လှပသော ရှေးဟောင်းပုဂံမြေကို အကျည်းတန်စေသူများ

ပုဂံသည် အိမ်နီးချင်းနိုင်ငံများရှိ ရှေးဟောင်းအမွေအနှစ်မြို့တော်များထက် ပိုမိုရှေးကျပြီး ပိုမိုခမ်းနားကြီးကျယ်သော်လည်း ရှေးဟောင်းထိန်းသိမ်းမှုအပိုင်းတွင်မှု များစွာလျော့ရဲပြီး ခေတ်နောက်ကျနေဆဲ ဖြစ်သည်။

၂၀၁၈ခုနှစ်၏ နောက်ဆုံးနေဝင်ချိန်ကို ပုဂံမြို့နောက်ခံထား၍ မြင်ရစဉ်

ပြီးခဲ့သည့် နှစ်သစ်ကူးရုံးပိတ်ရက်က ပုဂံသို့သွားသည်။ ပုဂံသို့သွားလည်း သွားချင်သည်။ သွားလည်းမသွားချင်။ သွားလိုက်တိုင်း အနာဖေးတက်နေသည့် ဒဏ်ရာဟောင်းများက ပြန်ပြန် ပေါ်လာ၍ဖြစ်သည်။ တစ်ခါရောက်တိုင်းလည်း စိတ်တိုင်းမကျစရာတွေ၊ အားမလို အားမရ ဖြစ်စရာတွေက အသစ်အသစ်ထပ်တွေ့ရသည်။ အယုဒ္ဓယမြို့ဟောင်းတို့၊ အန်ကောဝပ်တို့၏ ရှေးဟောင်းထိန်းသိမ်းပုံနှင့် နှိုင်းယှဉ်ကြည့်ပြီး စိတ်ပျက်ဝမ်းနည်းရသည်။ မပြောချင်သော်လည်း မပြောဘဲမနေနိုင်တော့သဖြင့် ပုဂံစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး မြင်မိသည့်အလွဲများ၊ လိုအပ်ချက်များ၊ ပြင်ရမည့်အချက်များကို အကြံပြုတင်ပြလိုက်ပါသည်။ ဖွင့်ထားသော မျက်စိ၊ ဖွင့်ထားသော နားတို့ဖြင့် လက်ခံယူနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

၁။ သန့်ရှင်းသပ်ရပ်မှု

မြန်မာပြည်တစ်နံတစ်လျား အမှိုက်များသည် လက်ညှိုးထိုးမလွဲဖြစ်သော်လည်း ပုဂံကဲ့သို့သော တိုင်းပြည်၏ အဓိကခရီးသွားလည်ပတ်စရာဒေသတွင် ကြွပ်ကြွပ်အိတ်များ၊ ကွမ်းတံတွေးများ၊ ဖော့ဘူးများဖြင့် မြင်မကောင်းရှုမကောင်း အလှတန်ဆာဆင်ထားသည့်ကိစ္စကတော့ အလွန် အရုပ်ဆိုး အကျည်းတန်လွန်းသည်။ ဧည့်သည်အလာများသည့် ဘုရားအချို့ (ကန်တော့ပုလင်၊ ဓမ္မရံကြီး) တွင် အသံသွင်းထားသည့် တိပ်ခွေဖြင့် အမှိုက်မပစ်ရန် မေတ္တာရပ်ခံချက်ကို ဖွင့်ပြ သည်ဆိုသော်လည်း မလုံလောက်ပါ။ မြန်မာလူမျိုးသည် ကျောင်းမှာကတည်းက အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ဖို့ အလေ့အကျင့်ရခဲ့သူ မဟုတ်သဖြင့် မေတ္တာရပ်ခံပါသည် ဆိုရုံလောက် ဆိုလျှင် ပျင်းတောင်ပျင်းပါသေးသည်။ ဝန်ထမ်းများများ ခန့်အပ်ပြီး အမှိုက်မပစ်ဖို့ လိုက်ပြော၊ လိုက်စည်းရုံးပေးနေရမည်။ ဖြစ်နိုင်လျှင် မက်ဂါဖုန်းခေါ် လက်ကိုင်အော်လံငယ် လေး များဖြင့် အမှိုက်မပစ်ဖို့၊ ကွမ်းတံတွေးမထွေးဖို့ အဆက်မပြတ် သတိပေးနေရမည်။ ပစ်ချသူ တွေ့လျှင်လည်း ချက်ချင်းအရေးယူနိုင်ရမည်။ အရေးအကြီးဆုံးကတော့ အမှိုက်ပုံး လုံလုံလောက်လောက် ထားရှိရေးဖြစ်သည်။

၂။ အလှူခံ/တောင်းရမ်းသူ

ပုဂံရှိ ဘုရားများ၊ ထမင်းဆိုင်များအနီးတစ်ဝိုက်တွင် တောင်းရမ်းစားသောက်သူများ မတွေ့ချင်မှ အဆုံးဖြစ်သည်။ ရုပ်အဆိုးဆုံးကတော့ ပုပ္ပားနှင့် ညောင်ဦးမြို့တို့ကို ဆက်သွယ်ထားသည့် ဗျတ္တပန်းဆက်လမ်း တစ်လျှောက်ရှိ ဒေသခံ တောင်းရမ်းသူများပင် ဖြစ်သည်။ မိုင်နှင့်ချီသော များပြားလှသည့် တောင်းရမ်းသူ လူတန်းကြီးသည် ပုပ္ပားမှအထွက် ဒေါင်းလည်ရွာလမ်းခွဲမှ စပြီး ညောင်ဦးမြို့နယ်အတွင်း ဝင်သည်အထိ မဆုံးနိုင်အောင်ကို များပြားလှသည်။ တောင်းရမ်းသူများ ထဲတွင် သက်ကြီးရွယ်အိုများသာမက အရွယ်ကောင်းများအပြင် ကလေး သူငယ်များလည်း ပါနေသည်ကိုတွေ့ရသည်။ ကားတစ်စီးပေါ်က ပိုက်ဆံပစ်ချပေး လိုက်သည်နှင့် နောက်ကားကို မကြည့်ဘဲ အလုအယက် ဝိုင်းကောက်ကြရာ အန္တရာယ်လည်း များလှသည်။ နိုင်ငံခြားသား ခရီးသွားများအမြင်တွင် အထင်သေး စရာဖြစ်သဖြင့် တားဆီးသင့်သည်။ ပုဂံဘုရားတစ်ဆူမှာတော့ တောင်းရမ်းသူကို ဒဏ်ငွေကျပ် ၅၀ ချ၍ ရသည်ဟု ဆိုင်းဘုတ်ရေးထားသည်ကိုတွေ့ရသည်။ သို့သော် ဒဏ်ငွေသည် ခေတ်ဟောင်းက ဥပဒေဖြစ်နေရာ ဒဏ်ငွေပမာဏမှာလည်း လူရယ်စရာဖြစ်နေရာ ခေတ်နှင့်ညီအောင် ပြန်လည် ပြင်ဆင်သင့်သည်။ သည့်ထက်အရေးကြီးသည်က တောင်းစားသူများကို စာရွက်ပေါ်မှာသာ အရေးယူမနေဘဲ တကယ်အရေးယူရေး ဖြစ်သည်။

၃။ ဆူညံမှု

ပုဂံရှိ ရှေးဟောင်းဘုရားများသို့ လာရောက်ကြသူ မြန်မာအများစုသည် ရှေးဟောင်းသမိုင်းဝင် ပစ္စည်းများကို လေ့လာရန်၊ တရားဘာဝနာစည်းဖြန်းရန်ထက် အပျော်သဘော လာရောက်ကြသူ က များနေသည်။ အာနန္ဒာဘုရားရှိ ဆင်းတုတော်ကြီးလေးဆူအနက် နှစ်ဆူရှေ့တွင် တင်ပလ္လင် ခွေကာ တရားထိုင်နေသည့် နိုင်ငံခြားသူအမျိုးသမီးနှစ်ဦးကို တွေ့ခဲ့သည်။ ထိုအချိန်တွင် အင်္ကျီ ဆင်တူ ဝတ်ထားသည့် ဘုရားဖူးခရီးသွားတစ်သိုက် ဆူညံစွာစကားပြောဆိုလျက် ဝင်ရောက်လာ သည်။ နိုင်ငံခြားသားများပင်လျှင် ငြိမ်သက်စွာဖြင့် လေ့လာကြည့်ရှုခြင်း၊ ဓာတ်ပုံ ရိုက်ခြင်း၊ တချို့က တရားဘာဝနာ အားထုတ်ခြင်းဖြင့် ပုဂံကို အလေးအမြတ်ပြုနိုင်ကြပြီး မြန်မာ လူမျိုးအများစုကမူ အပျော်ခရီးသက်သက် ဖြစ်နေသည်မှာ ရှက်စရာကောင်းသည်။ အာဏာပိုင်များအနေဖြင့် လူအရောက်အပေါက်များသည့် ဘုရားစေတီများ၌ မဆူညံကြဖို့ ဘုရားဖူးများ၊ ဧည့်သည်များကို လိုက်လံကြည့်ရှုသတိပေးခြင်းများ လုပ်သင့်သည်။

၄။ အသစ်ဖြစ်သွားသည့်အဟောင်း

ပုဂံကိုချစ်သူတစ်ဦးအနေဖြင့် ပုဂံရောက်တိုင်း စိတ်ဆင်းရဲရသည့်ကိစ္စမှာ ရှေးဟောင်းဘုရားများရှိ နှစ်ပေါင်း ၇၀၀၊ ၈၀၀ သက်တမ်းရှိ အုတ်ချပ်များကြားတွင် ခေတ်အုတ်များ၊ ခေတ်ဘိလပ်မြေများကို မြင်ရခြင်းဖြစ်သည်။ ရှေးဟောင်း အငွေ့အသက်များ ပျောက်ဆုံးကုန်သည်။ အရာရာသည် အသစ်လို ဖြစ်နေသည်။ ပုဂံကိုသွားသည်မှာ အဟောင်းကိုခံစားလို၍ဖြစ်သည်။ အသစ်ကိုခံစားလိုလျှင် ယနေ့ပင် ခေတ်အုတ်ဖြင့် ဘုရားအသစ်တစ်ဆူ တည်လျှင်ရသည်။ ရှေးယခင် မြန်မာကြီးများ၏ အံမခန်း ဗိသုကာများကို ခံစားလို၍ ပုဂံသို့သွားခြင်းဖြစ်ရာ ယခင် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်လက်ထက်က စလိုက်သည့် ဘုရားပြိုတွေ့တိုင်း အသစ်ပြင်ရေးမူအရ အဟောင်းတို့ အကြား အသစ်တို့ရောနေသည်ကိုမြင်ရသည်မှာ ရင်နာစရာကောင်းလှသည်။ တန်ဖိုးရှိလှသည့် ရှေးဟောင်း နံရံဆေးရေးပန်းချီများကိုလည်း ထုံးသုတ်ထားသည်မှာ နာကျင်ရသည်။ ဘယ်လို အတွေးအခေါ်တွေနှင့်များ ခုလို လုပ်ရပါသလဲဟု မေးခွန်းအခါခါထုတ်နေမိသည်။ ရင်နာစရာ အကောင်းဆုံးမှာ ထိုသို့ ရှေးဟောင်းဘုရားများကို ပြင်ဆင်ခြင်းမှာ မှားယွင်းသော လုပ်ရပ်မဟုတ်ဟု ခံငြင်းခဲ့သည့် ဦးခင်ညွန့်၏စကားပင် ဖြစ်သည်။

၅။ ဖိနပ်စီးခြင်း

စေတီဘုရားကျောင်းကန်များ၌ ဖိနပ်မစီးကြသည်မှာ မြန်မာ့ယဉ်ကျေးမှုဖြစ်သည်။ သို့သော်လည်း ပုဂံဘုရားအများစုတွင် သဲမြေများပေါ်၌ ဖိနပ်ချွတ်၍လမ်းလျှောက်သည့်အခါ သဲထဲရှိ သံတိုသံစများ၊ ကျောက်မှုန်စလေးများ၊ ဆူးလေးများ ခြေထောက်ကိုစူးနိုင်သည်။ အများအားဖြင့် ဘုရားပရိဝုဏ်အများစုမှာ သန့်ရှင်းသပ်ရပ်မှုမရှိရာ ဖိနပ်ချွတ်ဝင်ရသဖြင့် အဆင်မပြေပါ။ ယခုလို ဆောင်းရာသီတွင် ခြေဗလာဖြင့် ခလုတ်တိုက်မိလျှင် အတော်နာသည်။ အထူးသဖြင့် ခြေထောက်ကို သန့်သန့်ရှင်းရှင်း အလွန်ထားတတ်ကြသော ခြေအိတ်ဝတ်၊ ရှူးဖိနပ်စီးကြသည့် နိုင်ငံခြားသားများ ဖိနပ် တစ်ခါပြန်စီးတိုင်း သူတို့ ခြေထောက်ကို တစ်ရှူးဖြင့် တစ်ခါပြန်သုတ်နေကြရသည်။ ဖိနပ်မစီးစေချင်လျှင် ပရိဝုဏ် တစ်ခုလုံး လုံးဝ သပ်ရပ်နေအောင် စီစဉ်ထားသင့်သည်။ ဖိနပ်မစီးရဆိုသည်မှာ ဘုရားဟော မဟုတ်ပါ။ ဓလေ့ထုံးတမ်းသာဖြစ်သည်။ ယခုခေတ် ရိပ်သာအချို့၊ ဘုန်းကြီးကျောင်း အချို့ပင် ဖိနပ်စီးခွင့်ပြုလာကြသည်။ အရာရာကို ကျားကျား မီးယပ်မလုပ်ဘဲ အလိုက်တသင့် စီမံခန့်ခွဲသင့်သည်။ ဖိနပ်ချွတ်စေချင်လျှင်လည်း အာရုံခံ တန်ဆောင်းအဝင် ကော်ဇော၊ ဖယောင်းပုဆိုး စသည် ခင်းထားသည့်နားကျမှ ဖိနပ်ချွတ်ခိုင်း သင့်သည်။

၆။ မြို့အင်္ဂါရပ်ချို့တဲ့သောမြို့တွင်းလမ်းများ 

ပုဂံသို့လာသော နိုင်ငံခြားသားများထံမှ ဇုန်ဝင်ကြေးများစွာ ကောက်ခံနေသော် လည်း ပုဂံညောင်ဦးမြို့တွင်း အနီးတစ်ဝိုက် မြို့များမှာမူ အခြေခံ အဆောက်အအုံများ အားနည်းလှသည်။ လမ်းများသည် ကျဉ်းလွန်းပြီး ပေါက်ပြဲသည့်နေရာများ လည်း ရှိနေသည်။ လူနေရပ်ကွက် အတွင်းလမ်းများဆိုလျှင် မြေသား လမ်းသာရှိပြီး ရေမြောင်း၊ အမှိုက်စွန့်ပစ်ရာနေရာ စသည်တို့မှာလည်း နည်းပါးလှသည်။ တိုင်းပြည်၏အထင်ကရနေရာ ဖြစ်သည့် ပုဂံမြို့အနီးတစ်ဝိုက်ရှိ လူနေရပ်ကွက်များ၊ အဓိက လမ်းမများကြီးများသည် အမေရိကတို့၊ ဂျပန်တို့လောက်မကောင်းလျှင်တောင် ယခုထက်တော့ ပိုမိုသန့်ရှင်းအဆင့်မြင့် လှပနေသင့်သည်။

၇။ လောဘဇောတိုက် လူခေါ်ပွဲစားများ

တန့်ကြည့်တောင်ကူးသည့် မော်တော်ဆိပ်ရှိရာ ဗူးဘုရားအောက်ဘက်သို့ ဆင်းလာသည်နှင့် လူခေါ်ပွဲစားများဝိုင်းလာပြီး အမဲဖျက်ဖို့ ကြိုးစား ကြသည်။ မော်တော်စီးခမှာ တရားဝင်ဈေးအားဖြင့် စင်းလုံးငှား ကျပ် ၂၅,၀၀၀ ဆိုထားသော် လည်း ၎င်းတို့က ၄၅,၀၀၀ အထိ တောင်းသည်။ လူအလာများချိန်မို့လို့ ထိုသို့ တောင်းရပါသည် ဟု ဆိုထားသည်။ ခရီးသည်တစ်ဖွဲ့ကို ပွဲစား သုံး၊ လေးယောက်လောက်က ဝိုင်းနေပြီး သူတို့ အချင်းချင်းလည်း စားမာန်ခုတ်နေကြသည်။ ငါ့လူ၊ သူ့လူတွေ သတ်မှတ်ပြီး အချင်းချင်းလည်း ရန်ဖြစ်နေကြသည်။ မော်တော်များကြည့်ပြန်တော့လည်း ဘေးကင်းရေး အစီအမံအားနည်းလှ သည်။ သက်ကောဗောကွင်းများ၊ သက်ကယ်အင်္ကျီများ မတွေ့ရ။ စင်းလုံးငှားမဟုတ်ဘဲ အများနှင့် ဝိုင်းစီးမည်ဆိုပါက မော်တော်တစ်စင်းကို လူဘယ်နှဦးသတ်မှတ်ထားပါသလဲ ဆိုတော့ ထိုသို့ မသတ်မှတ်ထားဟု ပြောသည်။ ကိုက်လောက်သည့် လူဦးရေ ရသည်အထိ တင်မည့်သဘော။ အသက်အန္တရာယ်တွေများလှသည်။

၈။ ရည်းစားစာလိုက်ပေးသည်နှင့်တူသော ဈေးသည်များ

ဧည့်သည်ကို ဈေးသည်များက အလုအယက်ဝိုင်းရောင်း တာကတော့ မြန်မာပြည်မှာ မထူးဆန်း။ သို့သော် နိုင်ငံခြားသားများကို အတင်းကာရော ဣန္ဒြေ ပျက်လောက်အောင် လိုက်ရောင်းတာကတော့ ရုပ်ဆိုးသည်။ ဟိုက မယူပါဘူးဟု ငြင်းနေတာ တောင် ဘေးကနေ တောက်လျှောက်လိုက်ရောင်းနေသည်ကို မြင်ရသည်မှာ ရည်းစားစာလက်မခံချင်သည့် မိန်းကလေးကို အတင်းစာလိုက်ပေးနေပုံနှင့် တူသည်။ ထိုအကျင့်သည် တိုင်းပြည်နှင့်လူမျိုး၏ ဂုဏ်သိက္ခာကို ဆွဲချနေခြင်းဖြစ်သည်။

၉။ ကိုယ်ပျောက်တာဝန်ရှိသူတွေ

ရှေးဟောင်းနယ်မြေဟု ဆိုသော်လည်း ရှေးဟောင်းပစ္စည်းကို တန်ဖိုးထားတတ်ဖို့ ပညာပေးမှု အားနည်းခြင်း၏ ပြယုဂ်တစ်ခုအဖြစ် ဘုရားနံရံများပေါ်တွင် မင်ဖျက်ဆေးဖြူဖြူလေးများဖြင့် “အမှတ်တရ”တို့၊ ဘယ်သူဘယ်ဝါကို ချစ်တယ်တို့ လက်ကမြင်းထားကြသည့် စာကြောင်းလေးများစွာက ပုဂံချစ်သူတစ်ဦး၏ ရင်ကို ဓားဖြင့်မွှမ်းနေဘိသကဲ့သို့ရှိသည်။ မထင်မရှား ဘုရားငယ်များမှာသာမက အာနန္ဒာတို့၊ ဓမ္မရံကြီးတို့ သဗ္ဗညုတို့လို့ အထင်ကရ ဘုရားများ၏နံရံပေါ်မှာပင်လျှင် စာမရေးရမနေနိုင်သူတို့ လက်ချက်က မကင်း။ ဒါ့ပြင် သရပါဂိတ်စသည့် အန္တရာယ်ရှိ နေရာများအပေါ် လူတွေ တက်ကြသည်။ တားဆီးမည့်သူမရှိ။ လူမှုကွန်ရက်ပေါမှာ ပွထလာမှ တာဝန်ရှိသူတွေက သူတို့ ဘယ်လိုဘယ်ပုံ ဖြေရှင်းပါမယ် ထရှင်းသည်။ အမှန်ဆို ဒါတွေက မဖြစ်ခင်ကတည်းက ကြိုတင် တားဆီးထားရမည်ဖြစ်သည်။ လုပ်လျှင်လည်း ချက်ချင်းတားဆီးရမည်။ မလုပ်ဖို့ လိုက်တားတာ၊ လိုက်ဖျက်နေတာ၊ ပညာပေးနေတာလည်း မတွေ့ရ။ ဘုရားဂေါပကများ၏ တာဝန်၊ ရှေးဟောင်း သုတေသန ဦးစီးဌာန၏တာဝန်ဝတ္တရားများကို မေးခွန်းထုတ်စရာ။ မြန်မာလူမျိုးမည်သည် ဆိုင်းဘုတ်လေးရေးပြီး ဘာမလုပ်ရ၊ ညာမလုပ်ရ တားရုံဖြင့် မရ။

ဇာတ်ပေါင်းလျှင် ပုဂံသည် ယခုထက်ထိ ယူနက်စ်ကို ရှေးဟောင်းသမိုင်းဝင်စာရင်းဝင်ရန် ကုန်းအတက်မှာ စက်ကုန်ဖွင့်ရုန်းနေရဆဲဖြစ်သည်။ သူ့အပေါ်တင်ထားသည့် ဝန်ပိုတွေက များလေစွ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading