တပ်သိမ်းမြေ ပြန်ရရေး ပုသိမ်ကြီးတောင်သူတို့မျှော်လင့်

ပုသိမ်ကြီးမြို့နယ်တွင် အသိမ်းခံရသော လယ်မြေဧက ၂၀၀ ကျော် ပြန်ရရန် သို့မဟုတ် လျော်ကြေးရရန် တောင်သူများက တောင်းဆိုနေကြသည်

တပ်မတော်နှင့် မဲကင်းကုန်းကျေးရွာတောင်သူများ အငြင်းပွားနေသည့် လယ်မြေအချို့ပေါ်တွင် ခြံစည်းရိုးခတ်နေသည်ကို ဇန်နဝါရီ ၇ တွင် တွေ့ရစဉ် (ဓာတ်ပုံ- ခင်နှင်းဝေ/ Myanmar Now)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်း တပ်မတော်က ၁၉၉၉ ကတည်းက သိမ်းဆည်းထားသည့် လယ်ယာမြေများကို မူလပိုင်ရှင်ထံ ပြန်ပေးရန် သို့မဟုတ် မြေယာပေါက်ဈေးနှင့်အညီ လျော်ကြေးပေးရန် သက်ဆိုင်ရာတို့ကို ဆက်လက် တောင်းဆိုလိုသည်ဟု မဲကင်းကုန်းကျေးရွာတောင်သူများက ယမန်နေ့ (ဇန်နဝါရီ ၇) တွင် သတင်းထောက်များကို ပြောသည်။ 

မဲကင်းကုန်းနှင့် နန်းဦးလွင်ကျေးရွာတို့ရှိ တောင်သူ ၅၀ ကျော်တို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့သော လယ်မြေ၂၂၄ ဧကကို အမှတ် ၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က မြေယာလျော်ကြေး ပေးဆောင်ခြင်း၊ မြေအစားထိုးလုပ်ကိုင်စေခြင်းတို့ မရှိဘဲ သိမ်းဆည်းခဲ့သဖြင့် တောင်းဆိုနေခြင်းဖြစ်ကြောင်း တောင်သူများက ဆိုသည်။

“ခင်ဗျားတို့ တောင်သူတွေလာကြဦးလို့ စုခေါ်ပြီး ခင်ဗျားတို့ ဒီလယ်တွေကို မလုပ်နဲ့တော့၊ ဒါပဲ ခေါ်ပြောတာ၊ စာရွက်စာတမ်းနဲ့ သိမ်းဆည်းတာမဟုတ်ဘူး၊ ပါးစပ်နဲ့သိမ်းခဲ့တာ” ဟု လယ်သိမ်းခံ တောင်သူတစ်ဦးဖြစ်သည့် အသက် ၇၀ ကျော်အရွယ် ဒေါ်တင်အုန်းက Myanmar Now ကို ပြောသည်။

“ဒီကာလကြီးမှာ ခက်ခဲနေကြတဲ့ ဘဝတွေမို့ ပြန်တောင်းနေရတာပါ။ အမေကြီးတို့မှာ စားဝတ်နေရေး မပြေလည်လို့ ကိုယ့်လယ်လေးကို ပြန်လုပ်ချင်ပါတယ်” ဟု လယ်မြေ ၇ ဧကခွဲ သိမ်းဆည်းခံခဲ့ရသည်ဟုဆိုသည့် ဒေါ်တင်အုန်းက ဆက်ပြောသည်။

၂၀၀၄ တွင် တပ်မတော်က ထိုမြေများကို တောင်သူများထံ သီးစားအငှားချထားခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ တွင် သီးစားအငှားချခြင်းကို ရုပ်သိမ်းခဲ့ကြောင်း လယ်မြေအသိမ်းခံရသည့် တောင်သူတို့က ရွာသို့ရောက်လာသော သတင်းထောက်များကို ပြောပြသည်။ 

“အဲဒီတုန်းက သီးစားခပေးပြီးလုပ်ရတယ်၊ ပြီးတော့ ကိုယ်လုပ်ချင်သလို မလုပ်ရဘူး၊ ကိုယ့်ရဲ့ချွေးနှဲစာထဲကနေ သူတို့ကို ခွဲပေးရတယ်၊ တစ်နှစ်ကို (ဆန်) ၁၅ တင်း၊ နောက်ပိုင်းကျတော့ ပိုက်ဆံတောင်းတယ်၊ နောက်ကျတော့ လုံးလုံးမလုပ်ရတော့ဘူး” ဟု မဲကင်းကုန်းရွာသား ဦးဌေးအောင်က Myanmar Now ကို ပြောသည်။ 

တပ်မတော်က မြေယာပြန်လည် မပေးအပ်ပါက ပေါက်ဈေးနှင့်အညီ လျော်ကြေးပေးစေလိုကြောင်း ၃.၆ ဧက အသိမ်းခံခဲ့ရသော ဦးဌေးအောင်က ဆိုသည်။ 

လက်ရှိတွင် အဆိုပါမြေနေရာတွင် စစ်မှုထမ်းဟောင်းအိမ်ရာတစ်ခုနှင့် အခြားအဆောက်အအုံအချို့ ဆောက်လုပ်ထားသည်ကို တွေ့ရပြီး ကျန်မြေများကို အုတ်တံတိုင်းခတ်ထားသည်။ 

သိမ်းဆည်းခံမြေနေရာများပေါ်တွင် ဘီယာစက်ရုံဆောက်လုပ်ရေးစီမံကိန်းတစ်ခု ရှိနေသည်ဟုဆိုကာ ၂၀၁၉ ဧပြီလအတွင်း မဲကင်းကုန်းရွာ တောင်သူများက ချီတက်ဆန္ဒထုတ်ဖော်ခဲ့သေးသည်။ 

‘တောင်သူများပိုင် လယ်မြေများ ပြန်လည်စိုက်ပျိုးခွင့် ရရှိစေရေး’၊ ‘တောင်သူများ၏ အခက်အခဲများ စာနာထောက်ထားရေး’၊ ‘တောင်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အမြန်ဆုံး ဆွေးနွေး ညှိနှိုင်းခွင့်ပြုရန်’ အစရှိသော စာသားများပါ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။ 

သို့သော်လည်း အဆိုပါ အငြင်းပွားမြေသည် မန္တလေး တပ်မတော်စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောသည်ဟု The Fifth Wave News ၏ ၂၀၁၉ ဧပြီ ၄ သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

ယင်းသိမ်ဆည်းမြေနေရာများအနက် ဧက ၄၀ ခန့်ကို လူနေအဆောက်အအုံတိုက်ခန်းများ၊ အုတ်တံတိုင်းများ ကာရံရန် အမှတ် ၉၅၁ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဖွဲ့က ၂၀၁၅ နှစ်ဆန်းပိုင်းတွင် အသုံးပြုခဲ့သဖြင့် ကျန်ရှိသည့် ၁၈၄ ဧကကျော်ပေါ်တွင် နစ်နာသူတောင်သူများကို ပြန်လည်စိုက်ပျိုးခွင့်ပြုရန် ပုသိမ်ကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံ ၂၀၂၀ မတ်လတွင် တင်ပြတောင်းဆိုပေးခဲ့သည်။  

လယ်သိမ်းခံရသည့် တောင်သူများအတွက် ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ ၂ နှစ်နီးပါးအကြာ ယမန်နေ့ (ဇန်နဝါရီ ၇) တွင် ဦးရဲမင်းဦးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ပုသိမ်ကြီးမြို့နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (လယ်ပြန်စစ်) က ကွင်းဆင်းစစ်ဆေးမှုများ ရှိခဲ့သည်ဟုသာဆိုပြီး နောက်ဆုံးအခြေအနေကို မသိရဟုပြောသည်။ 

“ကျွန်တော် ဒီကိစ္စကို စိစစ်ပြီး ဆောင်ရွက်ပေးဖို့ ထပ်ခါထပ်ခါ တောင်းဆိုထားပါတယ်။ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ကျွန်တော့်အနေနဲ့ ကြိုးစားခဲ့ပါတယ်။ အခု ကိုဗစ်နဲ့ဆိုတော့ အစည်းအဝေးတွေလည်း မထိုင်ဖြစ်ဘူး။ အဲဒီကော်မတီကလည်း ကျွန်တော့်ကို အစည်းအဝေးတွေဘာတွေ မဖိတ်တော့ ကျွန်တော်လည်း ပြတ်တောက်နေတယ်” ဟု ဦးရဲမင်းဦးကဆိုသည်။

ပုသိမ်ကြီးမြို့နယ် လယ်ပြန်စစ်ကော်မတီဥက္ကဋ္ဌဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းကို အဆိုပါ တပ်သိမ်းမြေကိစ္စနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေကို မေးမြန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

မန္တလေးတိုင်းဒေသကြီးတွင် စုစုပေါင်း စွန့်လွှတ်မြေဧကပေါင်း သုံးသောင်းခွဲ ဝန်းကျင် ရှိပြီး လွှဲအပ်ရန် ကျန်သည့်မြေဧရိယာမှာ ဧက ၈ဝဝ ကျော်သာ ရှိသည်ဟု အစိုးရက ၂၀၁၇ ဧပြီတွင် သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading