ပါတီများနှင့်ဆက်တွေ့ရေး NLD ခေါင်းဆောင်ပိုင်း ဆွေးနွေးမည် 

ဖေဖော်ဝါရီ ၁ ရက်နေ့ လွှတ်တော်များပြန်မစမီ တိုင်းရင်းသားပါတီများနှင့် ဆက်တွေ့လိုသည်ဟု NLDက ပြောသည်  

Published on Jan 8, 2021
ဒီချုပ်ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း နေရာအများဆုံးအနိုင်ရခဲ့သည် (ဓာတ်ပုံ-စိုင်းဇော်/ Myanmar Now)
ဒီချုပ်ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း နေရာအများဆုံးအနိုင်ရခဲ့သည် (ဓာတ်ပုံ-စိုင်းဇော်/ Myanmar Now)

ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီနှင့် ပဏာမတွေ့ဆုံပွဲ ပျက်ပြယ်ပြီးနောက် တိုင်းရင်းသားပါတီများနှင့် ဆက်လက်တွေ့ဆုံရေးအစီအစဉ်ကို ပါတီခေါင်းဆောင်ပိုင်းတွင် ထပ်မံဆွေးနွေးပြီးမှ ဆက်လက်လုပ်ကိုင်မည်ဟု အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် NLD ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီတို့ ဇန်နဝါရီ ၄ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း နေရာညှိနှိုင်းမရသည့်အတွက် ဆွေးနွေးပွဲ ပျက်ခဲ့ခြင်းဖြစ်သည်။ 

သို့ရာတွင် တိုင်းရင်းသားပါတီများနှင့် ဆက်လက်တွေ့ဆုံမည့်အရေး “နှောင့်နှေးသွားခြင်းမရှိ” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

မွန်ညီညွတ်ရေးပါတီနှင့် ဆွေးနွေးပွဲပျက်ခဲ့သည့်အခြေအနေအား ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တင်ပြထားပြီး မည်သည့်ပြည်နယ်မှ ပါတီများနှင့် ဆက်လက်ဆွေးနွေးမည်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းဝေးတွင် ဆုံးဖြတ်ပြီးမှ သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၁ တွင် စတင်ခေါ်ယူမည့် တတိယအကြိမ် လွှတ်တော်သက်တမ်းမစတင်မီ “ဖြစ်နိုင်သရွေ့ များနိုင်သမျှ များတဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။ 

အာဏာရပါတီအနေဖြင့် လွှတ်တော်သက်တမ်းမစတင်မီ သုံးပတ်ကျော်သာ လိုတော့သည့်အချိန်တွင် ကချင်ပြည်နယ်ဘက်တွင်သာ တွေ့ဆုံခဲ့ပြီးသည့်အခြေအနေ ဖြစ်သည်။

NLD သည် ရွေးကောက်ပွဲအပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ တွင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ဆိုကာ တိုင်းရင်းသားပါတီ ၄၈ ပါတီကို ကမ်းလှမ်းသည့်စာ ထုတ်ပြန်ခဲ့သည်။

ထို့နောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ပါတီထိပ်တန်းခေါင်းဆောင်များဖြစ်သည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ကို တာဝန်ပေးအပ်လိုက်သည်။

ဖိတ်ခေါ်ထားသည့် ပါတီများအနက် ၁၈ ပါတီက တွေ့ဆုံဆွေးနွေးရန် အကြောင်းပြန်ထားကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။ 

ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) နှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)တို့မှ အနိုင်ရကိုယ်စားလှယ်များနှင့် ဇန်နဝါရီ ၁ နံနက်ပိုင်းတွင် ကချင်ပြည်နယ် NLD ရုံး၌ တွေ့ဆုံခဲ့သည်။

ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသားအားလုံးတန်းတူအခွင့်အရေးရရှိရေး ဖော်ဆောင်ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ဆက်ဆံရေးကောင်းမွန်စေရေး ဆောင်ရွက်ပေးရန်၊ အစိုးရအဖွဲ့နှင့် လွှတ်တော် အပြန်အလှန်ထိန်းကျောင်းနိုင်ရန် မတူညီသည့်ပါတီများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း တက်ရောက်ခဲ့သည့် တိုင်းရင်းသားကိုယ်စားလှယ်များက ပြောသည်။

ဆွေးနွေးပွဲတွင် အပြုသဘောဆောင်ပြီး ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့က ဇန်နဝါရီ ၄ တွင် မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ 

ပါတီမှညွှန်ကြားချက်အတိုင်း မွန်ပြည်နယ် NLD ရုံးတွင် တွေ့ဆုံရန် NLD ကိုယ်စားလှယ်အဖွဲ့က အဆိုပြုခဲ့ပြီး မွန်ညီညွတ်ရေးပါတီက နှစ်ဘက်ပါတီရုံးမဟုတ်သည့် တတိယနေရာတစ်ခုတွင် တွေ့ဆုံရန် အဆိုပြုခဲ့သည်။

NLD နှင့် တိုင်းရင်းသားပါတီများအကြား ပြီးခဲ့သည့်ရွေးကောက်ပွဲအပြီးတွင် ဆက်ဆံရေး အေးစက်သွားခဲ့သည့်အတွက် ယုံကြည်မှုပြန်လည်တည်ဆောက်ရန်လိုသည့်အတွက် “ ကနဦး စတွေ့တဲ့ ခြေလှမ်းမှာ အပြန်အလှန်လေးစားမှု၊ တန်းတူထားမှု၊ နှစ်ဖက်စလုံးက ပြသကြဖို့ အဲ့ဒီဆန္ဒနဲ့ တတိယနေရာမှာ တွေ့ဖို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်” ဟု  မွန်ညီညွတ်ရေးပါတီမှ အတွင်းရေးမှူး နိုင်လယိတမက ဆိုသည်။

ဆွေးနွေးမည့် (ဇန်နဝါရီ ၄) နံနက်ပိုင်းအထိ တွေ့ဆုံမည့် နေရာ ညှိနှိုင်းနိုင်ခြင်းမရှိသည့်အတွက် ဆွေးနွေးပွဲ ပျက်သွားခဲ့ရသည်။ 

“ဖိတ်ကြားတာက ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖိတ်ကြားတာပါ။ အိမ်ရှင်ကတော့ မိမိတို့ရဲ့အိမ်မှာပဲ လာရောက်တွေ့ဆုံဖို့ ဖိတ်ကြားခြင်း ဖြစ်ပါတယ်ခင်ဗျ။ ဧည့်သည်က လက်မခံတာကလည်း ဧည့်သည်ရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာမှ ဝေဖန်စရာမရှိပါဘူး” ဟု ဒေါက်တာမျိုးညွန့်က တုံ့ပြန်သည်။

မူဝါဒ၊ သဘောထားများ မတိုက်ဆိုင်မှုကြောင့်မဟုတ်ဘဲ နေရာရွေးချယ်မှုကြောင့် ဆွေးနွေးပွဲ မဖြစ်မြောက်ရသည့်အချက်မှာ ကိုယ်စားလှယ်အဖွဲ့အပေါ် ဗဟိုချုပ်ကိုင်မှု များလွန်းရာရောက်သည်ကို ပြသနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ကောက်ချက်ချသည်။ 

ဦးသန်းစိုးနိုင်က “အဲ့ဒါက တိုင်းရင်းသားတွေဘက်က ကြည့်ရင် ဒါကတော့ ပါတီကြီးဝါဒနဲ့ အနိုင်ကျင့်တာ၊ အထက်စီးရယူတာဆိုတဲ့ အမြင်တွေ၊ ခံစားမှုတွေဖြစ်သွားမှာ။ အဲ့ဒီတော့ နောင်ရေရှည် ဒီပုံစံအတိုင်းသွားရင် ခံစားချက်တွေက ကောင်းကြမှာမဟုတ်ဘူး” ဟုဆိုသည်။

ကိုယ်စားလှယ်အဖွဲ့ ဗဟိုချုပ်ကိုင်မှုများပြားနေ

ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံပြီး ဆွေးနွေးချက်များအား ဗဟိုသို့ ပြန်လည်တင်ပြရန်သာ လုပ်ပိုင်ခွင့်ရှိကြောင်း ကိုယ်စားလှယ်များက ပြောကြားထားသည်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရန် ဖွဲ့စည်းထားသည့် NLDကိုယ်စားလှယ်အဖွဲ့၏ အခြေအနေမှာ လုပ်ပိုင်ခွင့် နည်းလွန်းနေပြီး ပြောရေးဆိုခွင့်မရှိသည့်အတွက် နားထောင်ရုံလောက်သာ ဖြစ်နေသည်ဟု တိုင်းရင်းသားပါတီများက ထောက်ပြသည်။

ရှမ်းပြည်နယ်တွင် အများဆုံးအနိုင်ရထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က “ ဒီအတိုင်းဆို နည်းနည်းတော့ အခက်အခဲရှိမယ်။ တွေ့ဆိုလည်း တွေ့လိုက်ရုံပဲရှိမယ်။ ဒီအတိုင်းဆို ကျန်တာတော့ သိပ်ထူးမယ် မထင်ဘူး” ဟု သုံးသပ်သည်။ 

ဒေါက်တာမျိုးညွန့်ကမူ ကိုယ်စားလှယ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သည်ဟု ပြောသည်။ 

NLD ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားပါတီများတွေ့ဆုံရာတွင် နှစ်ဘက် ပွင့်လင်းမှုရှိရန်နှင့် အပြန်အလှန်လေးစားမှုရှိရန် အဓိကလိုအပ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က အကြံပြုသည်။

ချင်းပြည်နယ် လွှတ်တော်သုံးရပ်ပေါင်း ၃၉ နေရာအနက် NLD က  ၃၇ နေရာ အနိုင်ရရှိခဲ့ပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ၁ နေရာစီ ရရှိထားသည်။

“NLD က ကိုယ်စားလှယ်သုံးယောက်ကလည်း ဒီထက် ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်လေးတွေလည်း ရှိရင်တော့ ပိုကောင်းတယ်။ အပြန်အလှန်လေးစားမှုက နံပတ်တစ် အရေးကြီးတယ်။ အပြန်အလှန်ယုံကြည်မှုနဲ့ တွေ့ဆုံကြမယ်၊ ပွင့်လင်းရိုးသားမှုနဲ့ တွေ့ဆုံကြမယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်တဲ့အခင်းအကျင်း ဖြစ်ပေါ်လာမယ်လို့ ယုံကြည်တယ်” ဟု ဦးငိုင်ဆာ့ခ်က ပြောသည်။ 

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးရန် လက်ရှိအချိန်ထိ NLD ဘက်မှ အကြောင်းကြားလာခြင်း မရှိသော်လည်း တွေ့ဆုံဆွေးနွေးမည်ဆိုပါက ပင်လုံစာချုပ်အပေါ် အခြေခံသည့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးတို့ကို အဓိကဦးတည် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောသည်။ 

ရခိုင်ပြည်နယ်လွှတ်တော် နေရာအများစုတွင် အနိုင်ရထားသည့် ရခိုင်အမျိုးသားပါတီကို တွေ့ဆုံဆွေးနွေးရေးကိစ္စနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ အကြောင်းကြားထားခြင်းမရှိသေးကြောင်း ပါတီမူဝါဒရေးရာအကြံပေး ဦးထွန်းအောင်ကျော်က ပြောသည်။

ရှမ်းပြည်နယ်တွင် နေရာအများစုအနိုင်ရထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် NLD ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိသော်လည်း ဆွေးနွေးမည့်အကြောင်းအရာနှင့်ပတ်သက်ပြီး ပါတီတွင်း မဆုံးဖြတ်ရသေးဟု ပါတီ ဒုဥက္ကဋ္ဌ  စိုင်းညွန့်လွင်က ဆိုသည်။ 

မွန်ညီညွတ်ရေးပါတီအနေဖြင့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပါက ပင်လုံစာချုပ်ပါ သဘောတူညီချက်၊ ကတိကဝတ်၊ ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဆုံးဖြတ်အတည်ပြုထားသည့် အခြေခံမူများအပေါ် အခြေခံပြီး အနာဂတ်တွင် တည်ဆောက်မည့် ဖက်ဒရယ်အခြေခံမူအတွက် ဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ပါတီအတွင်းရေးမှူး နိုင်လယိတမက ဆိုသည်။

ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် လွှတ်တော်၊ အစိုးရတို့တွင် တာဝန်ရယူရေးနှင့်ပတ်သက်ပြီး အထူးတလည် ဆွေးနွေးသွားရန်မရှိဘဲ NLD ဘက်မှ ကမ်းလှမ်းချက်ပေါ် မူတည်စဉ်းစားမည်ဖြစ်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီများက ဆိုသည်။ 

ပအိုဝ်အမျိုးသားအဖွဲ့ချုပ်ပါတီမှ အတွင်းရေးမှူး ခွန်သိန်းဖေက “နှစ်ဦးနှစ်ဘက် တွဲလုပ်ရင်းနဲ့ ပိုသိလာမှာပေါ့။ တစ်ဘက်နဲ့တစ်ဘက် နားလည်မှုပေးနိုင်တာတွေ အများကြီးရှိလာမယ်။ ပိုပြီးတော့ နီးစပ်လာမယ်။ စည်းလုံးလာမယ်။ အဲ့လိုမြင်တယ်။ ၂၀၂၀ နောက်ပိုင်းဖွဲ့မယ့် အစိုးရမှာရော၊ လွှတ်တော်မှာရော တိုင်းရင်းသားတွေကို ထိုက်သင့်တဲ့နေရာ ပေးသင့်တယ်” ဟု ဆိုသည်။ 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading