တပ်ထောက်ခံပွဲ ဦးဆောင်သူ ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ခံရ

ရွေးကောက်ပွဲကော်မရှင် မဲလိမ်မဲခိုးသည်ဟု စွပ်စွဲပြီး ရန်ကုန်တွင် ဆန္ဒပြသူကို ကော်မရှင်က ထောင်ဒဏ်တစ်လ အများဆုံးချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်လိုက်သည်

ကျောက်တံတားမြို့နယ် ရဲစခန်း၌ အာမခံယူ၍ ထွက်ခွာလာသည့် ဒေါ်မိုးမိုးခိုင်ကို ယနေ့ (ဇန်နဝါရီ ၁၂) နေ့လယ်ပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now) 

တပ်မတော်ကို ထောက်ခံကြောင်း ရန်ကုန်၌ ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သော အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP) ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်ကို အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အရာရှိတစ်ဦးက ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် ယမန်နေ့ (ဇန်နဝါရီ ၁၁) တွင် အမှုဖွင့်တရားစွဲဆိုလိုက်သည်။ 

ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အရာရှိ ဦးဝင်းနိုင်က တရားလိုပြုလုပ်၍ ကျောက်တံတားမြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ရဲစခန်းက ဒေါ်မိုးမိုးခိုင်ကို ကျပ် ၃၀၀,၀၀၀ ဖြင့် အာမခံပေးခဲ့သည်။ 

တရားရုံးချိန်း ခေါ်ယူမည့်နေ့ရက်ကိုမူ မသိရှိရသေးကြောင်း တရားစွဲဆိုခံရသူ YDP ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်က ကျောက်တံတားမြို့နယ်ရဲစခန်းသို့ ယနေ့ လာရောက်ခဲ့စဉ် သတင်းထောက်များကို ပြောသည်။ 

“အမျိုးသားရေး” ကြွေးကြော်သူ မိုက်ကယ်ကျော်မြင့် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော YDP ပါတီသည် ဒီဇင်ဘာ ၂၈ တွင် ‘မျိုးချစ်တပ်မတော်’ ကို ထောက်ခံကြောင်း ဆန္ဒပြပွဲတစ်ခု ဦးဆောင်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်၏ မဲလိမ်၊ မဲခိုးမှုများကို ကမ္ဘာကသိအောင် ဖော်ထုတ်သွားမည်ဟု ပါတီဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်က ဟောပြောခဲ့သည်။ 

ယင်းဆန္ဒပြပွဲတွင် ‘ပြည်ပ ပထွေးမျှော် ဖအေတော်ချင်သူများ ချေမှုန်းကြ၊ ချေမှုန်းကြ’၊ ‘တိုင်းပြည် သိက္ခာကျအောင် မဲခိုးသူ ဒို့ရန်သူ ဒို့ရန်သူ’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေခြင်းကြောင့် တပ်မတော်ကို ထောက်ခံရခြင်းဖြစ်သည်ဟု ကြွေးကြော်ခဲ့သည်။ 

YDP အပါအဝင် အခြားပါတီများက လက်မှတ်ရေးထိုး၍ “မဲခိုးမှု၊ မဲမသမာမှုများ” ကို နိုင်ငံတော်အစိုးရနှင့် UEC တို့ထံ တိုင်ကြားထားပြီးဖြစ်ရာ “သူတို့ ဖြေရှင်းပေးရမယ့် ရက်ကို ကျော်လွန်လာပြီ၊ မဖြေရှင်းပေးနိုင်တဲ့အတွက် အစ်မတို့ ဒီပွဲတွေ ထွက်လာတာ၊ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးနေပြီ” ဟု ဒေါ်မိုးမိုးခိုင်က ဆိုသည်။

ကိုဗစ်နိုင်တင်းရောဂါကူးစက်မှု အခြေအနေများကြောင့် အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ကျောက်တံတားမြို့နယ်ရဲစခန်းက ဆန္ဒပြသူအရေအတွက် ၂၉ သာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သော်လည်း ထိုနေ့တွင် ဆန္ဒပြသူဦးရေ တစ်ရာကျော် ရှိခဲ့သည်။

YDP ပါတီဦးဆောင်သည့် အဆိုပါဆန္ဒပြပွဲသည် ကော်မရှင်ကို အသရေဖျက်ခြင်း ဖြစ်၍ ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ဆိုသည်။ 

“ရွေးကောက်ပွဲကို လက်မခံဘူးတို့ ဘာတို့ ဆိုတာတွေက ပြောလို့ရတယ်။ သူလက်မခံတာ သူတို့ကိစ္စပဲ၊ လက်မခံဘူး ပြောလို့ရတယ်။ ဒါပေမဲ့ မဲလိမ်မဲခိုးဆိုတဲ့ စကားလုံးက ဒါ ကျွန်တော်တို့ရဲ့ UEC ကို စော်ကားတာပဲ ဖြစ်တယ်ဗျ၊ အဲဒါကြောင့် စွဲတာပါ” ဟု ဦးခင်မောင်ဝင်းက Myanmar Now ကို ပြောသည်။

စွဲဆိုထားသည့် ငြိမ်းစုစီ ခေါ်  ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ မှာ ဆန္ဒထုတ်ဖော်သူများလိုက်နာရမည့် ပြဋ္ဌာန်းချက်များချိုးဖောက်မှုအတွက် စွဲဆိုသော ပုဒ်မဖြစ်သည်။ 

ငြိမ်းစုစီ ပုဒ်မ ၁၀ (င) တွင် ဆန္ဒထုတ်ဖော်သူများသည် စီတန်းလှည့်လည်ရာတွင် မမှန်ကန်သော သတင်းများကိုဖြစ်စေ၊ မမှန်ကန်သော အချက်အလက်များကိုဖြစ်စေ ဟောပြောခြင်း မပြုလုပ်ရဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၂၀ အရ ပြစ်မှုထင်ရှားလျှင် အများဆုံး ထောင်ဒဏ် တစ်လဖြစ်စေ၊ ငွေဒဏ် ၁၀,၀၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

လက်ရှိတွင် ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ထားသော်လည်း ကျောက်တံတားမြို့နယ် ဥပဒေရုံးထံမှလည်း ဥပဒေအကြံဉာဏ်တောင်းခံထားဆဲ ဖြစ်သည့်အတွက် ပုဒ်မများ ထပ်တိုးနိုင်ခြေရှိမရှိ မသေချာသေးဟု ဦးခင်မောင်ဝင်းက ဆိုသည်။ 

“တရားမမှု စွဲဖို့ ဘာညာတော့ စိုင်းတော့ စိုင်းပြင်းတယ်၊ ဒါပေမဲ့ လောလောဆယ်တော့ ငြိမ်းစုစီနဲ့ပဲ စွဲထားပါတယ်။ ဥပဒေအတိုင်းလုပ်ကြပေါ့ဗျာ။ ကျွန်တော်တို့ကတော့ လုပ်သင့်လုပ်ထိုက်တာ လုပ်ကြရတာပေါ့” ဟု ၎င်းက ပြောသည်။ 

YDP ပါတီခေါင်းဆောင်တစ်ဦးဖြစ်သော မိုက်ကယ်ကျော်မြင့်သည် ၂၀၁၉ ခုနှစ်အတွင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ဘာသာရေးအကြောင်းပြုဆူပူမှုတွင် ဦးဆောင်ပါဝင်ခဲ့၍ အသရေဖျက်မှု ပုဒ်မ ၅၀၀ (ခ) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။ 

တပ်မတော်ကို ထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်း ဦးဆောင်ခဲ့သည့် မိုက်ကယ်ကျော်မြင့်၏ YDP ပါတီသည် ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ခု တွေ့ဆုံရာတွင်လည်း ပါဝင်ခဲ့သည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading