မြန်မာ့နိုင်ငံရေးအခြေအနေကို အကောင်းဆုံးထုတ်ဖော်ပြောပြနေတဲ့ မြန်မာ့နိုင်ငံရေးဓလေ့

သရုပ်ဖော် - မိုးထက်မိုး
သရုပ်ဖော် - မိုးထက်မိုး

နိုင်ငံရေးယဉ်ကျေးမှု (political culture) ဆိုတာဟာ လူမှုသိပ္ပံဆိုင်ရာ အသုံးအနှုန်းတစ်ခုလို့ ဆိုနိုင်တယ်။ ယဉ်ကျေးမှုဆိုတာမျိုးကလည်း တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းရဲ့ လူမှုဘဝတွေကို လွှမ်းမိုးထားတဲ့ ဓလေ့တစ်ခုလိုလည်း ဖြစ်တယ်။ မြန်မာ့နိုင်ငံယဉ်ကျေးမှုလိုပဲ ပြောပြော ဒါမှမဟုတ် မြန်မာ့နိုင်ငံရေးဓလေ့လို့ပဲ ပြောပြော ယဉ်ကျေးမှုတစ်ခုသဖွယ် စွဲမြဲနေတဲ့ မြန်မာ့နိုင်ငံရေးဓလေ့ဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စဉ်းစားပုံ လုပ်ကိုင် ဆောင်ရွက်ပုံတွေနဲ့ ယုံကြည်မှုတွေကို လွှမ်းမိုးထားစေပါတယ်။

နိုင်ငံရေးဓလေ့ဆိုတာဟာ သမိုင်းကြောင်းဖြစ်စဉ်တွေအပေါ် မှီတည်ပြီး ဖြစ်ပေါ်လာတာမျိုး ဖြစ်သလိုပဲ လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းမှာရှိနေတဲ့ နိုင်ငံရေးဓလေ့က အဲ့ဒီလူ့အဖွဲ့အစည်းရဲ့ အခြေခံနိုင်ငံရေးစနစ်ရဲ့ တန်ဖိုးတွေကို သတ်မှတ်ပေးလေ့ရှိတယ်။ နိုင်ငံတွေကွဲပြားသွားတာနဲ့အမျှ နိုင်ငံတစ်ခုချင်းစီရဲ့ နိုင်ငံရေးဓလေ့တွေကလည်း ကွဲပြားသွားလေ့ရှိတယ်။ ဆိုရရင် နိုင်ငံရေးဓလေ့ ဆိုတာမျိုးက နေ့ချင်းညချင်း ပေါ်ပေါက်လာတာမျိုးမဟုတ်ဘဲ နှစ်ပေါင်းများစွာ အခြေတည်ပြီး သမိုင်းဆိုင်ရာ လွှမ်းမိုးမှုတွေနဲ့အတူ လူ့အဖွဲ့အစည်းရဲ့ အမူအကျင့်တွေ၊ စဉ်းစားတွေးခေါ်ပုံတွေ ကို လွှမ်းမိုးထားစေတာမျိုးဖြစ်တယ်။ နိုင်ငံတစ်ခုရဲ့ သမိုင်းကြောင်းဆိုင်ရာတွေ၊ အဲဒီ့နိုင်ငံက လူ့အဖွဲ့အစည်းရဲ့ အစဉ်အဆက် စဉ်းစားလုပ်ဆောင်ပုံ။ နေထိုင်ပုံတွေကိုကြည့်ပြီး အဲ့ဒီနိုင်ငံရဲ့ နိုင်ငံရေးဓလေ့ကို သုံးသပ်လို့ရနိုင်တယ်။ နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးဓလေ့ကို လေ့လာပြီးတော့မှ အုပ်ချုပ်သူတွေက ဘယ်လိုနည်းလမ်းတွေနဲ့ အုပ်ချုပ်နေတယ်။ အဲ့ဒီနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်း မှုဟာ ဘာကြောင့်အောင်မြင်တယ်။ ဘယ်လောက်ကျရှုံးတယ်။ ဒါမှမဟုတ် ဘယ်လို ဒီမိုကရေစီ စံနှုန်းတွေနဲ့ ရှေ့ဆက်နေတယ်ဆိုတာကို နားလည်နိုင်မှာဖြစ်တယ်။

လူ့အဖွဲ့အစည်းရဲ့ သမိုင်းဆိုင်ရာသိမှုတွေနဲ့အတူ အမူအကျင့်တွေဟာ နိုင်ငံရေးဓလေ့ အပေါ်မှာ အကျိုးသက်ရောက်မှုရှိနေစေပြီး အဲ့ဒီနိုင်ငံရေးဓလေ့ကပဲ လူ့အဖွဲ့အစည်းအပေါ်ပြန်ပြီး ထိန်းချုပ်သွားစေတာ ဒါမှမဟုတ် အုပ်ချုပ်သူတွေရဲ့ အခန်းကဏ္ဍတွေကို ကြီးကြီးမားမား ဖော်ဆောင်ပေးသွားတာမျိုး ဖြစ်စေပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေတွေကိုကြည့်လိုက်မယ်ဆိုရင်လည်း မြန်မာ့နိုင်ငံရေးဓလေ့ဟာ ကြီးမားတဲ့ လွှမ်းမိုးမှုတွေ ရှိထားတယ်လို့ ဆိုရမယ်။

မြန်မာ့နိုင်ငံရေးဓလေ့ဟာ ဘယ်လိုပုံစံမျိုးလဲ၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စဉ်းစားပုံနဲ့ အမူအကျင့် တွေဟာ ဘယ်လိုမျိုးရှိနေသလဲ၊ နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘယ်လိုသဘောထားအမြင်တွေရှိနေ သလဲဆိုတာတွေက မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ အခြေခံအကြောင်းတရားတွေဖြစ်လို့နေပါ တယ်။

နိုင်ငံရေးဓလေ့ကို ပြောတဲ့အခါမှာ သမိုင်းကြောင်းဆိုင်ရာသိမှု၊ လွှမ်းမိုးမှုတွေကို မဖြစ်မနေထည့် သွင်းစဉ်းစားဖို့လိုတာကြောင့် မြန်မာ့နိုင်ငံရေးဓလေ့လို့ ပြောလိုက်ရင် မြန်မာ့သမိုင်းတစ်ခုလုံးရဲ့ လွှမ်းမိုးမှုကို ထည့်သွင်းပြောဆိုဖို့ လိုအပ်လာပါတယ်။ သမိုင်းဆိုင်ရာ ဖော်ပြချက်တွေကစလို့ ရိုးရာဓလေ့ထုံးတမ်းအယူအဆတွေ၊ စာပေတွေ၊ စကားပုံနဲ့ အရပ်သုံးစကားတွေ အထိဟာ နိုင်ငံရေးဓလေ့အပေါ်မှာ များစွာလွှမ်းမိုးနေတတ်ပါတယ်။ အဲ့ဒီအကြောင်းအရင်း အချက်အလက်တွေ ကပဲ မြန်မာ့နိုင်ငံရေးဓလေ့ကို အကောင်းဆုံးပုံဖော် ပြသနေတယ်လို့လည်း ဆိုနိုင်ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံတစ်နိုင်ငံရဲ့ ဓလေ့ကို အုပ်ချုပ်တဲ့ အစိုးရတွေရဲ့ အုပ်ချုပ်တဲ့ပုံစံ၊ အမူအကျင့်နဲ့ လုပ်ဆောင်မှုတွေက ဖော်ပြနေပြန်ပါတယ်။ ဆိုရရင် နိုင်ငံရေးဓလေ့ဟာ အစိုးရတွေရဲ့ အုပ်ချုပ်မှုပုံစံကို အစဉ်အဆက် လွှမ်းမိုးမှုရှိနေသလိုပဲ တစ်ဖက်မှာလည်း အစိုးရတွေဟာ နိုင်ငံရေးဓလေ့တွေကို ကောင်းကောင်းအသုံးချလေ့ရှိကြပါတယ်။ 

မြန်မာ့နိုင်ငံရေးဓလေ့ကို ကြည့်မယ်ဆိုရင် သမိုင်းတစ်လျှောက်ရှိခဲ့တဲ့ အစဉ်အလာယုံကြည်မှု၊ နိုင်ငံရေးအစဉ်အလာတွေတင်မကဘဲ ဓလေ့ထုံးတမ်းပုံပြင်တွေ၊ ဆိုရိုးစကားတွေ၊ ဘာသာရေးအဆုံးအမတွေ၊ ဘာသာရေးအဆုံးအမတွေ၊ ထုံးတမ်းအစဉ်အလာအယူအဆတွေကို ကြည့်ပြီး မြန်မာ့နိုင်ငံရေးဓလေ့ တစ်နည်းအားဖြင့် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စိတ်နေစိတ်ထား၊ သဘောထားအမြင်တွေကို တွေ့ရနိုင်တယ်။ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ နိုင်ငံရေးယုံကြည်ချက်၊ ရိုးရာအစဉ်အလာဓလေ့ထုံးတမ်းတွေနဲ့ စဉ်းစားတွေးခေါ် ပုံတွေဟာ ဒီကနေ့ ဒီအချိန်ထိ ဆက်လက်ရှင်သန်တည်ရှိနေတုန်းပါပဲ။ သေဆုံးသွားပြီဖြစ်တဲ့ မျိုးဆက်တွေရဲ့ထားရစ်ခဲ့တဲ့ ရိုးရာအစဉ်အလာတွေဟာ အသက်ရှင်နေသူတွေရဲ့ စိတ်သဘာဝကို လွှမ်းမိုးထားတယ် လို့ ကားလ်မက်စ်က ဆိုခဲ့ဖူးပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို လေ့လာတဲ့အခါမှာ နိုင်ငံရေးဓလေ့ကိုလည်း လေ့လာဖို့ လိုအပ်တယ်လို့ ဆိုကြတာပါ။

နိုင်ငံရေးသိပ္ပံပညာရှင် နှစ်ဦးဖြစ်တဲ့ Gabriel Almondd နဲ့ Sydney Verba တို့နှစ်ဦးကတော့ ၁၉၆၃ ခုနှစ်မှာ နိုင်ငံပေါင်း ၅ နိုင်ငံခုရဲ့ နိုင်ငံရေးဓလေ့တွေကို လေ့လာပြီး အကြမ်းဖျဉ်းအားဖြင့် အခြေခံနိုင်ငံရေးဓလေ့ ၃ မျိုးရှိတယ်လို့ ထုတ်ဖော်ခဲ့တယ်။ အဲ့ဒီ နိုင်ငံရေးဓလေ့တွေက

-Parochial political culture- လှုပ်ရှားတက်ကြွမှုမရှိဘဲ နိုင်ငံသားတွေပါဝင်မှုမရှိတဲ့ နိုင်ငံရေးဓလေ့ 

-Participant political- တက်ကြွလှုပ်ရှားပါဝင်တဲ့ နိုင်ငံရေးဓလေ့ 

-Subject political culture- နာခံနိုင်ငံရေးဓလေ့ ရယ်လို့ ဆိုတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် သမိုင်းကြောင်းတစ်ခုလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် 

အာဏာရှင်ဓလေ့ကိုသာ အားပေးခဲ့တာ အာဏာရှင်ဓလေ့အပေါ်မှာသာ အခြေတည်ထားတာကို တွေ့ရနိုင်တယ်။ အာဏာရှင်စနစ်မှာ အမိန့်ပေးသူနဲ့ အမိန့်နာခံသူ၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစား သီးသန့်ရယ်လို့သာ ရှိတဲ့အတွက် နိုင်ငံရေးမှာ ပြည်သူလူထုရဲ့ ပါဝင်မှုဟာ အရှင်းမရှိခဲ့ပါဘူး။ ဒီကနေ့ ဒီအချိန်ထိ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစလို့ နှစ်ပေါင်းခြောက်ဆယ်ကျော်လုံးလုံး အတွင်းမှာ အုပ်ချုပ်သူတွေကို ရွေးကောက်ပွဲကနေ ရွေးချယ်ပေးနိုင်တဲ့ အကြိမ်အရေအတွက်ဟာ အတော့်ကို နည်းပါးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပြည်သူလူထုက မဲပေးတဲ့နည်းနဲ့ ပါဝင်ခွင့်ရခဲ့တဲ့ အခြေအနေမှာတောင် လူထုဆန္ဒအတိုင်းမအောင်မြင်ခဲ့တာ၊ လူထုရဲ့ကိုယ်စားပြုမှုကို အပြည့်အဝမရှိနိုင်တာဆိုတဲ့ အခြေအနေတွေမှာ ရှိခဲ့ဖူးသလို ရှိနေဆဲလို့ ဆိုရမှာပါ။

မြန်မာ့နိုင်ငံရေးဓလေ့ကို လေ့လာတဲ့အခါမှာ ကိုလိုနီခေတ်မတိုင်မီ ပဒေသရာဇ်ဘုရင်ခေတ်ကို တစ်ပိုင်းလေ့လာရမှာဖြစ်ပြီး၊ လွတ်လပ်ရေးရပြီးစခေတ်၊ တစ်ပါတီအာဏာရှင်ခေတ်၊ စစ်အစိုးရ အုပ်ချုပ်တဲ့ခေတ်နဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲအပြီးနောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုရယ်လို့ ပိုင်းခြားပြီး လေ့လာရမှာ ဖြစ်တယ်။ အဲဒီခေတ်တွေ အချိန်ကာလတွေကို လေ့လာတဲ့အခါမှာလည်း ခေတ်တွေပြောင်းပြီး အုပ်ချုပ်သူတွေ ပြောင်းသွားပေမယ့် ယုံကြည်ချက်နဲ့ အမူအကျင့်တွေ စဉ်းစားပုံ တွေကတော့ မပြောင်းလဲဘဲရှိနေတာကို တွေရမှာဖြစ်တယ်။ အဲ့ဒီခေတ်တွေတိုင်းမှာ တူညီတဲ့ပုံစံ အမူအကျင့်နဲ့ နိုင်ငံရေးဓလေ့တွေကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာဖြစ်တယ်။

    မြန်မာ့နိုင်ငံရေးဓလေ့ထဲမှာ ထင်ထင်ရှားရှားတွေ့ရနိုင်တဲ့ အမူအကျင့်တွေနဲ့ အစဉ်အလာ တွေကို ကြည့်မယ်ဆိုရင် -

-    (၁)    နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ လူထုပါဝင်နိုင်ခွင့်နည်းပါးခြင်းနှင့် လူထုပါဝင်မှု အားနည်းခြင်း၊

-    (၂)    လူမှုဆက်ဆံရေးနယ်ပယ်အထိ အာဏာရှင်ဝါဒ လွှမ်းမိုးနေခြင်း၊

-    (၃)    အုပ်ချုပ်ရေးနဲ့ ဘာသာရေး အပြန်အလှန် လွှမ်းမိုးမှုရှိခြင်း၊

-    (၄)    ဂိုဏ်းကဏကွဲပြားခြင်း၊

-    (၅)    သူရဲကောင်းကိုးကွယ်မှုလွန်ကဲခြင်းနဲ့ လူနဲ့မူ မကွဲခြင်း၊

-    (၆)    ဘာသာရေးအခြေပြု အမျိုးသားရေးဝါဒ လွှမ်းမိုးခြင်း၊

ဆိုတဲ့ ၆ ချက်ကို တွေ့ရနိုင်တယ်။ ဖော်ပြပါအချက် ၅ ချက်စလုံးဟာ ခေတ်တိုင်းလိုလိုမှာ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေအပေါ် လွှမ်းမိုးထားတာကို တွေ့ရနိုင် တယ်။ ဒီဆောင်းပါးမှာတော့ ခေတ်အဆက်ဆက်မှာ လွှမ်းမိုးခဲ့တဲ့ အဲဒီအချက်တစ်ချက်ချင်းစီ ကို အခြေခံပြီး ဆွေးနွေးသွားမှာဖြစ်တယ်။

၁။ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ လူထုပါဝင်နိုင်ခွင့်နည်းပါးခြင်းနှင့် လူထုပါဝင်မှုအားနည်းခြင်း

    မြန်မာ့သမိုင်းကြောင်းတစ်ခုလုံးကို နိုင်ငံရေးမှာ လူထုရဲ့ ပါဝင်ပတ်သက်ခွင့်ဆိုတာကလည်း မရှိသလောက်နည်းပါးခဲ့တယ်။ ဒါကလည်း အစဉ်အဆက် သက်ဦးဆံပိုင်ဘုရင်စနစ်က စလို့ လွှမ်းမိုးခဲ့တဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေအပေါ်မှာ အခြေခံခဲ့တယ်လို့ ဆိုလို့ရနိုင်တယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်မှာ အုပ်ချုပ်မှုပုံစံဟာ ဘုရင်ကို ဗဟိုပြုပြီး လည်ပတ်နေတာ ဖြစ်နေတဲ့အတွက် အုပ်ချုပ်သူလူတန်းစားနဲ့ အုပ်ချုပ်ခံ လူတန်းစားဟာ အင်မတန်မှ ဝေးကွာတဲ့ အနေအထားမှာရှိပါတယ်။ ရိုးရာယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းတွေ လွှမ်းခြုံထားတဲ့ ဘာသာရေးအယူအဆတွေအရလည်း အုပ်ချုပ်သူဘုရင်တွေဟာ ကြီးကျယ်မြင့်မြတ်သူတွေ၊ မျိုးနွယ် မြင့်မားသူတွေ အုပ်ချုပ်ခွင့်ရသူတွေလို့ဆိုတဲ့ အတွေးအခေါ်တွေဖြစ်စေပြီး အုပ်ချုပ်သူဘုရင်တွေကို အဆုံးစွန်သော အာဏာရရှိစေတာ အုပ်ချုပ်သူတွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ပြည်သူလူထုက မေးခွန်းထုတ်ခွင့်မရှိစေတာဆိုတဲ့ အခြေအနေတွေကို ဖြစ်စေခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးအားလုံးမှာ ဘုရင်က အမြင့်ဆုံးအာဏာပိုင်ပါပဲ။ အုပ်ချုပ်ရေးဆိုင်ရာမှာ မှီငြမ်းရတဲ့ဓမ္မသတ်ကျမ်းတွေရှိတယ်လို့ ဆိုပေမယ့်လည်း ဆုံးဖြတ်ခွင့် အာဏာအားလုံးဟာ ဘုရင့်ထံမှာပဲရှိနေပြီး မင်းမှုထမ်းတွေကစလို့ ပြည်သူလူထုတွေအထိ အားလုံးကလည်း အဲ့ဒီအတိုင်းပဲ ယုံကြည်ထားကြပါတယ်။

နောက်တစ်ချက်ကတော့ အကြောက်တရားဖြစ်ပါတယ်။ မင်းတွေရဲ့ အဆုံးစွန်သော အာဏာကို တည်ဆောက်ထားတဲ့နေရာမှာ အကြောက်တရားက အရေးပါဆုံးသော ဒေါက်တိုင်ကြီးတစ်ခုသဖွယ် ဖြစ်လို့နေတယ်။ မင်းတို့မျက်စောင်းအကြောင်းမရွေး ဆိုတဲ့ စကားတွေကိုကြည့်ပြီးတော့လည်း ဘုရင်တွေဟာ တိုင်းသူပြည်သားတွေအတွက် အချိန်မရွေး အသက်အိုးစည်းစိမ်ပျက်စီးသွားအောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသနေတယ်။ ‌ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေကလည်း အကြောက်တရားကို အသုံးချပြီး အာဏာတည်မြဲရေးကို လုပ်ဆောင်ခဲ့သလို လူထုကို အကြောက်တရားသွတ်သွင်းပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေနဲ့ ဝေးဝေးမှာ ရှိနေအောင်၊ တစ်နည်းအားဖြင့် ပြန်လည်စောဒက မတတ်နိုင်လုပ်ဆောင်ခဲ့တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအပေါ် မြန်မာတွေရဲ့ သဘောထားတွေကို စကားပုံတွေ ဆိုးရိုး စကားတွေမှာလည်း အထင်အရှားတွေ့ရနိုင်တယ်။ တိမ်တောင်သဖွယ် မင်းရေးကျယ်၊ နိုင်ငံ့အရေးပေါက်နှင့်ကျေး စတဲ့ စကားပုံတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးနဲ့ ဝေးဝေး နေရမယ့်၊ နိုင်ငံရေးဟာ အုပ်ချုပ်သူတွေနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အယူအဆတွေကို ကိုင်ဆွဲ ထားတယ်ဆိုတာကို တွေ့ရနိုင်တယ်။ အဲ့ဒါအပြင် အကြောက်တရားတွေနဲ့ ပတ်သက်ပြီးတော့ လည်း ရန်သူမျိုးငါးပါးထဲမှာ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ ရယ်လို့ အုပ်ချုပ်သူ မင်းကို ထည့်ထားတာကို ကြည့်ခြင်းအားဖြင့် အုပ်ချုပ်သူတွေဟာ ပြည်သူလူထုတစ်ဦးချင်းစီကို စိတ်တိုင်းပြုမူနိုင်တဲ့ အခွင့်အာဏာရှိတယ်ဆိုတဲ့ အကြောက်တရားတွေကို တွေ့မြင်ရနိုင်တယ်။

မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးအတွေးအမြင်တွေမှာ အုပ်ချုပ်သူဘုရင်နဲ့ ဆွေမျိုးတွေ၊ မင်းမှုထမ်းတွေဟာ သာမန်ပြည်သူတွေကို ခွဲခြားသတ်မှတ်ထားတဲ့ ရှုမြင်မှုမျိုးတွေလည်း ရှိကြတယ်။ လူတန်းစားအားဖြင့် မတူညီဘူးဆိုတဲ့ အယူအဆမျိုး ယုံကြည်ချက်မျိုးရှိနေကြတယ်။ သမိုင်းဆိုင်ရာ ဖော်ပြချက်တွေထဲမှာ အုပ်ချုပ်သူဘုရင်နဲ့ ဆွေမျိုးတွေ၊ မင်းမှုထမ်းတွေရဲ့ ဝတ်စားဆင်ယင်မှုဟာ သာမန်အရပ်သားတွေနဲ့ ခွဲခြားတာမျိုးကိုလည်း အထင်အရှားတွေ့ရမှာဖြစ်တယ်။ တစ်ဖက်မှာလည်း အုပ်ချုပ်သူ ရှင်ဘုရင်တွေနဲ့ ပတ်သက်လာရင် တန်ခိုးသြဇာကြီးမြင့်ပုံတွေကို ဘုန်းတန်ခိုးကြီးမြင့်တဲ့ပုံစံနဲ့ ဘာသာရေး အဆုံးအမတွေ၊ ပညာရေးသင်ရိုးညွှန်းတမ်းတွေမှာ ပုံဖော်ထားတာကြောင့် တိုင်းပြည်ကို အုပ်စိုးခွင့်ဆိုတာဟာ အုပ်ချုပ်သူလူတန်းစားတစ်ရပ်ရဲ့ ပင်ကိုယ်အခွင့်အရေးတစ်ရပ်လို့ လက်ခံထားကြပြီး နိုင်ငံသားတွေဟာ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ တရားမျှတခြင်း၊ မတရားခြင်းတို့ကို စဉ်းစားတာ ပြန်လည်မေးခွန်းထုတ်တာမျိုး မရှိတော့တာမျိုးကို ဖြစ်စေခဲ့တယ်။ သမိုင်းတွေထဲမှာလည်း အုပ်ချုပ်သူ ဘုရင်တွေရဲ့ အခန်းကဏ္ဍကိုသာ ကြီးကျယ်မြင့်မြတ်အောင်ဖော်ပြထားပြီး နိုင်ငံသားတွေအခန်းကဏ္ဍဟာ မရှိသလောက် နည်းပါးခဲ့တယ်။

သက်ဦးစံပိုင်ဘုရင်စနစ်မှာ ဘုရင်တွေဟာ အကြွင်းမဲ့အာဏာကို ရရှိထားတဲ့အတွက် နိုင်ငံသားတွေရဲ့ အသက်အိုးစည်းစိမ်တွေအားလုံး ဘုရင်အပေါ်မှာပဲ တည်ရှိနေပါတယ်။ ဒါဟာ အာဏာရှင်စနစ်ရဲ့ ဆိုးရွားတဲ့ ဓလေ့တစ်ခုလို့ဆိုပေမယ့် ဒီကနေ့ ဒီအချိန်ထိ သမိုင်းကို ပြန်လည်ဖော်ပြတဲ့အခါမှာ သင်ခန်းစာယူစရာအဖြစ် ဖော်ပြတာမျိုးမဟုတ်ဘဲ ရှင်ဘုရင်တွေ ဟာ ဘုန်းတန်ခိုးကြီးမြတ်သူတွေဆိုတဲ့ ပုံစံမျိုးဖြစ်အောင်ဖော်ပြပြီး ဝါဒဖြန့်လေ့ရှိတယ်။ ဒါဟာ တစ်နည်းအားဖြင့်တော့ လူ့အဖွဲ့အစည်းရဲ့ အတွင်းစိတ်မှာ အာဏာရှင်တွေရဲ့ လွှမ်းမိုးမှုကို ခံထားရစေနိုင်တဲ့အကြောင်းအရင်းတစ်ခုလည်းဖြစ်တယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့ရခြင်းအကြောင်းအရင်းတွေထဲမှာ သမိုင်းနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာတွေရဲ့ လွှမ်းမိုးမှုနဲ့ လူထုဟာ နိုင်ငံရေးနဲ့ ဝေးဝေးနေရမယ်ဆိုတဲ့ အယူအဆတွေ ပါဝင်တဲ့ နိုင်ငံရေး ဓလေ့ဖြစ်တည်လာခဲ့တာပဲဖြစ်တယ်။ ၁၉ ရာစုနှောင်းပိုင်းလောက်ကစတင်ပြီး ဗမာနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ်ထွန်းကားလာခဲ့ပြီး အင်္ဂလိပ်ကို စစ်ရှုံးပြီးနောက်ပိုင်းမှာ သက်ဦးဆံပိုင်ဘုရင်စနစ် ကွယ်ပျောက်သွားရတဲ့ အကြောင်းအရင်းဟာ နိုင်ငံရေးစနစ်ကို ပြောင်းလဲရမယ် ဆိုတဲ့ အတွေးအခေါ်အယူအဆတွေကြောင့်မဟုတ်ဘဲ နယ်ချဲ့ခံရပြီး အုပ်ချုပ်ရေးစနစ် တစ်ခုကို ပြောင်းလဲလိုက်ရတာသာဖြစ်တယ်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတာကို စနစ်တကျဗျူရိုကရေစီယန္တရားနဲ့ လုပ်ထုံးလုပ်နည်းဥပဒေနဲ့ လုပ်ဆောင်တဲ့ ပုံသဏ္ဍာန်ကလည်း အင်္ဂလိပ်အုပ်ချုပ်တဲ့ စနစ်မှာသာ စတင်လာခဲ့တယ်လို့ ဆိုနိုင်တယ်။ အင်္ဂလိပ်လက်အောက်မှာ နှစ်ပေါင်းတစ်ရာလောက်ကြာအောင် ရှိခဲ့တယ်ဆိုတာ ကို ကြည့်ခြင်းအားဖြင့် လူထုဟာ နိုင်ငံရေးနဲ့ ဝေးဝေးနေရမယ်ဆိုတဲ့ အယူအဆတွေကို တွေ့မြင်နိုင်တယ်။

လွတ်လပ်ရပြီးအနောက်ပိုင်းမှာ လူထုရဲ့ နိုင်ငံရေးစိတ်ဓာတ်ကြွမှုဟာ လွတ်လပ်ရေး ဆိုတာနဲ့အတူ တည်ရှိလာခဲ့ပေမယ့် ကြာရှည်စွာခိုင်မြဲတဲ့ ဓလေ့တစ်ခုမဟုတ်တာကြောင့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူထုဟာ နိုင်ငံရေးမှာ ပါဝင်မှုအားနည်းခဲ့တယ်။ လူထုဟာ နိုင်ငံရေးကိစ္စရပ်တွေမှာ ဝေးဝေးနေစေဖို့ အာဏာရှင်အစိုးရတွေက ဝါဒဖြန့်တာတွေ၊ ဖိနှိပ်တာတွေ လုပ်ဆောင်ခဲ့သလိုပဲ တစ်ဖက်မှာလည်း မိသားစုစားဝတ်နေရေး ရပ်တည်ရှင်သန်ရေး အခက်အခဲတွေကလည်း နိုင်ငံရေးနဲ့ ဝေးဝေးနေအောင် တွန်းအားပေးလို့ နေပြန်တယ်။

၁၉၉၈ မှာ သမိုင်းတွင်တဲ့ လူထုလှုပ်ရှားမှု အာဏာရှင်စနစ်ကို ဆန့်ကျင်မှုဖြစ်ပေါ်ခဲ့ပေမယ့် စစ်တပ်ကသာ အာဏာကို လက်ကိုင်ထားနိုင်တဲ့ အခြေအနေကို ရရှိခဲ့တယ်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှာ လူထုတစ်ရပ်လုံးက နိုင်ငံရေးစိတ်ဝင်စားမှု မြင့်တက်လာမှုနဲ့အတူ NLD ကိုပုံအောမဲပေးပြီး တိုင်းပြည်ရဲ့ အာဏာကိုအပ်နှင်းဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီဖြစ်ရပ်ဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေး စနစ်မှာ လူထုရဲ့ပါဝင်ပတ်သက်ခွင့် ဆုံးဖြတ်ခွင့်တွေကို အာဏာရှင်တွေက ကြီးကြီးမားမားချုပ်ကိုင်ထားတယ်။ အခွင့်အရေးမပေးဘူးဆိုတာ သိသာစေတယ်။ ၉၀ ရွေးကောက်ပွဲရဲ့ရလဒ်ကို အသိအမှတ်မပြုတာ၊ မလိုက်နာတာ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းတာမျိုး အာဏာရှင်အစိုးရက လုပ်ဆောင်ခဲ့ပေမယ့် လူထုရဲ့နိုင်ငံရေးဆန့်ကျင်ခြင်း ပင်ပန်းနွမ်းနယ်မှုက အဲ့ဒီလုပ်ရပ်တွေကို အောင်မြင်စေခဲ့တယ်လို့ ဆိုနိုင်တယ်။ အဲဒီနောက်ပိုင်း စစ်အစိုးရခေတ်တစ်လျှောက်လုံးမှာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး ကဏ္ဍအသီးသီးမှာ လူထုရဲ့အဆုံး လူထုရဲ့ ဆုံးဖြတ်ခွင့်ဆိုတာ တိတ်ဆိတ်နေခဲ့တယ်။ အာဏာရှင်စစ်အစိုးရကလည်း အဲ့ဒီအခြေအနေကို အကောင်းဆုံးထိန်းချုပ်ပြီး လူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့သလို၊ အကြောက်တရားတွေရှိနေအောင် မျိုးစုံဝါဒဖြန့်ခဲ့ထားတယ်။ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ဆိုတာကို လူထုရဲ့ ဆုံးဖြတ်ပိုင်ခွင့်ဆိုတာကို လျစ်လျူရှုထားပြီး သူတို့ကိုယ်တိုင်၊ ဒါမှမဟုတ် သူတို့ရဲ့အဖွဲ့အစည်းကိုယ်တိုင်ရဲ့ မွေးရာပါအခွင့်အရေး တစ်ခုလို သဘောထားအယူအဆတွေသာ တည်ရှိခဲ့တယ်။ တစ်ဖက်မှာလည်း နိုင်ငံသားတွေ ကိုယ်တိုင် အဲ့ဒီလို ယုံကြည်လာအောင် သမိုင်းဆိုင်ရာ ဝါဒဖြန့်မှုတွေက အာဏာရှင်ဘုရင်တွေရဲ့ အခန်းကဏ္ဍကို ကြီးကျယ်မြင့်မြတ်စွာ ပုံဖော်ထားတာကို တွေ့ရနိုင်တယ်။ 

    အာဏာရှင်အစိုးရဟာ နိုင်ငံရေး အပြောင်းအလဲတစ်ခုကို ဖော်ဆောင်တဲ့ နေရာမှာလည်း လူထုရဲ့ဆန္ဒ၊ လူထုရဲ့လိုလားချက်တွေကို ထည့်သွင်းစဉ်းစားတာမျိုး လုပ်ဆောင်တာမရှိတဲ့ သဘောထားကို ယနေ့အထိ ကိုးကားတည်ရှိနေတဲ့စစ်အစိုးရရဲ့ လမ်းပြမြေပုံ ခုနှစ်ချက်ဆိုတာကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ စစ်အစိုးရဟာ သူတို့ရဲ့ အာဏာရပ်တည်ရှင်သန်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲခဲ့တယ်။ အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတဲ့အခါမှာလည်း ပြည်သူလူထုအနေနဲ့ နိုင်ငံရေး စိတ်ပါဝင်စားမှု၊ တက်ကြွမှု မရှိသလောက်အောင် ဖြစ်နေတဲ့အချိန် တစ်နိုင်ငံလုံး ဆုံးရှုံးနစ်နာမှုတွေကြောင့် ပူဆွေးသောကရောက်နေရတဲ့ ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး သိပ်မကြာတဲ့အချိန်မှာပဲ အတည်ပြုလိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေအရ ဖြစ်ပေါ်လာတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း စစ်အစိုးရကျောထောက်နောက်ခံပြုထားတဲ့ USDP ပါတီကသာ အနိုင်ရပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားနိုင်ခဲ့တယ်။ ၂၀၀၂ ခုနှစ် နောက်ပိုင်းလောက်မှာ လူထုရဲ့ နိုင်ငံရေးတက်ကြွမူ ပါဝင်မှုတွေဟာ အားကောင်းလာခဲ့တယ်လို့ ဆိုနိုင်ပေမယ့် စစ်မှန်တဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်လောက်တဲ့ အထိ အားကောင်းခဲ့တယ်လို့ မဆိုနိုင်ဘူး။ တစ်နည်းအားဖြင့် အာဏာရှင် ဖွင့်ပေးထားသလောက် ပေးထားသလောက်သာရရှိတဲ့ အတိုင်းအတာအခြေအနေသာ ဖြစ်တယ်။

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုတွေ၊ လက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် ယနေ့အချိန်အထိ အောင်မြင်မှုမရှိနိုင်သေးတာကို ကြည့်ခြင်းအားဖြင့် သိသာစေနိုင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ လူထုက တက်တက်ကြွကြွရွေးကောက်ပွဲမှာ မဲပေးခြင်းဖြင့် နိုင်ငံရေးမှာ ပါဝင်လာခဲ့တယ်လို့ ဆိုနိုင်တယ်။ လူထုရဲ့ တစ်ခဲနက် ထောက်ခံမှုကြောင့် NLD ပါတီအစိုးရဖွဲ့နိုင်ပြီး ဥပဒေပြုရေး လွှတ်တော်မှာလည်း အများစုနေရာရရှိခဲ့တယ်။ သို့သော်လည်းပဲ လွှတ်တော်မှာ တပ်မတော်က ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်နေရာရယူထားတာ၊ အုပ်ချုပ်ရေး အခန်းကဏ္ဍမှာ ဒုသမ္မတတစ်နေရာ၊ အုပ်ချုပ်ရေးကဏ္ဍမှာ အရေးပါတဲ့ ပြည်ထဲရေးလိုဝန်ကြီး ဌာနကို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ခွင့်ရရှိထားတာ၊ ကာလုံမှာ နေရာအများစု ရထားတာတွေဟာ ယနေ့အထိ ခိုင်ခိုင်မာမာ တည်ရှိနေဆဲဖြစ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကာလတွေမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုတွေ၊ နိုင်ငံအုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေမှာ တပ်မတော် ပါဝင်နေတာတွေကို ထောက်ပြဝေဖန်တဲ့ လှုပ်ရှားမှုတွေ၊ ဒီမိုကရေစီနဲ့ မညီညွတ်တဲ့ ဥပဒေတွေ ပြင်ဆင်ဖို့ တောင်းဆိုတာတွေ အားကောင်းကောင်း ရှိခဲ့ပေမယ့် NLD အစိုးရတက်လာပြီးနောက်မှာတော့ လူထုရဲ့ နိုင်ငံရေးအယူအဆမှာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ စိတ်ကြိုက်မဲပေးရွေးချယ်ပေးခဲ့ ပြီးပြီ။ ကျန်တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ မတရားတဲ့ ဥပဒေတွေ ပြင်ဆင်ရေး လုပ်ဆောင်မှုတွေကို မဲပေး ရွေးချယ်ပေးလိုက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ဆက်လုပ်လိမ့်မယ်ဆိုတဲ့ အယူအဆက စဉ်ဆက်မပြတ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ ပါဝင်ဖို့ တောင်းဆိုဖို့ဆိုတဲ့ အယူအဆကို ဖုံးလွှမ်းသွားစေတယ်။ ဒါဟာ အဓိကအားဖြင့် လူထုရဲ့ နိုင်ငံရေးစိတ်ပါဝင်စားမှုဓလေ့ကို ကောင်းကောင်းဖော်ညွှန်းနေတာလို့တောင် ဆိုနိုင်ပါတယ်။ 

၂။  လူမှုဆက်ဆံရေးနယ်ပယ်အထိ အာဏာရှင်ဝါဒလွှမ်းမိုးနေခြင်း 

မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူမှုဆက်ဆံရေး ပုံစံမှာ အာဏာရှင်ဓလေ့တွေ လွှမ်းမိုးထားတဲ့ အခြေအနေလည်း ရှိလို့နေတယ်။ မိသားစုအတွင်းဆက်ဆံရေးကစလို့ လူမှုပတ်ဝန်းကျင် ဆက်ဆံရေး၊ လုပ်ငန်းခွင် ဆက်ဆံရေးတွေမှာ ကိုယ်ကျင့်တရားနဲ့ အမှန်တရားဆိုတဲ့ စံနှုန်းထက် အသက်ကြီးတာ အုပ်ချုပ်သူဖြစ်တာ အထက်အောက်ကွာခြားတာ စတဲ့ အခြေအနေပေါ်လိုက်ပြီး အသားပေးထားတဲ့ စံနှုန်းတွေဖြစ်နေတယ်။ ဆိုလိုချင်တာကတော့ အထက်နဲ့အောက်၊ မိဘနဲ့သားသမီး၊ ယောက်ျားနဲ့မိန်းမ၊ ဆရာနဲ့တပည့်၊ အသက်ကြီးသူနဲ့ အသက်ငယ်သူ စတဲ့ ဆက်ဆံရေးနယ်ပယ်တွေမျိုးမှာ ကိုယ်ကျင့်တရား၊ အမှန်တရား ဆိုတဲ့ စံနှုန်းတွေထက် အသက်ပိုကြီးသူ၊ အဆင့်မြင့်သူ ဆရာဖြစ်သူတွေဟာ အသာစီးယူထားပြီး အမှန်တရားဆိုတာ သူတို့ရဲ့ စိတ်ဆန္ဒနဲ့ ဆုံးဖြတ်ခွင့်အပေါ်မှာပဲ မှီတည်ထားတယ်။ 

မိဘ၊ ဒါမှမဟုတ် ဆရာ ဒါမှမဟုတ် အထက်လူကြီးဆိုသူများကလည်း ကိုယ့်သားသမီး၊ ကိုယ့်တပည့် ကိုယ်လက်အောက်ငယ်သားတွေရဲ့ အခွင့်အရေးတွေနဲ့ ဂုဏ်သိက္ခာဆိုတာကို စေတနာဆိုတဲ့ စကားလုံးနဲ့သော်လည်းကောင်း၊ ဆိုဆုံးမတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့သော်လည်းကောင်း အကြောင်းပြချက်မျိုးစုံနဲ့ ချိုးဖောက်ခွင့်ရှိထားတဲ့ အစဉ်အလာတွေ လွှမ်းမိုးလို့ထားတယ်။ တစ်ဖက်မှာလည်း သားသမီးတွေ၊ တပည့်တွေ၊ အောက်လက်ငယ်သားတွေဟာ မှန်ခြင်း၊ မှားခြင်းကို ကိုယ်ပိုင်ဆုံးဖြတ်ဖို့ဆိုတာထက် နာခံမှုတွေပြည့်နက်နေတဲ့ ဓလေ့တွေနဲ့သာ နေထိုင်သွားရတယ်။ အဲ့ဒီအောက်လက်ငယ်သားတွေ၊ သားသမီးတွေ၊ တပည့်တွေကလည်း နောင်တစ်ချိန် ဆရာဖြစ်လာတဲ့အခါ မိဘဖြစ်လာတဲ့အခါ အထက်လူကြီးဖြစ်လာတဲ့အခါ တွေမှာ အဲ့ဒီအစဉ်အလာတွေကို ဆက်လက်ကျင့်သုံးပြီး နောင်မျိုးဆက်တွေကို နာခံမှုဓလေ့ လက်ဆင့်ကမ်းသွားကြတယ်။ ဒါဟာ တစ်နည်းအားဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ အာဏာရှင်ဓလေ့တွေ အမြစ်တွယ်ခိုင်မာစေတဲ့ အစဉ်အလာတစ်ခုလို ဖြစ်နေစေတာပါပဲ။ ကလေးငယ်တစ်ယောက်၊ လူငယ်တစ်ယောက်ရဲ့ တန်ဖိုးကို ပိုင်းဖြတ်တဲ့အခါမှာလည်း မြန်မာ့ လူ့အဖွဲ့အစည်းကို လွှမ်းမိုးထားတာက နာခံမှုဓလေ့တွေသာလျှင် ဖြစ်လို့နေတယ်။

ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေမှာလည်း အဲ့ဒီလိုဓလေ့ထုံးတမ်းတွေက သိုင်းဝိုင်း ဝန်းရံထားတာကို တွေ့ရနိုင်တယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ လူတွေရဲ့ ပြုမှု စဉ်းစား ပုံတွေဟာ ပုံဏ္ဍာန်တွေအားဖြင့် များစွာရှိနေပေမယ့်လည်း အချုပ်အားဖြင့် ပုံစံနှစ်မျိုးကိုသာ တွေ့ရနိုင်တယ်။ တစ်မျိုးက အုပ်ချုပ်ရတာ/ ဖိနှိပ်ရတာကို နှစ်ခြိုက်နေတဲ့ ပုံစံဖြစ်ပြီး နောက်တစ်မျိုးကတော့ နာခံနေရတာကို နှစ်ခြိုက်နေတဲ့ပုံစံဖြစ်တယ်။ နာခံမှုကို ဆန့်ကျင်လာတဲ့ သူတွေကိုလည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေက ဖိအားတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်ကို တွန်းပို့လေ့ရှိတတ်တယ်။

၃။ အုပ်ချုပ်ရေးနဲ့ ဘာသာရေး အပြန်အလှန်လွှမ်းမိုးမှုရှိခြင်း

မြန်မာပြည်ရဲ့ နိုင်ငံရေး အုပ်ချုပ်ရေးအခန်းကဏ္ဍတွေမှာ သက်ဦးဆံပိုင်ဘုရင်စနစ်က စလို့ ယနေ့အချိန်ထိ ဘာသာရေးရဲ့ လွှမ်းမိုးမှုတွေဟာ ကြီးကြီးမားမားရှိလို့နေတယ်။ ဒါကလည်း မြန်မာ့နိုင်ငံရေး ဓလေ့တစ်ခုသဖွယ်လို့ ယဉ်ကျေးမှုတစ်ရပ်သဖွယ်ကို ခိုင်ခိုင်မာမာတည်ရှိနေတယ်။ ရှေ့ဗမာဘုရင်တွေ လက်ထပ်တွေကတည်းက မင်းကောင်းမင်းမြတ်လို့ သတ်မှတ်ပေးတဲ့ အဓိက အကြောင်းအရင်း အချက်လက်တွေထဲမှာ ဘာသာရေးက ကြီးကြီးမားမားလွှမ်းမိုးထားတာကို တွေ့ရ နိုင်တယ်။ ဆိုရရင် ဘုရားတည်၊ ကျောင်းဆောက်လုပ်ဆောင်တဲ့ ဘုရင်များဟာ မင်းကောင်းမင်းမြတ် ရယ်လို့ သတ်မှတ်လေ့ရှိကြတယ်။ တိုင်းသူပြည်သားတွေအပေါ် တရားမျှတစွာအုပ်ချုပ်ခြင်း ဥပဒေနဲ့ အညီ အုပ်ချုပ်ခြင်းဆိုတာတွေထက် ဘုရားဘယ်လောက်တည်တယ်ဆိုတာနဲ့ သမိုင်းကို ပုံဖော်တတ်ကြတယ်။ သာသနာပြုမင်းရယ်လို့ အမည်ပေးကြတဲ့အထိ အခြေအနေကို အထင်အရှား တွေ့ရနိုင်တယ်။ 

မြန်မာနိုင်ငံရဲ့ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဆက်နွယ်မှုကို ကြည့်လိုက်မယ်ဆိုရင်လည်း အာဏာရှင်စနစ်ကိုသာ ကျားကန်ပေးထားတဲ့ စနစ်ပုံစံကိုသာ တွေ့ရမှာဖြစ်တယ်။ ဓလေ့ထုံးတမ်း အစဉ်အလာအရ ဖြစ်ပေါ်လာတဲ့ အယူအဆတွေလား၊ ဘာသာရေးအဆုံးအမလား မကွဲပြားတဲ့ ဆိုရိုးစကားအဆုံးအမတွေမှာလည်း အုပ်ချုပ်သူတွေကို အသာစီးပေးထားတဲ့ အခြေအနေ ဆင့်ကဲ အာဏာရှင်စနစ်ကို မွေးမြူပေးထားတဲ့ အခြေအနေတွေရှိလို့နေပြန်တယ်။ ဥပမာအားဖြင့် မိဘ၊ ဆရာ၊ သံဃာကို ဘုရားနဲ့ တစ်ကိုင်းတည်း ကိုးကွယ်ရမယ်ဆိုတာမျိုး အမှန်တရားနဲ့ ကိုယ်ကျင့်တရားကို ထည့်သွင်းစဉ်းစားချက် အဖြစ်ပေးမထားတဲ့ အဆုံးအမမျိုးဟာ ဘာသာရေးလား၊ ဓလေ့ထုံးတမ်း အယူအဆလား ရောထွေးလို့နေတယ်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးမှာ ဘာသာရေးကို အသုံးချတာ ဘာသာရေးအဖွဲ့အစည်းတွေက နိုင်ငံရေးမှာ ဝင်ရောက်စိုးမိုးလိုတာတွေကို ယနေ့အချိန်အထိ အစဉ် အဆက်တွေ့ရနိုင်တယ်။ ရှေးဘုရင်တွေ လက်ထက်ကဆိုရင်လည်း ဘုရင်တွေဟာ တိုင်းပြည်ကို ဘယ်လောက်အထိ တရားမျှတစွာ အုပ်ချုပ်တယ်။ ဥပဒေနဲ့အညီ အုပ်ချုပ်တယ်ဆိုတာကို မသိနိုင်ပေမယ့် သမိုင်းမှာ ဘုရင်ကောင်းအဖြစ် ကျန်ရစ်ဖို့ ဘုရားတည်ကျောင်းဆောက် ကျောက်စာ ရေးထိုးပြီး သမိုင်းကိုပုံဖော်ကြတယ်။ အင်္ဂလိပ်လက်အောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားတဲ့အခါမှာလည်း ဘာသာရေး၊ အမျိုးသားရေးဆိုတဲ့ စကားလုံးတွေနဲ့ လူထုကို လှုံ့ဆော်ပြီး တွန်းအားပေးခြင်းအားဖြင့် လွတ်လပ်ရေးလှုပ်ရှားမှု ကို ပိုမိုအားကောင်းလာစေခဲ့တာကို တွေ့ရနိုင်တယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ ဦးနုအစိုးရက မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ကြေညာဖို့ ကြိုးစားခဲ့သေးတာကိုလည်း အထင်အရှားတွေ့ရမယ်။ တိုင်းပြည်ကို အုပ်ချုပ်သူတွေဟာ လူများစုကိုးကွယ်တဲ့ ဘာသာရေးကို အလေးပေးထားတာ အခွင့်အရေးပေးထားတာဆိုတဲ့ ပုံဏ္ဍာန်နဲ့ တိုင်းပြည်ကို ချုပ်ကိုင်ထားဖို့ ကြိုးစားတဲ့ ပုံစံဟာ ဒီကနေ့အထိ တည်ရှိနေတယ်။

စစ်အစိုးရခေတ်တစ်လျှောက်လုံမှာလည်း အုပ်ချုပ်ရေးအရ ဘယ်လောက်ပဲ ဖိနှိပ်မှုတွေ မတရားမှုတွေလုပ်ဆောင်ထားပါစေ တစ်ဖက်မှာ လူများစုဖြစ်တဲ့ ဘာသာရေးကို အသုံးချပြီး သူတို့ရဲ့ ပုံရိပ်ကိုကောင်းအောင် ကြိုးစားတတ်ကြတယ်။ တစ်ဖက်မှာ ဖိနှိပ်မှုတွေ မတရားမှုတွေ လုပ်သလိုပဲ တစ်ဖက်မှာ ဘုရားတည် ကျောင်းဆောက်တာ ဘာသာရေးအခမ်းအနားတွေ အလှအတန်းတွေ ပြုလုပ်ပြတာ၊ သြဇာကြီးတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဆရာဒကာဆက်ဆံရေး တည်ဆောက်ထားတဲ့ စတဲ့ အခြေအနေတွေကို တွေ့ရနိုင်တယ်။ စစ်အစိုးရခေတ်က အစိုးရပိုင်သတင်းစာတွေ ရုပ်မြင်သံကြားတွေမှာဆိုရင် စစ်ခေါင်းဆောင်တွေရဲ့ ဘာသာရေးအလှူအတန်းတွေ၊ ဘာသာရေး အခမ်းအနားတက်ရောက်ပုံတွေက မရိုးနိုင်အောင် တွေ့မြင်နေရတဲ့ မြင်ကွင်းတွေအဖြစ် ရှိခဲ့တယ်။ ၂၀၁၂ နောက်ပိုင်းလောက်မှာ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခတွေဖြစ်ပွားပြီး နောက်ပိုင်းမှာဆိုရင်လည်း ဘာသာရေးကို အသုံးချတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လုပ်ဆောင်မှုတွေ သိသိသာသာ အားကောင်းလာခဲ့သလိုပဲ ဘာသာရေး အမျိုးသားရေး အမည်ခံထားတဲ့ အဖွဲ့အစည်းတွေဟာ အုပ်ချုပ်ရေးအခန်းကဏ္ဍတွေမှာ လွှမ်းမိုးဖို့ လုပ်ဆောင်လာတာ၊ ရွေးကောက်ပွဲတွေကို လွှမ်းမိုးကြိုးစားလာတာ စတဲ့ အခြေအနေပြန်ပြီး ဖြစ်ပေါ်လာခဲ့တယ်။ 

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်သူတွေကလည်း နိုင်ငံအတွင်းမှာရှိတဲ့ မည်သည့်ကိုးကွယ်ယုံကြည်မှုမဆို အယူဝါဒမဆို ဥပဒေရဲ့ အောက်မှာ တန်းတူညီမျှရှိရေးဆိုတဲ့ ရပ်တည်ချက်အပေါ်မှာ ရပ်တည်နေတာမျိုး မဟုတ်ဘဲ လူများစုကိုးကွယ်တဲ့ ဘာသာတရားအပေါ်မှာ တခြားဘာသာတရားတွေထက် အခွင့်အရေးတွေ ပိုမိုပေးထားတာကို တွေ့ရနိုင်တယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနယ်မြေထဲမှာ ဘုရားစေတီဝင်တည်တာမျိုး၊ နိုင်ငံသားတစ်ယောက် ရိုးရိုးသားသားဈေးရောင်းတာကို မျိုးချစ်အမည်ခံရဟန်းအချို့က ဖမ်းဆီးအရေးယူတာမျိုး လူနည်းစုဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းတာတွေကို မျိုးချစ်အမည်ခံ ဘာသာရေးအဖွဲ့တွေက ပိတ်ပင်တာမျိုး စတဲ့ လုပ်ဆောင်မှုတွေမှာ အစိုးရရဲ့ အရေးယူဆောင်ရွက်မှု ဥပဒေအတိုင်းဆောင်ရွက်တဲ့ အခြေအနေမရှိသလောက် ဖြစ်လို့နေတယ်။ အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ကလည်း အာဏာလက်ဝယ်ရှိ နေရေး၊ ထောက်ခံမှုရရှိနေရေးအတွက် လူများစုကိုးကွယ်တဲ့ ဘာသာရေးကို ပိုမိုသာလွန်တဲ့ အခွင့်အရေး ပေးထားသလိုပဲ ဘာသာရေးအဖွဲ့အစည်းတွေကလည်း တခြားသော ဘာသာတရားတွေထက် အခွင့်အရေး ပိုမိုရဖို့အတွက် အုပ်ချုပ်ရေးကို ဝင်ရောက်လွှမ်းမိုးဖို့ ကြိုးစားတဲ့ လုပ်ရပ်တွေဟာ မြန်မာ့နိုင်ငံရေးရဲ့ ဓလေ့တစ်ခုသဖွယ် ဖြစ်လို့နေတယ်။

၄။ ဂိုဏ်းဂဏကွဲပြားခြင်း 

    မြန်မာတွေဟာ ၂ ယောက်ရှိရင် ၃ ဖွဲ့ကွဲဆိုတဲ့ စကားက မြန်မာ့နိုင်ငံရေးမှာ ထင်ရှားလှတဲ့ စကားရပ်တစ်ခုလို့ ဆိုရင်လည်း မမှားနိုင်ဘူး။ ဂိုဏ်းဂဏတွေ ကွဲပြားတာ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အတွင်းမှာ အကွဲအပြဲတွေဖြစ်ပေါ်တာဟာ မြန်မာ့နိုင်ငံရေးရဲ့ ထင်ရှားတဲ့ ဓလေ့တစ်ခုလိုတောင် ဖြစ်နေတဲ့အရာတွေပဲ ဖြစ်တယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်အောက်မှာတော့ အာဏာအတွက် အချင်းချင်းသတ်ဖြတ် မင်းညီမင်းသားတွေကို သုတ်သင်ရှင်းလင်းတာမျိုး ရှိခဲ့တယ်ဆိုပေမယ့် လွတ်လပ်ရေးလှုပ်ရှားမှုတွေကစလို့ ယနေ့အချိန်ထိမှာတော့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ဂိုဏ်းဂဏအကွဲအပြဲ ပြဿနာဟာ သိသာထင်ရှားတဲ့ လက္ခဏာတစ်ရပ်အဖြစ်ရှိခဲ့တယ်။ ဂိုဏ်းဂဏပြဿနာကြောင့် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံခဲ့ရသလို လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း တစ်ပါတီအာဏာရှင်စနစ် စစ်အာဏာရှင်စနစ်ဖြစ်ပေါ်လာဖို့အတွက် အကွဲအပြဲပြဿနာတွေက အဓိကကျတဲ့ အကြောင်းအရင်းတစ်ခုအဖြစ် ရှိခဲ့တယ်။

ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်ပါတီဗမာပြည်ရယ် ကွဲတာ၊ တည်မြဲ ဖဆပလနဲ့ သန့်ရှင်း ဖဆပလရယ်လို့ ကွဲတာ စတာတွေကလည်း သမိုင်းမှာ အထင်အရှားရှိခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်တယ်။ မြန်မာနိုင်ငံရေးမှာ အကွဲအပြဲပြဿနာဟာ အာဏာရှင်လက်အောက်မှာ အပြတ်ရှင်း အမူအကျင့်တွေကြောင့် တိမ်မြုပ်ခဲ့တယ်လို့ ဆိုနိုင်သော်လည်း နိုင်ငံရေးအဖွဲ့အစည်းတွေ စစ်တပ် မဟုတ်တဲ့ အင်စတီကျူးရှင်းတွေမှာတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကျင့်တွေသာဖြစ်လို့နေတယ်။ စစ်တပ်လို အမိန့်ပေးအမိန့်ခံ ဆင့်ကဲအုပ်ချုပ်သွားတဲ့ အင်စတီကျူးရှင်းထဲမှာတောင် ဦးခင်ညွန့် ဦးဆောင်တဲ့ အမျိုးသားထောက်လှမ်းရေး အင်အားစုတွေ အားကောင်းလာတာ၊ အဖွဲ့အစည်းအတွင်း အဲ့ဒီအင်အားစုတွေ နှိမ်နင်းခံရတာ စတဲ့ဖြစ်ရပ်တွေလည်း ရှိခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီမှာ ဆိုရင်လည်း အရင်အစိုးရ သမ္မတဦးသိန်းစိန်အဖွဲ့နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအဖွဲ့ရယ်လို့ သဘောထားကွဲမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်တာမျိုးရှိခဲ့ပြီး သူရဦးရွှေမန်း အပါအဝင် ပါတီထိပ်ပိုင်းတချို့ကို ပါတီကနေ ထုတ်ပယ်တဲ့ ဖြစ်ရပ်မျိုးအထိ ဖြစ်ပေါ်ခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲပေါ်ပေါက်လာတဲ့ အချိန်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ ဆုံးဖြတ်ချက်တွေနဲ့အတူ ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်ပြီးလုပ်ကြတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ရယ်လို့  ဖြစ်လာပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်လာတဲ့ ဖြစ်ရပ်ရှိခဲ့ပြန်တယ်။ 

အကွဲအပြဲဖြစ်ရပ်ဟာ အဲ့ဒီမှာတင် ရပ်တန့်မနေဘဲ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အတွင်းမှာတောင် သဘောထားကွဲလွဲမှုတွေနဲ့အတူ ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ်ဆိုပြီး ခွဲထွက်ပြီး ထွက်ပေါ်လာပြန်တယ်။ အကွဲအပြဲတွေဟာ ပါတီနိုင်ငံရေးတွေတင်မကဘဲ ပါတီနိုင်ငံရေးပြင်ပကျောင်းသားအဖွဲ့အစည်းတွေ အချင်းချင်းမှာတောင် သဘောထားကွဲလွဲမှု အရိပ် အယောင်တွေ တွေ့မြင်ရတတ်တယ်။ ဆိုရရင်တော့ မတူကွဲပြားတဲ့ အယူအဆတွေ၊ ဝါဒတွေ ယုံကြည်ချက်တွေကို နားလည်ပေးနိုင်စွမ်းအားနည်းပြီး ဂိုဏ်းဂဏကွဲပြားတာတွေဟာ မြန်မာ့နိုင်ငံရေးမှာ အမြစ်တွယ်နေတဲ့ ဓလေ့တစ်ခုသဖွယ် ဖြစ်လို့နေတယ်။

၅။ သူရဲကောင်းကိုးကွယ်မှုလွန်ကဲခြင်းနဲ့ လူနဲ့မူ မကွဲခြင်း

သူရဲကောင်းကိုးကွယ်မှု လွန်ကဲတာ လူနဲ့မူနဲ့ မကွဲတာတွေကလည်း မြန်မာ့နိုင်ငံရေး ဓလေ့ တစ်ခုလို့ဆိုနိုင်တယ်။ သမိုင်းအစဉ်အဆက်ကိုကြည့်လိုက်မယ်ဆိုရင် ပြည်သူတွေဟာ ကိုယ့်ကိုအုပ်ချုပ်တဲ့ ရှင်ဘုရင်တွေ မတရားသဖြင့် အုပ်ချုပ်နေပြီဆိုရင် ပြန်လည်ဆန့်ကျင်ဖို့ လုပ်ဆောင်တာထက် မင်းလောင်းမျှော်တဲ့ စိတ်တွေသာ ရှိခဲ့တယ်။ သမိုင်းဆိုင်ရာ ဖော်ပြမှုတွေမှာလည်း သူရဲကောင်းဝါဒကို ကောင်းကောင်းပုံဖော်ပြီး ဝါဒဖြန့်ထားတာကလည်း သူရဲကောင်းကိုးကွယ်မှု လွန်ကဲစေတဲ့ အကြောင်းအရင်းတစ်ချက်လို့ ဆိုနိုင်တယ်။ သူရဲကောင်းအဖြစ် ပုံဖော်ထားတဲ့ အပေါ်မှာ ဖောက်ထွက် စဉ်းစားခြင်းမရှိဘဲ ကိုးကွယ်ယုံကြည်လိုက်တဲ့ ဓလေ့မျိုးဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ စွဲမြဲလို့ နေတယ်။ ဥပမာအားဖြင့် ကျန်စစ်သားကို သူရဲကောင်းလို့ ပုံဖော်ထားတဲ့အတွက် သူရဲကောင်းအဖြစ်သာ ရှုမြင်လက်ခံကြပြီး ကျန်စစ်သား တကယ်ပဲ စောလူးမင်းကို ကယ်ဖို့ကြိုးစားခဲ့သလား၊ ဒါမှမဟုတ် မကယ်ဘဲ ကယ်ဖို့ကြိုးစားခဲ့တယ်လို့ ပြောခဲ့သလားဆိုတဲ့ ဘက်အခြမ်းကနေ မစဉ်းစားကြတော့ဘူး။ နောက်ထပ်ကြည့်မယ်ဆိုရင် သူရဲကောင်းတွေလို့ သတ်မှတ်ယုံကြည်ကြတဲ့ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့ဟာ ထန်းပင်တက်တာ တော်တယ်၊ ရေကူးတာတော်တယ် အစရှိသည်ဖြင့် သက်ဆိုင်ရာ ကိုယ့်နယ်ပယ်မှာ ထူးချွန်ကြသူတွေဖြစ်ပေမယ့် မသက်ဆိုင်တဲ့ စစ်ရေးမှာတော့ သူရဲကောင်းဖြစ်လောက်တဲ့ အထိ တော်ကြပါ့မလားဆိုတာကို စဉ်းစားလေ့မရှိကြဘူး။

နောက်တစ်ချက်ပြန်ကြည့်မယ်ဆိုရင် သူတစ်ပါးနိုင်ငံကို ကျူးကျော်ပြီး ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးပစ်ခဲ့တဲ့ ဦးအောင်ဇေယျကို ကြီးကျယ်မြင့်မြတ်တဲ့ သူရဲကောင်းမင်းအဖြစ် ပုံဖော်ထားတာ၊ အမျိုးသားရေးလှုံ့ဆော်မှုအဖြစ် ယနေ့အချိန်ထိ လုပ်ဆောင်နေကြတာကို တွေ့ရနိုင်တယ်။ လွတ်လပ်ရေးရပြီး  နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း ၁၉၈၈ နိုင်ငံရေး လှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်အဖြစ် သတ်မှတ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး တိုင်းပြည်ကို ကယ်တင်မယ့်အချိန်ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြတာကို အထင်အရှား တွေ့ရနိုင်တယ်။

တိုင်းပြည်ကို အုပ်ချုပ်တဲ့အပိုင်းမှာလည်း လူနဲ့မူ မကွဲပြားတဲ့ ပုံဏ္ဍာန်ကလည်း အထင်အရှား ရှိလို့နေတယ်။ လူနဲ့မူ မကွဲခြင်းဟာ အုပ်ချုပ်ရေးပိုင်းတွင်သာမကဘဲ အုပ်ချုပ်ခံအပိုင်းမှာပါ တည်ရှိလို့ နေတာဖြစ်တယ်။ တိုင်းပြည်ကို အုပ်ချုပ်တယ်ဆိုတာမှာ လူက အဓိကမကျဘဲ မှန်ကန်တဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေသာ အဓိကဆိုတာကို ထည့်သွင်းစဉ်းစားမှု အားနည်းလို့နေခဲ့တယ်။ ဒီကနေ့ ဖြစ်နေတဲ့ အခြေအနေကိုကြည့်မယ်ဆိုရင်တောင် အထင်အရှားတွေ့လို့ရနိုင်တယ်။ ဥပမာအားဖြင့် ၂၀၁၅ မတိုင်ခင်ကာလတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှု မတရားတဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်ရေးလှုပ်ရှားမှုတွေ အားကောင်းကောင်းရှိခဲ့တယ်ဆိုသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပဲ လူထုအများစုက ထောက်ခံတဲ့ NLD အစိုးရက တာဝန်ယူလာတဲ့ အခါ အဲ့ဒီလှုပ်ရှားမှုတွေဟာ မှေးမှိန်နေတာကို တွေ့ရနိုင်တယ်။

အကြွင်းမဲ့ အာဏာရှင်စနစ်ကနေ မြစ်ဖျားခံလာခဲ့တဲ့အတွက် လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆတွေက ယနေ့အချိန်ထိ ရှိလို့ နေတုန်းပါပဲ။ ရှေးဘုရင်တွေ အစဉ်အဆက်ကတည်းက မင်းအာဏာကို ဆန့်ကျင်ခြင်းဟာ ကြီးမားတဲ့ ပြစ်မှုတစ်ခုရယ်လို့ ထင်မှတ်ခံစားခဲ့ရတယ်။ အာဏာရှင်စနစ်အောက်မှာလည်း အဲ့ဒီအတိုင်းပဲ ခံစားခဲ့ရတဲ့အတွက် အဲ့ဒီအယူအဆဟာ သိစိတ်ထဲမှာ စွဲမြဲလို့နေတာလည်းဖြစ်တယ်။ တစ်ဖက် မှာလည်း အစိုးရတွေဟာ မကောင်းဘူးဆိုတဲ့ အယူအဆရှိနေပေမယ့် အစိုးရအမှုထမ်း၊ မင်းမှုထမ်းဖြစ်လိုတဲ့ စိတ်အခြေခံတွေကလည်း ရှိလို့နေပြန်တယ်။ ရာထူးရာခံမရှိတဲ့အခါ အမှုထမ်းတွေရဲ့ စိတ်ကြိုက်ခြယ်လှယ်ခြင်း ကို ခံရနိုင်တယ်ဆိုတဲ့ အယူအဆကြောင့်ပဲ မင်းမှုထမ်း၊ အစိုးရအမှုထမ်းဖြစ်ချင်ကြတာလို့ ဆိုနိုင်တယ်။ မြန်မာ့နိုင်ငံရေးရဲ့ အစဉ်အလာမှာကလည်း ရှေးအစဉ်အဆက် သမိုင်းတွေမှာကိုက သစ္စာခံပုံသဏ္ဍာန်ကလည်း အုပ်ချုပ်ရေးအခန်းကဏ္ဍမှာ တည်ရှိခဲ့တယ်။ အဲ့ဒီလို သစ္စာခံခြင်းဟာ တိုင်းပြည်အပေါ် လူထုအပေါ် သစ္စာခံတာ မဟုတ်ဘဲ အာဏာလက်ဝယ်ရှိသူ အပေါ်မှာ မှီတည်ထားတဲ့ သစ္စာသာဖြစ်တယ်။ မင်းခယောက်ျားကမ်းနားသစ်ပင်ဆိုတဲ့ စကားအတိုင်း မင်းမှုထမ်းတွေဟာ မထင်ရင်မထင်သလို မင်းရဲ့ အမျက်ရှပြီး လွင့်ပြယ်သွားနိုင်တာကြောင့် မင်းအကြိုက်၊ အထက်လူကြီးအကြိုက် နေထိုင်လုပ်ကိုင်ရမယ်ဆိုတဲ့ ဓလေ့ထွန်းကားခဲ့တာဖြစ်တယ်။ ဆိုရိုးစကားတွေမှာလည်း နီးရာဓားကြောက်ရတယ် ဆိုရိုးစကားထွက်ပေါ် ခဲ့တာက ပြည်သူနဲ့ နီးကပ်နေတဲ့ မင်းမှုထမ်းတွေကိုလည်း ကြောက်နေရတာကြောင့်ဖြစ်တယ်။ ဘုရင်က ခန့်ထားတဲ့ မင်းမှုထမ်းတွေဟာ ဘယ်လိုပဲ အကျင့်ပျက်မှုတွေရှိရှိ အရေးယူလို့ မရနိုင်တာမျိုးကလည်း မြန်မာ့နိုင်ငံရေးမှာ ထင်ရှားတဲ့ ဓလေ့တစ်ခုပါပဲ။ 

အဲ့ဒီလိုမင်းတွေ အာဏာရှင်တွေ ဖယ်ရှားခံရတဲ့အခါမျိုးမှာ သူ့ကို သစ္စာခံ ထားတဲ့ အမှုထမ်းတွေ အားလုံးဟာ တစ်ပါတည်း သုတ်သင်ခံရတဲ့ ဓလေ့ဟာ လူနဲ့မူမကွဲတဲ့ အုပ်ချုပ်ရေး ပုံသဏ္ဍာန်ကိုပြနေတဲ့ သဘောပါပဲ။ စစ်အစိုးရလက်ထက်က ဦးခင်ညွန့်ကို ရာထူးကနေ ဖယ်ရှားပြီး ထိန်းသိမ်းတဲ့အခါ သူ့ရဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ဝင်တွေကို ဖမ်းဆီးထောင်ချတာ ပိုင်ဆိုင်မှုတွေ သိမ်းယူတာမျိုးကလည်း မြင်သာတဲ့ သာဓကတစ်ခုပါပဲ။

လူနဲ့မူ မကွဲပြားတဲ့အယူအဆဓလေ့တွေ ဒီကနေ့အချိန်ထိ တည်ရှိနေဆဲဆိုတာကလည်း ငြင်းမရတဲ့ အဆိုတစ်ရပ်ဖြစ်လို့နေတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေ လုပ်ဆောင်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာဆိုရင်လည်း အစိုးရအဖွဲ့အတွင်းက တာဝန်ယူထားတဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကို ဝေဖန်လာတဲ့အခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သကဲ့သို့ ထောက်ခံသူများက ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာတွေမှာ ပြင်းပြင်းထန်ထန်တုံ့ပြန်ကြတာမျိုး ရှိလို့နေတယ်။ နိုင်ငံရေးအရ ကွဲပြားမှုငြင်းခုံမှုတွေရဲ့ အများစုကို ကြည့်လိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ကို ထောက်ခံသူတွေနဲ့ စစ်ခေါင်းဆောင်ဟောင်းများနဲ့ ဒီကနေ့ စစ်တပ်ခေါင်းဆောင်များကို ထောက်ခံသူတွေရယ်လို့သာ လူအပေါ်လိုက်ပြီး ကွဲပြားနေတာကိုသာ တွေ့ရနိုင်တယ်။

၆။ ဘာသာရေးအခြေပြု အမျိုးသားရေးဝါဒ လွှမ်းမိုးခြင်း

မြန်မာ့နိုင်ငံရေးဓလေ့မှာ ဘာသာရေးအခြေပြုထားတဲ့ အမျိုးသားရေးဝါဒဟာ သိသာထင်ရှား စွာ ရှိခဲ့သလိုပဲ ယနေ့အချိန် အားကောင်းကောင်းနဲ့ တည်ရှိနေဆဲဖြစ်တယ်။ လွတ်လပ်ရေးလှုပ်ရှားမှု တွေလုပ်ဆောင်တဲ့ အချိန်ကာလတွေမှာ ဘာသာရေးအခြေခံထားတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေ ဟာ လိုအပ်ချက်အရ ရှိခဲ့တယ်ဆိုပေမယ့် ဒီကနေ့လို လစ်ဘရယ်ဒီမိုကရေစီကိုသွားနေတဲ့အချိန် လူမျိုးပေါင်းစုံ ကိုးကွယ်ယုံကြည်မှုပေါင်းစုံရှိနေတဲ့ အခြေအနေမျိုးမှာလည်း ဘာသာရေးအခြေပြုတဲ့ အမျိုးသားဝါဒတွေက နိုင်ငံရေးဓလေ့တစ်ခုသဖွယ် ရှိလို့နေဆဲဖြစ်တယ်။ နိုင်ငံရဲ့ မတည်ငြိမ်မှု ပဋိပက္ခ တွေ ပြဿနာတွေကို ကြည့်လိုက်မယ်ဆိုရင် ဘာသာရေး လူမျိုးရေးနဲ့ လှုံ့ဆော်မှုနောက်မှာ အလွယ်တကူ လိုက်ပါသွားတတ်တဲ့ အမူအကျင့်တွေကြောင့်ဆိုတာ ထင်ထင်ရှားရှား တွေ့ရနိုင်တယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကသာလျှင် ကြီးကျယ်မြင့်မြတ်တယ်ဆိုတဲ့ အယူအဆတွေနဲ့အတူ မတူကွဲပြားမှုတွေအပေါ် နားလည်ပေးနိုင်စွမ်း၊ သည်းခံနိုင်စွမ်း နည်းတာတွေဟာ မြန်မာ့လူ့အဖွဲ့ အစည်းထဲမှာ တည်ရှိနေတဲ့ ဓလေ့တစ်ခုလို့ ဆိုနိုင်တယ်။ နိုင်ငံရေးသမားတွေ အာဏာရှင်တွေ အာဏာရှင်ကို လိုလားသူအပေါင်းအပါတွေအတွက် နိုင်ငံရေးမှာ ဘာသာရေးကို အသုံးချနေခြင်းကလည်း မြန်မာ့လူ့အဖွဲ့အစည်းနဲ့ မြန်မာ့နိုင်ငံရေးမှာ ဘာသာရေးအခြေပြုထားတဲ့ အမျိုးသားအယူအဆတွေ ခိုင်ခိုင်မာမာစွဲကပ်နေတာကြောင့်သာ ဖြစ်တယ်။

အထက်မှာ ဆွေးနွေးခဲ့တဲ့ ၆ ချက်ဟာ မြန်မာ့နိုင်ငံရေးမှာ အစဉ်အဆက် ယနေ့အချိန်ထိ တည်ရှိနေတဲ့ နိုင်ငံရေးဓလေ့တွေဖြစ်လို့ နေသလိုပဲ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ အရိုးစွဲနေတဲ့ ဓလေ့တွေလို့လည်း ဆိုနိုင်တယ်။ အဲဒီဓလေ့တွေကို ကြည့်ခြင်းအားဖြင့်လည်း မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ဒီမိုကရေစီအသွင်ကူးပြောင်းမှု ခရီးမပေါက်ရခြင်းရဲ့ အခြေခံအကြောင်းတရားတွေကို မှန်းဆလို့ရနိုင်တယ်။ ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ ဆိုတာကလည်း ပညာရေးဆိုင်ရာ ပြောင်းလဲရေးနဲ့အတူ သမိုင်းဆိုင်ရာ သိမှုနားလည်မှုတွေကို ပြောင်းလဲဖို့နဲ့ အခြေခံအတွေးအခေါ် သဘောထားအမြင်တွေကို ပြောင်းလဲလာအောင် ကြိုးစားနိုင်ဖို့ လိုအပ်နေမှာ ဖြစ်တယ်။

                                                                        ***

မှူးသစ်

မှီငြမ်း - BURMESE POLITICAL VALUES; Dr. Maung Maung Gyi

 

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading