မန္တလေး- ကျောက်ဖြူရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု တစ်နှစ်ခွဲ အချိန်ယူမည် 

တရုတ်အစိုးရအဆိုပြုသော ယင်းစီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအရ နှစ်နိုင်ငံကိုချိတ်ဆက်ထားမည့် အမြန်ရထားလမ်းစီမံကိန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်

P
Published on Jan 13, 2021
မန္တလေးနန်းမြို့ရိုးနှင့် ကျုံးကို ဒီဇင်ဘာ ၃၁ တွင် တွေ့ရစဉ် (ဓာတ်ပုံ- ရန်မိုးနိုင်/ Myanmar Now)
မန္တလေးနန်းမြို့ရိုးနှင့် ကျုံးကို ဒီဇင်ဘာ ၃၁ တွင် တွေ့ရစဉ် (ဓာတ်ပုံ- ရန်မိုးနိုင်/ Myanmar Now)

မြန်မာနိုင်ငံ၏ ဒုတိယစီးပွားရေးမြို့တော်မန္တလေးနှင့် အနောက်ဘက်ကမ်းရိုးတမ်းမြို့ကျောက်ဖြူကို ပြေးဆွဲမည့် ရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာရေးလုပ်ငန်းများကို တစ်နှစ်ခွဲအတွင်း ပြီးမြောက်ရန် မျှော်မှန်းကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ  ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က Myanmar Now ကို ပြောသည်။ 

စီမံကိန်းဧရိယာနှင့် ရထားလမ်းကြောင်းတိုင်းတာခြင်း အပါအဝင် စီမံကိန်းဆောင်ရွက်ရန်ဖြစ်နိုင်ခြေ ရှိမရှိကို တရုတ်ပညာရှင်များက တစ်နှစ်ခန့် ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း၊ လေ့လာတွေ့ရှိချက်များအပေါ် ပညာရှင်အဖွဲ့ဖြင့် ထပ်မံဆန်းစစ်ရန် လျာထားသည်ဟု ဆိုသည်။ 

“အခုက ကိုဗစ်ဖြစ်နေချိန်ဆိုတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဝင်ရထွက်ရ အရမ်းခက်တဲ့ အနေအထားမှာ လုပ်ငန်းဘယ်တော့စမလဲ ဆိုတာတော့ အတိအကျပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ MOU လက်မှတ်ထိုးပြီး ၃၊ ၄ လအတွင်း သူတို့ (တရုတ်) ဘက်ကလူတွေ ဝင်လာခွင့်တွေ ဆက်လုပ်ပြီး လေ့လာမယ့်ကိစ္စတွေ လုပ်ပါမယ်” ဟု ဦးဘမြင့်က ပြောသည်။ 

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်း (CMEC) ၏ အစိတ်အပိုင်းတခုဖြစ်သော မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုဆိုင်ရာ  နားလည်မှုစာချွန်လွှာကို မြန်မာ့မီးရထားလုပ်ငန်းနှင့် စီမံကိန်းအဆိုပြုကုမ္ပဏီဖြစ်သော China Railway Eryuan Engineering Group (CREEG) တို့ နေပြည်တော်တွင် ဇန်နဝါရီ ၁၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်း (Mr. Chen Hai) တို့လည်း တက်ရောက်ခဲ့သည်။ 

တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းအရ တရုတ်နိုင်ငံသည် ဘေဂျင်း- ကူမင်း- ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် မြန်မာနိုင်ငံဘက်ရှိ မူဆယ်- မန္တလေး- ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းတို့ကို ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်ထားသည်။ ထိုမှတဆင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို ချိတ်ဆက်နိုင်ရန် ရည်ရွယ်သည်။

ယူနန်ပြည်နယ်ရှိ တာလီမှ ရွှေလီ ရထားလမ်းပိုင်းသည် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ဖောက်လုပ်ပြီးစီးကာ မြန်မာနယ်စပ်အထိ ရောက်ရှိမည်၊ နှစ်နိုင်ငံရထားလမ်းချိတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံအတွင်း ရထားလမ်းဖောက်လုပ်ခြင်းသည် မြန်မာ့စီးပွားရေးတိုးတက်မှုနှင့် လူထုဘဝကောင်းမွန်လာရေး အထောက်အကူပြုနိုင်မည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အားဖြည့်ပေးနိုင်လိမ့်မည်ဟု တရုတ်သံအမတ်ကြီးက လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။ 

ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ဖွံ့ဖြိုးရေးအပါအဝင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ ပင်မဝင်ရိုးတစ်ခုဖြစ်သော ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို ချိတ်ဆက်နိုင်ရန် ကူမင်း- ကျောက်ဖြူရထားလမ်းကို တရုတ်နိုင်ငံ၏ CREEG ကုမ္ပဏီက ၂၀၁၁ တွင် မြန်မာအစိုးရထံအဆိုပြုခဲ့ပြီး စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုနားလည်မှုစာချွန်လွှာသည် ၂၀၁၄ တွင် သက်တမ်းကုန်ခဲ့သည်။

ထို့နောက် ၂၀၁၇ နှစ်လယ်ပိုင်းတွင် မူဆယ်- မန္တလေး ရထားလမ်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုပြုလုပ်ရန် ထပ်မံအဆိုပြုခဲ့ပြီး တစ်နှစ်အကြာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ 

ကူမင်း-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဖြစ်ပြီး နိုင်ငံဖြတ်ကျော် စီမံကိန်းတစ်ရပ်ဖြစ်သည့်အတွက် အဆိုပြုချက်အတိုင်း တပြိုင်နက်သဘောမတူခဲ့ဘဲ အပိုင်းလိုက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်-မြန်မာစီးပွားရေးစင်္ကြံပူးတွဲကော်မတီ၏ ဒေသအဆင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

မူဆယ်-မန္တလေး ရထားလမ်းသည် ၄၃၁ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး မန္တလေး- ကျောက်ဖြူ ရထားလမ်းသည် ၃၈၀ ကီလိုမီတာခန့် ရှိမည် ဖြစ်သည်။ မြန်မာ့မီးရထား၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ဦးဘမြင့်ကမူ ထိုရထားလမ်းပိုင်းနှစ်ခု တစ်ဆက်တည်းဖြစ်မဖြစ်ကို လတ်တလော အတိအကျပြောရန် စောသေးသလို ကွင်းဆင်းလေ့လာမှုအစီရင်ခံများအပေါ် မူတည်မည်ဟု ဆိုသည်။

“တွေ့ရှိချက်တွေက တိုင်းပြည်ကို ဘယ်လိုအကျိုးရှိမှာလဲပေါ် မူတည်ပြီး ကျွန်တော်တို့ ပြည်သူတွေက ဆုံးဖြတ်ရမှာပေါ့ဗျာ။ တိုင်းပြည်အကျိုးမရှိဘူးထင်ရင်လည်း ရှိတော့မှ လုပ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က နည်းပညာ ကျွမ်းကျင်တဲ့အပိုင်းကနေ ကူညီပြီးတော့ လုပ်သင့်တယ်ဆိုရင် ထောက်ခံတင်ပြမယ်။ အခက်အခဲရှိတယ်ဆိုရင်လည်း အဲဒါကို တင်ပြမယ်” ဟု ၎င်းက ပြောသည်။

မြေပြင်ကွင်းဆင်းလေ့လာချက်အစီရင်ခံစာ ထွက်ရှိလာပါက ရထားလမ်းကြောရှိ ဒေသခံနှင့် လွှတ်တော်တို့ကို ချပြဆွေးနွေးသွားမည်ဟု ဦးဘမြင့်ကဆိုသည်။ 

ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို ပင်လယ်နှင့် ဆက်စပ်နိုင်ရန် တရုတ်နိုင်ငံ၏ကနဦးကြိုးပမ်းချက်မှာ အောင်မြင်ပြီးဖြစ်သည်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန် တပ်မတော်အစိုးရလက်ထက်တွင် သဘောတူညီချက် ရယူနိုင်ခဲ့သည်။ ပိုက်လိုင်းတည်ဆောက်မှုကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် အဆုံးသတ်နိုင်ခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် ပိုက်လိုင်းစီမံကိန်းတစ်ခုလုံး စတင်လည်ပတ်နိုင်ကြောင်း တရားဝင်ကြေညာခဲ့သည်။ 

မြန်မာပြည်ရှိ မြို့ပေါင်း ၂၀ ကျော်ကို ဖြတ်သန်းပြီး ရေနံသယ်ယူခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံကို သယ်ယူရာတွင် ခရီးလမ်းအရှည်ကို လျော့ကျစေခြင်းကဲ့သို့သော ကောင်းကျိုးများကို တရုတ်နိုင်ငံက ရရှိခဲ့သည်။

ပိုက်လိုင်းစီမံကိန်းပြီးသည့်နောက်တွင် တရုတ်နိုင်ငံက ရထားလမ်းစီမံကိန်းအတွက် ခြေလှမ်းသစ် နောက်တစ်လှမ်း လှမ်းလိုက်ပြီဖြစ်သည်။  

စစ်ရေးနှင့် စီးပွားရေးမဟာဗျူဟာ လိုအပ်ချက်များအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာပင်လယ်ပြင်တွင် စိုးမိုးမှုပိုမိုရရှိရန် ကြိုးပမ်းနေကြောင်း နိုင်ငံတကာလေ့လာသူများက ပြောဆိုထားသည်။ သို့ရာတွင် တရုတ်နိုင်ငံ၏ ကြီးမားသော အရှိန်ဩဇာကို ပြည်တွင်းစစ်ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရဆဲဖြစ်သည့် မြန်မာနိုင်ငံက လွန်ဆန်နိုင်ရန်မူ မလွယ်ကူလှပေ။ 

ထို့အပြင် ယခင်စစ်အစိုးရလက်ထက်များမှ လက်ရှိအချိန်အထိ  မြန်မာအစိုးရအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုစွဲချက်များ၊ နိုင်ငံတကာဖိအားများနှင့် ပတ်သက်လျှင် တရုတ်နိုင်ငံက အိမ်နီးချင်း မြန်မာဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ခုခံပေးလျက်ရှိသည်။

P

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading