(၁)
၂ဝ၂၀ ကို နှုတ်ဆက်၍ ရှေ့ဆက်လာကြရပြီဖြစ်သည်။ ထုံးစံအတိုင်း ၂၀၂၀ မှာ ဘာတွေဖြစ်ခဲ့သည်လဲ … ဆွေးနွေးကြ၊ ငြင်းခုန်ကြ၊ ဝေဖန်သုံးသပ်ကြ၊ ရီဗျူး တွက်ဆချက်တွေလုပ်ကြသည်။ ထိုထို ၂၀၂၀ ရီဗျူးများသည် အကယ်စင်စစ် ၂၀၂၁ အတွက် ပရီဗျူးများသဖွယ်လည်း ဖြစ်လာစေပြီး ယူသော်ရ၏အနေအထားတွေက အမြဲအသုံးတည့်လှသောကြောင့် ထောင့်စေ့အောင်ကြိုးကုပ်အားထုတ်ကြမြဲလည်း ဖြစ်ပြန်သည်။

ရီဗျူးများကို အကြမ်းဖျဉ်းအားဖြင့် နိုင်ငံရေး၊ စီးပွားရေး (နိုင်ငံရေးရာစီးပွားရေး နှင့် လူမှုစီးပွား အပါ)၊ လူမှုဆိုင်ရာ ဟု ၃ ပိုင်းအခြေပြု၍ ထပ်မံခွဲခြမ်းကြည့်မြင်နိုင်ပါ၏။ ပညာရပ် နှင့် လက်တွေ့ ၂ ပိုင်းလုံးကို လိုအပ်သလို ပေါင်းစပ်ထားသည့် ပညာရှင်အကြံပြုချက်များအပေါ်မှ ရီဗျူးများစွာကို အသုံးတည့်ရှုထောင့် အပြင် အခြားဖက်တာများမှလည်း ပြန်ကြည့်မြင်သုံးကြရမြဲ ဖြစ်သည်။
(၂)


မြန်မာ ၂၀၂၀ ရီဗျူးများစွာကို လေ့လာဖြစ်ခဲ့ပါ၏။
အင်္ဂလိပ်အက္ခရာဝလိဖြင့်ဆိုပါက အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ အာရှဖောင်ဒေးရှင်း၊ BTI - Bertelsmann Stiftung's Transformation Index(BTI)၊ အီကော်နောမစ်အင်တဲလီးဂျန့်ယူနစ် (EIU)၊ အီကောနောမစ် ဖိုးကပ်စ် (EF)၊ ဥရောပကုန်သည် စက်မှုအသင်း-မြန်မာ (EuroCham-Myanmar)၊ အပြည်ပြည်ဆိုင်ရာငွေ ကြေးရန်ပုံငွေအဖွဲ့(IMF)၊ အောက်ခ်စ်ဖို့ဒ်စီးပွားလုပ်ငန်းအုပ်စု (OBG)၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့(OECD)၊ Statista အဖွဲ့၊ ကမ္ဘာ့ဘဏ်အုပ်စု (WBG) …. စသဖြင့် ဖြစ်ပါသည်။


လူတိုင်းအရင်ဆုံးရှင်းခနဲဖြစ်စေမည့်အချက်ကတော့ ၂၀၂၀ ရီဗျူးအားလုံးတွင် အထင်ရှားဆုံးကိစ္စက ကိုဗစ်ပင်ဖြစ်သည်။
ဒါကမြန်မာတင်မဟုတ်၊ တစ်ကမ္ဘာလုံး၏မည်သည့်နယ်ပယ်ကိုမဆို သက်ရောက်နေ သော အခြင်းအရာလည်းဖြစ်၏။ တစ်ဖန် ICG ကဲ့သို့ ပဋိပက္ခနှင့်ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့မျိူး၊ IHRB လူ့အခွင့်အရေးနှင့် စီးပွားရေးအင်စတီကျုကဲ့သို့ အဖွဲ့မျိုး တွေအပြင် ကုလသမဂ္ဂ၏ ဘော်ဒီအသီးသီးမှ ထုတ်ပြန်ချက်များ(ဥပမာ- ILO နှင့် UNHRC တို့ကဲ့သို့) ကိုလည်းထည့်သွင်းလေ့လာရမည်ဖြစ်သလို ကုလ သမဂ္ဂ ထောင်စုနှစ်နှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးရေးပန်းတိုင်များ (MDGs & SDGs) ကို “တည်” ၍ မြန်မာအစိုးရ၏ (MSDP- Myanmar Sustainable Development Plan 2018-2030) နှင့် မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့၊ ဝန်ကြီးဌာနအသီးသီး နှင့် အဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများ၊ ကော်မရှင်များ စသည်တို့၏ ထုတ်ပြန်ချက်အသီးသီးတို့ကိုလည်း “ကိုင်” ထားရမည်ဖြစ်သည်။
(၃)
နိုင်ငံရေးသည်လည်းကောင်း၊ နိုင်ငံရေးရာစီးပွားရေး (Political Economy) နှင့် စီးပွားရေး (မက်ခရိုရော၊ မိုက်ခရိုပါ) သည်လည်းကောင်း၊ လူမှုစီးပွားဆိုင်ရာများသည်လည်းကောင်း တစ်စုံလုံး (the Whole) ကြည့်၊ သေချာမြင် မှ ပေါ်လစီနှင့် မူဝါဒဖော်ဆောင်မှု ကို ထိရောက်အားကောင်းစေတတ်မြဲဖြစ်ပါ၏။ တစ်ဖန် ထိုထို အကြောင်းခြင်းရာနယ်ပယ်တို့သည် ဆက်စပ်မှုများဖြင့် လည်ပတ်နေကြသော သဘာဝရှိပါ၏။ အရိုးရှင်းဆုံး ဥပမာက သစ်တစ်ပင်ချင်းစီ နှင့် သစ်တောတစ်အုပ်လုံး ပင် ဖြစ်သည်။
ကိုဗစ်ဖိစီးမှုအောက်မှာ မြန်မာ ၂၀၂၁ ပရီဗျူးကို ဤစာတစ်ပုဒ်မျှဖြင့်တော့ တန်းခနဲ ဘယ်လိုမှ ပြောနိုင်မည် မဟုတ်ပါ။ လေ့လာထားသမျှ ၂၀၂၀ ရီဗျူး ပညာရှင်သုံးသပ်ချက်များကို မူတည်၍ လတ်တလောအနေအ ထားများကို ကာလတို၊ ကာလလတ်၊ ရေရှည် ဟူ၍သာ အသေးပြန်စိတ်ကြရမည် ဖြစ်သောကြောင့်ပင်။
အထက်ကဆိုခဲ့ပါ အင်စတီကျူးရှင်းကြီးများ၏ ရီဗျူးများကို ဆန်းစစ်၍ အနှစ်ချူပ်ဆွဲထုတ်နိုင်ချက်တချို့တင် ပြပါမည်။
၁) ကိုဗစ်သက်ရောက်ချက်ကြောင့် စီးပွားထိခိုက်သော်ငြား မြန်မာ့ဒီမိုဂရပ်ဖီနိုင်ငံရေးက အားကောင်းလှသည်။ ဒစ်ဂျစ်တယ်ပိုင်း၊ ကျန်းမာရေးကဏ္ဍ တို့၏ အားထုတ်ချက်အတက်တွေကို ဆက်ထိန်းထားကြရမည်။ ကိုဗစ်အလွန် အခြေခံအဆောက်အအုံပိုင်းများ အထူးသတိပြုရမည်။
၂) ဆေးဝါး နှင့် ကျန်းမာရေးကဏ္ဍ စိန်ခေါ်ချက်များကို သေချာကိုင်တွယ်ရမည်။ စီးပွားနာလန်ထူရေးတွင် လုပ်ငန်းအားလုံး၌ ဤအချက်အရေးပါလှသည်။
၃) မြန်မာ့စီးပွားရေး နာလန်ပြန်ထူစေရေးသည် ဒေသတွင်းနှင့် ဂလိုဘယ်ပျမ်းမျှထက် ပိုအားသာနေသည်။ ကိုဗစ်ပထမလှိုင်းတွင် တွက်ချက်ခဲ့ကြသည်က ဒုတိယလှိုင်းကာလတွင် ကမောက်ကမတချို့ဖြစ်ပေါ်စေ သည်။ ဒီဇင်ဘာလကုန်အထိ အထိနာမှုများအပေါ် အကောင်းဆုံးကုစားနိုင်ရေးတို့တွင် လုပ်ငန်းခွင်များ နှင့် ဆင်းရဲနွမ်းပါးမှု အုပ်စုများကို အဓိကထားသင့်သည်။
၄) လူသားအရင်းအနှီး Human Capital ပိုင်းတွင် ကျန်းမာရေးနှင့် ပညာရေးကို အမြန်ဆုံး ထိန်းထေ ထပ် မြှင့်တင်ပေးမှု သေချာရှေ့ဆက်ရန်လိုအပ်သည်။
၅) စီးပွားပြန်နာလန်ထူရေးအတွက် တရုတ်နှင့်ဆက်စပ် အခန်းကဏ္ဍအားလုံးကို သေချာချိန်ဆရန် လိုအပ်သည်။ ရနိုင်ခြေများစွာရှိသကဲ့သို့ ဆက်စပ်သက်ရောက်နယ်ပယ်အားလုံးကို ထည့်တွက်နေရန်ဖြစ်သည်။
၆) မြန်မာသည် ခံနိုင်ရည်ရှိနိုင်ငံအနည်းငယ်ထဲပါဝင်နေရာ ဤအနေအထားမှ ခပ်သွက်သွက်လှမ်းတက် နိုင်ရေးက အထူးအရေးပါကြောင်း ထပ်ပြောဖွယ်မရှိပါ။ စီးပွားရေးတိုးတက်မှုသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တွင် ၆ ဒဿမ ၈ ရှိခဲ့ရာမှ ၂၀၁၉-၂၀ တွင် ၁ ဒဿမ ၇ သို့ကျဆင်းခဲ့သော်လည်း သုည အောက်ရောက်ကမ္ဘာ့ နိုင်ငံများစွာထက် များစွာသာနေသေးသည်။
{သမားရိုးကျ ဘောဂဗေဒကိန်းဂဏန်းများထက် သဘောအမြင်အယူပိုင်း နှင့် အနှစ်သာရပိုင်းတို့ကိုဦးစား ပေးထားခြင်းဖြစ်ပြီး တချိူ့ကိုသာဆိုလိုပါသေးသည်။}
မြန်မာ့စီးပွားရေးလက်ရှိအိုင်ဒီယော်လော်ဂျီကို ဖျတ်ခနဲသုံးသပ်ရပါက အများပြော၊ အပြောများနေသော နီယို လစ်ဘရယ်မဟုတ်ပါ။ မော်ဒန်စတိတ်ကက်ပီတယ်လစ်ဇင် ဆန်ပါသည်။ လစ်ဘရယ်အယိမ်းတွေလည်း ရှိပါ သည်။ ကိန်းဘောဂဗေဒအယူမှ ဖြန့်ထွက်ဆက်ပေါ်လာချက်များလည်းပါဝင်နေပါသည်။ တရုတ်နှင့်ရော အမေရိကန်ပုံစံနှင့်ပါ ကွဲလွဲနေသည်ဟု ယေဘုယျသာ ပြောနိုင်ပါသေးသည်။
(၄)
အကူးအပြောင်းတစ်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာသည်လည်း အောက်ပါ အပြန့်ကျယ်နယ်ပယ် ၆ ရပ်ကို ပုံမဖော်ဘဲသွား၍ မရနိုင်၊ မဖြစ်နိုင်ပါ။ အောင်မြင်သောအကူးအပြောင်းနိုင်ငံများကိုချည်းလည်း ပုံစံနမူနာယူ နေ၍မဖြစ်သလို၊ မရွေ့သောနိုင်ငံများကိုလည်း သင်ခန်းစာယူ၍ ကြည့်မြင်ယူနိုင်ကြရပါမည်။
၁) လူမှုစီးပွား အနေအထား၊
၂) စီးပွားရေးတည်ဆောက်ပုံနှင့် ပေါ်လစီများ၊
၃) အရပ်ဘက်လူ့အဖွဲ့အစည်း နှင့် မီဒီယာ၊
၄) တရားဥပဒေပြဌာန်းထားရှိပုံ နှင့် တရားဥပဒေစိုးမိုးရေး၊
၅) အစိုးရဖွဲ့စည်းပုံ နှင့် အာဏာခွဲဝေမှု၊
၆) ပညာရေး နှင့် လူဦးရေဆိုင်ရာများ(ဒီမိုဂရပ်ဖီ)။
အကူးအပြောင်းနိုင်ငံတို့မည်သည် သမားရိုးကျတော့ ဘယ်သောအခါမှ မဟုတ်ပေ၊ ပုံမှန်တွက်ချက်၍မရသော အကြောင်းများစွာ ပေါ်လိုက်ငုတ်လိုက် ဖြစ်တတ်မြဲပင်။ သို့အတွက် ပေါ်လစီမိတ်ကာများနှင့် ပုံဖော် တည်ဆောက်သူများ၊ ကီးပလေယာများ အနေဖြင့် အကူးအပြောင်းကို ကောင်းစေ၊ဆိုးစေ သက်ရောက်စေ သော၊ အမြဲမပြတ်သိမြင်ချိန်ဆနေကြရမည့် အကြောင်းရင်း (၇) ချက်ကိုလည်း အစဉ်သတိမူနေ ကြရမြဲဖြစ် ပါ၏။
၁) စီးပွားရေးတိုးတက်မှု နှင့် အကျပ်အတည်း၊
၂) ရွေးကောက်ပွဲအတွေ့အကြုံ၊
၃) အရှိန်အဟုန်ကြီးမားသော အရပ်ဘက်လူ့အဖွဲ့အစည်း၊
၄) အိမ်နီးချင်းနိုင်ငံတို့၏သက်ရောက်မှုများ (ပထဝီဒေသကိုမဆိုလို)၊ ဤ (၁) မှ (၄) ကို “အရင်ဆုံး နှင့် အရင်းခံကျကျကြုံတွေ့ကြရသော ထိပ်ပိုင်းအကြောင်းအချက်များ” ဟု ဆိုကြရပြီး “အကူးအပြောင်းကာလ ပေါ်လစီရွေးချယ်မှု အချိုးအကွေ့များ” အဖြစ် --
၅) လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းဆိုင်ရာ ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်များ ချမှတ်ခြင်း၊ လက်တွေ့ ထိရောက်စွာအကောင်အထည်ဖော်ခြင်း၊
၆) တရားဥပဒေစိုးမိုးမှု နှင့် စီးပွားရေးစီမံအုပ်ချုပ်မှု၊
၇) ပါဝါလျှော့ချခြင်း / တိုးခြင်း နှင့် ထက်-အောက်အဆင့်ဆင့်အာဏာခွဲဝေမှု။
စုစုပေါင်း (၇)ချက်ဖြစ်ပါသည်။ သိရှိနားလည်ပြီးသားဖြစ်တတ်ကြသည်ဆိုငြား ဤတစ်ချက်ချင်းစီ၌ပင် ကျမ်း ပေါင်းများစွာ၊ အသေးစိတ်လေ့လာချက်များစွာ၊ သုတေသနစာတမ်းများစွာ အဆူဆူသော ပညာရပ်နှင့်လက် တွေ့တို့ ရေးဖွဲ့မကုန်၊ လေ့လာမခမ်း ရှိပါသည်။ ဆွဲယူကြည့်မြင်ရမည်တို့များစွာရှိပါသည်။ ထိုအထဲတွင် နှစ် ကာလအပိုင်းအခြားအလိုက်ရီဗျူးတွေလည်း ပါဝင်ပါ၏။
အကူးအပြောင်းနိုင်ငံငယ်တစ်ခုဖြစ်ငြား မြန်မာမှာက ပိုကျပ်ချက်၊ ပိုသာချက်တွေအပြင် ခန့်မှန်းရခက်လှ သည်တို့လည်း များစွာတွဲယှက်နေပြန်သည်။ စိန်ခေါ်မှုများလှသည်တို့အပြင် အားသာနေသည်များလည်း ရှိနေပြန်ပါသည်။
(၅)
နိုင်ငံရေးအရပရီဗျူးသည် ကိုဗစ်ကာလအတွင်းမှ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ အောင်မြင်ခဲ့မှုရီဗျုးအပေါ် အများအပြားထောက်ပြပြောဆိုကြပါသည်။ စာရေးသူကတော့ ၂၀၂၁ ပရီဗျူးတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တစ်လှည့်စီဆူကြုံနိမ့်မြင့်ဖြစ်နေမှုတွေအပေါ် စိုးရိမ်မိပါ၏။ တပ်မတော်၏ မဲစာရင်းဆိုင်ရာကိစ္စ ဝင်ရောက်စွက်ဖက်နေခြင်းသည် ရေရှည်အလားအလာမကောင်းပါ။ အစစ်အမှန် နှင့် နောက်ပါး ရည်မှန်း ချက်များကို ကြည့်ရသည်ကလည်း ယခုစာကိုရေးနေသည့် ဇန်နဝါရီလပထမပတ်အထိ ရှင်းရှင်းလင်းလင်း မရှိလှသလို တိတိပပလည်း မသိရသေးပြန်ပါ။
လက်ရှိအာဏာရ NLD အပြတ်အသတ်အနိုင်ဆက်ရခြင်းသည် တိုင်းရင်းသားပါတီများ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ နှင့် ဆက်ဆံရေးတိုးတက်၍ ပိုညီညွတ်စေနိုင်မည်ဟုတော့ ပိုမျှော်လင့်လာနိုင်စေပါသည်။
လာမည့်အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးကို ချဉ်းကပ်ပုံအသစ်များဖြင့် ရှေ့ဆက်မည်ဟု မနေ့တနေ့ကပဲ ထုတ်ပြောပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို တိုးချဲ့မည်ဟု ယေဘုယျသာ သိထားရသေးသော်လည်း “ယတိပြတ်မှငြိမ်းချမ်းမည်” ဟုသာ သိမြင်ခံစားနေကြရသည် ဖြစ်၍ တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ သဘောအမှန်ကိုသာ စောင့်ကြည့်ရပါလိမ့် ဦးမည်။
လာမည့်လွှတ်တော်အခင်းအကျင်း၌ ပြီးခဲ့သည့် ၅ နှစ်ကို သင်ခန်းစာယူသင့်သည်များယူ၍ ပိုမိုထိရောက် အားကောင်းလာသင့်သလို ဖြစ်ဖွယ်ရှိများလည်း မြင်ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုစ္ဆာ ဆက်ကျယ်လောင်နေဦးပေမည်။ MSDP အောင်မြင်ရန် ဥပဒေ၊ နည်ဒဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့ အများ အပြားလိုအပ်နေပါ၏။
အုပ်ချုပ်ရေးယန္တရား …. ။ နိုင်ငံရေးဆန္ဒ (Political Will) မည်မျှကောင်းသည်ဖြစ်စေ၊ အုပ်ချုပ်ရေးလည် ပတ်ပုံနှင့် စနစ်များကို သေချာဆက်လက်ပြုပြင်ရေးက စိန်ခေါ်နေချက်ကြီးတစ်ရပ်ဖြစ်ဆဲပင်။ ကောင်းမွန် သောအုပ်ချုပ်ရေးအတွက်မေးခွန်းဖြစ်ပါ၏။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် မေးခွန်းသစ်၊ ပုစ္ဆာသစ်တို့ ဆက်ထွက်ပေါ်နေဆဲဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေး အပိုင်းတွင် လက်ရှိ လွတ်လပ်တက်ကြွမူဝါဒကိုပင် ဆက်ထိန်းနိုင်ရေး အင်မတန် အရေးပါလာပါမည်။ တရုတ်-အမေရိကန် အားပြိုင်မှု၊ ဒေသတွင်းအနေအထားများနှင့် ထရမ့်အလွန် ဘိုင်ဒင်ခေတ်အရောက် နိုင်ငံတကာစနစ်သစ်တစ်ရပ် ခေါင်းပြူအထွက်ကာလ၊ ဂလိုဘယ်လိုက်ဇေးရှင်း နှင့် အိုင်ဒန်နတီပေါ်လစ်တစ်တို့က အခင်းအကျင်းအသစ်များ အဖြစ် မြန်မာကို စိန်ခေါ်နေပါ၏။ ICJ ကိစ္စ၊ ကုလလုံခြုံရေးကောင်စီကိစ္စ များအပြင် ပြည်တွင်းနိုင်ငံရေးခြင်းရာများနှင့် တိုက်ရိုက်/သွယ်ဝိုက် ဆက်စပ်နေချက်များကြောင့် အခင်းအကျင်းနိုင်ငံရေး ချိန်ဆတွက်ချက်နိုင်လွန်းပါမှ တော်ရုံကျမည့် အနေအထားလည်းဖြစ်၏။ တရုတ်သည်လည်း အဖက်ဖက်မှ သတိကြီးစွာဆက်ဆံနေရသည်ထက် ပိုလာသော ကိစ္စကြီးပင်။
အထက်၌ ပြောခဲ့ပြီးသည်ကို ထပ်ပြောလိုပါသည်။ ဤစာတစ်ပုဒ်မျှဖြင့်တော့ မြန်မာ့ ရီဗျူး၊ ပရီဗျူး အစုံကို အသေးစိတ်မဖော်ပြနိုင်ပါ။ အရေးကြီးချက်များထဲမှ ဆွဲထုတ်ကြည့်မြင်သုံးသပ်ချက် တချို့မျှသာ ဖြစ်ပါ၊ ရှိပါသေး၏။
မြန်မာသည် ၂၀၁၀ ရွေးကောက်ပွဲဖြင့် အကူးအပြောင်းကို စဖွင့်ခဲ့သည် ဆိုပါက ၂၀၁၂ကြားဖြတ်ရွေး ကောက်ပွဲ အပြီးမှစ၍ စတင်ရွေ့ခဲ့ခြင်းသာဖြစ်သည်။ ဤအပေါ်၌ကိုပင် နာသာခံခက်သည့်တချို့ကိုတော့ ၈ နှစ်ကာလအရ မပြောလို၊ ပြောဖွယ်ရာလည်း သိပ်မရှိတော့ပေ။ သို့ငြား အကူးအပြောင်းတွေမှာ ဖုထစ်ပိတ် ဆို့ အတွေ့ရများသည်က တင်ကြိုလက်ဦးမှုများ (Pre-rogatives) ဟု ဆိုပါလျှင် ထိုအပြေအဖြေကာလကို ညိနှိုင်းမယူမှု၊ တမင်ခေါင်းမာမှု၊ အမြင်ကျဉ်းမြောင်းမှု၊ ဇွတ်တင်းခံသည်ထက်ပိုသော နောက်ပြန်ဆွဲ စိတ်ဆန္ဒ များ စသည်တို့က နိုင်ငံနှင့်ပြည်သူအတွက်ရော၊ မည်သူမည်သည့်အရာ၊ မည်သည့်အစုအဖွဲ့အပေါ်ကိုမျှပါ ရေရှည်ကောင်းကျိုး လုံးဝ(လုံးဝ) မပေးနိုင်၊ မရှိပေ။ ဒါက လောကသဘာဝ၊ နိယာမပင်ဖြစ်ပါ၏။ ဤအချက် သည် မြန်မာ့နိုင်ငံရေး၏ အတွင်းပိုင်းအကျဆုံးကိစ္စကြီးတစ်ရပ်ပင်ဖြစ်ပါသည်။ အကူးအပြောင်းဆိုင်ရာဘက်မှ ပြောရပါက အသော်ရစ်တေးရီးယန်း အာဏာရှင်/အာဏာပိုင်စံနစ်ပုံတို့ ရှိနေသေး မဆုတ်ခွာသေးသရွေ့ အဆိုးသက်ရောက်မှုများ ဆက်ဖြစ်နေပေဦးမည်။
မြန်မာ့နိုင်ငံရေးကို အိုင်ဒီယော်လော်ဂျီဘက်မှကြည့်ရပါက အသော်ရစ်တေးရီးယန်း အာဏာရှင်/အာဏာပိုင်စံနစ်နှင့်ပုံစံတချို့လည်း အပြိုင်တည်ရှိနေသော မော်ဒန် လစ်ဘရယ်လက်ဖ်ထ် (Modern Liberal Left) အနေမျိုးကပင် ဆက်သွားနေလိမ့်မည်ဟု ယူဆရပါသည်။ မြန်မာသည် ရှေ့သို့ ဆက်ရွေ့ နေပါသည်။ ၂၀၂၁ ပရီဗျူးများသည် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း နှင့် ခြိမ်းခြောက်စိန်ခေါ်ချက် (SWOT- Strength, Weakness, Opportunities and Threats) အမြင်မျှလောက်ဖြင့် ကြည့်လျှင်ပင် ထင်ရှားရှင်းလင်း မြင်နေရပါ၏။ ခရီးကဝေးသည်ဆိုနိုင်ငြား မြန်မာက ရှေ့သို့သာဆက် “ရွေ့” နေပါ၏။ ။
***
မင်းတင်
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











