ဧရာလွင်ရဲ့ ကံကြမ္မာ

၁၉၆၈ ခုနှစ်မှာ မုန်းကိုးဒေသကို သိမ်းပြီး ဗ.က.ပတွေ လွတ်မြောက်ဒေသထူထောင်လိုက်ပြီဆိုတာ ကြားရချိန်မှာ နိုင်ငံရေးပိုးထလာပြန်တဲ့ မင်းလတ်ရဲခေါင်ဟာ အခြေခံဒေသထဲသွားဖို့ ဇွတ်အတင်း တင်ပြတောင်းဆိုလာခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ မင်းလတ်ရဲခေါင်ဟာ မုန်းကိုးအခြေခံဒေသထဲကို ရောက်ရှိသွားခဲ့ပါတယ်။ မြန်မာ့မြေပြန်ခြေချမိတဲ့အခါ ပညာရှင်ကြီးဟာ မျက်ရည်တသွင်သွင်နဲ့ မြေကြီးကို ကုန်းရုန်းနမ်းခဲ့တယ်လို့ ကြားမိပါသေးတယ်။

ပြီးခဲ့တဲ့ကာလတွေကနေ ခု ၂၀၂၀ရွေးကောက်ပွဲလွန်ကာလ အစိုးရသစ်ဆန်းစပြုလာတဲ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ရေးကြပြောကြတာ၊ ဆွေးနွေးကြတာတွေ အတော်များပါတယ်။ ဒီလိုဆွေးနွေးပြောဆိုကြရာမှာ တိုင်းရင်းသားပါတီ အတော်များများက မြန်မာပြည်နယ်တစ်ခုအဖြစ် ပါဝင်တဲ့ ရှစ်ပြည်ထောင် ဖက်ဒရယ်ပြည်ထောင်စု  ဖွဲ့စည်းရေးအကြောင်း အဆိုပြုကြတော့ ကွယ်လွန်သူ ဆရာ “မင်းလတ်ရဲခေါင်” ကို ပြန်လည်သတိရ လွမ်းတမိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ရှစ်ပြည်ထောင် ဖက်ဒရယ်ပြည်ထောင်စုအကြောင်း အစောဆုံးနဲ့ စနစ်အကျဆုံး တင်ပြခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဆရာမင်းလတ်ရဲခေါင်လည်း ရှေ့တန်းက ပါဝင်ခဲ့လို့ပါ။ ဆရာမင်းလတ်ရဲခေါင်ကိုတော့ လွတ်လပ်ရေးခေတ် နောက်ပိုင်းမှ လူဖြစ်လာကြသူတွေ သိပ်ပြီး သိဖူးကြားဖူးကြမယ် မထင်ပါဘူး။

မင်းလတ်ရဲခေါင်ဆိုတာကို လွတ်လပ်ရေးလှုပ်ရှားမှုကာလ ၁၉၄၇-၄၈ ခုနှစ်အတွင်း ရန်ကုန်ကျောင်းသားသမဂ္ဂအသိုင်းအဝိုင်းမှာတော့ အတော်ထင်ရှားလူသိများခဲ့ကြပါတယ်။ ဒါ့အပြင် သူဟာ စစ်ပြီးခေတ်ကာလအတွင်းက အတော်အောင်မြင်ခဲ့တဲ့ ရသ ဝတ္ထု စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ကွယ်လွန်သူ စာရေးဆရာ နိုင်ဝင်းဆွေကလည်း မင်းလတ်ရဲခေါင်ရေးတဲ့ နဂဝံသစမ်းလေးနံဘေးမှာ ဆိုတဲ့ ဝတ္ထုလေးကို တသသစွဲလန်းမိရတဲ့အကြောင်း တဖွဖွပြောခဲ့ဖူးပါတယ်။ တချို့ကတော့လည်း နန္ဒာပုလဲ ဝတ္ထုရှည်ကြီးကိုတောင် မင်းလတ်ရဲခေါင်ရေးခဲ့သယောင်၊ ပြောသံတွေ ကြားခဲ့ရပါသေးတယ်။ ဒါပေမဲ့ မင်းလတ်ရဲခေါင်ဟာ စာရေးဆရာသက်သက်တော့ မဟုတ်ပါဘူး။ စစ်ပြီးခေတ် ကျောင်းသားသမဂ္ဂလှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် တက်ကြွစွာ လှုပ်ရှားခဲ့သူတစ်ဦးပါ။ သူ့ အခြားအမည်က ကိုစိမ်းမောင်ပါ။ အထူးသဖြင့် ကွယ်လွန်သူ ဗ၊ က၊ ပ၊ ဒုတိယ ဥက္ကဋ္ဌဟောင်း ရဲဘော်ခင်မောင်ကြီးနဲ့အတူ မြေအောက် (U.G) ကျောင်းသားကလာပ်စည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာမင်းလတ်ရဲခေါင် ခေါ် ကိုစိမ်းမောင်ကို ကျောင်းသားနိုင်ငံရေးသမားတစ်ပိုင်း စာရေးဆရာတစ်ပိုင်းလို့ ပြောရမှာပါပဲ။

၁၉၄၇ ခုနှစ် ချက်ကိုစလိုဗက်နိုင်ငံ ပရာဟာမြို့တော်မှာ ကျင်းပမယ့် နိုင်ငံတကာ ကျောင်းသား သမဂ္ဂ (International Student Union-IUS) ညီလာခံကို မြန်မာနိုင်ငံက ကိုယ်စားလှယ်စေလွှတ်ပေးဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီညီလာခံကို မြန်မာနိုင်ငံကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ် တက်ရောက်ဖို့ ရဲဘော်ခင်မောင်ကြီးကို ဗ၊ က၊ ပ ယူဂျီကလာပ်စည်းက ညွှန်ကြားခဲ့တယ်။ ဒါပေမဲ့ နိုင်ငံတကာ ကျောင်းသားသမဂ္ဂများ ညီလာခံကို တက်ရောက်ချင်တဲ့ဆန္ဒ အလွန်ပြင်းပြနေတဲ့ ဆရာမင်းလတ်ရဲခေါင်က သူ့အစီအစဉ်နဲ့သူ၊ ပြည်ပကို ထွက်ခွာသွားခဲ့တယ်။ ဒီလိုနဲ့ပဲ ပရာဟာမြို့တော်မှာ ကျင်းပတဲ့ နိုင်ငံတကာကျောင်းသားသမဂ္ဂများ ညီလာခံကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ ညီလာခံပြီးချိန်က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်စတင်ဖြစ်ပွားနေတော့ ကိုရဲခေါင် ပြန်လာခွင့် မရတော့ပါဘူး။ ဒီလိုနဲ့ နိုင်ငံတကာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ အလုပ်လုပ်ရင်း ပရာဟာ တက္ကသိုလ်မှာ ဆက်ပြီး ကျောင်းတက်နေခဲ့ရတယ်။

ဆရာမင်းလတ်ရဲခေါင်ဟာ ပရာဟာတက္ကသိုလ်ကနေ ဘာသာဗေဒအထူးပြုနဲ့ ပါရဂူဘွဲ့ကို ရယူခဲ့ပါ တယ်။ သူ့ရဲ့ဘာသာဗေဒဘွဲ့ယူကျမ်းအမည်က (ဗမာ့စာပေတိုးတက်ခေတ်မီရေး (Modernization of Burmese Litrature) ဖြစ်ပါတယ်။ ဒီကျမ်းမြန်မာပြည်ကို ရောက်ရှိလာချိန်မှာ မြန်မာစာပေလောကကို အကြီးအကျယ် ဂယက်ရိုက်ခတ်သွားပါတော့တယ်။ သူ့ကျမ်းပါအယူအဆဖြစ်တဲ့ မြန်မာစာကို စကားလိုရေးကြဖို့ တိုက်တွန်းချက်ကို အကြောင်းပြုပြီး အထက်မြန်မာနိုင်ငံက စာရေးဆရာတွေနဲ့ အောက်မြန်မာပြည်က စာရေးဆရာတွေ အပြင်းအထန် အငြင်းပွားခဲ့ကြရပါတယ်။ ဆရာရဲခေါင်ဟာ ပရာဟာတက္ကသိုလ်မှာ မြန်မာစာဌာနမှူးအဖြစ် ပါမောက္ခရာထူးလည်း ရယူဖူးခဲ့ပါသေးတယ်။ ဒါပေမဲ့ နိုင်ငံရေး ထက်သန်တဲ့ ရောဂါရှိသူ ဆရာရဲခေါင်အနေနဲ့ ပညာရှင်တစ်ယောက်အဖြစ် ပရာဟာမှာ ကြာကြာဆက်ပြီး မနေနိုင်ခဲ့ပါဘူး။

၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်တဲ့အခါ ဗ.က.ပ ကလည်း အရှေ့ဥရောပတလွှားမှာ ရောက်ရှိနေတဲ့ သူတို့ရဲ့ ပါတီဝင်တွေအားလုံး ဘေကျင်းကို ခေါပြီး ပြန်လည်စုစည်းခဲ့ပါတယ်။ ဒီအခါ သူ့ရဲ့ပရာဟာက ပါမောက္ခရာထူးကို စွန့်လွှတ်ပြီး ဆရာမင်းလတ်- ရဲခေါင်လည်း ပြန်လာခဲ့ပါတယ်။ ဆရာရဲခေါင်ကို ပညာရှင်တစ်ယောက်အနေနဲ့ ကွယ်လွန်သူဝန်ကြီးချုပ် ချူအင်လိုင်းကိုယ်တိုင် ဘေကျင်းလေဆိပ်ကို ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။ ဗိုလ်နေဝင်းဖန်တီးတဲ့ ၁၉၆၇ ခု တရုတ်ဗမာအရေး အခင်းအတွင်းမှာတော့ ဗမာချန်ကေရှိတ် အစိုးရပြုတ်ကျရမယ်ဆိုတဲ့ မင်းလတ်ရဲခေါင်ရဲ့ ကြုံးဝါးသံကို ဘေကျင်းရေဒီယိုကတစ်ဆင့် အဆက်မပြတ် ကြားခဲ့ရပါတယ်။ အဲဒီကတစ်ဆင့် ၁၉၆၈ ခုနှစ်မှာ မုန်းကိုးဒေသကို သိမ်းပြီး ဗ.က.ပတွေ လွတ်မြောက်ဒေသထူထောင်လိုက်ပြီဆိုတာ ကြားရချိန်မှာ နိုင်ငံရေးပိုးထလာပြန်တဲ့ မင်းလတ်ရဲခေါင်ဟာ အခြေခံဒေသထဲ သွားဖို့ ဇွတ်အတင်း တင်ပြတောင်းဆို လာခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ မင်းလတ်ရဲခေါင်ဟာ မုန်းကိုးအခြေခံဒေသထဲကို ရောက်ရှိသွားခဲ့ပါတယ်။ မြန်မာ့မြေပြန်ခြေချမိတဲ့အခါ ပညာရှင်ကြီးဟာ မျက်ရည်တသွင်သွင်နဲ့ မြေကြီးကို ကုန်းရုန်းနမ်းခဲ့တယ်လို့ ကြားမိပါသေးတယ်။

မုန်းကိုးဒေသဟာ ရှမ်းပြည်နယ်ထဲမှာ ရှိပေမယ့် ရှမ်းလူမျိုးတွေချည်းသက်သက် နေထိုင်တဲ့ ဒေသ မဟုတ်ပါဘူး။ ရှမ်း၊ ဂျင်းဖော၊ အဇီ၊ တရုတ် စတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ နေရာဖြစ်ပါတယ်။ အဲဒီဒေသမှာ ဗ.က.ပ က အမျိုးသားရေးပေါ်လစီ ချမှတ်တော့ တရုတ်ပြည်ပုံစံအတိုင်း အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး မူဝါဒ ချမှတ်ကျင့်သုံးခဲ့ပါတယ်။ ဒီမှာတင် အရှေ့ဥရောပက ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ဆရာမင်းလတ်ရဲခေါင်နဲ့ ထိပ်တိုက်တွေ့တော့တာပါပဲ။ မင်းလတ်ရဲခေါင်က မြန်မာပြည်ရဲ့ အမျိုးသားရေးမူဝါဒဟာ တရုတ်ပြည်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံ မဖြစ်သင့်ဘူး။ အရှေ့ ဥရောပမှာ ကျင့်သုံးတဲ့ ခွဲထွက်ခွင့်အပါအဝင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရမယ်။ ဒါတင်မက တန်းတူညီမျှရေးမူအရ ဗမာတွေလည်း တခြားတိုင်းရင်းသားများနည်းတူ ပြည်နယ်တစ်ခုအနေနှင့် ပါဝင်တဲ့ ဖက်ဒရယ် (၈)ပြည်ထောင်စုဖြစ်ရမယ်။ ဒါ့အပြင် ဗမာနိုင်ငံဆိုတာ တိုင်းရင်းသားလူမျိုးအားလုံးကို ကိုယ်စားပြုတဲ့ နာမည်မဟုတ်ဘူး။ တိုင်းပြည်ကို အဓိက ကိုယ်စားပြုနိုင်တာဟာ ဧရာဝတီမြစ်နဲ့ သံလွင်မြစ်ဖြစ်လို့ ရှစ်ပြည်နယ် ဖက်ဒရယ်ပြည်ထောင်စု ကြီးကို “ဧရာလွင်” တိုင်းပြည်လို့ ခေါ်တွင်စေရမယ်ဆိုပြီး အလွန်အကျွံဖြစ်စေတဲ့ အမျိုးသားရေးအမြင်တွေကို တင်ပြတောင်းဆိုခဲ့ပါတယ်။

တကယ်တော့ ခွဲထွက်ခွင့်အပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ဆိုတာ လီနင်အကောင်အထည် မဖော်နိုင်ခဲ့တဲ့ စကားလုံးကို စတာလင်က လူကြားလို့ကောင်းအောင် ဆွဲသုံးခဲ့တာပါ။ လက်တွေ့မှာ စတာလင်အုပ်စိုးခဲ့တဲ့ ခေတ်တစ်လျှောက်လုံး ဘယ်ပြည်နယ်ကိုမှ ခွဲထွက်ခွင့် မပေးခဲ့ပါဘူး။ သူ့မွေးရာဇာတိဖြစ်တဲ့ ဂျော်ဂျီယာပြည်နယ်ရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုကိုတောင် တပ်နီတော် အင်အားအလုံးအရင်း သုံးပြီး ရက်ရက်စက်စက် ချေမှုန်းပစ်ခဲ့သူပါ။ အာဏာရှင်စတာလင်လက်ထက်မှာ ခွဲထွက်ရေးဆိုတဲ့ စကားလုံးကို ဘယ်ပြည်နယ်မှ မသုံးစွဲရဲခဲ့ကြပါဘူး။ အလားတူ ဘော်ရှီဗစ်ပါတီရဲ့ တစ်ပါတီအာဏာရှင်စနစ်အောက်မှာ ဘယ်ပြည်နယ် ဘယ်လူမျိုးမှ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရခဲ့ကြပါဘူး။ ဒီမိုကရေစီမရှိရင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရှိသလို ဖက်ဒရယ်ဆိုတာလည်း ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာမျိုးပဲ ဖြစ်နေမှာပါ။

ဆရာမင်းလတ်ရဲခေါင်က ချက်ကိုစလိုဗက်နိုင်ငံမှာ နေထိုင်ခဲ့ဖူးတော့ ချက်အမျိုးသားတွေနဲ့ ဆလိုဗက်အမျိုးသားတွေကို ပြည်နယ်ဖွဲ့ပြီး ပူးပေါင်းပေးလိုက်ရင် တန်းတူညီမျှတဲ့ ဖက်ဒရယ်နိုင်ငံဖြစ်သွားပြီလို့ ယူဆလိုက်ပုံပါပဲ။ တကယ်က လူမျိုးအလိုက် ပြည်နယ်ဖွဲ့ပြီး ပူးပေါင်းလိုက်လို့ တန်းတူသွားတာ မဟုတ်ဘူး။ လူမျိုးအလိုက် အနေအထားတန်းတူလို့ ပူးပေါင်းနိုင်တာပါ။ ချက်သမ္မတနိုင်ငံမှာ ချက်လူမျိုး (၉၀%) ရှိပြီး ဆလိုဗက်သမ္မတနိုင်ငံမှာ ဆလိုဗက်လူမျိုးက (၆၈%) ရှိနေတော့ တန်းတူနီးပါး အနေအထားပါ။ လူမျိုးစုဆိုတာကလည်း ရာနှုန်းအနည်းအပါးပဲရှိပါတယ်။ ချက်က စက်မှုဖွံ့ဖြိုးပြီး ဆလိုဗက်က စိုက်ပျိုးရေးဖွံ့ဖြိုးပါတယ်။ ဒါကြောင့် ဟစ်တလာရော၊ စတာလင်ကပါ အာဏာနဲ့ချုပ်ကိုင်ပေါင်းစည်းပေးပြီး ပြည်တည်ထားတာပါ။ တကယ်က ချက်ကိုဆလိုဗက်ကီးယားဟာ ဖက်ဒရယ်ပြည်ထောင်စုမဟုတ်ပါဘူး။ လူမျိုးရေးတန်းတူမှုရှိတဲ့ တိုင်းပြည်တွေကို အာဏာနဲ့ စုစည်း ပေးထားတဲ့ ကွန်ဖက်ဒရေးရှင်း (Confeda-nation) ဖွဲ့စည်းပုံပါ။ ဒါကြောင့်လည်း ၁၉၉၃ ခုနှစ်မှာ ဆိုဗီယက်ချုပ်ကိုင်မှုအောက်က လွတ်မြောက်ပြီး ဒီမိုကရေစီရတာနဲ့ တစ်ပြိုင်နက် ချက်သမ္မတနိုင်ငံနဲ့ စလိုဗက်သမ္မတနိုင်ငံဆိုပြီး တိုင်းပြည်ခွဲထူထောင်လိုက်ကြတာပါပဲ။ 

တကယ်လို့ မြန်မာပြည်မှာ လူမျိုးအလိုက်သာ တန်းတူမှုအတွက် ပြည်နယ်တွေဖွဲ့ပေးရမယ်ဆိုရင်တော့ လူမျိုးပေါင်း (၁၃၀) ကျော်ရှိနေလို့ (၁၀၁) ပါးသော ထီးဆောင်းမင်းတွေထက်တောင် များသွားပါလိမ့်မယ်။ ဒါကြောင့်လည်း ၁၉၆၂ ခုနှစ်ကတည်းက (ရှမ်းမူ) မှာပါတဲ့ ဖက်ဒရယ် (၈) ပြည်ထောင်စုစနစ်ကို ပြည်မက နိုင်ငံရေးသမား အားလုံးလိုလို ကန့်ကွက်ခဲ့ကြတာပါ။ ပြည်လမ်းအသံလွှင့်ရုံမှာ ကျင်းပတဲ့ မတ်လ (၁) ရက်နေ့ ဖွဲ့စည်း ပုံပြင်ဆင်ရေး အစည်းအဝေးမှာ ဝိဓူရသခင်ချစ်မောင်က (၁၉၄၇) ခုနှစ် အခြေခံဥပဒေမှာ ပြည်မကို အခြေခံပြီး ပြည်နယ်များကို စုစည်းထားတဲ့ ဖက်ဒရယ်ပုံစံဖြစ်လို့ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ ပကတိလက်တွေ့နဲ့ အကိုက်ညီဆုံးဖြစ်တယ်။ ရှမ်းမူအဖြစ်တင်သွားတဲ့ (၈)ပြည်နယ် ဖက်ဒရယ်မူဆိုတာက ဖက်ဒရယ်ဘောင်ထက်ကျော်ပြီး ကွန်ဖက်ဒရေးရှင်းဖြစ်သွားနိုင်စရာရှိတယ်ဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။ ဒါကြောင့် (၈)ပြည်နယ်ဖက်ဒရယ်စနစ်ဆိုတာကို ဗမာလူမျိုးက (၆၀%) နီးပါးမျှရှိပြီး၊ တိုင်းရင်းသားလူမျိုးစု (၁၃၀) ကျော်ပေါင်းမှ လူဦးရေရဲ့ (၄၀%) ကျော်ရုံရှိတဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုမှ ကျင့်သုံးအကောင်အထည်ဖော်လို့ ရနိုင်စရာမရှိပါဘူး။ မြန်မာအစိုးရအဆက်ဆက်က တိုင်းရင်းသား လူမျိုးစုတွေကို ဖက်ဒရယ် အခွင့်အရေးမပေးခဲ့ဘဲ လူမျိုးကြီးဝါဒကျင့်သုံးခဲ့လို့ ဝိုင်းဝန်းဆန့်ကျင်ဖို့ စည်းလုံးကြမယ်ဆိုရုံနဲ့တော့ ပြဿနာဖြေရှင်းနိုင်ပါဘူး။ သမိုင်းအရ လက်တွေ့ဘဝအရ လူမျိုးရေးပြဿနာဆိုတာ ဗမာလူမျိုးကြီးနဲ့တင် ရှိခဲ့ကြတာမဟုတ်ဘဲ လူမျိုးစုအချင်းချင်းကြားမှာလည်း ရှိခဲ့ကြတာပါပဲ။ အရေးကြီးတာက မြန်မာပြည်လို လူမျိုးစုံနေထိုင်တဲ့ နိုင်ငံမျိုးမှာ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ ငြိမ်းချမ်းစွာ အတူပူးပေါင်းနေထိုင်ရေးသဘောထား အားလုံးမှာ ရှိထားကြဖို့ပါပဲ။

ဒီလိုအနေအထားတွေအောက်မှာ တရုတ်ပြည်ရဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး မူဝါဒကို လက်ခံကျင့်သုံးနေတဲ့ အရှေ့မြောက် ဗ.က.ပ ခေါင်းဆောင်တွေ အနေနှင့် ဆရာမင်းလတ်ရဲခေါင်ရဲ့ “ဧရာလွင်” ဖက်ဒရယ်ပြည်ထောင်စုကို လက်မခံနိုင်ခဲ့ကြပါဘူး။ အဲဒီအချိန်က တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးကလည်း အရှိန်အဟုန်ကောင်းနေချိန်ဖြစ်တော့ ဆရာမင်းလတ်ရဲခေါင်ကလည်း အခြေခံဒေသထဲက မုန်ဂူကွင်းမှာ ဗ.က.ပ ခေါင်းဆောင်တွေကို စာလုံးကြီးပိုစတာတိုက်ပွဲ ဆင်ပါတော့တယ်။ က(ကောက်စကီ)၊ ခ(ခရူးရှက်)၊ လ(လျူရှောက်ချီ) ဂိုဏ်းသား လူမျိုးကြီးရှော်ဗင်ဝါဒီ သခင်ဘသိန်းတင် ကျဆုံးပါစေဆိုတဲ့ ပိုစတာကြီးတွေ တစ်မြို့လုံးအနှံ့ လိုက်ကပ်ခဲ့ပါတယ်။ ဒါကြောင့် ဗ.က.ပ ခေါင်းဆောင်တွေက မင်းလတ်ရဲခေါင်ကို မုန်းကိုးနောက်ကျောဘက်က မန်ကန်းခေါ်တဲ့ ကချင်ရွာလေးနားမှာ အကျယ်ချုပ်ချထားခဲ့ကြတယ်။ မန်ကန်းရွာရောက်တော့လည်း သူ့ရဲ့ ဧရာလွင်တိုင်းပြည် အယူအဆ စာတန်းတွေကို ကချင်ရွာသားတွေကတစ်ဆင့် K.I.A အဖွဲ့အစည်းထံ ပေးပို့ဖြန့်ဝေခဲ့ပြန်ပါတယ်။ ဒါနဲ့ ဒီဒေသမှာထားလို့ မဖြစ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ဝနယ်ပို့ဖို့ စီစဉ်ကြရပြန်ပါတယ်။ ဒီတော့လည်း ဝနယ်ကို မလိုက်နိုင်ဘူးလို့ ငြင်းဆန်ပြီး အစာငတ်ခံဆန္ဒပြနေပြန်ပါတယ်။ ဒါနဲ့ လဝက်လောက်ရှည်ကြာတဲ့ ဝနယ်ခရီးကို တောအထပ်ထပ် တောင်အသွယ်သွယ်ဖြတ်ပြီး ထမ်းစင်နဲ့ ပို့ပေးခဲ့ကြရပါတယ်။

ဆရာမင်းလတ်ရဲခေါင်ကို ဝနယ် မြောက်ပိုင်းခရိုင်ထဲက တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ ခွင်းမာ မြို့နယ်ထဲမှာ အကျယ်ချုပ်အချထားခဲ့တယ်။ အကျယ်ချုပ်စခန်းမှာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မိုင်ယန်းတိုက်ပွဲက သုံ့ပန်းအဖြစ် ဖမ်းမိထားတဲ့ တပ်မတော်အရာရှိ (၆) ဦးခန့်လည်း ရှိနေပါတယ်။ ဒီအရာရှိတွေက အခွင့်သာတဲ့တစ်နေ့မှာ ဖျားနာနေတဲ့ ဝရဲဘော်နှစ်ယောက်ရဲ့ လက်နက်တွေကို လုယူပြီး ဒီဝရဲဘော်နှစ်ယောက်နဲ့ မြို့နယ်မှူး ရဲကလေးနှစ်ယောက်ကို သတ်ပစ်လိုက်ကြပါတယ်။ အရာရှိသုံ့ပန်းတွေက သူတို့ ထွက်ပြေးချိန်မှာ မင်းလတ်ရဲခေါင်ကိုပါ ခေါ်တော့ သူလည်း အတူလိုက်ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ သံလွင်မြစ်ဆီသွားရမယ့် (၄) ရက်လောက်သွားရမယ့် ခရီးကို မင်းလတ်ရဲခေါင်မလိုက်နိုင်ပါဘူး။ ဝစကားလည်းမပေါက်တော့ အခက်တွေ့နေပြီး၊ မြို့နယ်ရုံးနဲ့ မဝေးလှတဲ့ လျှိုကြီးတစ်ခုအတွင်းမှာပဲ သူ့ကို ပြန်ဖမ်းမိလာခဲ့ပါတယ်။ အပြင်းအထန် ဒေါသထွက်နေတဲ့ ဝရဲဘော်တွေက ဆရာမင်းလတ်ရဲခေါင်ကို သစ်ပင်မှာ ကပ်ချည်ပြီး လှံစွတ်နဲ့ ထိုးသတ်ကာ ချောက်ထဲ ပစ်ချလိုက်ပါတော့တယ်။ ဆရာမင်းလတ်ရဲခေါင် အသတ်ခံရတဲ့ သတင်းကို ဌာနချုပ်က စုံစမ်းတော့ မင်းလတ်ရဲခေါင်ကို သတ်ခါနီးမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံပို့ပေးလိုက်ပါတယ်။ ဒီဓာတ်ပုံမှာတော့ ပခုံးပေါ်အထိ ဆံပင်ဖားလျားမှာ ကွန်မန်ဒိုခေါင်းစည်းအနီစ၊ လှည်းဘီးမျက်မှန်ကြီးတပ်ထားတဲ့ ပိန်ပိန်ပါးပါး၊ အရပ်ခပ်ပြတ်ပြတ်၊ အသားနီစပ်စပ်နဲ့ ခါးထောက်ရပ်နေတဲ့ ဆရာမင်းလတ်ရဲခေါင်ကို နောက်ဆုံးမြင်တွေ့ခွင့်ရလိုက်ကြပါတယ်။ ဒီလိုနဲ့ ကမ္ဘာသိ၊ မြန်မာသိ ပညာရှင်တစ်ယောက်တော့ ရှစ်ပြည်ထောင်ပါဝင်တဲ့ ဧရာလွင် ဖက်ဒရယ်ပြည်ထောင်စုကြီးအတွက် အသက်သွေး စတေးခံခဲ့ရဖူးပါတယ်။

                                                                                  ***

သန်းစိုးနိုင်

 

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading