သတင်း

BGF ထိပ်သီးခေါင်း‌ဆောင်များ နုတ်ထွက်ခြင်းမပြုရန် တပ်မတော်တိုက်တွန်း

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ထိပ်သီးခေါင်းဆောင်များ နုတ်ထွက်မည့်အစီအစဉ်ကို ပြန်စဉ်းစားရန် တပ်မတော်က တိုက်တွန်းသည်ဟု BGF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

နေပြည်တော်မှ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် BGF ခေါင်း‌ဆောင်အချို့ ကရင်ပြည်နယ် မြိုင်ကြီးငူ‌ဒေသတွင် ယနေ့ (ဇန်နဝါရီ ၁၅) တွေ့ဆုံဆွေးနွေးခဲ့ရာတွင် တပ်မတော်က အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း BGF တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။ 

“လူကြီးတွေက (တပ်အရာရှိ) လာပြီးတော့ ရှင်းပြတာပေါ့။ နုတ်ထွက်မယ့်အပေါ်မှာ ပြန်စဉ်းစားဖို့ ပြောတာပေါ့။ လက်တွဲလာတဲ့ အနှစ် ၂၀ ကျော် ကာလတစ်ခုအတွင်းမှာ အခုလိုမျိုးနုတ်ထွက်မယ့်အပေါ်မှာ ပြန်စဉ်းစားဖို့ပေါ့” ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

တပ်မတော်က ဦးဆောင်ဖွဲ့စည်းထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) မှ နုတ်ထွက်ရန် ကရင်ပြည်နယ်ရှိ BGF ထိပ်ပိုင်းခေါင်းဆောင်အားလုံးက ဇန်နဝါရီ ၁၄ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတဆင့် စာတင်ခဲ့ခြင်းဖြစ်ပြီးနောက် တပ်မတော်က ထိုသို့ လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

ထိုဆွေးနွေးပွဲတွင် တပ်မ‌တော်ဘက်မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးဦးဆောင်ပြီး အခြား ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးနှင့် ဗိုလ်ချုပ်နှစ်ဦးလည်း အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး BGF မှ ဗိုလ်မှူးကြီးစောချစ်သူက ဦးဆောင်ဆွေးနွေးခဲ့သည်ဟု သိရသည်။  

တပ်မတော်က ထိုသို့ တိုက်တွန်းခဲ့ခြင်းကို BGF ခေါင်းဆောင်များအကြား ဆွေးနွေးပြီးမှ ပြန်လည်အကြောင်းကြားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

BGF တပ်ဖွဲ့မှ ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ဗိုလ်မှူးစောမုတ်သုန်နှင့် ဗိုလ်မှူးစောတင်ဝင်းတို့ကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည်ဆိုပါက BGF မှ နုတ်ထွက်ရန် တပ်မတော်က ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဖိအားပေးခဲ့သည်ဟု သိရသည်။

ယခုလို ဖိအားပေးမှုများကြောင့် BGF တပ်ရင်း ၁၀၂၂ မှ ဗိုလ်မှူးစောမုတ်သုန်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF အဖြစ်မှ နုတ်ထွက်ကြောင်း ဇန်နဝါရီ ၈ ရက်တွင် နုတ်ထွက်စာတင်ခဲ့သလို ဇန်နဝါရီ ၁၄ ရက်မှာတော့ တပ်မှူး ၁၃ ဦး၊ အရာရှိ ၇၇ ဦးနှင့် တပ်နယ် ၄ ခု တပ်ရင်း ၁၃ ရင်းတို့မှ စုပေါင်းလက်မှတ်ရေးထိုးပြီး နုတ်ထွက်စာတင်ခဲ့ကြသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ပိုင် ချစ်လင်းမြိုင်ကုမ္ပဏီသည် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် Yatai International ကုမ္ပဏီနှင့် ပူးပေါင်းကာ မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းအနီးတွင် ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။ 

အဆိုပါ စီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိသလို ဝန်ထမ်းတွေအပေါ် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများရှိနေကြောင်း ဝေဖန်မှုရှိနေပြီး လတ်တလောတွင်လည်း စီမံကိန်းကို ရပ်နားထားသည်။ 

ရွှေကုက္ကိုမြို့သစ်စီမံကိန်းတွင် အစိုးရခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်နေခြင်းကြောင့် စီမံကိန်းရပ်နားထားရခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ 

ထို့အပြင် ရွှေကုက္ကိုမြို့သစ်စီမံကိန်းအား အစိုးရအုပ်ချုပ်ရေးယန္တရားအောက် ထည့်သွင်းနိုင်ရန်အတွက်ပါ ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ 

ရွှေကုက္ကိုမြို့သစ်စီမံကိန်းလုပ်ဆောင်ရခြင်းမှာ နယ်မြေအေးချမ်း၊ ဖွံ့ဖြိုးပြီး ဒေသခံများ အလုပ်အကိုင်ရရှိစေလိုခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များကို ထောက်ပံ့ရန်အတွက်လည်းဖြစ်သည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ကို ၂၀၁၀ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA)  တပ်ရင်း ၁၂ ရင်းနှင့် ကရင့်ငြိမ်းချမ်းရေးတပ်ဖွဲ့ (KPF) မှ တပ်ရင်းတစ်ရင်းတို့ ပါဝင်ခဲ့သည်။ 

Show More

Related Articles

Back to top button