သတ္တိအကြောင်း ရှေးဟောင်းနှောင်းဖြစ် (ရှေ့နေကြီး ဦးရဲထွန်းနှင့် ကျနော်)

ပြည်သူတွေ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့်သူ့ကို သတ္တိရှိသူ၊ အမှန်တရားကို မြတ်နိုးသူဟု ကျနော် မြင်သည်။ အသားနာမှာ၊ ထောင်ကျမှာ အလွန်ကြောက်သော်လည်း သူက ယင်းကြောက်စိတ်နှင့် ရပ်မနေဘဲ၊ ကြောက်ကြောက်နှင့် အမှန်တရားအတွက်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်သွားသူ ဖြစ်သည်။ လူများကို အစုလိုက်သတ်ဖြတ်ပြပြီး အစောင့်အရှောက်များနှင့်နေသူများထက် သူက သတ္တိပိုရှိသူ တစ်ယောက်အဖြစ် ဤစာစုနှင့် ဂုဏ်ပြု ဂါရဝပြု လိုက်ပါသည်။

သရုပ်ဖော် - Moe Z Dzai
သရုပ်ဖော် - Moe Z Dzai

ဦးသန့်အရေးအခင်း၌ ဦးရဲထွန်းကို ကျွန်တော် လူချင်းမတွေ့ဖူးခဲ့သော်လည်း ယင်းအရေးအခင်းတွင် ကျောင်းသားများကို သူ၏ရုံးကလက်နှိပ်စက်ယူပေးခြင်း၊ ကြေညာစာများကို ရေးရာတွင် အကူအညီပေးခဲ့သည့် ရှေ့နေကြီး‌တစ်ယောက်ဖြစ်သည်။ ယင်းကဲ့သို့ ကျောင်းသားများကို အားပေးအကူအညီပေးခဲ့သည့်အတွက် မဆလ/စစ်အစိုးရက ထောင်ဒဏ် နှစ်ရှည်ချခဲ့သည်ကို သတင်းစာတွင် ဖတ်လိုက်ရသည်။

ဦးသန့်အရေးအခင်းတွင် ကျွန်တော်နှင့် ကိုတင်မောင်ဦးတို့ အဖမ်းမခံဘဲ ထွက်ခဲ့ကြပြီး အဖမ်းခံခဲ့ရသည့်သူများကို လွတ်မြောက်ဖို့ ကြိုးစားရင်း ၁၉၇၅ ဂျွန်အရေးအခင်းကို ဖန်တီးခဲ့ကြသည်။ ဦးသန့်အရေးအခင်း ဖြစ်ပြီးနောက် ကိုတင်မောင်ဦး၏ အစီအစဉ်နှင့် ကျွန်တော်နှင့် ရဲမြင့်သိန်းတို့ နှစ်ဦး ပြည်ချစ်ပါတီနှင့် ဆက်သွယ်ပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ သွားရောက်ဆွေးနွေးခဲ့ကြသည်။ နယ်စပ်မှ ပြန်လာပြီးနောက် ပုသိမ်လေဆိပ်မှ လေယာဉ်ပျံကို ပြန်ပေးဆွဲပြီး ဦးသန့်အရေးအခင်း၌ အဖမ်းခံနေရသည့် ကျောင်းသားများနှင့် အလဲအလှယ်လုပ်ရန် စီစဉ်ခဲ့ကြသည်။ သို့သော်လည်း လေယာဉ် ပြန်ပေးဆွဲရန် စီစဉ်ထားသည့်နေ့၌ ပုသိမ်တွင်လေမုန်တိုင်းကျပြီး ပုသိမ်ထောင်နံရံတစ်ဖက် ပြိုကျခဲ့သည့်ဖြစ်ရပ်ကတမှောင့် ပေါ်ပေါက်လာြပန်သည်။ အကျဉ်းသားများ လွတ်မြောက်ကုန်ပြီး လေဆိပ်၊ ကားဂိတ်၊ သင်္ဘောဆိပ်များတွင် ရဲအစောင့်အကြပ်များ ချထားခဲ့သည့်အတွက် အစီအစဉ် ပျက်သွားခဲ့ရသည်။ 

အစီအစဉ် ပျက်သွားပြီး ရန်ကုန်သို့ ကိုတင်မောင်ဦး ပြန်လာပြီးနောက် ၁၉၇၅ ခုနှစ်တွင် ဂျွန်အရေးအခင်းကို လှုံ့ဆော်ဖန်တီးခဲ့သည်။ ယင်းအတွက် ကိုတင်မောင်ဦးတို့ကို ဓါတ်ပုံနှင့်တကွ သတင်းစာထဲတွင်ထည့်ပြီး တရားခံပြေးများအဖြစ် ကြေညာခံခဲ့ရသည်။ ကိုတင်မောင်ဦးတို့ကို နယ်စပ်လိုက်ပို့သည့် ပြည်ချစ်တပ်မှ လမ်းပြလုပ်ပေးသည့်သူသည် နယ်စပ်မှ ပြန်လာပြီးနောက် သူနေထိုင်သည့်ရပ်ကွက်တွင် သုံးကာဖြုန်းကာ ဖဲဝိုင်းတွင် ပိုးလုံချည်ဝတ်၍ လောင်းကစားနေသောကြောင့် ရပ်ကွက်က ထောက်လှမ်းရေးကို အကြောင်းကြားတော့သည်။ ၎င်းကို ဖမ်းဆီးစစ်ဆေးသည့်အခါ ကြောက်ကြောက်နှင့် ဖော်လိုက်သည့်အတွက် နယ်စပ်သို့ ၎င်းလိုက်ပို့ခဲ့သူများအားလုံး အမှုတွဲများအဖြစ် အဖမ်းခံရပြီး၊ ကျနော်နှင့် ရဲမြင့်သိန်းတို့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခဲ့ရသည်။ 

ကျနော်တို့ ၈ လခန့် တိုက်ပိတ်ခံရပြီးနောက် အင်းစိန်ထောင် (၃)ဆောင်ကို ပြောင်းသည့်အခါ ဦးရဲထွန်းလည်း ယင်း (၃)ဆောင်၏အပေါ်  (၁)ခန်းတွင် ရှိနေသည်ကို ကြားသိရသော်လည်း လူချင်း စကားပြောခွင့် မကြုံခဲ့ရပါ။ ၎င်းတို့ကို ရေချိုးချသည့်အခါ ကျနော်တို့နေသည့် အပေါ် ( ၂) ခန်းမှ ကြည့်လျှင် မြင်နေရသည်။ ဦးရဲထွန်း၊ ဦးထွန်းမြင့်ကြူနဲ့ ဦးထွေးမြင့်တို့ကို အပေါ် (၁) ခန်း၌ အခန်း ၃ ခန်း ဖွဲ့ပြီး တစ်ယောက်တစ်ခန်း ထားသည်ဟု သိခဲ့ရသည်။ ၎င်းတို့နှင့်အတူ ဖဆပလ တည်မြဲခေါင်းဆောင် ဦးကျော်ငြိမ်း၏ သားနှစ်ယောက်ဖြစ်သည့် ကိုထွန်းကျော်ငြိမ်းနှင့် ကိုဘိုဘိုကျော်ငြိမ်းတို့ ညီအစ်ကိုလည်း ရှိနေသည်။ 

နောက်ပိုင်း အောက်ထပ် အခန်း (၂) ကို ကျနော်တို့ ပြောင်းရသည့်အခါ ဦးရဲထွန်းနှင့် အပေါ်ထပ် အောက်ထပ်ဖြစ်လာပြီး စကားစတင်ပြောဆို ခင်မင်ရင်းနှီးခဲ့ကြသည်။ သူသည် အရပ် ၆ ပေ ကျော် ရှည်ပြီး အသားညိုညို ထောင်ထောင်မောင်းမောင်းနှင့် ဥပတိရုပ်ကောင်းသူ တစ်ဦးဖြစ်သည်။ ဦးရဲထွန်းသည် အဓိပတိ ဒေါက်တာဘမော်၏ သားမက်ဖြစ်သလို သူ့ဖခင်ကြီးသည်လည်း ၁၉၄၇ အခြေခံဥပဒေကို ဦးဆောင် ရေးဆွဲခဲ့သည့် ရှေ့နေကြီး ဦးချန်ထွန်းဖြစ်သည်။ ကော်ကိုင်းမျက်မှန်အနက်နှင့် ဦးရဲထွန်းသည် ရှေ့နေတစ်ယောက်မှာ ရှိသင့်သည့် ဥပတိရုပ်ရှိသူတစ်ယောက်ဖြစ်ကြောင်း သတိထားမိခဲ့သည်။ အသံအောင်ပြီး ခပ်တည်တည် နေတတ်သော်လည်း ရီစရာများကိုလည်း ခပ်တည်တည်နှင့် ပြောတတ်သူဖြစ်သည်။

ဦးရဲထွန်းနှင့်ပတ်သက်၍ မှတ်မှတ်ရရ ရှိခဲ့သည့်အကြောင်း ၄-၅-၆ ခုခန့် ရှိသည်။ ပထမအကြောင်းမှာ ကျွန်တော်တို့ (၃)ဆောင်အောက်ခန်း(၂)ကို ပြန်ပြောင်းကြရသည့်အခါ အောက်(၂)မှာ ညပိုင်းတွင် အရက်ခိုးချက်ကြပြီး တစ်ယောက်ကို ခွက်နှင့် လက် ၃လုံးခန့် ဝေစုရကြသည်။ ကျနော့်အတွက် ဝေစုနှင့် ရဲမြင့်သိန်းရသည့် ဝေစုကို နှစ်ခုပေါင်းပြီး ကျနော်က ယူလိုက်သည်။ ယင်းအတွက် ရဲမြင့်သိန်းကို စီးကရက်တစ်ဘူး ပေးလိုက်သည်။ နှစ်ယောက်စာအရက်ကို ကျနော်တစ်ယောက်တည်း သောက်ပြီး ထောင်လုံးတီးဆန်တံဆိပ် ချက်အရက်တန်ခိုးဖြင့် ယစ်တစ်တစ် ရီဝေဝေ စည်းဇိမ်ကျနေသည်။ ဦးရဲထွန်းဝေစုကိုလည်း သူ့အပေါ်ထပ်သို့ တင်ပေးလိုက်၏။ 

သို့ရာတွင် တစ်ယောက်စာသာ ဖြစ်သဖြင့် သူ့အတွက် ဟိုမရောက် သည်မရောက် ဖြစ်နေပြီး အပေါ်ထပ်မှ “ဟေ့ကောင် ထွန်းအောင်ကျော် ထပ်ပေးပါအုံးကွ၊ မင်းတို့ဟာက မဆန့်တငန့်နဲ့ ငါလခွီး”ဟု သူက အပေါ်မှ ဖောက်ထားသည့်အပေါက်မှ လှမ်းတောင်းတယ်။ “မရတော့ဘူး အန်ကယ်ရေ သူ့ကိုတာနဲ့သူ” ဆိုပြီး ပြောပေမယ့် သူက ထပ်ခါတလဲလဲ “လုပ်ပါကွာ၊ မသောက်ရတာကြာပြီ၊ ကောင်းလွန်းလို့ပါ” ဟု ဆိုပြီး တောင်းနေသည်ကို တွေးမိတိုင်း ပြုံးမိခဲ့သည်။ မပေးနိုင်ခဲ့သည့်အတွက်လည်း စိတ်မကောင်းဖြစ်မိသည်။  

၁၉၇၇ ခုနှစ်လောက်မှာ (၃)ဆောင်ကြီးအား နိုင်ငံရေးအဆောင်အဖြစ်မှ ဖျက်သိမ်း၍ ရာဇဝတ်သားများနှင့် ရောနှောထားလိုက်သည့်အခါ ကျနော်တို့ အကြမ်းဖက် အရိုက်အနှက်ခံခဲ့ရပြီး ပုံစံဆောင်အဖြစ် ပြောင်းလဲပစ်လိုက်ကြသည်။ ခေါင်းကွဲသူများ အများအပြား ရှိခဲ့ပြီး လက်ကျိုးသူ၊ ခြေထောက်ကျိုးသူ၊ ပေါင်ကျိုးသူများ တင်းကျမ်းဖြစ်ခဲ့သည်အထိ အခြေအနေဆိုးမှာ နေခဲ့ကြရသည်။ နောက်အပေါ် (၂)တွင် ဦးရဲထွန်းနှင့် ကျနော်တို့ တစ်ခန်းထဲ နေကြရသည့်အခါ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာခဲ့ကြသည်။ ဦးရဲထွန်းသည် Times နှင့် Newsweek တို့ကို သူ့အိမ်မှ မှာပြီးဖတ်သည့်အတွက် သူ့ဆီ၌ နိုင်ငံခြားသတင်းများနှင့်အတူ အင်္ဂလိပ်စာကို လေ့လာခဲ့သည်။ မသိသည်များကို သူ့အား မေးမြန်းရင်း ထောင်ထဲတွင် “ဘဝတော့ အသေမခံဘူး၊ တခုခုတော့ အကျိုးရှိအောင် လုပ်မယ်” ဆိုသည့် ကျနော့်သဘောထားကြောင့် စာအတော်များများ ဖတ်ဖြစ်ခဲ့သည်။  

တစ်ခါတစ်ရံ သူ့နိုင်ငံခြားအတွေ့အကြုံများအကြောင်း ကျနော်တို့ကို သူက ပြောပြတတ်သည်။ အမေရိကအကြောင်း၊ အာဖရိက အကြောင်း၊ ဥရောပအကြောင်း အစုံအလင် ပြောပြသည်။ ကျနော်တို့ လူငယ်တသိုက်ကလည်း စိတ်ဝင်တစား နားထောင်ကြသည်။ ကျနော်တို့သည် အသက်အရွယ်အားဖြင့် ၁၆ နှစ်မှ ၂၅ နှစ်ခန့်အတွင်းသာ ရှိကြသည်ဖြစ်ရာ ဗိုလ်နေဝင်းက နိုင်ငံကိုပိတ်ထားသည့်အတွက် နိုင်ငံခြား ဗဟုသုတ ဆိုသည်ကလည်း နတ္ထိဖြစ်နေကြသူတွေဆိုတော့ ဦးရဲထွန်းကဲ့သို့ နိုင်ငံခြားဗဟုသုတစုံလင်သည့် လူတစ်ယောက်၏ အတွေ့အကြုံများကို နားထောင်ရသည်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပါသည်။ 

အစိမ်းရောင်တွေထဲ၌ အီတလီကသစ်ပင်တွေ စိမ်းစိုနေသည့် အစိမ်းရောင်မျိုး ဘယ်နိုင်ငံမှာမှ မရှိဘူးဆိုသည့် အကြောင်း၊ ဘယ်လို အဖြူမတွေနဲ့ သူတွဲခုတ်ခဲ့သည်ဆိုသည့်အကြောင်း ပြောပြတတ်သည်။ ကျနော်တို့ လူငယ်များကလည်း ယင်းကိစ္စများကို အထူးသဘောကျသည့်အတွက် သူ့နားမှာ ဝိုင်းထိုင်ပြီး နားထောင်ကြသည်။ သူက အာဖရိကတိုက်အကြောင်း ပြောပြခဲ့ရာတွင် လူမည်းအမျိုးမျိုး ရှိကြောင်း၊ ဇူးလူးလူမျိုးများဆိုလျှင် အရပ် ၆ပေ ကျော်ပြီး စစ်တိုက်အလွန်ကောင်းကြောင်းနှင့် သူရသတ္တိရှိကြောင်း၊ တောင်အာဖရိကမှာ ဘိုးဝါးဟု ခေါ်သည့် လူဖြူများက လူမည်းများကို အုပ်ချုပ်နေကြောင်း၊ ဂန္ဒီကြီးသည် တောင်အာဖရိကတွင် ရှေ့နေလုပ်ရင်း လူဖြူလူမည်း ခွဲခြားမှုကို ဆန့်ကျင်သည့်စိတ်များ ဖြစ်လာခဲ့သည့် အကြောင်းများကို ပြောပြသည်။

အားလုံးက စိတ်ဝင်တစား နားထောင်နေသည်ကို သူက ကြည့်ပြီး “အာဖရိကတိုက်မှာ အလွန်အရပ်ပုတဲ့ ပစ်ကမီ (Pygmy) လူမျိုးတွေ ရှိတယ်ကွ၊ သူတို့မှာ ထူးခြားတာက မိန်းမတွေပဲ” ဟု သူက ပြောပါသည်။ သူက စကားပြောနေသည်ကို ရပ်ထား လိုက်သည့်အတွက် ကျနော်က “ဘယ်လို ထူးခြားတာလဲ အန်ကယ်”ဟု သိချင်ဇောနှင့် မေးလိုက်မိတော့ သူက လေးလေးနက်နက်နှင့် မျက်မှောင်ကြုတ်ပြီး “ဒီ ပစ်ကမီ မိန်းမတွေရဲ့တန်ဆာက အခြားလူသား မိန်းမတွေလို ဒေါင်လိုက်မဟုတ်ဘဲ ကန့်လန့်အလျားလိုက် ဖြစ်နေတာကွ” ဟု ပြောတော့ ကျနော်တို့အားလုံး “ဟာ” ကနဲ အံ့အားသင့်သွားကြသည်။ သူ့ကို ဗဟုသုတ ရှိသည့်သူဟု သတ်မှတ်ထားသည့်အတွက် ယုံကြည်ခဲ့ကြသည်။ “ဟုတ်လား အန်ကယ်၊ ထူးဆန်း လိုက်တာနော်၊ ဘာြဖစ်လို့ အဲ့လို ဖြစ်နေတာလဲ၊ ယောက်ျားတွေကတော့ ကျနော်တို့လိုပဲပေါ့နော်” ဆိုတော့မှ သူက ပြုံးတုံးတုံးကြီး လုပ်ပြီး ကျနော့်ကို ပြန်ကြည့်နေသည်။ ခပ်တည်တည်နှင့် သူနောက်နေသည်ကို သတိထားမိတော့မှ “ဟာဗျာ၊ အန်ကယ်ကလည်း ကျနော်က တကယ် အောက်မေ့လို့” ဟု ဆိုပြီး ပြောလိုက်သည့်အခါ သူက တဟားဟား ရယ်ပါတော့သည်။ ယင်းအချိန်တွင် ကျနော်၏အသက်သည် ၂၅ နှစ်ခန့်ဖြစ်သည်။ ကျနော်ကဲ့သို့ ဘွဲ့ရပြီးသားသူတောင် ယင်းအချိန်က နိုင်ငံခြား ဗဟုသုတမရှိဘဲ မျက်စိပိတ်နားပိတ် ဖြစ်နေခဲ့သည်ဆိုသည်ကို သိသာနိုင်ပါသည်။   

နေ့လည်ပိုင်းတွင်  ဦးရဲထွန်းနှင့် ကော်ဖီ အတူတူ သောက်ရင်း စာဖတ်၊ မသိတာများကို မေးခဲ့သည်။၊ သူက ရှေ့နေဖြစ်သည့်အတွက် အယူခံအမှုတင်ခြင်းကို ထောင်ပိုင်က အကူအညီ တောင်းသည့်အတွက် အယူခံတင်လိုသည့် ထောင်ကျများကို သူက အကူအညီပေးသည့်အခါ ကျနော်က ကူညီ၍ စာရေးသားပေးရသည်။ ကျနော် စာရေးပေးရသည့်အမှုမှာ- မိန်းမဆုံးသွားပြီးသား မုဆိုးဖိုတစ်ဦး၊ အတူနေသားသမီးများလည်း အိမ်ထောင်ကျသွားကြသဖြင့် အိမ်ခွဲပြောင်းသွားကြသည့်အခါ အဖေဖြစ်သူနှင့် နောက်ဆုံးမွေးခဲ့သည့် သမီးအငယ်ဆုံးလေးသာ ကျန်ခဲ့သည်။ အတူနေရင်းက မုဆိုးဖိုဘဝနှင့် သမီးအရင်းကို ကျူးလွန်မိသည်။ ထိုသမီးအငယ် ကိုယ်ဝန်ရလာတော့မှ အစ်ကိုနှင့်အမက သိသွားသဖြင့် အဖေဖြစ်သူ ရဲတိုင်ခံရပြီး မုဒိန်းမှုနှင့် ထောင်ကျလာသည့်အမှုဖြစ်သည်။ ကျနော်က ထိုသူကိုမေး၍ ထွက်ချက်ကို ရေးပေးပြီးတော့ ဦးရဲထွန်းကို ပြခဲ့ရာ “မင်းဟာက အပြာစာအုပ်ကျနေတာပဲကွ” ဟု ပြောသည်။ “ဒါတော့ မသိဘူးဗျာ”ဟူ၍ပဲ ပြန်ပြောလိုက်ရသည်။ 

ကျနော်နှင့် ဦးရဲထွန်း တခန်းထဲမှာ အတူနေကြသော်လည်း အတူမစားကြပါ။ ကျနော့် ရဲဘော်များကို စာနာသည့်အတွက် ကျနော်က ကိုယ်အုပ်စုနှင့်ကိုယ် စားသည်။ သူတို့၏ အိမ်များက ထောင်ဝင်စာ မှန်မှန်မလာနိုင်ကြပါ။ နိုင်ငံရေးဆောင်ဖျက်ပြီး အချိန်(၁)နှစ်ကျော် ကြာလာသည့်အခါ သူက အပေါ် အခန်း(၂)၏ အခန်းလူကြီး ဖြစ်လာပြီး ကျနော်ကလည်း ဆေးမှူး ဖြစ်လာသည့်အတွက် ရေချိုးလျှင် ရေကန်ဘာယာများကို ခွင့်တောင်းစရာ မလိုဘဲ ရေချိုးခွင့် ရလာခဲ့ကြသည်။ ရေချိုးဆင်းလျှင် ကျနော်က ဦးရဲထွန်းနဲ့ အတူတူ ရေချိုးဆင်းသည်။ တနေ့ ရေချိုးဆင်းသည့်အခါ အတူတူစားသည့် ကျနော့်ညီကဲ့သို့ချစ်ခင်သည့် တင်ကြိုင်က “ကိုထွန်း၊ ကျနော်ချက်ထားတဲ့ဟင်း လာမြည်းကြည့်ပါအုံး” ဟု လာခေါ်သည်။ ရေကန်ဘေးတွင် ဦးရဲထွန်းကို ထားခဲ့ပြီး တင်ကြိုင်နောက်သို့ ကျနော်လိုက်သွားခဲ့သည်။ တင်ကြိုင်နောက် လိုက်သွားတုံး “ဟေးဟေး” လို့ လူများ အော်လိုက်သံ ရုတ်တရက် ကြားလိုက်ရသည့်အတွက် လှည့်ကြည့်လိုက်သည့်အခါ ကိုတင်ဝင်း (နောင်ရိုးတင်ဝင်း)က ဦးရဲထွန်းကို နောက်မှ လိုက်ထိုးနေသည်ကို တွေ့လိုက်ရသည်။

ဦးရဲထွန်းက ရှေ့မှထွက်ပြေးနေသည်ကိုလည်း အံ့အားသင့်စွာ တွေ့လိုက်ရသည်။  ဦးရဲထွန်းက အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ အရပ်က ၆ ပေကျော်ခန့် ရှည်ပြီး ကိုယ်လုံးကလည်း မပိန်မဝ၊ ကိုတင်ဝင်းက ကိုယ်လုံးကိုယ်ထည် ကျစ်ကျစ် အသားဖြူပြီး အရပ်က ၅ ပေ ၅ လက်မ ခန့်ပဲရှိသည့်အတွက် လူချင်းက တော်တော်ကွာသည်။ ထောင်ထောင်မောင်းမောင်း လူကြီးက ထွက်ပြေးနေပြီး လူကောင်သေးသေးက နောက်ကနေ လိုက်ထိုးနေသည်ကို ကြည့်ရတာ တမျိုးကြီးဖြစ်နေသည်။ ကိုယ်နှင့် ရေချိုးအတူဆင်းသည့်သူက ထွက်ပြေးတော့ မချိမခံသာ ဖြစ်မိသည်။  ကိုတင်ဝင်းကိုလည်း ခင်ပါသည်။ တိုက်ထဲမှာ အတူတူနေခဲ့ကြသည့် ဘော်ဒါများဖြစ်သည်။ ကြည့်နေရင်း ဘေးမှလူများက လိုက်ဆွဲကြသည့်အတွက် ကိုတင်ဝင်းကို ချုပ်မိသွားသည်။ 

ဦးရဲထွန်းက ကိုတင်ဝင်းကို ချုပ်မိသွားသည်ကိုတွေ့တော့ မျက်မှောင်ကုတ်အံကြိတ်ပြီး ကိုတင်ဝင်းဘက်ကို လှည့်လိုက်သည်။ ကျွန်တော်က ခုနအလစ်အထိုးခံလိုက်ရသည့်အတွက် ပြေးတာဖြစ်ပြီး အခြေအနေမှန် သိသွားတော့ ပြန်ချတော့မလို့ ပြန်လှည့်လာတာပဲဟုထင်ပြီး ဝမ်းသာသွားသည်။  ကျနော့်စိတ်ကတမျိုး၊ ထွက်ပြေးတာကို မကြိုက်။ ကိုယ့်လူတွေ သတ္တိရှိတာကို မြင်ချင်သည်။  နှစ်ယောက်လုံးကလည်း ကိုယ်နှင့် ခင်မင်ရင်းနှီးသူများ ဖြစ်ကြသည်။ ယင်းအချိန်တွင် ချုပ်ထားသည့်လူများလက်ထဲမှ ကိုတင်ဝင်းက လွတ်ထွက်သွားပြီး ဦးရဲထွန်းဆီကို တဟုန်ထိုးပြေးလာပြန်သည်။ ကိုတင်ဝင်းက သူ့ဆီကို ပြေးလာတာကို တွေ့လိုက်ရသည့်အခါ အံကြိတ်ပြီး မိုက်ကြည့်ကြည့်နေသည့် ဦးရဲထွန်းက အံ့သြသွားပြီး ပါးစပ်ကြီး ဟသွားကာ နောက်တဖက်ကို လှည့်ထွက်ပြေးပါတော့သည်။ နောက်ဆုံး ကိုတင်ဝင်းကို လူတွေ ဆွဲထိန်းလိုက်နိုင်လို့သာ ပွဲက ပြီးသွားခဲ့သည်။

ကျနော်တို့နှစ်ယောက် အဆောင်ပေါ်ကို ပြန်လာကြသည့်အခါ ဦးရဲထွန်းက “မင်းမကောင်းဘူး။ ဒါ မင်းတို့ပေါင်းပြီး ငါ့ကိုချတာပဲ” ဟု မျက်နှာထိ မျက်နှာထားနှင့် စွပ်စွဲသည်။ “ကျနော် ဘာမှမသိဘူးအန်ကယ် တင်ကြိုင် လာခေါ်လို့ သွားနေတုန်း ရုတ်တရက် ထဖြစ်တာ” ဟု အမှန်အတိုင်း ပြန်ပြောလိုက်သည်။  ညနေအိပ်ဆောင်ပိတ်ချိန်ရောက်သည့်အခါ  “ထွန်းအောင်ကျော် မင်း အပေါ် (၁) ကို ပြောင်းရမယ်” ဟု ဝါဒါတစ်ယောက်က လာပြောသည့်အတွက် ဦးရဲထွန်းကို “အန်ကယ်၊ ခင်ဗျား ကျနော့်ကို အခန်းပြောင်းဖို့ သွားတိုင်တာလား”ဟု သွားမေးတော့ သူက “ဟာ… ငါဘာမှမသိဘူး ငါထောင်မှူးကို သွားပြောပေးမယ်” ဟု ဆိုပြီး ထောင်မှူးကို ကျနော့်ရှေ့မှာခေါ်လိုက်ပြီး (၃)ဆောင်မှ အပြင်သို့ ထွက်သွားသည်။ သူတို့ နှစ်ယောက် ထွက်သွားတာကို အထဲမှ ကျနော် ကြည့်နေလိုက်မိသည်။ သူပြန်လာပြီး “မရဘူးလို့ ပြောတယ်ကွာ၊ ခဏတော့ စောင့်လိုက်ပါ”ဟု ကျနော့်ကို ပြောသည်။

ကျနော် သူပြောတာကို မယုံသော်လည်း အပေါ်(၁)ခန်းသို့ ပြောင်းခဲ့သည်။ စိတ်ထဲမှာတော့ မကောင်းလှ။ သူ့ကို ကိုတင်ဝင်း ထိုးတာနှင့် ကျနော့်ကို အထင်လွဲတာကတော့ မဖြစ်သင့်ဘူးဟု ထင်မိသည်။ နောက်ပိုင်းမှ “ကိုတင်ဝင်းက ဦးရဲထွန်းကိုထိုးရင် ကျနော်ဘေးမှာ ရှိနေတဲ့အတွက် ကျနော်က ဝင်တားခဲ့ရင် ကျွန်တော်နဲ့ ထိပ်တိုက်တိုးမယ်၊ ဒါ့ကြောင့် ကျနော်နဲ့ မဖိုက်ချင်တာကြောင့် တင်ကြိုင်ကို အကြောင်းတခုခုပြပြီး ကျနော့်ကို ဦးရဲထွန်းနားကနေ ပထုတ်သွားခဲ့တာ”ဟု ကျနော် ပြန်သိရသည်။  တင်ကြိုင်ကလည်း ဦးရဲထွန်းကို ကြည့်မရ သည့်အတွက် သဘောတူခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်း ထောင်မှလွတ်လာသည့်အခါမှ ရှင်းပြခဲ့သည်။ ကျနော် တစ်ယောက်သာ ဘာမျှ မသိခဲ့ရ။ ဦးရဲထွန်း ကျနော့်ကို အထင်မှားမယ် ဆိုရင်လည်း အထင်မှားနိုင်စရာပဲဟု နောက်မှ တွေးမိခဲ့သည်။

နောက်တနေ့ အဆောင်ဖွင့်သည့်အခါ အပေါ် (၂)အခန်းသို့ သွားပြီး သူ့အိပ်ယာပေါ်မှာ ပက်လက်လှဲနေတဲ့ ဦးရဲထွန်းကို  မိုးကြည့်ပြီး မတ်တပ်ရပ်အနေအထားနှင့် “ဦးရဲထွန်း ခင်ဗျား ကျနော့်ကို အခန်းပြောင်းခိုင်းလိုက်တာ မဟုတ်လား”ဟု ခပ်ပြတ်ပြတ် မေးလိုက်သည်။ သူက ကျွန်တော့်ကို တချက်ကြည့်ပြီး ချက်ချင်း မျက်နှာလွှဲလိုက်သည်။ ပြီးတော့ “ထွန်းအောင်ကျော် ငါ့ကို ခွင့်လွှတ်ပါကွာ၊ ငါ နှလုံးလည်း သိပ်မကောင်းဘူး” ဟု မျက်နှာငယ်လေးနှင့် အသနားခံရင်း ကျနော့်ကို အခန်းပြောင်းပေးဖို့ သူလုပ်ခဲ့သည်ကို သူက ဝန်ခံလိုက်ပါသည်။ ကျနော် သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး “ဒီမှာ အန်ကယ် ကျနော် ဆိုတဲ့ကောင်က ကိုယ့်ရဲဘော် ရဲဘက်တွေအပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာ မှတ်ထားပါ၊ အန်ကယ့်ကို တကယ့် ကိုယ့်ဆွေမျိုးရင်းချာလို ကျနော် သဘောထားခဲ့တယ်၊ အခုဖြစ်တဲ့ကိစ္စလည်း ကျနော် လုံးဝမသိခဲ့ဘူး၊ ခင်ဗျား ကျနော့်ကို အထင်လွဲတာ စိတ်မကောင်းဘူးဗျာ” ဟု ပြောပြီး လှည့်ထွက်ခဲ့သည်။ သူက သူ့ကို တစ်ခုခု လုပ်မယ်ဟု ထင်ပြီး ကြောက်နေခဲ့ပေမဲ့ ကျနော် မလုပ်ရက်ပါ။ ရင်ထဲမှာ နာနေသော်လည်း သူ့ကို ကျနော် ခွင့်လွှတ်လိုက်ပါသည်။

ယင်းဖြစ်စဉ် ဖြစ်ခဲ့ပြီးနောက် သူနှင့် ကျနော် အရင်ကလို အတူတူ ရေချိုးဆင်းကြသည်။ တနေ့ အတူရေချိုးဆင်းလာသည့်အခါမှာ ကျနော်တို့အရင် အခြားအခန်းက အခန်းလူကြီးတွေလည်း ရေချိုးနေကြသည်ကို တွေ့ရသည်။ ကျနော်နှင့် ဦးရဲထွန်း ရေကန်သို့ ရောက်ပြီး ဦးရဲထွန်းက ရေချိုးနေသည့်အခါ ကျနော်က ရေကန်ဘောင်ကို ခြေဖျားထောက်တင်ပြီး ဒိုက်ထိုးသည့် လေ့ကျင့်ခန်း လုပ်နေခဲ့သည်။ စောသေးသည့်အတွက် ရေကန်မှာ သာမန်အကျဉ်းသားများကို ရေချိုးမချသေးပါ။ ဦးရဲထွန်း ရေးချိုးသည့်အခါကျမှ  ရေကန်ဘာယာ မင်းမင်းက ရေကန်ဘေး အုတ်နံရံနားတွင် ထိုင်နေရာက ထလာပြီး “ဟေ့ကောင်တွေ မင်းတို့ကို ဘယ်သူက ခွင့်ပေးလို့ ရေချိုးနေတာလဲကွ၊ ဒီမှာ ငါတို့ရှိနေတာ ခွင့်တောင်းပါလား၊ ရီးလိုလို မှိုလိုလို မလေးမစား မလုပ်နဲ့” ဟု ဆိုပြီး ထဆဲသည်။ နောက်တဆက်တည်း “မင်းတို့ နိုင်ငံရေးသမားတွေက ရီးစုပ်သလို ဖင်ခံသလိုလိုနဲ့ သတ္တိရှိတဲ့ကောင်ထွက်” ဟု ဆက်ပြောလိုက်သည့်အခါ စိတ်ထဲမှာ ဖျင်းကနဲ ဖြစ်သွားသည်။ ဦးရဲထွန်းကို သက်သက်မဲ့ စော်ကားပြီး ပြောလိုက်သည်ကို သဘောပေါက်လိုက်မိသည်။ 

သို့ရာတွင် “မင်းတို့ နိုင်ငံရေးသမားတွေက…..” ဟု ဆိုသည့်စကားက ကျနော်တို့ နိုင်ငံရေးသမားအားလုံးကို စော်ကားလိုက်သည့် စကားဖြစ်သွားပြီ ဆိုခြင်းပင်။ ထို့ကြောင့် ဒိုက်ထိုးနေရာမှ ဆတ်ကနဲ ထလိုက်ပြီး မင်းမင်းကို စိုက်ကြည့် လိုက်သည်။ နောက် ဘာမှမပြောဘဲ ရေကန်ကရေကိုခွက်နဲ့ခပ်ပြီး သူ့ရှေ့မှာပဲ ကိုယ့်ခြေထောက်ပေါ်ကို ရေတစ်ခွက်ပြီး တစ်ခွက် လောင်းပြီး မျက်လုံးက သူ့ကို စိုက်ကြည့်နေလိုက်တယ်။ “ငါအခု ရေမချိုးဘဲ မင်းရှေ့မှာ ကန်ထဲက ရေတွေကို ခြေဆေးနေတယ်။ မင်းဘာလုပ်ချင်သလဲ”ဟု မျက်လုံးချင်းကြည့်ပြီး စိန်ခေါ်နေစဉ် ဦးရဲထွန်းက သူရေချိုးနေရာမှ ကမန်းကတန်း ကျနော့်ဆီလာပြီး “ဟေ့ကောင် ထွန်းအောင်ကျော် လာကွာ၊ ဂရုစိုက်မနေနဲ့”ဟု ဆိုပြီး ကျွန်တော့်ကို ရေလောင်းပေးသည်။ နောက်ကျောကိုလည်း ဆပ်ပြာတိုက်ပေးသည်။ သူက အရမ်းစိုးရိမ်နေပုံရသည့်အတွက် ဘာမှမပြောဘဲ “ကဲပါဗျာ အန်ကယ် ကျနော့်ဖာသာ ချိုးပါ့မယ်” ဟု ဆိုပြီး ကိုယ့်ဟာကိုယ် ရေကို တဘွမ်းဘွမ်း ခပ်ချိုးပစ်လိုက်သည်။ ရေကို လိုတာထက် ပိုချိုးပြီး  ဦးရဲထွန်းက စောင့်ခေါ်နေသည့်အတွက် သူနှင့် ပြန်လိုက်ခဲ့သည်။ အဆောင်ပေါ်ရောက်သည့်အခါ ရေစိုနေသည့် ဘောင်းဘီကို မလဲတော့ဘဲ အပြင်ထွက်မည် ပြင်တော့ ဦးရဲထွန်းက “ဘယ်သွားမလို့လဲ” ဟု လှမ်းမေးသည်။ “ကော်ဖီ သောက်ရအောင် ဖိုရုံထဲမှာ ရေနွေးသွားဆွဲမလို့ဗျ” ဟု ပြန်ပြောလိုက်သည်။ သူက “အေးအေး၊ ကောင်းတယ်” ဟု ပြောတာနှင့် အခန်းထဲက လှည့်ထွက်ခဲ့သည်။  သူ့ကို အေးအေးဆေးဆေး ပြောလိုက်ပေမဲ့ ရင်ထဲမှာ မီးလောင်သလို ပူနေပြီး  ကျနော် အရမ်း ဒေါသထွက်နေသည်ဆိုသည်ကို ကိုယ့်ကိုယ်ကိုယ် သိလိုက်သည်။ စိတ်ဆိုးလာလျှင် တစုံတခုကို မကျေနပ်တော့လျှင် အပြင်ပိုင်း   မျက်နှာက ဘာမှမဖြစ်သလို ချုပ်တည်းနိုင်ပေမဲ့ ရင်ထဲက ပူလောင်လာတတ်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေသည်ဆိုသည်ကို သိနေသည်။

စိတ်ထဲက “ဒါဟာ ငါတို့ နိုင်ငံရေးအကျဉ်းသားတွေကို လူပုံအလည်မှာ စော်ကားတာပဲ။ ဦးရဲထွန်း တစ်ယောက်တည်းကို စော်ကားတာ မဟုတ်ဘူး။ ငါတို့အားလုံးကို စော်ကားတာကို ခေါင်းငုံခံရင် ငါတို့တတွေဟာ သတ္တိမရှိတဲ့သူတွေအဖြစ် ရောက်တော့မယ်။ ငါတို့အားလုံးရဲ့ဂုဏ်သိက္ခာကို ဆယ်ဖို့ ငါ့မှာ တာဝန်ရှိတယ်”ဟု မိမိကိုယ်ကို တာဝန်ပေးနေမိသည်။ “မင်း သူ့ကို ချဖို့ စိတ်ကူးရင် မင်းနိုင်ပါ့မလား” ဟု ကိုယ့်ကိုကိုယ် ပြန်မေးနေမိသည်။ “နိုင်တာ မနိုင်တာ အရေးမကြီးဘူး၊ နိုင်ရင်နိုင် မနိုင်ရင် အသေခံချမယ်” ဟု ပြန်ဖြေနေမိသည်။  “မင်းကိုမင်း သေလူလို့ မှတ်လိုက်။ ဒါကြောင့် နိုင်အောင်ချ၊ မနိုင်ရင်လည်း မင်းက သေပြီးသားဖြစ်လို့ ဘာမှ သေမှာကို စိုးရိမ်မနေနဲ့တော့” ဟု စိတ်ဒုံးဒုံးချလိုက်ပြီး အဆောင်ပေါ်မှ ဆင်းလာခဲ့သည်။ စိတ်ပိုင်းဖြတ်ပြီး လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်ပြီးသည့်နောက် ရင်ထဲက ပူနေသည်များ ပျောက်သွားပြီး လူက ပေါ့ပါးဖျတ်လတ်နေသည်။ 

အဆိုးဆုံးကို ရင်ဆိုင်မည်ဟု ပိုင်းဖြတ်ပြီး ဖြစ်သောကြောင့် စိုးရိမ်စိတ်၊ ပူပန်စိတ်များ မရှိတော့ဘဲ တက်ကြွနေသည်။ အဆောင်မှ ရေကန်ဆီကို (၂)ဆောင်နှင့် ခြားထားသော အုတ်နံရံနားကနေ လမ်းလျှောက်လာတော့ (ရှမ်းပြည်နယ်စပ်ဒေသ ကျိုင်းတုံ၊ မိုင်းဆတ်၊ ကွတ်ခိုင်၊ ကြူကုတ်၊ မုန်းကို၊ ကွမ်းလုံ၊ မူဆယ်မြို့ရွာများ၌ရှိသော မဆလမြို့နယ် ကောင်စီဝင်များ၊ ရပ်ကွက်ကောင်စီဥက္ကဋ္ဌများ၊ ဒေသကောင်စီဝင်လူကြီးများကို ဘိန်းမှုနှင့် တသီကြီး ဖမ်းမိသည့်အတွက် (၃)ဆောင်သို့ ရောက်လာသည့်) တိုင်းရင်းသား ရှမ်း၊ ကချင်၊ ဝ၊ လားဟူများလည်း ရှိသည်။ သူတို့အုပ်နှင့် လမ်းမှာ တိုးတော့ သူတို့ထဲမှ တစ်ယောက်က “ကိုထွန်းအောင်ကျော် ခုနပဲ ရေချိုးပြီးတယ်၊ ဘာလို့ ပြန်လာတာလဲလို့” ဟု မေးသဖြင့် “အပျော်တမ်း ရန်သွားဖြစ်မလို့ဗျ” ဟု ပြုံးပြီး ပြန်ပြောခဲ့သည်။ 

ဆက်လျှောက်လာသောအခါ မင်းမင်းကို ရေကန်နားက (၂)ဆောင်နှင့်ခြားထားသော အုတ်နံရံနားမှာ ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်သည်။ သူကလည်း ကျွန်တော် လာနေသည်ကို မြင်သည်။ ကျွန်တော်က သူ့ကို တည့်တည့်စိုက်ကြည့်ပြီး လမ်းလျှောက်လာသည်ကို တွေ့သည့်အခါ သူမျက်နှာပျက်သွားပြီး ထရပ်လိုက်သည်။ ကျွန်တော်က သူ့ဆီကို မျက်စိမလွှဲဘဲ တည့်တည့်လျှောက်သွားပြီး အနား ရောက်သောအခါ “မင်းမင်း မင်းခုနက နိုင်ငံရေးသမားတွေ ရီးစုပ်သလို ဖင်ခံသလိုလို့ပြောတာ ငါတို့အားလုံးကို စော်ကားလိုက်တာပဲ၊ ဒါကြောင့် မင်းငါ့ကို တောင်းပန် မတောင်းပန်ရင် မင်နဲ့ငါနဲ့ ချမယ်” ဟု ပြောလိုက်သည်။ မင်းမင်းက ဘာမှ မပြောဘဲနေပြီး တဖက်ကို လှည့်ပြီး ကျွန်တော့်ကို ကျောပေးလိုက်သည်။ ပြီးနောက် ရုတ်တရက် “ရီးဖြစ်လား” ဟု သူက ဆဲပြီး လှည့်ထိုးလိုက်သည်။ ကျွန်တော်ကလည်း နဂိုက အဆင်သင့်ပြင်ထားတော့ သူလှည့်ထိုးတာနှင့် ကိုယ်ကလည်း ထိုးပြီးသား ဖြစ်သွားသည်။ ကံဆိုးချင်တော့ ကျွန်တော်က ဘယ်သန်ဆိုတော့ ကျွန်တော့်ဘယ်ဖက်မှာက အုတ်နံရံကြီးက ရှိနေပြီး နှစ်ယောက်လုံးကလည်း အုတ်နံရံနားမှာ ကပ်ပြီး မျက်နှာခြင်းဆိုင် ရပ်နေကြသည့်အတွက် လက်မောင်းနှင့် အုတ်နံရံနှင့် ပွတ်တိုက်မိပြီး လက်ဖျံ နဲနဲပွန်း သွားသည် ဘရိတ်ဖမ်း လိုက်သလိုဖြစ်သွားတော့ ထိုးချက်က သိပ်မပြင်းလိုက်။ ကျနော့်လက်သီးက သူ့မျက်နှာကို ထိသွားပြီး သူနောက်ကို ယိုင်သွားသည်။ သူထိုးလိုက်တာက ကျွန်တော့်ပခုံးကိုပဲ ထိသွားသည်။ ကျွန်တော်က ချက်ချင်း ရှေ့ကိုတလှမ်း လျှပ်တပျက်တိုးလိုက်သည်။ အဲဒီအချိန်မှာ မင်းမင်းက နောက်လန် နေသောအနေအထားမှ သူ့ဆီကို ဝင်လာသော ကျနော့်ကို လှမ်းထိုးလိုက်တော့ ထိုးသလို မဖြစ်ဘဲ လှမ်းခေါက်သလို ဖြစ်သွားပြီး အောက်နှုတ်ခမ်းကို ထိသွားသည့်အတွက် ပေါက်ပြီးသွေးစို့သွားသည်။ 

ကျနော်က ရှေ့တစ်လှမ်းတိုးထားသော အနေအထားနှင့် သူ့ကို အားရပါးရ ဖြောင့်လက်သီးတစ်လုံး ပေးလိုက်သည့်အခါ သူက ခေါင်းငုံရှောင်လိုက်သည့်အတွက် နှာရိုးကို မထိုးမိဘဲ သူ့မျက်ခုံးနှစ်ခုအလယ်သို့ လက်သီးက တည့်တည့်ဝင်သွားပြီး မင်းမင်း ကိုယ်ကြီး မြောက်တက်သွားကာ ရွှံ့ဗွက်ထဲသို့ ပက်လက်လန်ပြီး ကျသွားသည်။ သူလဲကျသွားသည့်နောက်ကို ကျနော်က လိုက်သွားပြီး သူ့မျက်နှာပေါ်ကို အပေါ်ကနေခုန်ပြီး ဖနှောင့်နှင့် ဆောင့်ကန် လိုက်သောအချိန် ရေကန်ဘာယာ ကိုစံခင်ကြီးက “ဟေ့ ထွန်းအောင်ကျော် လွန်မယ်” ဟု ဆိုပြီး ကျနော့်ခါးကို ဆွဲမလိုက်သည်။ ကိုစံခင်ကြီးက ကိုယ်လုံး ကိုယ်ထည် တောင့်တင်းပြီး သန်မာသည့်အတွက် ကျနော် စောင့်ကန်ချက်သည် မင်းမင်း၏မျက်နှာပေါ်ကို ခြေရာထင်ယုံဘဲ ထိသွားခဲ့သည်။ “ကျုပ်ကိုလွှတ်၊ ကိုစံခင်”ဟု ကျွန်တော်က ပြောပြီး ရုန်းထွက်လိုက်သည်။ မင်းမင်းကို ကြည့်လိုက်တော့ ဗွက်ထဲမှ ပက်လက်ကြီး မထနိုင်သေး။ သို့နှင့် ကျွန်တော်က စိတ်မပြေသေးဘဲ ရေကန်ရှိရာကို လျှောက်သွားပြီး ရေကန်ပေါင်ပေါ်ကို ခုန်တက်လိုက်သည်။ အလျား ပေ ၆၀ လောက်ရှိသော ရေကန်ဘေးမှာလည်း ရေချိုးဖို့ ငါးယောက် တတွဲစီ တန်းစီနေကြသော အကျဉ်းသားများ ၁၀၀ ကျော် ခန့်ရှိသည်။ ရေကန်ဘေးပတ်ဝန်းကျင် ၌ရှိသောသူများအားလုံး ကြားအောင် အသံမြှင့်ပြီး “ဟေ့ မင်းတို့သိထားဖို့က နိုင်ငံရေးအကျဉ်းသားဆိုတာ တိုင်းပြည် အုပ်ချုပ်နေတဲ့ အစိုးရကိုတောင် မတရားဘူးထင်ရင် ဆန့်ကျင်ပုန်ကန်လာတဲ့သူတွေကွ၊ ဘယ်သူ့ကိုမှ သောက်ဂရုမစိုက်ဘူးမှတ်၊ လူတစ်ယောက်နှစ်ယောက် သတ်တာကို ဒီမှာလာပြီး ဂုဏ်မဖော်နေနဲ့ မင်းတို့လူသတ်တယ်ဆိုတဲ့ ကောင်တွေကို ရီးပဲ ထင်တယ်။ ကြိုက်တဲ့အကောင်ထွက် ဘယ်ကောင်မှ သောက်ဂရုမစိုက်ဘူး။ မင်းတို့သိထားဖို့က နိုင်ငံရေးသမားဆိုတာ လိုအပ်ရင် ……. သတ်တယ်ကွ၊ သိလား” ဟု ကြုံးဝါးလိုက်သည်။  ကျွန်တော်က ရေကန်ပေါင်အရှည် ပေ ၅၀ လောက်ပေါ်မှာ အသွားအပြန် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ကြုံးဝါးပစ်လိုက်သည်။ လမ်းလျှောက်ရင်း ရေကန်ထဲက ရေကိုခွက်နှင့် လှမ်းခပ်ပြီး ပါးလုပ်ကျင်းကာ ရေကို ပါးစပ်ကနေ ထွီကနဲ ထွေးထုတ်လိုက်ပြီး ခေါက်တုံ့ခေါက်ပြန် ဆက်၍ လမ်းလျှောက်နေလိုက်သည်။ ရေချိုးဖို့စောင့်နေသောသူများ၊ ရေကန်ဘာယာများ၊ အခန်းလူကြီးများအားလုံး ကျနော်ပြောသည်ကို ငြိမ်ပြီး နားထောင်နေကြသည်။ ဘယ်သူမှ ရှေ့သို့ ထွက်မလာကြပါ။ မင်းမင်းကလည်း ဖြူရော်ရော် မျက်နှာနှင့် အုတ်နံရံနားတွင် ထိုင်နေပြီး ကျနော့်ကို ငေးကြည့်နေသည်။ သူ့ထံမှ ဘာအသံမျှ ထွက်မလာတော့။ (၃) ဆောင်တခုလုံး တိတ်ဆိတ်သွားသည်။ ခဏနေတော့ ဘယ်သူမှ ကျနော် စိမ်ခေါ်သည်ကို ရှေ့ထွက် ချဲလင်း မလုပ်သည့်အတွက် ကျနော် ကန်ပေါင်ပေါ်က ခုန်ဆင်းပြီး မိမိအခန်းကိုပြန်လာခဲ့သည်။ ယင်းသို့ဖြစ်ပြီးနောက်ပိုင်း နိုင်ငံရေးသမားများကို စော်ကားသံ မကြားရတော့ပါ။ ထောင်မှူးက မျှမျှတတ ဆုံးဖြတ်ခဲ့သည့်အတွက် တိုက်ပိတ်မခံရဘဲ ပြီးသွားခဲ့သည်။ 

မင်းမင်းနှင့် ရန်ဖြစ်ပြီးသည့်နောက် ဦးရဲထွန်းကလည်း “ဘာလို့ သွားရန်ဖြစ်ရတာလဲကွာ၊ သူဘာသာ ဆဲဆဲပေါ့၊ ဒီကောင်တွေနဲ့ ရန်ဖြစ်ဖို့ မတန်ဘူးကွ၊ မင်းက ပညာတတ် တန်ဖိုးရှိတယ်၊ ဒီကောင်တွေက ဘာတန်ဖိုးမှ မရှိတဲ့ လူသတ် ဓားပြတွေ၊ ဘိန်းစားတွေကွ၊ တခုခုဖြစ်ရင် ကိုယ်ဘက်က အရှုံးချည်းပဲ” ဟု ပြောလာသည်။ “ခင်ဗျားကို သက်သက် စော်ကားတာဗျ၊ ဒါကို လက်မခံနိုင်ဘူး၊ နောက်ပြီး နိုင်ငံရေးသမားတွေအားလုံးကို သိမ်းကျုံးဆဲတာကိုတော့ ကျနော်တို့ အားလုံးမှာလည်း တာဝန်ရှိတယ်လို့ ယူဆတယ်” ဟု ကျနော်က ပြန်ပြောတော့ သူက “အေး၊ မင်းက တာဝန်သိပေမဲ့ ကျန်တဲ့ကောင်တွေက သူတို့ကို မထိသလို နေနေတာကွ” ဟု သူက ပြန်ပြောသည်။

ကျနော်တို့ ၁၉၈၀ ခုနှစ်တွင် ထောင်မှလွတ်လာပြီးနောက် ဦးရဲထွန်းအိမ်သို့ သွားလည်ခဲ့ကြပြီး သူ့ရုံးကိုလည်း သွားလည်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ဖိုးစိန်လမ်းမှာ နေနေတဲ့ ဦးရဲထွန်းနဲ့ကျနော် တွေ့ပြီး ၎င်းအိမ်၌ ဦးရဲထွန်း၏သားဖြစ်သူ ဥက္ကာမော်ထွန်းနှင့်ဆက်နွယ်ပြီး မင်းကိုနိုင်၊ မင်းဇေယျာတို့နှင့် သိကျွမ်းခဲ့သည်။ ဥက္ကာသည် သူ့အဖေကဲ့သို့ အရပ်ရှည်သော်လည်း အသားမညိုဘဲ အသားဖြူဖြူ အမြဲပြုံးပြုံးရွှင်ရွှင် နေတတ်သည့် လူငယ်တစ်ဦး ဖြစ်သည်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသား အဖွဲ့အစည်း ဖွဲ့စည်းသည့်အခါ ဦးရဲထွန်းက အကြံပြုသည့် Freedom Fighters of Burma (FFB) အမည်ကို ကြိုက်သဖြင့် အသုံးပြုခဲ့သည်။ စစ်အာဏာသိမ်းသည့်ည၌ ဦးရဲထွန်း၏နေအိမ်တွင် အားလုံးဆုံခဲ့ကြပြီး ကျနော်တို့က နယ်စပ်သို့ ထွက်မည့်အကြောင်းပြောသည့်အခါ ဦးရဲထွန်းက “မင်းတို့ မရှိရင် ငါဘယ်လိုလုပ်ရမလဲ" ဟု အားငယ်သံနှင့် မေးခဲ့ပါသေးသည်။ 

တောတွင်းဘဝမှာလည်း ဦးရဲထွန်းက ကျနော့်မိသားစုကို တိတ်တဆိတ် ကူညီပေးခဲ့သည်။ ကျနော့်ဘဝ၌ စိတ်ထိခိုက်စရာအကောင်းဆုံးနှင့် တုန်လှုပ်ခြောက်ခြားမှုအဖြစ်ဆုံးကလည်း ဦးရဲထွန်းနှင့် ပတ်သက်နေခဲ့သည်။ ဦးရဲထွန်း၏သားဖြစ်သူ ဥက္ကာသည် အစ္စရေးနိုင်ငံသို့ ထွက်သွားပြီး ထိုင်းသို့ ပြန်လာသည့်အခါ ကျနော့်အခန်း၌ လာနေ နေခဲ့သည်။ ထိုကာလ ဗိုလ်ခင်ညွန့်၏သတင်းစာရှင်းလင်းပွဲတွင် ဦးရဲထွန်းသည် သူ့သားကို အဖမ်းခံရမှာစိုးသဖြင့် နိုင်ငံခြားသို့ လွှတ်ကာ ရှောင်ခိုင်းပြီး ကျောင်းသားများကိုတော့ ထောင်ကျအောင် မြှောက်ပေးခဲ့သည်ဟု ပြောခဲ့သည့်စကားကြောင့် ဥက္ကာသည် မိမိနေအိမ်ရှိရာ ရန်ကုန်သို့ ပြန်ချင်သော်လည်း အဖေကလည်း ထောင်ထဲတွင် ရှိနေပြန်သည်။ ထိုအတွက်စိတ်ထိခိုက်၊ သူအိမ်သို့ပြန်လျှင်လည်း အဖမ်းခံရမည်ကို စိုးရိမ်ပူပန်ပြီး မပြန်နိုင်ဖြစ်ကာ နောက်ဆုံး ကျနော် ငှားပေးထားသည့်အခန်းတွင် သူ့ကိုယ်သူ အဆုံးစီရင်သွားခြင်းပင် ဖြစ်သည်။ 

ယင်းအချိန်က ဦးရဲထွန်းက ထောင်ကျနေပြီ။ ကျနော်တို့ တောတွင်းမှ ပေးလိုက်သည့်စာများ သူ့ထံတွင် မိပြီး အဖမ်းခံနေရသည့်အချိန် ဖြစ်သည်။ ဤကိစ္စကို ဦးရဲထွန်း ပြန်လွတ်လာပြီးနောက် သူ့ကို အဆက်အသွယ်ရသည့် အချိန်၌ ပြောပြသည့်အခါ “မင်းပြောတာကို နားထောင်ပြီး ငါ ငိုနေတယ်ကွာ…” ဟု သူက ပြန်ပြောခဲ့သည်။ “ကျနော် တာဝန်မကျေခဲ့ဘူး၊ ခွင့်လွှတ်ပါ အန်ကယ်၊ ကျနော် သူဒီလိုလုပ်သွားလိမ့်မယ်လို့ မထင်မိဘူး”ဟု သူ့အား တောင်းပန်ခဲ့သည်။ သူကလည်း “ဒါကတော့ သူ့ဝဋ်ကြွေးပါလာလို့ပေါ့ကွာ၊ ဘယ်တတ်နိုင်မလဲ” ဟု ပြောခဲ့ပြီး ကျနော့်ကိုလည်း သူက အပြစ်မတင်ခဲ့ပါ။ 

ကျနော် အမေရိကန်နိုင်ငံသို့ ထွက်သွားပြီးနောက် ABSDF မှ ရဲဘော်ဟောင်းများဖြစ်သည့် ကိုမူးသာ၊ ကိုကိုလေးတို့နှင့်အတူ ရဲဘော်များနှင့်တွေ့ရန် ထိုင်းသို့ ပြန်လာလည်သည့်အချိန်၌ ဦးရဲထွန်းကလည်း စင်္ကာပူတွင် ဆေးကုနေရင်း ဘန်ကောက်မြို့သို့ ရောက်နေကြောင်း မိတ်ဆွေတစ်ယောက်က ဆက်သွယ်ပေးသည့်အတွက် ကံကောင်းထောက်မစွာဖြင့် သူတည်းခိုနေသည့်ဟိုတယ်၏ ဖုံးနံပါတ်ကို ရရှိခဲ့သည်။ သူ့ထံသို့ ဖုံးဆက်လိုက်သည့်အခါ သူက ဝမ်းသာအားရဖြင့် “ကျနော်တို့ ဘယ်မှာရှိမလဲ၊ သူလာခဲ့မယ်" ဟု ပြောသဖြင့် ကျနော်တို့ ရောက်ရှိနေသည့် စားသောက်ဆိုင်နေရာကို ညွှန်ပြခဲ့ရာ သူရောက်လာပြီး တစ်ယောက်နှင့်တစ်ယောက် ဖက်ယမ်းနှုတ်ဆက်ခဲ့ကြသည်။ သူ့တွင် အလွန်ရှားပါးသည့် ကျောရိုးဆွေးသည့်ရောဂါ ရနေသဖြင့် စင်္ကာပူတွင် ဆွေးသွားသည့် ကျောရိုးနေရာသို့ ဆီးမင့် (Cement) လောင်းပြီး အစားထိုး ကုသနေရကြောင်း ပြောပြသည်။ သူက ပြန်ခါနီးအချိန်တွင် ကျနော့်ကို ဖက်ထားပြီး “မင်းတို့မရှိတော့ အားငယ်တယ်ကွာ” ဟု ပြောပြီး မျက်ရည်စက်လက်နှင့် ထွက်သွားသည့် သူ့ကို ကြည့်ရင်း မျက်ရည်ဝဲခဲ့ရသည်။ ယင်းက သူနှင့်ကျနော် နောက်ဆုံး လူကိုယ်တိုင်တွေ့ခဲ့ရခြင်းဖြစ်သည်။

သူ  မဆုံးခင် ကျနော်၊ ကိုမိုးသီးဇွန်နှင့် အိန္ဒိယသို့ ရောက်နေသည့် ကိုကျော်သန်းတို့ သုံးယောက် မလေးရှား NLD (လွတ်မြောက်နယ်မြေ)မှ ဖိတ်ကြားသဖြင့် မလေးရှားသို့ သွားခဲ့ကြသည်။ စင်္ကာပူတွင် နေထိုင်သည့် ကျနော့်သူငယ်ချင်း ကိုအုံးခင်က လှမ်းဖိတ်သဖြင့် မလေးရှားမှတဆင့် စင်္ကာပူသို့ သွားခဲ့ရာ ကိုအုံးခင်စီစဉ်ပေးသည့် ဟိုတယ်မှ ဦးရဲထွန်းထံသို့ ဖုန်းဆက်သည့်အခါ သူက “ဟေ့ကောင် ထွန်းအောင်ကျော် ငါလျှောတော့မယ်ကွ” ဟု ပြောသဖြင့် ကျနော်နှင့် ကိုမိုးသီးတို့ နှစ်ယောက်က “ဟာ… အန်ကယ် စိတ်မလျော့ပါနဲ့၊ တင်းထားပါ” ဟု အားပေးခဲ့ကြသည်။ နောက်နှစ်ရက်အကြာတွင် ဦးရဲထွန်း ဆုံးသွားကြောင်း သတင်းကြားသိရသဖြင့် ယင်းစကားက ကျနော့်ကို သူနောက်ဆုံးနှုတ်ဆက်စကား ပြောခဲ့သည်ဟုပဲ မှတ်လိုက်ရပါသည်။

နိဂုံးအားဖြင့် ဦးရဲထွန်းသည် စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်များကို အမြဲတော်လှန်ခဲ့သည့်သူ တစ်ဦးအဖြစ် လေးစားဂုဏ်ပြုထိုက်သူတစ်ယောက် ဖြစ်သည်။ သူသည် အသားနာမှာကိုတော့ အလွန်ကြောက်သူ ဖြစ်သည်။ အသားနာမှာကြောက်သည့်အတွက် သူပြောခဲ့သည့် စကားရှိသည်။ ယင်းမှာ ”ငါ့ကို ရိုက်စစ်စရာ မလိုဘူး အကုန်ပြောမှာ၊ ဒါကြောင့် မသိသင့်တာ ငါ့ကို မပြောမိစေနဲ့” ဟု သတိပေးဖူးသည်။ မည်မျှပင် ကြောက်ကြောက် စစ်အာဏာရှင်များကို တော်လှန်သည့်သူများကို သူက ကြောက်ကြောက်နှင့် အမြဲ အားပေးကူညီခဲ့သူဖြစ်သည်။ ထိုသို့ကြောက်သော်လည်း ဤမကောင်းသည့် စနစ်တစ်ခုကို ငြိမ်မနေဘဲ ပြန်ခံတိုက်ခဲ့သဖြင့် ထောင်အကြိမ်ကြိမ် ကျခဲ့ရပြီး နောက်ဆုံး သူအလွန်ချစ်သည့် သားလည်း ကွယ်လွန်ခဲ့ရသည်။ သူ့ဘဝကို ကြည့်လျှင် အလွန်သနားစရာကောင်းသလို လေးစားစရာလည်း အလွန်ကောင်းသည်။ ပြည်သူတွေ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့်သူ့ကို သတ္တိရှိသူ၊ အမှန်တရားကို မြတ်နိုးသူဟု ကျနော် မြင်သည်။ အသားနာမှာ၊ ထောင်ကျမှာ အလွန်ကြောက်သော်လည်း သူက ယင်းကြောက်စိတ်နှင့် ရပ်မနေဘဲ၊ ကြောက်ကြောက်နှင့် အမှန်တရားအတွက်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်သွားသူ ဖြစ်သည်။ လူများကို အစုလိုက်သတ်ဖြတ်ပြပြီး အစောင့်အရှောက်များနှင့်နေသူများထက် သူက သတ္တိပိုရှိသူ တစ်ယောက်အဖြစ် ဤစာစုနှင့် ဂုဏ်ပြု ဂါရဝပြု လိုက်ပါသည်။

ဦးရဲထွန်းက ထောင်ထဲမှာ တစ်ခါတစ်ရံ သီချင်းဆိုပြတတ်သည်။ သူဆိုခဲ့သည့် သီချင်းများထဲတွင် ကျနော်အကြိုက်ဆုံးသီချင်းက “Moon River” သီချင်း ဖြစ်ပါသည်။

“Moon River” (လမြစ်ကြီး)

Moon river, wider than a mile  

Moon river (လမြစ်ကြီး)ဟာ တမိုင်ထက်မက ကျယ်ဝန်းပါတယ်

I'm crossin' you in style some day 

ငါမင်းကို တနေ့နေ့မှာခန့်ငြားတဲ့ ပုံစံတမျိုးနဲ့ ဖြတ်ကူးမှာပါ 

Oh, dream maker, you heartbreaker 

အို စိတ်ကူးကိုဖန်တီးသူ၊ နှလုံးသားကိုနာကျင်အောင်လည်းလုပ်သူ

Wherever you're goin', I'm goin' your way 

မင်းဘယ်နေရာသွားသွား၊ ငါလည်းမင်းနဲ့အတူလိုက်ခဲ့မယ် 

Two drifters, off to see the world 

လွင့်မြောနေတဲ့ငါတို့နှစ်ယောက် ကမ္ဘာကြီးကိုကြည့်ဖို့ထွက်သွားကြပြီ

There's such a lot of world to see 

ကမ္ဘာကြီးမှာ ကြည့်စရာတွေအများကြီးရှိတဲ့အတွက်ပေါ့

We're after the same rainbow's end, waitin' 'round the bend 

My huckleberry friend, Moon River, and me  

ငါ့သူငယ်ချင်းရယ်၊လမြစ်ကြီးရယ်၊ ငါတို့တတွေဟာသက်တံရောင်အဆုံး 

နောက်ကိုလိုက်နေရင်း အကွေ့လေးတစ်ခုမှာ စောင့်နေကြမယ်။

(အနောက်နိုင်ငံများတွင် သက်တံရောင်အဆုံး၌ ရွှေတုံးရွှေခဲများရှိသည်ဟု တင်စားပြောဆိုကြသည်။ ဤသီချင်းကို အဓိပ္ပာယ်ဖော်ကြည့်လျှင် မိမိခင်မင်ရင်းနှီးသည့် မိတ်ဆွေနှင့်အတူတကွ သူပေးသည့် စိတ်ကူးများကို အကောင်အထည်ဖော်ရင်း ရင်နာစရာများလည်း ကြုံရမည်။ မိမိတို့၏ ရည်မှန်းချက်ကို အတူတကွသွားကြရင်း နောက်ဆုံး သေခြင်းတရားဆိုသည့် မြစ်ကြီးကို ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းသွားကြမည်ဟု အဓိပ္ပာယ်ရပါသည်။  ကျနော်တို့ ဦးရဲထွန်းတို့ သက်တံအဆုံးသို့ သွားနေကြသည့်ခရီး၏ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာ လူပီသစွာနေနိုင်ရေးပဲ ဖြစ်ပါသည်။)

ဘဝမှာ သစ္စာရှိသည့်သူများနှင့်အတူ ဖြတ်သန်းကြမည်ဟု ခံစားမိပါသည်။

                                                                                        ***

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading