မြန်မာ ပရီဗျူး ၂ဝ၂၁

(၁)

၂ဝ၂၀ ကို နှုတ်ဆက်၍ ရှေ့ဆက်လာကြရပြီဖြစ်သည်။ ထုံးစံအတိုင်း ၂၀၂၀ မှာ ဘာတွေဖြစ်ခဲ့သည်လဲ …  ဆွေးနွေးကြ၊ ငြင်းခုန်ကြ၊ ဝေဖန်သုံးသပ်ကြ၊ ရီဗျူး တွက်ဆချက်တွေလုပ်ကြသည်။ ထိုထို ၂၀၂၀ ရီဗျူးများသည် အကယ်စင်စစ် ၂၀၂၁ အတွက် ပရီဗျူးများသဖွယ်လည်း ဖြစ်လာစေပြီး ယူသော်ရ၏အနေအထားတွေက အမြဲအသုံးတည့်လှသောကြောင့် ထောင့်စေ့အောင်ကြိုးကုပ်အားထုတ်ကြမြဲလည်း ဖြစ်ပြန်သည်။ 

ရီဗျူးများကို အကြမ်းဖျဉ်းအားဖြင့် နိုင်ငံရေး၊ စီးပွားရေး (နိုင်ငံရေးရာစီးပွားရေး နှင့် လူမှုစီးပွား အပါ)၊ လူမှုဆိုင်ရာ ဟု ၃ ပိုင်းအခြေပြု၍ ထပ်မံခွဲခြမ်းကြည့်မြင်နိုင်ပါ၏။ ပညာရပ် နှင့် လက်တွေ့  ၂ ပိုင်းလုံးကို လိုအပ်သလို ပေါင်းစပ်ထားသည့် ပညာရှင်အကြံပြုချက်များအပေါ်မှ ရီဗျူးများစွာကို အသုံးတည့်ရှုထောင့် အပြင် အခြားဖက်တာများမှလည်း ပြန်ကြည့်မြင်သုံးကြရမြဲ ဖြစ်သည်။

(၂)

မြန်မာ ၂၀၂၀ ရီဗျူးများစွာကို လေ့လာဖြစ်ခဲ့ပါ၏။ 

အင်္ဂလိပ်အက္ခရာဝလိဖြင့်ဆိုပါက အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ အာရှဖောင်ဒေးရှင်း၊ BTI - Bertelsmann Stiftung's Transformation Index(BTI)၊ အီကော်နောမစ်အင်တဲလီးဂျန့်ယူနစ် (EIU)၊ အီကောနောမစ် ဖိုးကပ်စ် (EF)၊ ဥရောပကုန်သည် စက်မှုအသင်း-မြန်မာ (EuroCham-Myanmar)၊ အပြည်ပြည်ဆိုင်ရာငွေ ကြေးရန်ပုံငွေအဖွဲ့(IMF)၊ အောက်ခ်စ်ဖို့ဒ်စီးပွားလုပ်ငန်းအုပ်စု (OBG)၊  စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့(OECD)၊ Statista အဖွဲ့၊ ကမ္ဘာ့ဘဏ်အုပ်စု (WBG) …. စသဖြင့် ဖြစ်ပါသည်။ 

လူတိုင်းအရင်ဆုံးရှင်းခနဲဖြစ်စေမည့်အချက်ကတော့ ၂၀၂၀ ရီဗျူးအားလုံးတွင် အထင်ရှားဆုံးကိစ္စက ကိုဗစ်ပင်ဖြစ်သည်။ 

ဒါကမြန်မာတင်မဟုတ်၊ တစ်ကမ္ဘာလုံး၏မည်သည့်နယ်ပယ်ကိုမဆို သက်ရောက်နေ သော အခြင်းအရာလည်းဖြစ်၏။  တစ်ဖန် ICG ကဲ့သို့ ပဋိပက္ခနှင့်ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့မျိူး၊ IHRB လူ့အခွင့်အရေးနှင့် စီးပွားရေးအင်စတီကျုကဲ့သို့ အဖွဲ့မျိုး တွေအပြင် ကုလသမဂ္ဂ၏ ဘော်ဒီအသီးသီးမှ ထုတ်ပြန်ချက်များ(ဥပမာ- ILO နှင့် UNHRC တို့ကဲ့သို့) ကိုလည်းထည့်သွင်းလေ့လာရမည်ဖြစ်သလို ကုလ သမဂ္ဂ ထောင်စုနှစ်နှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးရေးပန်းတိုင်များ (MDGs & SDGs) ကို “တည်” ၍ မြန်မာအစိုးရ၏ (MSDP- Myanmar Sustainable Development Plan 2018-2030) နှင့် မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့၊ ဝန်ကြီးဌာနအသီးသီး နှင့် အဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများ၊ ကော်မရှင်များ စသည်တို့၏ ထုတ်ပြန်ချက်အသီးသီးတို့ကိုလည်း “ကိုင်” ထားရမည်ဖြစ်သည်။ 

(၃)

နိုင်ငံရေးသည်လည်းကောင်း၊ နိုင်ငံရေးရာစီးပွားရေး (Political Economy) နှင့် စီးပွားရေး (မက်ခရိုရော၊ မိုက်ခရိုပါ) သည်လည်းကောင်း၊ လူမှုစီးပွားဆိုင်ရာများသည်လည်းကောင်း တစ်စုံလုံး (the Whole) ကြည့်၊ သေချာမြင် မှ ပေါ်လစီနှင့် မူဝါဒဖော်ဆောင်မှု ကို ထိရောက်အားကောင်းစေတတ်မြဲဖြစ်ပါ၏။ တစ်ဖန် ထိုထို အကြောင်းခြင်းရာနယ်ပယ်တို့သည် ဆက်စပ်မှုများဖြင့် လည်ပတ်နေကြသော သဘာဝရှိပါ၏။ အရိုးရှင်းဆုံး ဥပမာက သစ်တစ်ပင်ချင်းစီ နှင့် သစ်တောတစ်အုပ်လုံး ပင် ဖြစ်သည်။ 

ကိုဗစ်ဖိစီးမှုအောက်မှာ မြန်မာ ၂၀၂၁ ပရီဗျူးကို ဤစာတစ်ပုဒ်မျှဖြင့်တော့ တန်းခနဲ ဘယ်လိုမှ ပြောနိုင်မည် မဟုတ်ပါ။ လေ့လာထားသမျှ ၂၀၂၀ ရီဗျူး ပညာရှင်သုံးသပ်ချက်များကို မူတည်၍ လတ်တလောအနေအ ထားများကို ကာလတို၊ ကာလလတ်၊ ရေရှည် ဟူ၍သာ အသေးပြန်စိတ်ကြရမည် ဖြစ်သောကြောင့်ပင်။ 

အထက်ကဆိုခဲ့ပါ အင်စတီကျူးရှင်းကြီးများ၏ ရီဗျူးများကို ဆန်းစစ်၍ အနှစ်ချူပ်ဆွဲထုတ်နိုင်ချက်တချို့တင် ပြပါမည်။ 

၁) ကိုဗစ်သက်ရောက်ချက်ကြောင့် စီးပွားထိခိုက်သော်ငြား မြန်မာ့ဒီမိုဂရပ်ဖီနိုင်ငံရေးက အားကောင်းလှသည်။ ဒစ်ဂျစ်တယ်ပိုင်း၊ ကျန်းမာရေးကဏ္ဍ တို့၏ အားထုတ်ချက်အတက်တွေကို ဆက်ထိန်းထားကြရမည်။ ကိုဗစ်အလွန် အခြေခံအဆောက်အအုံပိုင်းများ အထူးသတိပြုရမည်။ 

၂) ဆေးဝါး နှင့် ကျန်းမာရေးကဏ္ဍ စိန်ခေါ်ချက်များကို သေချာကိုင်တွယ်ရမည်။ စီးပွားနာလန်ထူရေးတွင် လုပ်ငန်းအားလုံး၌ ဤအချက်အရေးပါလှသည်။

၃) မြန်မာ့စီးပွားရေး နာလန်ပြန်ထူစေရေးသည် ဒေသတွင်းနှင့် ဂလိုဘယ်ပျမ်းမျှထက် ပိုအားသာနေသည်။ ကိုဗစ်ပထမလှိုင်းတွင် တွက်ချက်ခဲ့ကြသည်က ဒုတိယလှိုင်းကာလတွင် ကမောက်ကမတချို့ဖြစ်ပေါ်စေ သည်။ ဒီဇင်ဘာလကုန်အထိ အထိနာမှုများအပေါ် အကောင်းဆုံးကုစားနိုင်ရေးတို့တွင် လုပ်ငန်းခွင်များ နှင့် ဆင်းရဲနွမ်းပါးမှု အုပ်စုများကို အဓိကထားသင့်သည်။ 

၄) လူသားအရင်းအနှီး Human Capital ပိုင်းတွင် ကျန်းမာရေးနှင့် ပညာရေးကို အမြန်ဆုံး ထိန်းထေ ထပ် မြှင့်တင်ပေးမှု သေချာရှေ့ဆက်ရန်လိုအပ်သည်။

၅) စီးပွားပြန်နာလန်ထူရေးအတွက် တရုတ်နှင့်ဆက်စပ် အခန်းကဏ္ဍအားလုံးကို သေချာချိန်ဆရန် လိုအပ်သည်။ ရနိုင်ခြေများစွာရှိသကဲ့သို့ ဆက်စပ်သက်ရောက်နယ်ပယ်အားလုံးကို ထည့်တွက်နေရန်ဖြစ်သည်။

၆) မြန်မာသည် ခံနိုင်ရည်ရှိနိုင်ငံအနည်းငယ်ထဲပါဝင်နေရာ ဤအနေအထားမှ ခပ်သွက်သွက်လှမ်းတက် နိုင်ရေးက အထူးအရေးပါကြောင်း ထပ်ပြောဖွယ်မရှိပါ။ စီးပွားရေးတိုးတက်မှုသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တွင် ၆ ဒဿမ ၈ ရှိခဲ့ရာမှ ၂၀၁၉-၂၀ တွင် ၁ ဒဿမ ၇ သို့ကျဆင်းခဲ့သော်လည်း သုည အောက်ရောက်ကမ္ဘာ့ နိုင်ငံများစွာထက် များစွာသာနေသေးသည်။  

{သမားရိုးကျ ဘောဂဗေဒကိန်းဂဏန်းများထက် သဘောအမြင်အယူပိုင်း နှင့် အနှစ်သာရပိုင်းတို့ကိုဦးစား ပေးထားခြင်းဖြစ်ပြီး တချိူ့ကိုသာဆိုလိုပါသေးသည်။}

မြန်မာ့စီးပွားရေးလက်ရှိအိုင်ဒီယော်လော်ဂျီကို ဖျတ်ခနဲသုံးသပ်ရပါက အများပြော၊ အပြောများနေသော နီယို လစ်ဘရယ်မဟုတ်ပါ။ မော်ဒန်စတိတ်ကက်ပီတယ်လစ်ဇင် ဆန်ပါသည်။ လစ်ဘရယ်အယိမ်းတွေလည်း ရှိပါ သည်။ ကိန်းဘောဂဗေဒအယူမှ ဖြန့်ထွက်ဆက်ပေါ်လာချက်များလည်းပါဝင်နေပါသည်။ တရုတ်နှင့်ရော အမေရိကန်ပုံစံနှင့်ပါ ကွဲလွဲနေသည်ဟု ယေဘုယျသာ ပြောနိုင်ပါသေးသည်။

(၄)

အကူးအပြောင်းတစ်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာသည်လည်း အောက်ပါ အပြန့်ကျယ်နယ်ပယ် ၆ ရပ်ကို ပုံမဖော်ဘဲသွား၍ မရနိုင်၊ မဖြစ်နိုင်ပါ။ အောင်မြင်သောအကူးအပြောင်းနိုင်ငံများကိုချည်းလည်း ပုံစံနမူနာယူ နေ၍မဖြစ်သလို၊ မရွေ့သောနိုင်ငံများကိုလည်း သင်ခန်းစာယူ၍ ကြည့်မြင်ယူနိုင်ကြရပါမည်။ 

၁) လူမှုစီးပွား အနေအထား၊

၂) စီးပွားရေးတည်ဆောက်ပုံနှင့် ပေါ်လစီများ၊

၃) အရပ်ဘက်လူ့အဖွဲ့အစည်း နှင့် မီဒီယာ၊

၄) တရားဥပဒေပြဌာန်းထားရှိပုံ နှင့် တရားဥပဒေစိုးမိုးရေး၊

၅) အစိုးရဖွဲ့စည်းပုံ နှင့် အာဏာခွဲဝေမှု၊

၆) ပညာရေး နှင့် လူဦးရေဆိုင်ရာများ(ဒီမိုဂရပ်ဖီ)။

အကူးအပြောင်းနိုင်ငံတို့မည်သည် သမားရိုးကျတော့ ဘယ်သောအခါမှ မဟုတ်ပေ၊ ပုံမှန်တွက်ချက်၍မရသော အကြောင်းများစွာ ပေါ်လိုက်ငုတ်လိုက် ဖြစ်တတ်မြဲပင်။  သို့အတွက် ပေါ်လစီမိတ်ကာများနှင့် ပုံဖော် တည်ဆောက်သူများ၊ ကီးပလေယာများ အနေဖြင့် အကူးအပြောင်းကို ကောင်းစေ၊ဆိုးစေ သက်ရောက်စေ သော၊ အမြဲမပြတ်သိမြင်ချိန်ဆနေကြရမည့် အကြောင်းရင်း (၇) ချက်ကိုလည်း အစဉ်သတိမူနေ ကြရမြဲဖြစ် ပါ၏။ 

၁) စီးပွားရေးတိုးတက်မှု နှင့် အကျပ်အတည်း၊

၂) ရွေးကောက်ပွဲအတွေ့အကြုံ၊

၃) အရှိန်အဟုန်ကြီးမားသော အရပ်ဘက်လူ့အဖွဲ့အစည်း၊

၄) အိမ်နီးချင်းနိုင်ငံတို့၏သက်ရောက်မှုများ (ပထဝီဒေသကိုမဆိုလို)၊ ဤ (၁) မှ (၄) ကို “အရင်ဆုံး နှင့် အရင်းခံကျကျကြုံတွေ့ကြရသော ထိပ်ပိုင်းအကြောင်းအချက်များ” ဟု ဆိုကြရပြီး “အကူးအပြောင်းကာလ ပေါ်လစီရွေးချယ်မှု အချိုးအကွေ့များ” အဖြစ် --

၅) လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းဆိုင်ရာ ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်များ ချမှတ်ခြင်း၊ လက်တွေ့ ထိရောက်စွာအကောင်အထည်ဖော်ခြင်း၊

၆) တရားဥပဒေစိုးမိုးမှု နှင့် စီးပွားရေးစီမံအုပ်ချုပ်မှု၊

၇) ပါဝါလျှော့ချခြင်း / တိုးခြင်း နှင့် ထက်-အောက်အဆင့်ဆင့်အာဏာခွဲဝေမှု။

စုစုပေါင်း (၇)ချက်ဖြစ်ပါသည်။ သိရှိနားလည်ပြီးသားဖြစ်တတ်ကြသည်ဆိုငြား ဤတစ်ချက်ချင်းစီ၌ပင် ကျမ်း ပေါင်းများစွာ၊ အသေးစိတ်လေ့လာချက်များစွာ၊ သုတေသနစာတမ်းများစွာ အဆူဆူသော ပညာရပ်နှင့်လက် တွေ့တို့ ရေးဖွဲ့မကုန်၊ လေ့လာမခမ်း ရှိပါသည်။ ဆွဲယူကြည့်မြင်ရမည်တို့များစွာရှိပါသည်။ ထိုအထဲတွင် နှစ် ကာလအပိုင်းအခြားအလိုက်ရီဗျူးတွေလည်း ပါဝင်ပါ၏။

အကူးအပြောင်းနိုင်ငံငယ်တစ်ခုဖြစ်ငြား မြန်မာမှာက ပိုကျပ်ချက်၊ ပိုသာချက်တွေအပြင် ခန့်မှန်းရခက်လှ သည်တို့လည်း များစွာတွဲယှက်နေပြန်သည်။ စိန်ခေါ်မှုများလှသည်တို့အပြင် အားသာနေသည်များလည်း ရှိနေပြန်ပါသည်။ 

(၅)

နိုင်ငံရေးအရပရီဗျူးသည် ကိုဗစ်ကာလအတွင်းမှ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ အောင်မြင်ခဲ့မှုရီဗျုးအပေါ် အများအပြားထောက်ပြပြောဆိုကြပါသည်။ စာရေးသူကတော့ ၂၀၂၁ ပရီဗျူးတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တစ်လှည့်စီဆူကြုံနိမ့်မြင့်ဖြစ်နေမှုတွေအပေါ် စိုးရိမ်မိပါ၏။ တပ်မတော်၏ မဲစာရင်းဆိုင်ရာကိစ္စ ဝင်ရောက်စွက်ဖက်နေခြင်းသည် ရေရှည်အလားအလာမကောင်းပါ။ အစစ်အမှန် နှင့် နောက်ပါး ရည်မှန်း ချက်များကို ကြည့်ရသည်ကလည်း ယခုစာကိုရေးနေသည့် ဇန်နဝါရီလပထမပတ်အထိ ရှင်းရှင်းလင်းလင်း မရှိလှသလို တိတိပပလည်း မသိရသေးပြန်ပါ။ 

လက်ရှိအာဏာရ NLD အပြတ်အသတ်အနိုင်ဆက်ရခြင်းသည် တိုင်းရင်းသားပါတီများ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ နှင့် ဆက်ဆံရေးတိုးတက်၍ ပိုညီညွတ်စေနိုင်မည်ဟုတော့ ပိုမျှော်လင့်လာနိုင်စေပါသည်။ 

လာမည့်အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးကို ချဉ်းကပ်ပုံအသစ်များဖြင့် ရှေ့ဆက်မည်ဟု မနေ့တနေ့ကပဲ ထုတ်ပြောပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို တိုးချဲ့မည်ဟု ယေဘုယျသာ သိထားရသေးသော်လည်း “ယတိပြတ်မှငြိမ်းချမ်းမည်” ဟုသာ သိမြင်ခံစားနေကြရသည် ဖြစ်၍ တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ သဘောအမှန်ကိုသာ စောင့်ကြည့်ရပါလိမ့် ဦးမည်။ 

လာမည့်လွှတ်တော်အခင်းအကျင်း၌ ပြီးခဲ့သည့် ၅ နှစ်ကို သင်ခန်းစာယူသင့်သည်များယူ၍ ပိုမိုထိရောက် အားကောင်းလာသင့်သလို ဖြစ်ဖွယ်ရှိများလည်း မြင်ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုစ္ဆာ ဆက်ကျယ်လောင်နေဦးပေမည်။ MSDP အောင်မြင်ရန် ဥပဒေ၊ နည်ဒဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့ အများ အပြားလိုအပ်နေပါ၏။ 

အုပ်ချုပ်ရေးယန္တရား …. ။ နိုင်ငံရေးဆန္ဒ (Political Will) မည်မျှကောင်းသည်ဖြစ်စေ၊ အုပ်ချုပ်ရေးလည် ပတ်ပုံနှင့် စနစ်များကို သေချာဆက်လက်ပြုပြင်ရေးက စိန်ခေါ်နေချက်ကြီးတစ်ရပ်ဖြစ်ဆဲပင်။ ကောင်းမွန် သောအုပ်ချုပ်ရေးအတွက်မေးခွန်းဖြစ်ပါ၏။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် မေးခွန်းသစ်၊ ပုစ္ဆာသစ်တို့ ဆက်ထွက်ပေါ်နေဆဲဖြစ်သည်။ 

နိုင်ငံတကာဆက်ဆံရေး အပိုင်းတွင် လက်ရှိ လွတ်လပ်တက်ကြွမူဝါဒကိုပင် ဆက်ထိန်းနိုင်ရေး အင်မတန် အရေးပါလာပါမည်။ တရုတ်-အမေရိကန် အားပြိုင်မှု၊ ဒေသတွင်းအနေအထားများနှင့် ထရမ့်အလွန် ဘိုင်ဒင်ခေတ်အရောက် နိုင်ငံတကာစနစ်သစ်တစ်ရပ် ခေါင်းပြူအထွက်ကာလ၊ ဂလိုဘယ်လိုက်ဇေးရှင်း နှင့် အိုင်ဒန်နတီပေါ်လစ်တစ်တို့က အခင်းအကျင်းအသစ်များ အဖြစ် မြန်မာကို စိန်ခေါ်နေပါ၏။ ICJ ကိစ္စ၊ ကုလလုံခြုံရေးကောင်စီကိစ္စ များအပြင် ပြည်တွင်းနိုင်ငံရေးခြင်းရာများနှင့် တိုက်ရိုက်/သွယ်ဝိုက် ဆက်စပ်နေချက်များကြောင့် အခင်းအကျင်းနိုင်ငံရေး ချိန်ဆတွက်ချက်နိုင်လွန်းပါမှ တော်ရုံကျမည့် အနေအထားလည်းဖြစ်၏။ တရုတ်သည်လည်း အဖက်ဖက်မှ သတိကြီးစွာဆက်ဆံနေရသည်ထက် ပိုလာသော ကိစ္စကြီးပင်။  

အထက်၌ ပြောခဲ့ပြီးသည်ကို ထပ်ပြောလိုပါသည်။ ဤစာတစ်ပုဒ်မျှဖြင့်တော့ မြန်မာ့ ရီဗျူး၊ ပရီဗျူး အစုံကို အသေးစိတ်မဖော်ပြနိုင်ပါ။ အရေးကြီးချက်များထဲမှ ဆွဲထုတ်ကြည့်မြင်သုံးသပ်ချက် တချို့မျှသာ ဖြစ်ပါ၊ ရှိပါသေး၏။ 

မြန်မာသည် ၂၀၁၀ ရွေးကောက်ပွဲဖြင့် အကူးအပြောင်းကို စဖွင့်ခဲ့သည် ဆိုပါက ၂၀၁၂ကြားဖြတ်ရွေး ကောက်ပွဲ အပြီးမှစ၍ စတင်ရွေ့ခဲ့ခြင်းသာဖြစ်သည်။ ဤအပေါ်၌ကိုပင် နာသာခံခက်သည့်တချို့ကိုတော့ ၈ နှစ်ကာလအရ မပြောလို၊ ပြောဖွယ်ရာလည်း သိပ်မရှိတော့ပေ။ သို့ငြား အကူးအပြောင်းတွေမှာ ဖုထစ်ပိတ် ဆို့ အတွေ့ရများသည်က တင်ကြိုလက်ဦးမှုများ (Pre-rogatives) ဟု ဆိုပါလျှင် ထိုအပြေအဖြေကာလကို ညိနှိုင်းမယူမှု၊ တမင်ခေါင်းမာမှု၊ အမြင်ကျဉ်းမြောင်းမှု၊ ဇွတ်တင်းခံသည်ထက်ပိုသော နောက်ပြန်ဆွဲ စိတ်ဆန္ဒ များ စသည်တို့က နိုင်ငံနှင့်ပြည်သူအတွက်ရော၊ မည်သူမည်သည့်အရာ၊ မည်သည့်အစုအဖွဲ့အပေါ်ကိုမျှပါ ရေရှည်ကောင်းကျိုး လုံးဝ(လုံးဝ) မပေးနိုင်၊ မရှိပေ။ ဒါက လောကသဘာဝ၊ နိယာမပင်ဖြစ်ပါ၏။ ဤအချက် သည် မြန်မာ့နိုင်ငံရေး၏ အတွင်းပိုင်းအကျဆုံးကိစ္စကြီးတစ်ရပ်ပင်ဖြစ်ပါသည်။ အကူးအပြောင်းဆိုင်ရာဘက်မှ ပြောရပါက အသော်ရစ်တေးရီးယန်း အာဏာရှင်/အာဏာပိုင်စံနစ်ပုံတို့ ရှိနေသေး မဆုတ်ခွာသေးသရွေ့ အဆိုးသက်ရောက်မှုများ ဆက်ဖြစ်နေပေဦးမည်။

မြန်မာ့နိုင်ငံရေးကို အိုင်ဒီယော်လော်ဂျီဘက်မှကြည့်ရပါက အသော်ရစ်တေးရီးယန်း အာဏာရှင်/အာဏာပိုင်စံနစ်နှင့်ပုံစံတချို့လည်း အပြိုင်တည်ရှိနေသော မော်ဒန် လစ်ဘရယ်လက်ဖ်ထ် (Modern Liberal Left) အနေမျိုးကပင် ဆက်သွားနေလိမ့်မည်ဟု ယူဆရပါသည်။ မြန်မာသည် ရှေ့သို့  ဆက်ရွေ့ နေပါသည်။ ၂၀၂၁ ပရီဗျူးများသည် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း နှင့် ခြိမ်းခြောက်စိန်ခေါ်ချက် (SWOT- Strength, Weakness, Opportunities and Threats) အမြင်မျှလောက်ဖြင့် ကြည့်လျှင်ပင် ထင်ရှားရှင်းလင်း မြင်နေရပါ၏။ ခရီးကဝေးသည်ဆိုနိုင်ငြား မြန်မာက ရှေ့သို့သာဆက် “ရွေ့” နေပါ၏။          ။  

                                                                               ***

မင်းတင်

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading