ့သည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးသည် ပျောက်ဆုံးနေသည့် ဆေးပုလင်းများနှင့် LOT နံပါတ် တူညီနေသည်ကို တွေ့ရသည်။

အဆိုပါဆေးဆိုင်ပိုင်ရှင် ဦးတင်အေး ခေါ် မိုဟာမတ်အီလီယက်၏ နေအိမ်ကို ရဲက ဝင်ရောက်ရှာဖွေရာတွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ၇၂ ပုလင်း တွေ့ရှိရာမှ ဆေးခိုးရောင်းချသူများကို ဆက်လက်ရှာဖွေရန် လမ်းစတွေ့ခဲ့ခြင်းဖြစ်သည်ဟု ဒုရဲအုပ်သန့်ဇင်ဦးက ဆိုသည်။

“အမှုစစ်အဖွဲ့တွေ ဆေးရောင်းတဲ့ နေရာတွေကို စုံစမ်းရတာ။ ဆေးက ဆိုင်ဖွင့်ပြီးရောင်းတာမဟုတ်ဘူး၊ ဖုန်းနဲ့ ဒီဆေးရှိတယ်၊ ယူမလားဆိုပြီးတော့ ဖြန့်တာပေါ့။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး လိုနေလို့ ဘယ်မှာရမလဲ မေးရင်းနဲ့ ပျောက်သွားတဲ့ဆေးတွေ တွေ့တာ”ဟု ဒုရဲအုပ်က ပြောသည်။  

စလိုဒါဂျူးဆိုသူထံမှ ယူ၍ ရောင်းခြင်းဖြစ်သည်ဟု ဦးတင်အေးက ထွက်ချက်ပေးသည်ဟု ဆိုသည်။

စလိုဒါဂျူ ခေါ် စိုးမြင့်သည် သာကေတမြို့နယ် ရှုခင်းသာအိမ်ယာတွင် နေထိုင်သူဖြစ်သည်၊ ဆိုင်ဖွင့်ထားခြင်းမရှိသော်လည်း ဝယ်လက်များကို ဖုန်းဖြင့် ချိတ်ဆက်ရောင်းချပေးနေသူဖြစ်သည်ဟု ဒုရဲအုပ်သန့်ဇင်ဦးက ပြောသည်။

အတွင်းလူနှင့် အချိတ်အဆက်

စလိုဒါဂျူး၏ အိမ်သို့ ရဲတပ်ဖွဲ့က စီးနင်းရှာဖွေချိန်တွင် ဆေးပုံး ၄ ပုံး ဖမ်းမိခဲ့သလို ဆေးများ ပြင်ပသို့ ခိုးထုတ်ပေးခဲ့သူကိုပါ ခြေရာခံမိခဲ့သည်။ ဆေးထုတ်ပေးသူမှာ ဗဟိုဆေးသိုလှောင်ရုံ အငယ်တန်းစာရေး ဝဏ္ဏထွန်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဒီဇင်ဘာလအတွင်း ဝဏ္ဏထွန်းသည် ဗဟိုဆေးသိုလှောင်ရုံမှ အစောင့်များ၊ ဝန်ထမ်းများ နေ့လယ်ပိုင်း ထမင်းစားနားသည့်အချိန်များတွင် နှစ်ကြိမ် ခိုးထုတ်သွားခဲ့ခြင်းဖြစ်ပြီး စလိုဒါဂျူးက အဓိက ဖြန့်ဖြူးရောင်းချခဲ့ခြင်းဖြစ်သည်ဟု စစ်ကြောသိရှိရကြောင်း ဒုရဲအုပ်သန့်ဇင်ဦးက ပြောသည်။

ဤသို့ဖြင့် ရဲတပ်ဖွဲ့က သံသယတရားခံ ၃ ဦးကို ထိန်းသိမ်းလိုက်သည်။ 

ဗဟိုဆေးသိုလှောင်ရုံမှ တိတ်တဆိတ် ထွက်ခွာသွားသော ကာကွယ်ဆေးများကို ရန်ကုန်ရှိ ဆေးစျေးကွက်တွင်သာမက မန္တလေးမြို့ကိုပါ ဖြန့်ရန် စီစဉ်ခဲ့သည်ဟု ရဲက စုံစမ်းသိရှိခဲ့ပြီး လက်ကျန် သံသယတရားခံများကို လိုက်လံဖမ်းဆီးခဲ့သည်။  

ဇန်နဝါရီ ၄ရက်နေ့တွင်တော့ ရဲတပ်ဖွဲ့က အမှုကို အများသိအောင် ထုတ်ပြန်လိုက်သည်။ သတင်းထုတ်ပြန်ချက်တွင် သံသယတရားခံ ၆ ဦး ပါ၀င်ရာ ကျန် ၃ ဦးမှာ သန်းထွန်း ခေါ် အီမရမ်း ခေါ် စာကလေး၊ အောင်နေဦးနှင့် စလင်းတို့ ဖြစ်သည်။ 

ပျောက်ဆုံးသွားသော ဆေးများကို ပြန်လည်သိမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။ အသည်းရောင်အသားဝါ B နှင့် ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးများကို အကုန်ပြန်ရခဲ့သည်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ၅၈၁၀  ထဲမှ  ၅၅၁၃ လုံး ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။ 

အသက် ၉နှစ်မှ ၁၄နှစ်အရွယ် မိန်းကလေးများကို ကျန်းမာရေးဌာနက အခမဲ့ထိုးပေးမည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးသည် မှောင်ခိုဈေးကွက်အတွင်း တစ်လုံး ကျပ် ၃၃၀၀၀ ပေါက်စျေးရှိပြီး ပြင်ပဆေးရုံဆေးခန်းတချို့တွင် ထိုးနှံမည်ဆိုပါက ဆေးဖိုးနှင့် ဝန်ဆောင်ခ တစ်သိန်းခွဲ၀န်းကျင် ကျသင့်နိုင်သည်ဟု သိရကြောင်း ဒုရဲအုပ်သန့်ဇင်ဦးက ဆိုသည်။

“မှောင်ခိုလောက ဘယ်လောက်ကြီးလဲ ကျွန်တော်တို့လည်း မပြောတတ်ဖူး။ ကုတ်နံပါတ်ပါလို့သာ ကျွန်တော်တို့ မိတာပါ။ တစ်ခါမှ တိုင်တာ မရှိဖူးဘူး။ ဆေးပျောက်လို့ တိုင်ကြားတာကတော့ ဒါပထမဆုံးပဲ” ဟု ဒုရဲအုပ်က ပြောသည်။

ဖြောင့်ချက်

ဤအမှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းထားသည့် သံသယတရားခံ ၆ ဦးကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် တရားစွဲရန် ရဲတပ်ဖွဲ့က စီစဉ်လျက်ရှိသည်။

ပြည်သူပိုင်ပစ္စည်းကို အခွင့်အာဏာမရဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ခိုးယူခြင်း၊ အလွဲသုံးစားပြုခြင်း၊ အကျိုးဖျက်ဆီးမှုတစ်ခုခုကို ကျူးလွန်မိလျှင် ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ကြိမ်ဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။ 

အဖြစ်များသော ရောဂါတစ်ခုဖြစ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် နောက်ဆက်တွဲဆိုးကျိုးများ ကာကွယ်ပေးသည့် ဆေးကို ခိုးယူ၍ အလွှဲသုံးစားပြုလုပ်ခြင်းကြောင့် လူအများထိခိုက်နိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက ဝေဖန်သည်။

“ရောဂါဖြစ်ပွားရင် ကုသရမယ့်စရိတ်တွေ၊ ကလေးက ရောဂါဖြစ်လို့ မိဘတွေ စီးပွားမရှာနိုင်တော့ဘူး၊ မလုပ်နိုင်တော့ဘူး၊ ဒါဆိုရင် မိသားစုစားဝတ်နေရေး ခက်ခဲလာနိုင်တယ်။ ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် ထိုးနှံပေးတာဖြစ်တယ်။ ထိုးနှံရမယ့်သူတွေဆီကို ထိုးနှံဖို့ အရေးကြီးပါတယ်၊ ကာကွယ်ဆေးတွေဟာ ပြည်သူတွေအကျိုးအတွက် ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ထိုဆေးများကို ကျန်းမာရေးဌာနက ပြည်နယ်၊ တိုင်းဒေသများသို့ မပို့ဆောင်ရသေးမီ ပျောက်ဆုံးမှု ပေါ်ပေါက်လာခြင်းပင်။

ပြင်ပသို့ ဆေးခိုးထုတ်သည်ဟု စွပ်စွဲခံထားရသည့် ဝဏ္ဏထွန်းသည် ဆေးများကို ဗဟိုဆေးသိုလှောင်ရုံမှ စွန့်ပစ်ရမည့်အမှိုက်များနှင့် ရောနှော၍ သယ်ယူသွားခြင်းဖြစ်သည်၊ သို့သော် ဆေးခိုးထုတ်ပြီး နောက်ပိုင်းတွင် သိုလှောင်ရုံမှ လုပ်ဖော်ကိုင်ဘက်များ သံသယမဖြစ်အောင် နေထိုင်နိုင်ရုံသာမက ရဲ၏ ကနဦးစုံစမ်းစစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ပျောက်ဆုံးမှုကြီးဖြစ်ပွားခဲ့သော ဆေးသိုလှောင်ရုံတွင်မူ ၀န်ထမ်းများ၏ စိုးရိမ်ပူပန်စိတ်တို့ ပြေပျောက်သွားပြီဖြစ်သည်။

ဝဏ္ဏထွန်းက ဖြောင့်ချက်ပေးလိုက်သည့်အတွက် ရင်တမမဇာတ်လမ်း ပြီးဆုံးသွားပြီး ကျန်၀န်ထမ်းများ သက်သာရာရသွားကြသည်ဟု လုံခြုံရေး၀န်ထမ်း ကိုပေါက်က ဆိုသည်။

“သူက အအေးခန်းထဲ တစ်ခါမှ ဝင်ဖူးတာမဟုတ်ဘူး။ ထင်ခြင်းထင်ရင် ကျွန်တော်အထင်ခံရမှာ၊ ရုံးမှာ ၂၄ နာရီ နေတာ။ ရုံးက ကလေးတွေအတွက်လည်း စိတ်ပူတယ်။ ဝဏ္ဏကြီးသာ ဝန်မခံရင် ကျွန်တော်တို့ အကုန်လုံး ထောင်ရောက်ကုန်မှာ” ဟု ကိုပေါက်က ပြောလိုက်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading