ပိုင်ရှင်မဲ့ ပစ်ခတ်မှုများ၊ ဆက်ကြေးနှင့် ရှမ်းမြောက်ဒေသ

ရှမ်းမြောက်ဒေသ လက်နက်ကိုင်နှစ်ဖွဲ့၏ ပဋိပက္ခတွင် အရပ်သားအများအပြား ထိခိုက်သေဆုံးနေကြပြီး ထိုအဖွဲ့များ၏ လှုပ်ရှားမှုက ဒေသခံတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်

စစ်ရှောင်ရောက်ရှိလာသူများကို ဒီဇင်ဘာ ၂၇ ရက်နေ့က ကျောက်မဲမြို့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်မိုးသူ/ Myanmar Now)

“ လက်နက်ကြီးက မိုးပေါ်က ကျလာတာပဲ။ ဘယ်ကနေ ပစ်လိုက်တယ်တော့မသိဘူး။ ကျွန်တော်တို့ မောင်နှမတွေ ပြောင်းဖူးချိုးနေတာ၊ အဲဒီမှာ သူ့ကို ထိသွားတယ် ”

လွန်ခဲ့သည့် တစ်နှစ်ခန့်က ညီမဖြစ်သူ မမုတ်ဆွယ်၏ ကံဆိုးမိုးမှောင်ကျလွန်းသည့်အဖြစ်အပျက်ကို ကိုမောင်ထွန်းက လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောပြနေခြင်း ဖြစ်သည်။

၂၀၁၉ ၊ နိုဝင်ဘာ လကုန်ရက်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်ဝါကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာလူနေအိမ်ဘေးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၃၄ နှစ်အရွယ် ကလေးသုံးယောက်မိခင် မမုတ်ဆွယ် ဆုံးပါးကွယ်လွန်ခဲ့သည်။

အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသောကြောင့် မမုတ်ဆွယ်အပါအဝင် ဒေသခံအများစုသည် တရုတ်နိုင်ငံနှင့် အခြားမြို့များတွင် သွားရောက်လုပ်ကိုင်ကြသော်လည်း ရှမ်းပြည်နယ်၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဒီဇင်ဘာမှာ ကျရောက်မည့် ရိုးရာနှစ်သစ်ကူးမတိုင်မီ မွေးရပ်မြေရှိ  မိဘ၊ ညီအစ်ကိုမောင်နှမများထံ နိုဝင်ဘာအတွင်း အရောက်ပြန်ကြသည်။

မမုတ်ဆွယ်သည်  ၎င်း၏ ၂ နှစ်အရွယ် အငယ်ဆုံးသမီးငယ်နှင့်အတူ ရွာကို အလည်ပြန်လာစဉ် ပြည်တွင်းစစ်၏ မြေစာပင် ဖြစ်သွားခဲ့သည်။

“အခု သေသွားတဲ့ ကျွန်တော့်ညီမက ရွာမှာနေတာ မဟုတ်ဘူး။ သူက တရုတ်ပြည်မှာ အလုပ်သွားလုပ်ရင်း ယောက်ျားရလို့ သူ့ယောက်ျားနဲ့ ကချင်ပြည်နယ် သွားနေလိုက်တာ။ အိမ်ကို ပြန်လည်တာ သုံးရက်ပဲ ရှိတယ်။ ဒီလိုဖြစ်တာ ကျွန်တော် ယောက်ဖနဲ့ တူမအကြီးတွေကို ဘာပြန်ပြောရမှန်း မသိခဲ့ဘူး” ဟု ကိုမောင်ထွန်းက ဆိုသည်။

မန်ဝါကျေးရွာအတွင်း ကျလာသည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုမောင်ထွန်း၏ ညီမ သုံးယောက်လုံး လက်နက်ကြီးကျည်စ ထိမှန်ပြီး မမုတ်ဆွယ်မှာမူ ခြေထောက်တွင် ဒဏ်ရာ ပြင်းထန်စွာရရှိကာ ဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

၎င်း၏ နောက်ဆုံးခရီးကိုလည်း တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်နေသည့် ခင်ပွန်းဖြစ်သူလည်း မြင်တွေ့ခွင့် မရခဲ့ပေ။ ကျန်ခဲ့သည့် လူမမယ် ကလေးသုံးယောက်ကို နှစ်ဖက်အဘိုးအဘွားများက ဝိုင်းဝန်းစောင့်ရှောက်ပေးနေသည်ဟု သိရသည်။ မမုတ်ဆွယ်သေဆုံးသည်မှာ နှစ်ပတ်လည်တော့မည်ဖြစ်သော်လည်း ၎င်းကို ထိမှန်ခဲ့သည့် လက်နက်ကြီးကျည်မှာ  မည်သည့်ဘက်ကပစ်ကြောင်း ယနေ့ အချိန်ထိ မသိရှိရသေးပေ။

ယင်းအချိန် နမ္မတူမြို့နယ် မန်ဝါကျေးရွာအနီး စစ်ရေးလှုပ်ရှားမှုများရှိသည့် တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS\SSA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ကတော့ ၎င်းတို့ ပစ်ခတ်ခြင်းမဟုတ်ကြောင်း အသီးသီးငြင်းဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် ဤလက်နက်ကိုင်နှစ်ဖွဲ့၏ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုများကြောင့် အများအပြား ထိခိုက်သေဆုံးနေကြသည်မှာ ဒေသခံ အရပ်သားများ ဖြစ်သည်။ ၎င်းအဖွဲ့များ၏ အခွန်ကောက်ခံမှုကလည်း လုပ်ငန်းရှင်များသာမက ချို့တဲ့သော ဒေသခံများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်။

ဆက်ကြေးအချိန်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်စဉ် နိုဝင်ဘာ နှင့် ဒီဇင်ဘာသည် ဒေသအခေါ် ဆက်ကြေးအချိန် ဖြစ်သည်။

ရှမ်းပြည်နယ်အခြေစိုက် လက်နက်ကိုင်များထိန်းချုပ်ရာဒေသများတွင် နေထိုင်ကြသူများက အဆိုပါ အချိန်တွင် တစ်နှစ်စာ အခွန်ဆက်ကြေး ပေးကြရသည်ဟု ဒေသခံများက ဆိုသည်။ ထို့ပြင် ၎င်းအချိန်၌ အမြဲလိုလိုပင် နှစ်ဖက်အဖွဲ့များ ထိတွေ့ကာ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

“ဒီနှစ်က ဘယ်နှစ်နဲ့မှ မတူဘူး။ (ယခင်) တစ်အိမ်ကို ဆန်တစ်တင်းခွဲ ပေးရမယ်။ အဲ့ဒါ ဆန်မယူတော့ဘဲ (အခု) ပိုက်ဆံပဲ ပေးရမယ်။ ပိုက်ဆံဆို လေးသောင်းခွဲ၊ အရင်ကထက် နှစ်ဆ ပိုပေးရတယ်။ ဓာတ်ဆီဆိုင်တွေ ကုန်စုံဆိုင်အကြီးတွေဆို သိန်းနဲ့ချီ ငါးသိန်းအထက်မှာ ပေးရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နမ္မတူဒေသခံတစ်ဦးက ဆိုသည်။

ပြည်သူ့စစ်အဖွဲ့များကိုပါ စီးပွားရေးလုပ်ငန်း အကြီး၊ အသေးအပေါ် မူတည်ပြီး ဆက်ကြေးပေးနေရသည်ဟု ဒေသခံများထံက သိရသည်။

ဆက်ကြေးကို အများစုက ကြောက်လန့်၍ ပေးဆောင်ကြလေ့ရှိကာ သတ်မှတ်ရက်ထက် နောက်ကျမှုမရှိစေရန် သတိထားပေးဆောင်ကြရသည်ဟု ဒေသခံများက ဆိုသည်။

ဆက်ကြေးပေးရန် ရက်ကျော်လွန်ပါက သက်ဆိုင်ရာအဖွဲ့အစည်း၏ သတိပေးစာ သို့မဟုတ် လူကိုယ်တိုင် လာရောက်သတိပေးခြင်းများ ပြုလုပ်ကြကာ ဆက်ကြေးမပေးပါက လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးသွားခြင်း၊ သတ်ပစ်ခြင်းများ ပြုလုပ်သည်ဟု ရှမ်းမြောက်ဒေသခံများက ဆိုသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို စောင့်ကြည့်နေသည့် Burma Monitor အဖွဲ့၏ အချက်အလက်များအရ၂၀၁၉ ဇန်နဝါရီမှ ဒီဇင်ဘာအထိ ရှမ်းမြောက်တွင် တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ပွဲဖြစ်ပွားသည့် အကြိမ်ရေ ၁၆၃ ကြိမ် ရှိပြီး သေဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရသူ ၅၈ ဦး ရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ညနေပိုင်းတွင်လည်း RCSS/SSA နှင့် TNLA တို့ နမ္မတူမြို့နယ် နမ့်ပိုင်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရွာအတွင်း လက်နက်ကြီးကျကာ အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်၊ အသက် ၅၀ ခန့် အမျိုးသမီးကြီးနှစ်ယောက် ၊ ၁၅ နှစ် အရွယ် ကျောင်းသားတစ်ယောက် စုစုပေါင်း အရပ်သား ၄ ယောက် လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့သည်။

၎င်းဒေသခံ ၄ ယောက် ဒဏ်ရာရခဲ့သည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA နှင့် RCSS/SSA တို့ အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။

ထိုသို့ဖြစ်ရခြင်းမှာ တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များသည် ကျေးရွာအနီးတစ်ဝိုက် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများမှာ အထိုင်စခန်းချနေထိုင်သောကြောင့် ဖြစ်သည်ဟု ဒေသခံများက  ပြောသည်။

နမ္မတူမြို့နယ်၊ မန်စံကျေးရွာနှင့် ၃ မိုင်ခန့်အကွာရှိ ကျေးရွာများ၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၈ နှင့် ၉ ရက်တွင် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ဇန်နဝါရီလဆန်းအထိ စစ်ရေးတင်းမာနေသောကြောင့် ဒေသခံပြည်သူအချို့ စစ်ရှောင်လိုက်၊ နေရပ်ပြန်လိုက် လုပ်နေရသည်ဟု ၎င်းတို့ကို ကူညီနေသူအချို့က ပြောသည်။

“ မနေ့က ပြန်သွားတယ်။ ဒီနေ့ ပြန်လာကြရတယ်၊ သူတို့ကလည်း အိမ်မှာ စိုက်ပျိုးသီးနှံတွေ သိမ်းဆည်းရမှာနဲ့ ၊ ကျွဲ ၊ နွားတွေနဲ့ဆိုတော့ ပြန်ချင်ကြတယ်။ ပြန်ချင်ပေမဲ့ အခြေအနေတွေက တင်းမာနေဆဲ ဖြစ်တယ် ” ဟု စစ်ရှောင်များကို ကူညီနေသူ ဦးစိုင်းကျော်က ပြောသည်။

နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာနှင့် ပန်ချင်ရွာအကြား RCSS/SSA အဖွဲ့နှင့် TNLA တို့  ၂၀၂၁ ၊ ဇန်နဝါရီ ၃ နှင့် ၄ တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး နားဆိုင်းကျေးရွာတွင် ယာယီစစ်ရှောင်သူများ ဆက်လက်ခိုလှုံနေကြရသည်။

နမ္မတူမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော် လားရှိုးနှင့် ၄၅ မိုင်ခန့်သာ ကွာဝေးပြီး လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများသည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာနေရာနှင့် မိုင် ၂၀ ခန့် ဝန်းကျင်သာ ကွာဝေးသည်။

အဖွဲ့များတဲ့ ရှမ်းမြောက်

ရှမ်းပြည်နယ်တွင် SSA အမည်ဖြင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ရှိရာ ၎င်းတို့၏ နိုင်ငံရေးဦးဆောင်အဖွဲ့အမည်နှင့် တွဲပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟု ခေါ်ဆိုကြသည်။

ထိုနှစ်ဖွဲ့အနက် RCSS/SSA သည် ၂ဝ၁၅ ခုနှစ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်တွင် ပါဝင်လက်မှတ်ထိုးထားသည်။ စာချုပ်တွင် ပါဝင်ပြီးနောက်ပိုင်း TNLA နှင့် မကြာခဏဆိုသလိုပင် တိုက်ခိုက်လျက်ရှိသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး ၂၀၁၆ နှစ်ကုန်ပိုင်းတွင် RCSS နှင့် TNLA တို့  သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိ ထိပ်တိုက်ရင်ဆိုင်နေကြဆဲ ဖြစ်သည်။ 

၂၀၁၈ အတွင်း နမ္မတူမြို့နယ်၌ RCSS နှင့် ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားသော တိုက်ပွဲများတွင် TNLA သည် မဟာမိတ် SSPP/SSA နှင့် ပူးပေါင်းလှုပ်ရှားခဲ့သည်။ 

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် လူ တစ်ထောင်ကျော်ခန့် ကျောက်မဲမြို့ပေါ်ကို စစ်ရှောင်လာကြပြီး နမ္မတူမြို့နယ်တွင်လည်း စစ်ရှောင် ၆၀၀ ခန့် ရှိနေသည်။

၂၀၂၀ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် အကြိမ်‌ရေ ၁၁၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ပြောသည်။

တိုက်ပွဲများ၊ အဖွဲ့ရပ်တည်ရေးအတွက် ဆောင်ရွက်ချက်များကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုပ်ပွဲရပ်၀န်းဒေသတွင် နေထိုင်ကြသူအများအပြား၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အသက်အိုးအိမ်လုံခြုံရေးတို့အတွက် တာဝန်ယူသူ ကင်းမဲ့လျက်ရှိသည်။    ။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading