ဖမ်းဆီးခံ တောင်ကုတ် NLD အမတ်လောင်း သုံးဦးကို AA ပြန်လွှတ်

နှစ်လခွဲကျော်ကြာ ဖမ်းဆီးခံရပြီးနောက် NLD အမတ်လောင်း သုံးဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း AA ဘက်က အတည်ပြုခဲ့ပြီး ယနေ့ မင်းပြားတွင် တပ်မတော်ဘက်သို့ လွှဲပြောင်းပေးမည် ဖြစ်သည်

ဖမ်းဆီးခံရသော NLD တောင်ကုတ်မြို့နယ် အမတ်လောင်းသုံးဦး။ 

ရက္ခိုင့်တပ်တော် (AA) က ရက်ပေါင်း ၇၉ ရက်ကြာ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ်မှ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ယနေ့တွင် မင်းပြားမြို့နယ်အတွင်းရှိ မီးချောင်းသိုက်ရွာ၌ လွှတ်ပေးမည်ဟု AA အဖွဲ့၏ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အတည်ပြုသည်။

“ရက္ခိုင့်တပ်တော်ရဲ့ လွှဲပြောင်းရေးအဖွဲ့ကနေပြီး မြန်မာစစ်တပ်ရဲ့လက်ခံရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်စိုးတင့် ဦးဆောင်တဲ့အဖွဲ့ဆီကို ကောင်းကောင်းမွန်မွန်ပြန်လည်လွှဲပြောင်းပြီးတော့မှ လွှတ်ပေးမှာဖြစ်တယ်ဗျ” ဟု ခိုင်သုခက ယနေ့ (ဇန်နဝါရီ ၁ ) တွင် Myanmar Now ကို ပြောသည်။ 

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဒီဇင်ဘာ ၃၀ က အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ပြီးနောက် ဆွေးနွေးပွဲရလဒ်အနေနှင့် ယခုလို လွှတ်ပေးခြင်းဖြစ်သည်ဟု ခိုင်သုခက ပြောသည်။ 

သို့သော် NLD ပါတီမှ အမတ်လောင်း ၃ ဦးကို မည်သည့်အချိန်တွင် ပြန်လွှတ်ပေးမည်ကိုတော့ အတည်ပြုခြင်း မရှိပေ။

ထို့အပြင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားပြီး ဆေးကုသရန် လိုအပ်နေသည့် ဒဏ်ရာရ တပ်မတော်သားသုံးဦးကိုလည်း ပလက်ဝမြို့နယ်အတွင်း ယနေ့ နံနက်ပိုင်းက ပြန်လွှတ်ပေးလိုက်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

"တိုက်ပွဲကာလတွေမှာ ဖမ်းဆီးရမိထားတဲ့သူတွေထဲက အသက်ကြီးပြီး နာမကျန်းဖြစ်နေတဲ့သူတွေ၊ နောက် နဂိုကျန်းမာရေးအခံ ချို့ယွင်းပြီးမှ အခုလက်ရှိမှာလည်း ကျန်းမာရေးအခြေအနေ ပိုပြီးတော့ ဆိုးဝါးလာတဲ့သူတွေ၊ တိုက်ပွဲကာလတွေမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တဲ့သူတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ နှစ်ဦးနှစ်ဖက် ယုံကြည်မှု အပြန်အလှန်တည်ဆောက်နေတဲ့ကာလမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်ဖြစ်ပေါ်မှုအပေါ် မူတည်ပြီး ကျွန်တော်တို့ ဖမ်းဆီးရမိပြီး ထိန်းသိမ်းထားတဲ့ မြန်မာစစ်သားအချို့ကို ကျွန်တော်တို့ ပြန်လည်လွှတ်ပေးမှာ ဖြစ်တယ်ဗျ" ဟု ခိုင်သုခက ပြောသည်။ 

" ဒီမနက် (ဇန်နဝါရီ ၁) မှာ ပလက်ဝဖက်မှာတော့ မြန်မာစစ်တပ်ရဲ့ လက်ခံရေးအဖွဲ့လက်ထံကို ကောင်းကောင်းမွန်မွန် နဲ့ ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်တယ်" ဟု ခိုင်သုခက ဆက်ပြောသည်။ 

အဆိုပါ တပ်မတော်သားသုံးဦးမှာ တပ်မ ၇၇ ၏ လက်အောက်ခံ ခမရ ၃၁၃ တပ်ရင်းမှဖြစ်ပြီး ကိုယ်ပိုင်အမှတ် ၆၉၂၁၈၇ အရာခံဗိုလ် ဦးမြင့်အောင်၊ ကိုယ်ပိုင်မှတ် ၄၀၄ ၈၉၄ တပ်သားနန်းဝင်းမောင်၊ ကိုယ်ပိုင်အမှတ်၄၈၁၅၀၈ တပ်သားဝေလင်းအောင်တို့ဖြစ်သည်။ 

၎င်းသုံးဦးကို ၂၀၁၉ ၊ နိုဝင်ဘာ ၁၉ က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပုန်းညင်းဝကျေးရွာအနီး ဖြစ်ပွားသော တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း AA ဘက်က ပြောသည်။ 

NLD အမတ်လောင်းများကို တပ်မတော်တပ်ရင်းတစ်ခုသို့ လွှဲပြောင်းပေးလိုက်သည်ဟု သတင်းရကြောင်း ဖမ်းဆီးခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၏အမျိုးသား ဦးလင်းနိုင်က ပြောသည်။

" ပြန်လွတ်တယ် ကြားရတာ ဝမ်းသာပါတယ်။ ဒါပေမယ့် လူကိုယ်တိုင်ပြန်ရောက်မလာသေးတော့ အပြည့်အဝတော့ မပျော်နိုင်သေးဘူးပေါ့ဗျာ” ဟု ကိုလင်းနိုင်က ပြောသည်။ 

ယခုလိုပြန်လည်လွှတ်ပေးသည့်အတွက် AA အဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ကို ကျေးဇူးတင်ကြောင်း လွှတ်တော်အမတ်လောင်း မချစ်ချစ်ချော၏အစ်မဖြစ်သူ မအေးအေးငြိမ်းက ပြောသည်။

“အရမ်းပျော်ပါတယ်။ ရင်ထဲမှာလည်းပျော်လို့ ငိုချင်သလိုကြီးဖြစ်နေတယ်။ AA ကိုလည်း တကယ်ကို ကျေးဇူးတင်တာပါ” ဟု မအေးအေးငြိမ်းက ပြောသည်။

တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် တောင်ကုတ်မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ ဖောင်းကားကျေးရွာသို့ မဲဆွယ်စည်းရုံးရေးသွားရောက်ခဲ့ကြပြီး အောက်တိုဘာ ၁၄ နံနက်ပိုင်းတွင် လက်နက်ကိုင် ၁၀ ဦးခန့်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ 

ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံရပြီး ၅ ရက်အကြာ အောက်တိုဘာ ၁၉ တွင် ၎င်းတို့အဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း AA က အတည်ပြုခဲ့ပြီး အစိုးရက ဖမ်းဆီးအရေးယူထားသည့် နိုင်ငံရေးသမားများနှင့် ဆန္ဒပြကျောင်းသားများကို ပြန်လွှတ်ပေးမှသာ ယင်းကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရန်လည်း အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးရန်  NLD ပါတီကလည်း  ကြေညာချက် သုံးကြိမ်ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။

တောင်ကုတ်ကိုယ်စားလှယ်လောင်းသုံးဦးနည်းတူ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည်လည်း ၂၀၁၉ နိုဝင်ဘာ ၃ တွင် ပလက်ဝမြို့နယ်နှင့် ကျောက်‌တော်မြို့နယ်ကြားတွင် AA ၏ ဖမ်းဆီးမှု ခံရပြီး နှစ်လခွဲခန့်ကြာမှသာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅  တွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် AA တို့ အင်တာနက်မှတစ်ဆင့် ဆွေးနွေးခဲ့သည့်အပြင် ဒီဇင်ဘာ ၃ တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်သည့် ပန်ဆန်းမြို့တွင်လည်း တစ်နာရီခန့်ကြာ တွေ့ဆုံဆွေနွေးခဲ့ကြသေးသည်။ 

လက်ရှိ ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၈ မှ စတင်ကာ တပ်မတော်နှင့် AA အကြား တိုက်ပွဲများရပ်တန့်နေပြီး ဒီဇင်ဘာ ၃၀ တွင် ပြုလုပ်သော တပ်မတော်သတင်းစာရှင်းလင်းပွဲတွင်လည်း တပ်မတော်အနေဖြင့် ရခိုင်တွင် စစ်အင်အားတိုးချဲ့ခြင်း မရှိကြောင်း ပြောထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading