ရန်ကုန် ကရဝိတ်ဥယျာဉ်မြေကို ဇေကမ္ဘာကုမ္ပဏီထံမှ စည်ပင် ပြန်တောင်း

စစ်အစိုးရလက်ထက် ဇေကမ္ဘာကုမ္ပဏီ လုပ်ပိုင်ခွင့်ရထားသော ရန်ကုန်၊ ကန်တော်ကြီး မြေနေရာတချို့ကို ပြန်အပ်ရန် စည်ပင်ကော်မတီက ပြောသော်လည်း ကုမ္ပဏီက ငြင်းဆန်နေသည်

Published on Jan 14, 2021
ရန်ကုန်မြို့၊ ကန်တော်ကြီး၊ ကရဝိတ်နန်းတော်နှင့်ဥယျာဉ်ကမ္ဘာကို ဇန်နဝါရီ ၁၃ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-စိုင်းဇော်/ Myanmar Now) 
ရန်ကုန်မြို့၊ ကန်တော်ကြီး၊ ကရဝိတ်နန်းတော်နှင့်ဥယျာဉ်ကမ္ဘာကို ဇန်နဝါရီ ၁၃ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-စိုင်းဇော်/ Myanmar Now) 

ဇေကမ္ဘာကုမ္ပဏီက နှစ်ရှည် လုပ်ပိုင်ခွင့်ရခဲ့သော ရန်ကုန်မြို့၊ ကန်တော်ကြီး ကရဝိတ်ဥယျာဉ်ကမ္ဘာအတွင်းရှိ မြေနေရာအချို့ကို ရန်ကုန်တိုင်း၊ စည်ပင်သာယာရေးကော်မတီက ပြန်လည်တောင်းယူနေသည်။

၁၉ ဒသမ ၁၁ ဧက ကျယ်သော ကရဝိတ်ဥယျာဉ်အပါအဝင် သုည ဒသမ ၈ ဧက ကျယ်သော ကရဝိတ်နန်းတော်ဟိုတယ်တို့ကို လုပ်ငန်းရှင် ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီက စစ်အစိုးရလက်ထက်တွင် ၁၉၉၉၊ မေ ၁ မှစ၍ နှစ် ၃၀ ကြာ ငှားရမ်းလုပ်ပိုင်ခွင့်ရခဲ့သည်။

၎င်းလုပ်ပိုင်ခွင့်တွင် အစိုးရပိုင်ဟိုတယ်သာ ပါဝင်ပြီး ကရဝိတ်ဥယျာဉ်မြေအတွက်မူ နှုတ်မိန့်ဖြင့် ၂၀၁၀ အထိ ဆယ်နှစ်ကြာ လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီ (ကန်တော်ကြီး​)ဘက်က ဆိုသည်။

နှုတ်မိန့်ဖြင့် လုပ်ကိုင်နေရာမှ စစ်အစိုးရ ဆင်းခါနီးအချိန်တွင် ကရဝိတ်ဥယျာဉ်မြေလုပ်ပိုင်ခွင့်အတွက်၂၀၁၀ စက်တင်ဘာမှ ၂၀၄၀ ထိ စာချုပ် ချုပ်ဆိုပေးခဲ့သောကြောင့် ကုမ္ပဏီက ကာလရှည် လုပ်ကိုင်ခွင့်ရခဲ့သည်။

ကရဝိတ်ဥယျာဉ်မြေသည် မြို့တော်စည်ပင်ပိုင်ဖြစ်သော်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ဇေကမ္ဘာကုမ္ပဏီထံ အငှားချခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့၊ ဒုမြို့တော်ဝန် ဦးစိုးလွင်က Myanmar Now ကို ပြောသည်။

ထိုသို့ ဝန်ကြီးဌာနက နှစ်ရှည်အငှားချလိုက်သောမြေတွင် စည်ပင်ပိုင်မြေအချို့ ပါဝင်နေ၍ ထိုမြေကို ခွဲထုတ်ပေးရန် ပြန်လည်တောင်းယူနေခြင်းဖြစ်သည်။

စည်ပင်ဌာနက တောင်းဆိုနေသောမြေသည် ကရဝိတ်နန်းတော်ဟိုတယ်အနီးရှိသည့် ဇေကမ္ဘာကုမ္ပဏီရုံးခန်းအဆောက်အဦများ၊ ဟောပြောပွဲများပြုလုပ်လေ့ရှိသည့် မြေနေရာနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်နှစ်ဆိုင် တည်ဆောက်ထားသည့်မြေနေရာ ဖြစ်သည်။

ထို့ကြောင့် စည်ပင်ပိုင်မြေအဖြစ် ပြန်ရယူနိုင်ရန် လတ်တလောတွင် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနှင့် ညှိနှိုင်းနေကြောင်း ဒုမြို့တော်ဝန်က ဆိုသည်။

“ကျွန်တော်တို့ အခု ဦးခင်ရွှေနဲ့ စကားပြောနေတယ်။ စကားပြောတဲ့အဆင့်နဲ့ မရဘူးဆိုရင် အမှုလုပ်တာတွေ၊ ဘာတွေ ဖြစ်လာမှာ” ဟု ဒုမြို့တော်ဝန် ဦးစိုးလွင်က Myanmar Now ကို ပြောသည်။

ကရဝိတ်နန်းတော်အနီး မြေကွက်လပ်တွင် ဇေကမ္ဘာကုမ္ပဏီရုံးခန်းဆောက်အဦအချို့နှင့် ဆိုင်ခန်းအချို့ပါဝင်နေသည်ကို တွေ့ရပြီး အဆိုပါမြေ ပြန်လည်ရရှိပါက စည်ပင်က မည်သို့ ဆက်လက်စီမံမည်ကို လတ်တလော မသိရသေးပေ။ 

ဇေကမ္ဘာကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမင်းမောင်မောင်စိုးက ၎င်းတို့တွင် လုပ်ပိုင်ခွင့်စာချုပ်စာတမ်း ရှိနေသဖြင့် ဆက်လက်လုပ်ကိုင်ခွင့် ရလိမ့်မည်ဟု ယူဆနေသည်။

“စည်ပင်က တရားစွဲလာတယ်ဆိုရင်လည်း ကျွန်တော်တို့ကို ဘာနဲ့စွဲမှာလဲ၊ ဘယ်လိုစွဲမှာလဲပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ရပိုင်ခွင့် ခိုင်မာတယ်လို့ ယုံကြည်နေတယ်။ နိုင်ငံတော်ရဲ့ဥပဒေတွေက ဒီအချိန်မှာ ဘယ်လောက်ထိအောင် အားကောင်းနေသလဲပေါ့။ အဲ့ဒါကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်”ဟု ၎င်းက ပြောသည်။ 

ကရဝိတ်ဥယျာဉ်မြေအတွက် နှစ် ၃၀ စာချုပ်ကို ယခု ၂၀၂၁ တွင် မြေငှားသက်တမ်းတိုးစာချုပ် ချုပ်ဆိုရာ၌ စည်းကမ်းချက် ၆၀ ပါဝင်လာပြီး မြေနေရာအချို့ကို ပြန်အပ်ရန် တောင်းခံလာကြောင်း၊ ပန်းခြံအတွင်းရှိ ကုမ္ပဏီအုပ်ချုပ်ရေးရုံး၊ ဟောပြောပွဲများ ပြုလုပ်လေ့ရှိသည့်မြေနေရာ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်နှစ်ဆိုင်ကို ကုမ္ပဏီက လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အဖွဲ့၏ အစီရင်ခံစာတွင် ကရဝိတ်ဥယျာဉ်မြေ ၁၉ ဒသမ ၁၁ ဧကကို ဇေကမ္ဘာကုမ္ပဏီ က ၂၀၁၀ မှ ၂၀၄၀ အထိ နှစ် ၃၀ လုပ်ပိုင်ခွင့်ရထားသည်ဟု ၂ နှစ်ဆက်တိုက် ဖော်ပြထားသည်။

၎င်းအစီရင်ခံစာတွင် ကရဝိတ်ဥယျာဉ်မြေငှားရမ်းမှု၌ မြို့တော်စည်ပင်၏ အစည်းအဝေးဆုံးဖြတ် ညွန်ကြားချက်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနက အစီရင်ခံထားသည်။

လက်ရှိတွင် 'ကရဝိတ်ဥယျာဉ်ကမ္ဘာ' ဟု အမည်တပ်ကာ အဆိုပါ ၁၉ ဒသမ ၁၁ ဧက အား ကုမ္ပဏီအုပ်ချုပ်မှု အဆောက်အအုံနှင့် ဆိုင်ခန်း ၃၃ ခန်းအပါ လုပ်ငန်း ၁၀ ခု ဖော်ဆောင်ထားသည်။ 

အဆိုပါဆိုင်ခန်းများသည် ရန်ကုန်တွင် ဆိုင်ခန်းခများပြားသော ဆိုင်များဖြစ်သည်ဟု သိရသည်။ 

စတင်ငှားရမ်းစဉ်တည်းက ကရဝိတ်ဉယျာဉ်ကမ္ဘာအတွက် မြေ ၃ ဧကသာ ငှားရမ်းခရကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ ၂၀၁၇-၁၈ အစီရင်ခံစာတွင် ဖော်ပြထားသောကြောင့် ပြည်တွင်းအခွန်ဌာနက သတ်မှတ်ထားသော မြေငှားရမ်းခ တစ်စတုရန်းပေလျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် တွက်ပါက အစိုးရသည် ကျန်မြေ ၁၆ ဧကကျော်အတွက် ငှားရမ်းခ ကျပ် ၁၆ ဘီလီယံ ကျော် နှစ်စဉ်ဆုံးရှုံးလျက် ရှိသည်။

ကုမ္ပဏီဘက်ကမူ ၂၀၁၉ ခုနှစ်အတွက် မြေငှားခ (၃ ဧက) ကို ကျပ်သိန်း ၄,၀၀၀ ကျော် စည်ပင်ဌာနထံ ပေးသွင်းခဲ့သည်ဟု ဆိုသည်။

ကရဝိတ်နန်းတော်ဟိုတယ်ကို ဇေကမ္ဘာကုမ္ပဏီထံ နှစ်ရှည်အငှားချထားသော်လည်း ထပ်မံ သက်တမ်းတိုးခွင့် မပြုတော့ဘဲ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၂၀ တွင် ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ခဲ့သည်။

ထိုသို့ တင်ဒါခေါ်သောကြောင့် ၎င်းတို့တင်ဒါ ပြန်မရပါက နစ်နာကြေးအဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနထံ အမေရိကန်ဒေါ်လာ သန်း ၃၀ (ကျပ် ၄၀ ဘီလီယံ နီးပါး) လျော်ကြေးတောင်းမည်ဟု ဇေကမ္ဘာကုမ္ပဏီဘက်က DVB သတင်းဌာနကို၂၀၂၀ ဇူလိုင်အတွင်း ဖြေကြားထားသည်။

လျော်ကြေးတောင်းရခြင်းမှာ ကရဝိတ်နှင့် ဥယျာဉ်မြေများ ခေတ်မီတိုးတက်လာစေရန် ကျပ်သိန်းပေါင်း ၂၀,၀၀၀ ခန့် ရင်းနှီးပြီး ဓားမဦးချလုပ်ကိုင်ခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု ဇေကမ္ဘာကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမင်းမောင်မောင်စိုးက ပြောသည်။

ကရဝိတ်ဥယျာဉ်မြေနေရာအတွက် ကုမ္ပဏီတင်ဒါများကို မြို့တော်စည်ပင်ဘက်က ကန့်ကွက်ထားသဖြင့် မဖွင့်ဖောက်သေးဘဲ လတ်တလောတွင် ဆိုင်းငံ့ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူး ဦးမျိုးမြင့်က ၂၀၂၁ ဇန်နဝါရီ ၆ တွင် Myanmar Now ကို ပြောသည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading