မြန်မာ့နိုင်ငံရေး ၂၀၂၀ ရေစီးနှင့် တင်ကျန်ခဲ့သည်များ

အရပ်ဘက်-စစ်ဘက် ရင်ကြားစေ့ရေးမူ မအောင်မြင်ခဲ့တာရဲ့ ထင်ရှားတဲ့ အဓိကပြရုပ်တစ်ခုကတော့  နိုင်ငံတော်အတိုင်ပင်ခံနဲ့ နီးကပ်တယ်လို့ ယူဆရဟန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးကို ရာထူးမှမှဖယ်ရှားပြီး စစ်ဘက်ကို ယာယီထားကာ ထုတ်ပယ်လိုက်ခြင်းပါပဲ။ ဒါကြောင့် နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ အမြင်မှာ အာဏာရပါတီရဲ့ ရင်ကြားစေ့ရေးမူဟာ မအောင်မြင်ဘူးလို့ သုံးသပ်ခဲ့ကြတာပါ။

Published on Jan 2, 2021

ဘာလိုလိုနဲ့ အခုဆိုရင် ၂၁ ရာစုဦးကိုကျော်လို့ ဆယ်စုနှစ်,နှစ်ခုတောင် ကုန်ဆုံးပါပြီ။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကာလအစစ်ဟု မဆိုနိုင်သေးပေမယ့်  ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပခဲ့တာကတော့ သုံးကြိမ်အထိ ရောက်သွားခဲ့ပါပြီလေ။ ၂၁ရာစုဦးမှာ ပြည်သူတွေမျှော်လင့်ခဲ့တဲ့ တကယ့် နိုင်ငံတော်အပြောင်းအလဲကတော့ စိတ်ကျေနပ်စရာကောင်းလောက်အောင် ဖြစ်မလာခဲ့သေးပါဘူး။

ပါရာဒိုင်းအရွေ့ (Paradigm Shift)ဆိုတာ အစမှာ ပြဿနာဟောင်းနဲ့ ပြဿနာအသစ် နှစ်မျိုးစလုံးကို ပေါင်းဖြေရှင်းကြရစမြဲမို့ နှေးကွေးတတ်သော သဘောရှိပေမယ့် အလယ်လောက်မှာတော့ ပိုမိုလျင်မြန်တဲ့ အရွေ့နဲ့ ပြောင်းလဲသွားတတ်ခြင်းသဘောရှိတာကို တွေ့ရတတ်ပါတယ်။ ဒါက ပါရာဒိုင်းအရွေ့ရဲ့ သဘောသဘာဝပါ။ 

ပထမအကြိမ်ရွေးကောက်ပွဲသက်တမ်း ငါးနှစ်ကတော့ တကယ့်အပြာင်းအလဲ မဟုတ်သေးပေမယ့် ဒုတိယရွေးကောက်ပွဲသက်တမ်းမှာ အရပ်ဘက်အခြေပြုပါတီက အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အရပ်သားအစိုးရအဖွဲ့ဟာ ၂၀၁၆မှာ ဖွဲ့စည်းလာနိုင်ခဲ့တာကြောင့်  ပြည်သူ့မျှော်လင့်ချက်ကလည်း အရင်ကထက် ပိုမိုကြီးမားလာတာကို တွေ့လာရတယ်။ 

ပြည်သူ့မျှော်လင့်ချက်ဆိုရာမှာ 
(က) ၂၀၀၈ခြေ/ဥပြင်ဆင်ရေး (တနည်း) ဖျက်သိမ်းရေး။ 
(ခ) ဥပဒေရှေ့မှောက်မှာ လူတိုင်းတပြေးညီခံစားခွင့်ရရှိရေး။
(ဂ) တရားမျှတမှုရှိရေး။
(ဃ) ပွင့်လင်းမြင်သာမှုရှိရေး။
(င) ပြည်တွင်းငြိမ်းချမ်းရေး။ 
(စ) လွတ်လပ်စွာပြောခွင့်၊ ထုတ်ဖေါ်ခွင့်၊ တင်ပြခွင့် အစရှိတဲ့ ဒီမိုကရေစီရဲ့စံနှုန်းတွေအပေါ် ရရှိပိုင်ခွင့်အ တွက် မျှော်လင့်ချက် ကြီးမားလာခဲ့ကြပါတယ်။ 
ဒါပေမယ့် ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရသစ်ဟာ အုပ်ချုပ်ရေးအရ တည်ငြိမ်မှုကို ဦးစားပေးနေရတာကြောင့် ၂၀၁၈အထိတော့ ကြီးမားတဲ့အပြောင်းအလဲကို မဖေါ်နိုင်ခဲ့ပါဘူး။  အရင်စစ်အစိုးရခေတ်ရဲ့ မပြီးပြတ်ခဲ့တဲ့ ပြဿနာရပ်တွေကို ဖြေရှင်းနေရတာနဲ့ပဲ အချိန်တွေကုန်ခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာဟောင်းတွေ ဖြေရှင်းလို့ပြီးပြတ်သလားဆိုရင် မပြီးပြတ်နိုင်သေးဘူးလို့ပဲပြောရမှာပါ။ ပြဿနာအသစ်အဖြစ်နဲ့တော့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့မဟာမိတ် ရခိုင်လက်နက်ကိုင်ပြဿနာ ပေါ်လာခဲ့ပါတော့တယ်။ အရင်အစိုးရဟောင်းလက်ကျန်ဖြစ်တဲ့ ဘင်္ဂလီလို့ အစိုးရနဲ့စစ်တပ်ကခေါ်ဝေါ်ခဲ့တဲ့ ‘ရိုဟင်ဂျာ’ပြဿနာကလည်း ရှိနေပါသေးတယ်။ 
အစိုးရသစ်အနေနဲ့ အခြေခံအဆောက်အုံ(infrastructure) လုပ်ဆာင်မှုအပိုင်းမှာတော့ အရွေ့တစ်ခု ဖေါ်ဆောင်လာနိုင်တာကို တွေ့ရတယ်။ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်ပိုင်းဆိုင်ရာတို့မှာ အရင်ကထက်များစွာ ပြောင်းလဲတိုးတက်လာခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အားလုံးမဟုတ်ပေမယ့် ထိုက်သင့်သလောက် ပြောင်းလဲလာတာကို တွေ့ရတယ်။ အခြေခံအဆောက်အုံပိုင်းဆိုင်ရာ လုပ်ဆောင်မှုကတော့ အစိုးရတိုင်းလိုလို ဦးစားပေးလုပ်ဆောင်ရတဲ့ အပိုင်းလည်းဖြစ်တယ်။ အခြေခံအဆောက်အုံပိုင်း ညံ့ဖျင်းရင် စီးပွာရေးတုံ့ဆိုင်းတတ်ပေတာကိုး။ 

ဒါပေမယ့် ၂၀၀၈ ခြေ/ဥပြင်ဆင်ရေးအပိုင်းကတော့ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်သလို နိုင်ငံလိုအပ်ချက်တစ်ခုလည်း ဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ လွှတ်တော်ကနေ ပြင်ဆင်ဖို့ ကျိုးစားအားထုတ်ခဲ့ပေမယ့် စစ်တပ်ရဲ့  ၂၅% ဗီတိုနဲ့ အပယ်ချခံခဲ့ရတာကြောင့် အောင်မြင်မှု မရရှိခဲ့တာကိုတွေ့ရတယ်။ ဘယ်လိုပင် အပယ်ချခဲ့ရပေမယ့် ၂၀၂၀ ခုနှစ်ရဲ့ ရွေးကောက်ပွဲကတိကိုတော့ ကျိုးစားပေးခဲ့တာကို တွေ့လာရတယ်။ အဲ့ဒီမအောင်မြင်မှုဟာ အာဏာရ အရပ်ဘက်အစိုးရအဖွဲ့ရဲ့ အရပ်ဘက်-စစ်ဘက် ရင်ကြားစေ့ရေးမူ မအောင်မြင်မှုလို့လည်း တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ရနိုင်ကောင်းပါတယ်။

အရပ်ဘက်-စစ်ဘက် ရင်ကြားစေ့ရေးမူ မအောင်မြင်ခဲ့တာရဲ့ ထင်ရှားတဲ့ အဓိကပြရုပ်တစ်ခုကတော့  နိုင်ငံတော်အတိုင်ပင်ခံနဲ့ နီးကပ်တယ်လို့ ယူဆရဟန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးကို ရာထူးမှမှဖယ်ရှားပြီး စစ်ဘက်ကို ယာယီထားကာ ထုတ်ပယ်လိုက်ခြင်းပါပဲ။ ဒါကြောင့် နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ အမြင်မှာ အာဏာရပါတီရဲ့ ရင်ကြားစေ့ရေးမူဟာ မအောင်မြင်ဘူးလို့ သုံးသပ်ခဲ့ကြတာပါ။

တရားမမျှတမှုရဲ့ ပြရုပ်အဖြစ်ကတော့ အရုပ်ဆိုးအကြီးတန်လွန်းတဲ့ ဗစ်တိုးရီးယားကလေးငယ်လေးရဲ့ မဖွယ်မ ရာပြုကျင့်ခံရမှုပါပဲ။ သက်မဲ့သက်သေဖြစ်တဲ့ cctv အဖျက်အစီးခံရမှုဟာ ထင်ရှားတဲ့ဖြစ်ရပ်တစ်ခု အဖြစ် မြန်မာ့တရားစီရင်ရေးမှာ သမိုင်းတင်ကျန်ရစ်ခဲ့မယ့် မှတ်တမ်းတစ်ခုပါ။ သက်သေခံဖျက်စီးမှုဟာ ပြစ်မှုတစ်ခုဖြစ်နေတာကြောင့်  စီအိုင်ဒီလို့ခေါ်တဲ့ မှုခင်းထောက်လှမ်းရေးအတွက်တော့ အမည်းစက်တစ်ခု ဖြစ်ကျန်ရစ်ခဲ့မှာပါ။ ပြည်သူလူထုရဲ့အမြင်ကတော့ ဒါဟာ ပြည်ထဲရေးက စစ်တပ်လက်အောက်မှာရှိလို့ တရားမျှတမှုကို မဖေါ်ဆောင်နိုင်ခြင်းပဲလို့ လက်ခံထားခဲ့ကြပါတယ်။

ထိုနည်းတူ သင်္ကြန်သံချပ်အဖွဲ့ဖြစ်တဲ့ ကျောင်းသားငယ်သံချပ်အဖွဲ့ကို တပ်မတော်က အသရေဖျက်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ စွဲချက်တင်ရာမှာလည်း ပြစ်မှုတစ်ခုတည်းကို မြို့နယ်တွေခွဲပြီး အမှုများစွာဖန်တီး စွဲဆိုခဲ့တာကို တွေ့ရတယ်။ ပြစ်မှုတစ်ခုအတွက် တစ်ကြိမ်သာစွဲဆိုခွင့်နဲ့ တပေါင်းတည်းခံစားခွင့်ကို ပစ်ပယ်လိုက်ခြင်းဟာလည်း ဥပဒေရှေ့မှောက်မှာ တပြေးညီခံစားခွင့် ဆုံးရှုံးစေတယ်လို့ သုံးသပ်ချက်တွေကလည်း ရှိနေပါတယ်။ အရပ်ဘက်တရားရုံး ဖြစ်သော်ငြားလည်း ‘တပ်မတော်မှ တရားလိုဖြစ်နေခြင်းကြောင့် တရားသူကြီးရဲ့သက်ညှာခွင့် ဆုံးရှုံးစေပြီး လွတ် လပ်တဲ့တရားစီရင်ခွင့် မရှိခြင်းရဲ့ ပြရုပ်တစ်ခုပင် ဖြစ်နေတယ်လို့’ ဥပဒေပညာရှင်တွေရဲ့ ဝေဖန်မှုတွေကလည်း ရှိနေခဲ့ပါတယ်။

အဂတိလိုက်စားမှုကိုအရေးယူရာမှာတော့ ထင်သာမြင်သာဖြစ်စေတာအချို့ကို တွေ့မြင်ရတယ်။ တင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို အရေးယူနိုင်ခဲ့ခြင်းက သက်သေတစ်ခုဖြစ်နေတာကို တွေ့မြင်နိုင်တယ်။ အခြားသောအမှုငယ်အချို့ကိုလည်း အရေးယူနိုင်ခဲ့ပေမယ့် တကယ့်နာမည်ကြီးအချို့ကိုတော့ အရေးမယူနိုင်ခဲ့တာလည်း ရှိနေပါတယ်။  ဒါပေမယ့် အစိုးရသစ်ကာလမှာ အရင်အစိုးရတွေထက် အရေးယူလုပ်ဆောင်နိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ 

ထူးခြားချက်အနေနဲ့ကတော့ အရပ်ဘက်အစိုးရတက်လာချိန်မှာ နိုင်ငံတော်သမ္မတအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲဟာ သမ္မတရဲ့ လွဲမှားတဲ့အကြောင်းကိစ္စရပ်ကြောင့်မဟုတ်ပဲ ကျန်းမာရေးကြောင့် အချိန်းအပြောင်း ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် သမ္မတအပြောင်းအလဲကြောင့် ထူးခြားတဲ့ဖြစ်ရပ်တွေ မပေါ်ပေါက်ခဲ့တာကို တွေ့ရတယ်။ 

အဲ့ဒီလိုပဲ ဝန်ကြီးချုပ်အပြောင်းအလဲဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ၂ ဦးနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ၂ ဦးတို့ အပြောင်းအလဲ ဖြစ်ပေါ်လာခဲ့တယ်။ ပထမဦးဆုံး ဧရာဝတီတိုင်း ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲအတွက် အရေးယူအပြစ်ပေးခံတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒုတိယအနေနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်အပြောင်းအလဲမှာလည်း ဧရာဝတီတိုင်းဝန်ကြီးချုပ်နည်းတူ အရေးယူအပြစ်ပေးခံရခြင်းမျိုး မရှိတာကို တွေ့ရပါတယ်။ 
တနင်္သာရီတိုင်းဝန်ကြီးချုပ်အပြောင်းအလဲမှာတော့ အရေးယူအပြစ်ပေးခံပြီးမှ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တာပါ။ ဒီအပြောင်းအလဲကတော့ အဂတိလိုက်စားမှုဥပဒေအရ အရေးယူခံရတာဖြစ်တဲ့အတွက် အရပ်ဘက်အစိုးရအဖွဲ့ရဲ့ အဂတိလိုက်စားမှု နှိမ်နင်းခြင်းအပေါ်မှာ လူထုယုံကြည်မှု အထိုက်အလျောက် ရခဲ့တာကိုတွေ့ရတယ်။ နောက်ဆုံး အရေးယူထုတ်ပယ်ခြင်းခံရတာကတော့ ကယားပြည်နယ်ဝန်ကြီးချုပ်ပဲ ဖြစ်တယ်။ သူကလည်း ဝန်ကြီးချုပ်အဖြစ်က ထုတ်ပယ်ခြင်းခံရပေမယ့် အရေးယူအပြစ်ပေးခြင်းမခံရတဲ့အပြင် ရွေးကောက်ခံပိုင်ခွင့်လည်းရရှိခဲ့ပါတယ်။ 

နောက်ဆုံးဝန်ကြီးချုပ်အပြောင်းအလဲကတော့ ရွေးကောက်ပွဲကာလနီးတော့မှဖြစ်ပေါ်လာခဲ့တဲ့ ကယားပြည် နယ်ဝန်ကြီးချုပ်အပြောင်းအလဲပါပဲ။ ဒီအပြောင်းအလဲဟာ စိတ်ဝင်စားစရာကောင်းသလို သင်ခန်းစာယူရမယ့် အပြောင်းအလဲတစ်ခုလို့ဆိုရမှာပါ။ ကန္တာရဟေဝန်ပန်းခြံတွင်း မြင်းစီးရုပ်တုထားရှိရာက မပြေတဲ့အမျက်တစ်ခုကအစပြုလို့ လွင့်စင်လာတဲ့မီးပွားတစ်စကနေ ဆက်လက်လောင်ကျွမ်း တောက်လောင်ခဲ့ဟန်ပါပဲ။ သူ့ကို စွပ်စွဲပြစ်တင်တဲ့ လူတွေကိုယ်တိုင် ‘စုံစမ်းစစ်ဆေးကော်မတီ’မှာ ပါဝင်နေတဲ့အတွက် စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ဆင့်ခေါ်ချက်ကို ငြင်းဆန်ရာကနေ ထုတ်ပယ် ခံလိုက်ရခြင်း ပါပဲ။ ဝန်ကြီးချုပ်အဖြစ်ကနေ ထုတ်ပယ်ခံရပေမယ့် ရွေးကောက်ပွဲမှာတော့ နောက်တစ်ကြိမ် ကိုယ်စားလှယ်အဖြစ် လူထုက ထပ်မံရွေးချယ်လိုက်ခြင်းကလည်း ထူးခြားမှုတစ်ရပ် ဖြစ်နေပါတယ်။ 
၂၀၂၀ခုနှစ် တနှစ်လုံးကိုကြည့်ရင် မတ်လလယ်လောက်ကစပြီး ကိုဗစ်ရောဂါပထမလှိုင်းဟာ မြန်မာပြည်ကို ရောက်လာခဲ့သလို မြန်မာနိုင်ငံရဲ့ ငါးနှစ်တစ်ကြိမ်ရွေးကောက်ပွဲကာလနဲ့လည်း တိုက်ဆိုင်နေပြန် ပါတယ်။ ICJတရား ရုံးရဲ့အဆက်ဖြေရှင်းမှုတွေလည်းရှိခဲ့တယ်။ ကိုဗစ်ရောဂါဆိုးကြီးရဲ့ တကမ္ဘာလုံးအနှံ့ ကပ်ရော ဂါကာလအတွင်းမှာပဲ ကမ္ဘာ့နိုင်ငံအချို့မှာ ရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့သလို မြန်မာနိုင်ငံမှာလည်း ကပ်ရောဂါရဲ့ ဒုတိယလှိုင်းအတွင်းမှာပဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်မီ ပါတီအဖွဲ့တွေရဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေ ထုတ်ပြန်ရာမှာ ဒုတိယအများဆုံး ကိုယ်စားလှယ်လောင်းစာရင်းတင်ခဲ့တဲ့ နှင်းဆီပါတီလို့အသိများခဲ့တဲ့ ‘ညီညွတ်သော ဒီမိုကရက်တစ်ပါတီ’နဲ့ပတ်သက်ပြီး ခေါင်းဆောင်ဖြစ်သူ ဟွာဟူးကျော်မြင့်ဟာ ထောင်ပြေးဝရမ်းပြေးအဖြစ် Myanmar Now သတင်းမီဒီယာမှ ထုတ်ဖေါ်လိုက်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်စီစစ်ပြီး ပါတီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ခဲ့သလို ပါတီဥက္ကဌ ဟွာဟူးလည်း ပြန်လည်အထိန်းသိမ်းခံလိုက်ရပါတယ်။ ဟွာဟူးကိုပြည်ဝင်ခွင့် ပြုခဲ့တာက ပြည်ခိုင်ဖြိုးအစိုးရကာလမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာလည်း မြန်မာ့သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်စွာ တင်ကျန်ရစ်ခဲ့မယ့် ဖြစ်ရပ်တစ်ခုပါပဲ။

ရွေးကောက်ပွဲကာလအတွင်းမှာတော့ ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA က NLD လွှတ်တော်ကိုယ်စားလှယ် လောင်း (၃)ဦးကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။ အဲ့ဒီကိုယ်စားလှယ်လောင်း သုံးဦးမှာ နှစ်ဦးကတော့ အမျိုးသမီးဖြစ်ပြီး ကျန်တစ်ဦးကတော့ အမျိုးသားဖြစ်တယ်။ ဒီလိုပြန်ပေးဆွဲသွားခဲ့ပေမယ့် အဲ့ဒီမဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲကို ရပ်ဆိုင်းခြင်းမရှိပဲ ဆက်လက်ကျင်းပပေးခဲ့တာလည်းတွေ့ရပါတယ်။ ဒီလို ကိုယ်စားလှယ်သုံးဦးကို ဖမ်းထားပြီးမှ ရွေးကောက်ပွဲကျင်းပခြင်းအပေါ်မှာ ရခိုင်ဒေသခံပါတီတွေအနေနဲ့ ‘တရားမျှတမှု မရှိဘူး’လို့ ပြောဆိုခြင်း မရှိခဲ့တာဟာလည်း ရွေးကောက်ပွဲသမိုင်းရဲ့ မှတ်တမ်းတစ်ခုအဖြစ် ရှိနေခဲ့မှာပါ။

နယ်မြေအချို့မှာတော့ နယ်‌မြေလုံခြုံရေးအရ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ ရခိုင်မှာလည်း နယ်မြေအချို့ကို မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲအပြီးမှာတော့ ချန်လှပ်ခဲ့တဲ့နယ်မြေတွေကို ကြားဖြတ်ရွေးကောက်ပွဲလုပ်ပေးဖို့ AA အဖွဲ့က တောင်းဆိုခဲ့သလို မြန်မာ့စစ်တပ်ကလည်း သူနဲ့စစ်တိုက်ဖေါ် AA ရဲ့တောင်းဆိုချက်ကို ထောက်ခံပြီး တောင်းဆိုခဲ့တာတွေ့ရပါတယ်။ ဒီလိုတောင်းဆိုကြပေမယ့် စစ်တပ်ရော AA အဖွဲ့ကပါ နှစ်ဖွဲ့လုံးကတော့ ရွေးကောက်ပွဲမတိုင်မီက ပြန်ပေးဆွဲခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းသုံးဦးလုံးအတွက် ပြန်လွှတ်ပေးခြင်းမရှိသလို ထင်သာမြင်သာ တောင်းဆိုတာလည်း မတွေ့ရပါဘူး။ ဒါဟာလည်း ၂၀၂၀အတွက် ထူးခြားမှုတစ်ခုအဖြစ် မှတ်တမ်းတင်ကြရမှာပါ။

ရွေးကောက်ပွဲအပြီးမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုမှာ မဲအသာစီးနဲ့ အနိုင်ရခဲ့ပါတယ်။ မကြာမီမှာပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကနေ ပါတီအဖြစ်ပြောင်းလဲခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များရဲ့ ရွေးကောက်ပွဲရလဒ်အပေါ် ကန့်ကွက်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ‘မြန်မာ့စစ်တပ်နဲ့ AA တို့ ဝဒေသမှာ ဆွေးနွေးခဲ့ကြတယ်’ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။ 

၂၀၂၀ခုနှစ်ရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိခြင်း မရှိခြင်းကတော့ မျက်မှောက်ကာလ မဲဆန္ဒရှင်တွေအသိဆုံးမို့ ဘယ်သူမှန်လဲ မှားလဲ ဆိုတာ အငြင်းပွားစရာပင် လိုမယ်မထင်မိပါဘူး။ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ပါတီတွေနဲ့   နိုင်ငံအတော်များများကလည်း ရွေးကောက်ပွဲအပေါ် အသိအမှတ်ပြုပြီးဖြစ်တဲ့အတွက် အစိုးရအဖွဲ့သစ်တစ်ခုကတော့  မကြာမီပေါ်ထွက်လာတော့မှာပါ။ အစိုးသစ်အနေနဲ့ အရင်ကဖြတ်သန်းခဲ့ရတဲ့ ငါးနှစ်သက်တမ်းရဲ့ အောင်မြင်မှု၊ မအောင်မြင်မှုတို့ကို သင်ခန်းစာယူပြီး ရှေ့ဆက်ကြရတော့မှာပါ။ 

ရွေးကောက်ပွဲမတိုင်မီမှာပဲ တစ်နှစ်ကျော်ကြာထိ ဝရမ်းပြေးလုပ်နေခဲ့တဲ့ အမျိုးဘာသာ၊ သာသနာအဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးလို့ ပြောစမတ်ပြုရတဲ့ ဦးဝီရသူအပါအဝင် ဝရမ်းပြေးတချို့ဟာ လာရောက်အဖမ်းခံခဲ့တယ်။ ဒါအပြင် ၂၀၂၀ခုနှစ် ကုန်ခါနီးမှာပဲ တရားမျှတမှုမရရှိခဲ့တဲ့ ဗစ်တိုးရီးယားကလေးငယ် မဖွယ်မရာပြုကျင့်ခံရမှုမှာ တရားခံအဖြစ် အစွပ်စွဲခံပြီး လွတ်မြောက်လာခဲ့တဲ့ ကိုအောင်ကြီးဟာ သူ့ကိုမတရားဖမ်းဆီးပြီး မဒိန်းကောင်အဖြစ် အစွပ်စွဲခံခဲ့ရတာကြောင့် လူမှုရေးနဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းခဲ့ရတဲ့အတွက် နစ်နာကြေးအဖြစ် ရဲတပ်ဖွဲ့ထံမှ ငွေကျပ် သိန်းငါးထောင်ရလိုကြောင်း လျှောက်ထားမှုမှာ တရားရုံးက အမှုကို လက်ခံလိုက်ပါတယ်။

ဒါကိုအကြောင်းပြုပြီး ပြည်သူလူထုကြားမှာ ယုံကြည်မှုပျက်ပြားခဲ့ပြီး ဂုဏ်သိက္ခာကျဆင်းနေခဲ့တဲ့ ရဲတပ်ဖွဲ့အနေနဲ့ ဗစ်တိုးရီးယားလေးအမှုရဲ့ တရားခံအစစ်အမှန်ဖေါ်ထုတ်ပေးလေမလားလို့ ပြည်သူထူထုက မျှော်လင့် စောင့်ကြည့်နေတာကိုလည်း တွေ့နေရပါတယ်။ ပြည်ထဲရေးဝန်ကြီးအသစ်အနေနဲ့လည်း ဒီကိစ္စရပ်ကြောင့် လူထုယုံကြည်မှု ပျက်ယွင်းခဲ့ပြီး ကျဆင်းနေတဲ့ရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာအတွက် သမာသမတ်ကျကျ ဖြေရှင်းနိုင်လေမလားဆိုတာ စောင့်ကြည့်လေ့လာနေကြတာကိုလည်း တွေ့နေရပါတယ်။

ရွေးကောက်ပွဲပြီးမှ ဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေထဲမှာ မြန်မာ့သမိုင်းရဲ့ အမည်းစက်တစ်ခုကတော့ ၂၀၂၀အမတ်အဖြစ် အရွေးချယ်ခံထားရတဲ့ နောင်ချိုမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ သူ့နေအိမ်မှာတင် မသမာသူတစ်စုရဲ့ သေနတ်နဲ့ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ တရားခံကိုတော့ အခုထိမဖေါ်ထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် မြန်မာ့ရွေးကောက်ပွဲသမိုင်းအတွက် အမည်းစွန်းတစ်ကွက်ထပ်မံ ဖြစ်ပေါ်လာခဲ့ပြန်ပါတယ်။

၂၀၂၀ရွေးကောက်ပွဲအပြီးမှာ NLD ပါတီရဲ့ ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ‘အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ် ဖွဲ့စည်းမယ်’လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ လာမယ့်အစိုးရသစ်အတွက် ထူးခြားတဲ့အခြေနေသစ် တစ်ခုကို သယ်ဆောင်နိုင်လိမ့်မယ်လို့ နိုင်ငံရေးဝေဖန်သုံးသပ်သူတွေကြားမှာ ပြောဆိုနေကြတာလည်း ရှိနေပါတယ်။  အချို့သောတိုင်းရင်းသားပါတီတွေကတော့ မယုံမရဲနဲ့ ကြိုဆိုခဲ့ကြတာလည်း ရှိသလို လူမျိုးစုတွေရဲ့တည်ရှိမှုကို အလေးထားပေါင်းစည်း ညှိနှိုင်းလိုတဲ့ အမျိုးသားရင်ကြားစေ့ရေးတစ်ခုအဖြစ် ဝမ်းပန်းတသာကြိုဆိုကြတာလည်း ရှိပါတယ်။ လက်တွေ့လုပ်ဆောင်ရာမှာ ဘယ်လိုအခြေနေဖြစ်လာမလဲ ဆိုတာကတော့ မကြာမီ ရှုစားရတော့မှာပါ။

၂၀၂၀ခုနှစ်ကတော့ ဒုတိယအကြိမ် ရွေးကောက်ခံအစိုးရအဖွဲ့ အုပ်ချုပ်မှုဟာ နောက်ဆုံးနှစ်ပါပဲ။ ခု ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလထဲမှာတော့ ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် ခေါ်ဆိုကြရတော့မှာ ဖြစ်ပါတယ်။ အဲ့လို ခေါ်ဆိုပြီးတာနဲ့ အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းကြရမှာ ဖြစ်တယ်။ အစိုးရသစ်လက်ထက်မှာ အရင်က ဖြေရှင်းလို့မပြီးပြတ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေပွဲတွေ၊ ခြေ/ဥပြင်ဆင်ရေးပိုင်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရကို ဘယ်လို အကောင်အထည်ဖေါ် ဆောင်ရွက်မလဲ ဆိုတာကတော့ ဆက်လက်စောင့်ကြည့် အဖြေရှာကြရဦးမှာ ဖြစ်ကြောင်းပါ။

                                                   ***
ဌေးဇော်ထွန်း

           
      

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading