NLD ၏ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံပွဲ ကယားတွင်လည်း ထပ်ပျက်

နေရာ ညှိနှိုင်းမရသည့်အတွက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့်အစီအစဉ် ဒုတိယအကြိမ် ပျက်ပြီးနောက် NLD ကိုယ်စားလှယ်အဖွဲ့သည် ကျန်ခရီးစဉ်များကိုဆက်ရန် ပြင်ဆင်နေသည်

ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အောက်တိုဘာ ၄ က အပြိုင်မဲဆွယ်စဉ် နှစ်ဖက်ပါတီဝန်းရံသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကေဇွန်နွေး/ Myanmar Now)

တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ကိုယ်စားလှယ်အဖွဲ့သည် ကယားပြည်နယ်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP) နှင့် ယနေ့ (ဇန်နဝါရီ ၁၂) နေ့လယ်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နေရာ ညှိနှိုင်းမရ၍ ဆွေးနွေးပွဲ ပျက်ပြားခဲ့သည်။ 

ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် NLD ကိုယ်စားလှယ်အဖွဲ့သည် မွန်ညီညွတ်ရေးပါတီနှင့် တွေ့ရန် ဇန်နဝါရီ ၄ က မွန်ပြည်နယ်သို့ သွားရောက်ခဲ့သော်လည်း နေရာ ညှိနှိုင်းမရ၍ ဆွေးနွေးပွဲ ပျက်ခဲ့ပြီးနောက် ယခု ကယားပြည်နယ်တွင်လည်း အလားတူကြုံရခြင်း ဖြစ်သည်။ 

လွိုင်ကော်ရှိ NLD ပါတီ ပြည်နယ်ရုံးတွင် တွေ့ဆုံရန် ဖိတ်ကြားခဲ့ရာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက တတိယနေရာတစ်ခုတွင် တွေ့ဆုံရန် တောင်းဆိုခဲ့သည်။ 

"ရုံးမှာ ၁ နာရီခွဲ ထိအောင် စောင့်နေတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီ (KySDP) ဘက်က ရောက်မလာကြဘူး။ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ သူတို့က တတိယတစ်နေရာ ကြားတစ်နေရာမှာ တွေ့ချင်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ကလည်း ဒီပြည်နယ်မှာ တစ်မျိုးတွေ့၊ ဟိုပြည်နယ်မှာ တစ်မျိုးတွေ့ လုပ်လို့မရဘူးလေ” ဟု  ဒေါက်တာအောင်မိုးညိုက Mynamar Now ကို ပြောသည်။ 

KySDP က ဆွေးနွေးပွဲဖိတ်ကြားရာတွင် ပါတီဗဟိုချင်း တိုက်ရိုက်ဖိတ်ကြားရန်နှင့် စာဖြင့် တရားဝင်ဖိတ်ကြားရန် တောင်းဆိုခဲ့သော်လည်း NLD ပါတီ၏ ကယားပြည်နယ်ဥက္ကဋ္ဌကသာ  ဖုန်းဆက်ဖိတ်ကြားခဲ့သည်ဟု KySDP ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က ဆိုသည်။

" သူတို့ (NLD) ပါတီ ဗဟိုရုံးမှာပဲ တွေ့ဖို့ ဆုံးဖြတ်ချက်ချတဲ့အတွက် သူတို့က တခြားနေရာကို သွားတွေ့စရာမရှိဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တာပေါ့။ ကျွန်တော်တို့ပါတီကတော့ ပါတီရုံးမှာ တွေ့မယ်။ တကယ်လို့ တွေ့လို့အဆင်မပြေဘူးဆိုရင် တတိယနေရာကို ရွေးမယ်ဆိုပြီး သဘောထားရှိတာပေါ့။ သို့သော် သူတို့ဘက်ကနေ လုံးဝ လိုက်လျောပေးတဲ့ အနေအထားမျိုး မရှိတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း ဒီအစီအစဉ်က မတွေ့ဖြစ်ဘဲ ဒီလိုပဲ ကျန်ခဲ့တာပေါ့" ဟု ဆွေးနွေးပွဲ ပျက်ခဲ့ရသည့်အကြောင်းကို ပြောသည်။  

NLD ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံရန် ရည်ရွယ်ခဲ့သည့် KySDP သည် လွှတ်တော်သုံးရပ်ပေါင်း ၃၄ နေရာအနက် ၈ နေရာ အနိုင်ရရှိထားပြီး မွန်ညီညွတ်ရေးပါတီသည် လွှတ်တော် သုံးရပ် ပေါင်း ၄၅ နေရာအနက် ၁၂ နေရာ အနိုင်ရထားသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ဇန်နဝါရီ ၁ ရက်တွင် စတင်ခဲ့သည့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်များအနက် ကချင်ပြည်နယ်တွင်သာ တွေ့ဆုံပွဲ ဖြစ်မြောက်ခဲ့သည်။ 

ကိုယ်စားလှယ်အဖွဲ့သည် ပါတီအလုပ်အမှုဆောင်အဖွဲ့ ညွှန်ကြားချက်အတိုင်း ပါတီ၏ရုံးများတွင်သာ တွေ့ဆုံမည်ဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုက ပြောကြားထားသည်။ 

NLD ကိုယ်စားလှယ်အဖွဲ့သည် လုပ်ပိုင်ခွင့် နည်းပါးလွန်းပြီး ဗဟိုချုပ်ကိုင်မှု များပြားလွန်းနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်နေကြသည်။ 

KySDP အနေဖြင့်  တွေ့ဆုံရန်အတွက် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အနိုင်ရကိုယ်စားလှယ်များပါဝင်သည့် ကိုယ်စားလှယ် ၅ ဦးပါအဖွဲ့ ဖွဲ့ထားပြီး နိုင်ငံရေး၊ တိုင်းရင်းသားအရေး၊ အစိုးရ၊ လွှတ်တော်ဖွဲ့စည်းရေးကိစ္စတို့ကို ဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ခူးသဲရယ်က ပြောသည်။ 

ယခုတစ်ကြိမ်ဆွေးနွေးပွဲပျက်ခဲ့သော်လည်း နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံမည့်အလားအလာမှာ NLD အပေါ်တွင်သာ မူတည်ကြောင်း KySDP ဘက်မှ သိရသည်။

KySDP အပါအဝင် နေရာညှိနှိုင်းမရသည့်အတွက် ဆွေးနွေးပွဲပျက်ခဲ့ရသည့် ပါတီများကို ထပ်မံတွေ့ဆုံခြင်း ရှိ၊ မရှိမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အပေါ်တွင် မူတည်သည်ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။ 

KySDP အတွင်းရေးမှူး ခူးသဲရယ်က " နိုင်ငံကိုဦးဆောင်မယ့် နိုင်ငံရေးပါတီက ဒီလို နေရာတစ်ခုကိစ္စနဲ့ ဆွေးနွေးဖို့ အဆင်မပြေဘူး၊ အလျှော့အတင်းလုပ်လို့မရဘူးဆိုရင် ကျန်တဲ့နိုင်ငံရေးကိစ္စ၊ တခြား အရေးကြီးတဲ့ ကိစ္စရပ်တွေမှာလည်း ဆွေးနွေးလို့ အဆင်ပြေပါ့မလားဆိုတာလည်း သံသယဖြစ်သွားပါတယ်" ဟု ဝေဖန်သည်။ 

ကယားပြည်နယ်အခြေစိုက် ကယန်းအမျိုးသားပါတီသည် ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရရှိထားခြင်းဖြစ်သည့်အတွက် လာမည့် ရှမ်းပြည်နယ်ခရီးစဉ်တွင် ဖိတ်ကြားဖွယ်ရှိကြောင်း ဒေါက်တာအောင်မိုးညိုက Myanmar Now ကို ပြောသည်။ 

NLD သည် ရွေးကောက်ပွဲအပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ တွင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုင်းရင်းသားပါတီ ၄၈ ခုကို ကမ်းလှမ်းသည့်စာထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံရန်  မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန် တို့ သုံးဦးကို ဒီဇင်ဘာလလယ်ပိုင်းတွင် တာဝန်ပေးအပ်ခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့၏ တာ၀န်မှာ တိုင်းရင်းသားပါတီတို့၏ ဆွေးနွေးပြောဆိုချက်တို့ကို မှတ်တမ်းတင်ပြီး နေပြည်တော်ဌာနချုပ်သို့ ပြန်လည်အစီရင်ခံရန် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading