“ထိုင်း ကိုဗစ်ဒုတိယလှိုင်းထဲက မြန်မာရွှေ့ပြောင်းလုပ်သားများ”

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် တစ်ကြော့ပြန်ကူးစက်မှုသည် မြန်မာပြည်သားအလုပ်သမားများအပေါ် သက်ရောက်မှု ကြီးမားနေပြီး လုပ်ငန်းများ ပိတ်သိမ်းမှုနောက်ပိုင်းရပ်တည်ရေးအတွက် စိုးရိမ်နေကြသည်။

Published on Jan 7, 2021
မြန်မာပြည်သား အများအပြား နေထိုင်သဖြင့် မြန်မာပြည်အသေးစားဟု နိုင်ငံတကာသတင်းဌာနတို့က ဖော်ပြလေ့ရှိသည့် မဟာချိုင်တွင် ဇန်နဝါရီပထမပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကိုဗစ်နိုင်တင်းရောဂါ ရှိမရှိ စစ်ဆေးမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ - ပေးပို့) 
မြန်မာပြည်သား အများအပြား နေထိုင်သဖြင့် မြန်မာပြည်အသေးစားဟု နိုင်ငံတကာသတင်းဌာနတို့က ဖော်ပြလေ့ရှိသည့် မဟာချိုင်တွင် ဇန်နဝါရီပထမပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကိုဗစ်နိုင်တင်းရောဂါ ရှိမရှိ စစ်ဆေးမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ - ပေးပို့) 

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလလယ်မှစတင်ခဲ့သည့် ကိုဗစ်နိုင်တင်းရောဂါကူးစက်မှု ဒုတိယလှိုင်းဒဏ်ကို အပြင်းအထန် ခံစားနေရသူတို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ 

တစ်ကြော့ပြန်ကူးစက်မှုများ စတင်ဖြစ်ပွားရာ စမွတ်ဆာခွန် ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားတချို့တွင် ရောဂါပိုးတွေ့ရှိပြီးနောက်ပိုင်းတွင် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းလိုက်သဖြင့် ၀င်ငွေ နှင့် အလုပ်အကိုင်တို့အတွက် စိုးရိမ်ပူပန်ရခြင်း၊ လူများစု ထိုင်းနိုင်ငံသားတို့က ခွဲခြားဆက်ဆံခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်လာသည်။

ထိုင်းနိုင်ငံတွင် ခရိုင် ၇၆ ခုရှိသည့်အနက်   ၅၄ ခုတွင် ကိုရိုနာရောဂါပိုး ကူးစက်ပျံ့နှံ့နေခြင်းဖြစ်ကာ ယင်းတို့အနက် မြို့တော်ဘန်ကောက်နှင့် စမွတ်ဆာခွန်တို့အပါအဝင် ခရိုင် ၂၈ ခုကို အနီရောင်အဆင့် အရေးပေါ် အထူးကန့်သတ်တားမြစ်ဇုန်များအဖြစ် ထိုင်းအစိုးရက ဇန်နဝါရီ ၅ ရက်တွင် ကြေညာလိုက်သည်။

ပထမလှိုင်းတွင် ကူးစက်သူ စုစုပေါင်း ၆၀၀၀ ကျော်သာ ရှိခဲ့သည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု ကိုင်တွယ်ဖြေရှင်းရေးဗဟိုဌာန (CCSA) ၏ ဇန်နဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ စုစုပေါင်းဦးမှာ ၉၃၃၁ ဦးအထိ ရှိလာပြီ ဖြစ်သည်။

ကူးစက်ခံရသူများထဲတွင် မြန်မာအလုပ်သမားအရေအတွက် မည်မျှပါ၀င်သည်ကို CCSA က သီးခြားဖော်ပြမှုမရှိသော်လည်း ထိုင်းအခြေစိုက် မြန်မာအရပ်ဘက်အဖွဲ့အစည်းတချို့၏ မှတ်တမ်းများအရ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၀၀ ကျော်အထိ ကူးစက်မှု ရှိနေနိုင်ကာ အများစုမှာ စမွတ်ဆာခွန်ခရိုင်အတွင်းမှ ဖြစ်သည်ကို တွေ့ရှိရသည်။

မဟာချိုင်မြို့၊ ခုံခုရပ်ကွက်အတွင်းရှိ ထိုင်းယူနစ် ငါးစည်သွပ်စက်ရုံတွင် လုပ်ကိုင်လျက်ရှိသည့် အသက် ၄၁ နှစ်အရွယ်ရှိ ဦးအောင်မိုး၊ အသက် ၃၀ အရွယ်ဇနီးသည်၊ လသားအရွယ် သမီးဖြစ်သူတို့ အတည်ပြုလူနာဖြစ်လာပြီး စမွတ်ဆာခွန်ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။

ဇနီးဖြစ်သူက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဆေးစစ်ရာ ရောဂါပိုးရှိကြောင်း အဖြေတွေ့ရှိရ၍ ဆေးရုံသို့ ဦးစွာ ရောက်ရှိခဲ့သည်။ ဇန်နဝါရီ ၁ ရက်နေ့တွင် ပြင်းထန်စွာ ဖျားနာခဲ့သည့် ၎င်းတို့၏ ၉ လအရွယ် ရင်သွေးငယ်ကို ထပ်မံစစ်ဆေးရာ ရောဂါပိုးတွေ့ရှိရ၍ ကလေးကိုလည်း ဇန်နဝါရီ ၆ ရက်နေ့တွင် ဆေးရုံတင်လိုက်ရသည်။

ခုံခုရပ်ကွက်သည် အသွားအလာကန့်သတ်ထိန်းချုပ်ထားသော၊ မြန်မာရွှေ့ပြောင်းအများစု နေထိုင်လုပ်ကိုင်ကြသော ပုဇွန်စျေး၊ သစ်သီး၀လံဈေးတို့နှင့် လေးငါးမိုင် ဝေးသည့်နေရာတွင် တည်ရှိ၍ စက်ရုံအလုပ်ရုံများက ဒီဇင်ဘာလအတွင်း ဆက်လက်လည်ပတ်နေခဲ့သည်။

ထိုင်းယူနစ် အစည်သွတ်စက်ရုံတွင် မြန်မာလုပ်သား လေးထောင်ကျော်ရှိပြီး ဦးအောင်မိုးတို့ မိသားစုမှာ ပထမဆုံး ပိုးတွေ့ရှိသူများဖြစ်သည်။ သို့ရာတွင် ၎င်းတို့မတိုင်ခင်ကတည်းကလည်း ရောဂါလက္ခဏာရှိနေသူများ တွေ့ရှိရ၍ စက်ရုံနှင့် ကပ်လျက်နေရာ၌ပင် အသွားအလာ ကန့်သတ်ထားရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာပြည်သားတွေ ပြောရမယ်ဆို မျက်နှာလည်း ငယ်ပါတယ်၊ မြန်မာပြည်သားတွေအတွက်တော့ သိပ် အားကိုးမရဘူးလို့ထင်တာပဲ၊ ဘယ်လိုပြောရမလဲ၊ တအားဆိုးလာမှ (ဆေးရုံကို) ခေါ်မယ်ဆိုတဲ့ အနေအထားတွေလည်း ရှိတယ်” ဟု ထားဝယ်ဇာတိ ဦးအောင်မိုးက ဆိုသည်။

၎င်းနှင့် အမျိုးသမီးတို့မှာ တရားဝင် လာရောက်လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ စမွတ်ဆာခွန်ခရိုင်အတွင်းတွင် တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၅ သိန်းဝန်းကျင်ရှိပြီး အများစုမှာ မဟာချိုင်မြို့ရှိ ဆိပ်ကမ်းများ၊ ငါးပုစွန်ဈေးများနှင့် ပင်လယ်ရေထွက်ပစ္စည်း ထုတ်ကုန်များထုတ်လုပ်သည့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ကြသည်။

ဇန်နဝါရီလဆန်းပိုင်းမှစ၍ တလာ့ကွန်း ခေါ် ပုဇွန်ဈေးရှိ ကူးစက်ခံနေရသည့် ရွှေ့ပြောင်းလုပ်သားများအား ယာယီဆေးရုံများသို့ အစိုးရက စတင်ပို့ဆောင်ပေးခဲ့သည်။ ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းတွင်မူ အတည်ပြုလူနာ မြန်မာ ၃၀ ကျော်ကို ဆေးရုံ၌ မထားရှိတော့ဘဲ အသွားအလာ ကန့်သတ်ထိန်းချုပ်ထားသော ဈေးဝင်းအတွင်းသို့ ပြန်လည်ပို့ဆောင်ခြင်းကြောင့် ကန့်ကွက်ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။ 

လက်ရှိကူးစက်ပျံ့နှံ့မှု အခြေအနေကို မထိန်းချုပ်နိုင်လျှင် ယခုလအတွင်းတွင် တစ်နေ့ကို ကူးစက်မှုပေါင်း ၁၈၀၀၀ ဝန်းကျင်အထိ ရှိလာနိုင်သည်ဟု CCSA က ခန့်မှန်းထားသည်။

ကိုဗစ်နိုင်တင်းဒုတိယလှိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ အစပြုသည်ဟူသည့် ယူဆချက်ဖြင့် မြန်မာပြည်သားတို့အပေါ် ခွဲခြားဆက်ဆံမှုများကလည်း ဒီဇင်ဘာလလည်ပိုင်းကတည်းကပင် ဖြစ်ပေါ်နေခဲ့ပြီး ယနေ့အချိန်ထိတိုင် ခွဲခြားဆက်ဆံခံနေရကြောင်း ထိုင်းရောက်မြန်မာလုပ်သားများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဆိုကြသည်။

“မြန်မာအလုပ်သမားတွေကို ကြည့်တဲ့အကြည့်တွေက အစ၊ သူတို့တွေက မြင်တွေ့တယ်ဆိုရင် ကြောက်လန့်နေတဲ့ ပုံစံမျိုးတွေပေါ့နော်၊ ကိုယ်တွေနိုင်ငံသားတွေကပဲ ဒီပိုးကြီးကို ဖြန့်တယ်ဆိုပြီး စွပ်စွဲနေကြတာတွေ ရှိတယ်” ဟု ထိုင်းရောက်မြန်မာလုပ်သားများကို ကူညီပေးနေသည့် အလုပ်သမားဟစ်တိုင် (Labour Hittai) အဖွဲ့ တည်ထောင်သူ စောလင်းအောင်က ပြောသည်။

ဇန်နဝါရီ ၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း CCSA ၏ ပြောရေးဆိုခွင့်ရ ဒေါက်တာထဝီဆင် ဝိသန်နုရိုဆင်က “မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထားရှိဖို့ စမွတ်ဆာခွန်အတွင်းမှာ ဆေးရုံဆောက်ဖို့လုပ်တာ ဒေသခံတွေက လက်မခံဘူး၊ ဒါက ဝမ်းနည်းစရာပါ၊ ဘေးက ကပ်လျက် ခရိုင်တစ်ခုအတွင်းမှာ ဆောက်ဖို့လုပ်ပြန်တော့လည်း အဲဒီနယ်ခံတွေက ကန့်ကွက်မှုတွေ ရှိနေပြန်တယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

စမွတ်ဆာခွန် အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ ယခုကိုဗစ်ကပ်ဘေးကာလတွင် ထိုင်းအစိုးရဘက်ကရော မြန်မာသံရုံးဘက်ကပါ နှစ်နိုင်ငံကျင့်ဝတ်တာဝန်များနှင့်အညီ မြန်မာပြည်သားတို့အပေါ် ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကိုဗစ်အလွန်ကာလအတွက်လည်း ဆောင်ရွက်ပေးသင့်ကြောင်း ပြောကြားသည်။

“သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းတွေအရေးကို နှစ်နိုင်ငံ နှစ်ဘက်အစိုးရတွေက စနစ်တကျညှိနှိုင်းပြီးမှ တကယ့်ကို စံချိန်စံညွှန်းနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်” ဟု မှတ်ချက်ပြုသည်။

စမွတ်ဆာခွန် အပါအဝင် ထိုင်းနိုင်ငံ၏ အလယ်ပိုင်းရှိ ဒေသများ၌ ကိုဗစ်နိုင်တင်း ရောဂါကူးစက်မှုအခြေအနေများ မြင့်တက်လာနေသော်လည်း အခြားဒေသများ၌မူ ဖြစ်ပွားမှုနှုန်းက စိုးရိမ်ဖွယ်ရာအဆင့်သို့ မရောက်ရှိသေးပေ။ 

ဇင်းမယ်ဟု မြန်မာတို့ သိခဲ့ကြသော ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့တွင်မူ အခြေအနေကောင်းမွန်နေသည်ဟု ချင်းမိုင်ရှိ မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်သူမိုးက ပြောသည်။

“ချင်းမိုင်ကတော့ လက်ရှိတော့ အေးဆေးပါပဲ၊ အဓိကဖြစ်နေတာကတော့ အဲဒီ မဟာချိုင်၊ ဘန်ကောက်နဲ့ အနီးတစ်ဝိုက်ပေါ့၊ ချင်းမိုင်မှာတော့ မြန်မာထဲကူးစက်တာရယ်လို့ မရှိသေးပါဘူး” ဟု  ဦးကျော်သူမိုးက ပြောသည်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၏ တဘက်ကမ်း ရနောင်းမြို့တွင်လည်း မြန်မာအလုပ်သမားများအတွင်း ကူးစက်မှု မရှိသေးသလို ဇန်နဝါရီ ၆ ရက်နေ့က မြန်မာအလုပ်သမား ၃၀၀ ကျော်ကို ထိုင်းအစိုးရက ပိုးရှိမရှိ စစ်ဆေးခဲ့ကြောင်း ရနောင်း အလုပ်သမားသံအရာရှိ ဦးထက်ဝေဖြိုးက ဆိုသည်။

“စမွတ်ဆာခွန်မှာတော့ ပုစွန်ဈေးနဲ့ ဆက်စပ်ပြီး (မြန်မာလုပ်သားတွေ) ပိတ်မိနေတဲ့ စက်ရုံတွေ ရှိတယ်၊ အဲဒီစက်ရုံတွေမှာ သွားရောက်ပြီးတော့ (သံရုံးဘက်က) အကူအညီပေးနေတာတွေ ရှိပါတယ်” ဟု သံအရာရှိ ဦးထက်ဝေဖြိုးက Myanmar Now သို့ ပြောကြားသည်။

မဟာချိုင်မြို့ရှိ တလာ့ကွန်းပုစွန်ဈေးတွင် လုပ်ကိုင်ပြီး ယင်းနှင့်ကပ်လျက် မြန်မာရပ်ကွက်တွင်း၌ နေထိုင်သူ ကိုသက်နှင့် မိသားစုဝင် ၅ ဦးတို့မှာတော့ ဒီဇင်ဘာ ၃၀ ရက်က စစ်ဆေးရာ ရောဂါပိုးမရှိကြောင်း အဖြေထွက်ခဲ့သည်။

သို့ရာတွင် ပင်လယ်စာရောင်းချသည့် တလာ့ကွန်းပုစွန်ဈေးကြီးမှာ ယာယီပိတ်သိမ်းထားသလို အနီးရှိရပ်ကွက်များတွင်လည်း အသွားအလာထိန်းချုပ်ကန့်သတ်မှုများ ရှိနေဆဲဖြစ်သည်။

“အလုပ်မလုပ်ရတော့ ဝင်ငွေတော့ မရှိဘူးပေါ့၊ ဝင်ငွေမရှိပေမယ့် စားဖို့သောက်ဖို့ကတော့ လာရောက်လှူဒါန်းနေတဲ့ သူတွေက တော်တော်များပါတယ်” ဟု ကိုသက်က ဆိုသည်။

အလုပ်လုပ်ခွင့်လက်မှတ် မရှိသေးသော လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နေထိုင်လုပ်ကိုင်ခွင့်ကို ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အထူးခွင့်ပြုချက် ပေးအပ်သွားမည်ဟုလည်း ထိုင်းအစိုးရ၏ ဇန်နဝါရီ ၃ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁၃ ရက်နေ့အတွင်း အင်တာနက်မှတစ်ဆင့် စာရင်းပေးသွင်းရမည် ဖြစ်ကာ အလုပ်မရှိသူများသည် ယခုနှစ် စက်တင်ဘာ ၁၃ ရက်မတိုင်မီ အလုပ်ရှာရမည် ဖြစ်ကြောင်း ထိုင်းအစိုးရက ညွှန်ကြားထားသည်။

မြန်မာအလုပ်သမားများမှာ အခန်းငှားရမ်းနေထိုင်ကြရသလို သုံးစွဲနေရသည့် ရေဖိုးမီးဖိုး ကုန်ကျစရိတ်များရှိရာ ကိုဗစ်နိုင်တင်း ကပ်ရောဂါဘေးကြောင့် အလုပ်မရှိ၊ ဝင်ငွေမရှိကြမည့် အနေအထားကြောင့် စိုးရိမ်ပူပန်မိကြောင်း Labour Hittai အဖွဲ့မှ စောလင်းအောင်က ဆိုသည်။

“ဒီအတိုင်းသာ ကာလကြာရှည်လာမယ်ဆိုရင်တော့ အကုန်လုံးအခက်အခဲဖြစ်နိုင်တယ်” ဟု ၎င်းက ပြောကြားသည်။ 

KLT သည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading