အနံ့ဆိုးထွက် ဓာတ်မြေဩဇာစက်ရုံကို တွံတေးဒေသခံများ ဆက်လက်ကန့်ကွက်မည် 

တွံတေးမြို့နယ်အတွင်းရှိ ရွှေနဂါးဓာတ်မြေဩဇာစက်ရုံမှထွက်သည့် အနံ့ဆိုးပြဿနာ ဖြေရှင်းပေးရန် စက်ရုံအနီး ကျေးရွာနှစ်ရွာမှ ဒေသခံများ၊ စက်ရုံတာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာအရာရှိအချို့ ပါဝင်သော သုံးပွင့်ဆိုင်ဆွေးနွေးမှုမှာ ပြေလည်မှုမရရှိခဲ့ဘဲ စက်ရုံပိတ်ပေးရန်အထိ ဒေသခံများက ကန့်ကွက်တောင်းဆိုနေကြသည်

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံကြောင့် သဘာဝညစ်ညမ်းမှုများဖြစ်နေသည့်အပေါ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရာ တွံတေးမြို့နယ် ကန်ပတ်ရိုးကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဒေသခံအချို့က ဒီဇင်ဘာ ၂၉ တွင် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ- ကေဇွန်နွေး/ Myanmar Now)

ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်းရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံမှ အနံ့ဆိုးပြဿနာကို ၂၀၁၉ ကတည်းက ခံစားလာရသည့် စက်ရုံအနီးနေထိုင်သူ ဒေသခံများသည် စက်ရုံတာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာများနှင့် ဒီဇင်ဘာ၂၉ တွင် ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရခဲ့သဖြင့် စက်ရုံကို ပြန်လည်စိစစ်ပေးရန် တိုင်းအစိုးရထံ တိုင်ကြားသွားမည်ဟု ပြောကြားလိုက်သည်။

တွံတေး - မအူပင်ကားလမ်းမပေါ်ရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံမှ ထွက်လာသည့် အနံ့ဆိုးဒဏ်ကို အနီးအနားကျေးရွာများဖြစ်သည့် ကန်ပတ်ရိုး၊ ထန်းတစ်ပင်ကျေးရွာတို့မှ ဒေသခံများသည် စက်ရုံ စတင်လည်ပတ်ခဲ့သည့် ၂၀၁၉ နှစ်လယ်ပိုင်းကတည်းက ခံစားလာခဲ့ရခြင်းဖြစ်သည်။ 

စက်ရုံမှထွက်ရှိသည့် အနံ့ဆိုးပြဿနာနှင့် ပတ်သက်၍ ကန်ပတ်ရိုးနှင့် ထန်းတစ်ပင်ကျေးရွာတို့မှ ဒေသခံများ၊ စက်ရုံတာဝန်ရှိသူများနှင့် တွံတေးမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူအချို့တို့သည်  ဒီဇင်ဘာ ၂၉ နံနက်ပိုင်းတွင် ကန်ပတ်ရိုးရွာ ဘုန်းတော်ကြီးကျောင်းတွင် နှစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပေ။ 

၂၀၁၉ ခုနှစ်အတွင်းက စက်ရုံရှေ့ ရေမြောင်းတွင် ငါးများသေခြင်းနှင့် စက်ရုံမှ အနံ့ဆိုးထွက်ခြင်း၊ ၂၀၂၀ ဒီဇင်ဘာတွင် ကန်ပတ်ရိုးကျေးရွာရှိ ရေကန်အတွင်းရေများ အရောင်ပြောင်းခြင်းတို့နှင့် ပတ်သက်၍ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် ဌာနဆိုင်ရာများထံ ဒေသခံများက တိုင်ကြားခဲ့ဖူးသော်လည်း ထိထိရောက်ရောက် မဖြေရှင်းပေးသည့်အတွက် ယခုအခါ စက်ရုံပိတ်သိမ်းပေးရန်အထိပင် ဒေသခံများက တောင်းဆိုလာကြသည်။

“ဒီစက်ရုံနဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်းကို နှစ်ရွာပေါင်း အိမ်ထောင်စု ၂၀၀ ကျော်ကျော်လောက် ရှိတယ်။ ကျွန်တော်တို့ဆီမှာ လက်မှတ်လည်း ၂၀၀ ကျော်လောက် ရထားပြီ။ ကျွန်တော်တို့ ဒီစက်ရုံကို သဘောမတူကြောင်းကို ဌာနဆိုင်ရာအသီးသီး ဝန်ကြီးဌာနအသီးသီးကို စာပို့သွားမယ်” ဟု ကန်ပတ်ရိုးကျေးရွာဒေသခံ ကိုရဲဝင်းထွဋ်က Myanmar Now ကို ပြောသည်။ 

ထန်းတပင်ကျေးရွာတွင် အိမ်ထောင်စု ၁၅၀ ခန့်နှင့် ကန်ပတ်ရိုးကျေးရွာတွင် အိမ်ထောင်စု ၃၀၀ ကျော်ခန့် ရှိသည်။ အနံ့ဆိုးထွက်သည့်ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့်အပတ်အတွင်း စက်ရုံတာဝန်ရှိသူများနှင့် ယင်းကျေးရွာများနေ ဒေသခံအချို့ တွေ့ဆုံခဲ့ရာတွင် စက်ရုံ၌ အနံ့ဆိုးသန့်စင်စနစ် တပ်ဆင်ပြီးစီးချိန်ထိ စက်ရုံလည်ပတ်မှု ရပ်နားထားရန် ဒေသခံများက တောင်းဆိုခဲ့သော်လည်း စက်ရုံဘက်က ရပ်တန့်ထားခြင်းမရှိ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဓာတ်မြေသြဇာစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးများကြောင့် အသက်ရှုမဝခြင်း၊ ခေါင်းမကြည်ခြင်းတို့ ခံစားခဲ့ရသည်ဟု ကန်ပတ်ရိုးရွာဒေသခံ အသက် ၇၁ နှစ်အရွယ် ဒေါ်တင်အုန်းက ဆိုသည်။

“ခေါင်းလည်း မထူနိုင်ဘူး။ ဇက်ကြောလည်း တက်တယ်လေ။ နံတယ်ဟေ့ဆို ပုပ်စော်ဟောင်စော်နံတာလေ။ ဘိုင်းကနဲဆို ခေါင်းတွေကလေး၊ ခေါင်းတွေကထိုး အဲ့လိုဖြစ်လာတာ။ (စက်ရုံ) လည်တယ်ဆို နံတာပဲ” ဟု ၎င်းကြုံတွေ့နေရသည့် အနံ့ဆိုးပြဿနာကို ပြောသည်။

စက်ရုံလည်ပတ်စဉ် ထွက်ရှိသည့်အနံ့ဆိုးမှာ စိုက်ပျိုးရေးသုံး အမိုင်နိုအက်ဆစ်ကြောင့်ဖြစ်ပြီး ဓာတ်မြေသြဇာပြုလုပ်ရာတွင် အသုံးပြုသည့် အခြားပါဝင်ပစ္စည်းများနှင့် ရောနှောချိန်တွင် ဓာတ်ပြုမှုကြောင့် အနံ့ပြင်းထွက်ခြင်းဖြစ်သည်ဟု စက်ရုံ၏ စိုက်ပျိုးရေးအကြံပေးပညာရှင် ဦးအောင်သင်က ပြောသည်။ 

“လေ့လာမှုအထောက်အထားမှာလည်း အမိုင်နိုအက်ဆစ်အနံ့ကြောင့်တော့ ဆိုးဆိုးဝါးဝါး ဖြစ်သွားတာတော့မရှိဘူး။ ဘယ်သူ့ကို ဘယ်လိုထိခိုက်တယ် ဆိုတာတော့မရှိဘူး။ သို့သော် ထိခိုက်မှုတော့ ရှိတယ်။ ကြာရင်တော့ ထိခိုက်တာပေါ့” ဟု ဦးအောင်သင်က ပြောသည်။ 

အနံ့ဆိုးစုပ်ယူနိုင်သည့် ပိုက်လိုင်းများ လာရောက်တပ်ဆင်ပေးမည့် တရုတ်နိုင်ငံမှ ပညာရှင်များမှာ ကိုဗစ်နိုင်တင်း ကပ်ရောဂါကာလ ခရီးသွားလာခွင့်အကန့်အသတ်ကြောင့် မလာရောက်နိုင်သေးသဖြင့် စက်တပ်ဆင်ရန် နှောင့်နှေးခဲ့ရကြောင်း၊ သို့သော် လက်ရှိတွင် ပြည်တွင်းရှိ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်ထားသည်ဟု ရွှေနဂါးစက်ရုံတာဝန်ရှိသူများက ဆိုသည်။

ပစ္စည်းအမှာများ ရှိသည့်အတွက် ယခုရက်ပိုင်းအတွင်း စက်ရုံလည်ပတ်နေသော်လည်း အနံ့ဆိုးထွက်စေသည့် အမိုင်နိုအက်ဆစ်အသုံးပြုမှုကို လတ်တလော ရပ်တန့်ထားကြောင်း ရွှေနဂါးစက်ရုံ လူ့စွမ်းအားအရင်းအမြစ်ဌာန လက်ထောက်အရာရှိ ဦးနိုင်လင်းက Myanmar Now ကို ပြောသည်။ 

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံသည် တွံတေးမြို့နယ်အတွင်းရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ၂၇ ဧကကျော် မြေနေရာပေါ်တွင် ငှားရမ်းတည်ဆောက်ထားခြင်းဖြစ်ကာ ပုလဲသာဓာတ်မြေသြဇာ၊ ပင်တက်ဓာတ်မြေသြဇာနှင့် တော့ဝမ်း (Top One) စပါးအထွက်တိုးမြေသြဇာတို့ကို ရောစပ်ထုတ်ပိုးလျှက်ရှိကြောင်း စက်ရုံတာဝန်ရှိသူများက ဆိုသည်။ 

ရွှေနဂါးတော့ဝမ်း စပါးသီးသန့် အသီးအားဆေးဓာတ်မြေသြဇာနှစ်မျိုး သုံးစွဲခဲ့သည့် လယ်မြေဧက ၁,၂၀၀ ကျော် ပျက်စီးသွားသည့်အတွက် ၂၀၁၉ နိုဝင်ဘာလတွင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ယင်းဓာတ်မြေသြဇာနှစ်မျိုးကို ထုတ်လုပ်ရောင်းချခွင့် ပိတ်ပင်ခဲ့ရသည့် ဖြစ်စဉ်လည်းရှိခဲ့သည်။ 

အနံ့ဆိုးပြဿနာသာမက စက်ရုံမှထွက်သည့် အမှုန်များကြောင့် ကန်ပတ်ရိုးကျေးရွာထိပ်ရှိ သောက်သုံးရေကန်၏ အရောင်ပြောင်းသွားပြီး ဆီကွက်များဝေ့နေသည့်အတွက် သောက်သုံးရေအတွက် အသုံးပြုရန် စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဒေသခံများက ဆိုသည်။ 

ယင်းရေကန်သည် သောက်သုံးရေအတွက် ကျေးရွာတစ်ခုလုံး အားထားရာ ရေကန်ဖြစ်ပြီး ရေအရောင်ပြောင်းလဲလာသည့် လွန်ခဲ့သည့် နှစ်လခန့်မှစကာ သောက်ရေအတွက် ရွာသို့လာရောက်လှူဒါန်းသည့် ရေကိုသာ အားပြုနေရသည်ဟု ဒေါ်တင်အုန်းက ဆိုသည်။ 

“မြေဩဇာရဲ့အမှုန်တွေလို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ ဒါတွေက အန္တရာယ်ရှိတာတော့ မဟုတ်ဘူး။ သူတို့ရဲ့အစွဲကြောင့် ဒါတွေက အန္တရာယ်ရှိမယ်ထင်တဲ့ အစွဲကြောင့် ဖြစ်သွားတာ” ဟု ရွှေနဂါးကုမ္ပဏီ၏ စိုက်ပျိုးရေးအကြံပေးပညာရှင် ဦးအောင်သင်က ပြောသည်။ 

ရေအရောင်ပြောင်းလဲမှုနှင့် ပတ်သက်၍ နိုင်ငံတကာအသိအမှတ်ပြု (ISO) လက်မှတ်ရ ပြင်ပဓာတ်ခွဲခန်းနှင့် မြို့နယ်ကျန်းမာရေးဌာန၏ ဓာတ်ခွဲစစ်ဆေးချက်ရလဒ်အရ အန္တရာယ်မရှိကြောင်း ဦးအောင်သင်က ဆိုသည်။

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံတည်ဆောက်စဉ်က စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများကို ပွင့်လင်းမြင်သာစွာ မချပြခဲ့ဘဲ ဓာတ်မြေသြဇာသိုလှောင်ရုံအဖြစ်သာ သိရှိခဲ့ရကြောင်း၊ စီမံကိန်းနှင့်ပတ်သက်၍ သေချာမသိရသည့်အတွက် စက်ရုံတည်ဆောက်ခြင်းကို သဘောတူကြောင်း လက်မှတ်ထိုးရန် ငြင်းဆိုခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

စက်ရုံစီမံကိန်းမစမီ ပြုလုပ်ခဲ့သည့် ဒေသခံများနှင့် ဆွေးနွေးပွဲတွင် စက်ရုံအဖြစ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ကန်ပက်ရိုးကျေးရွာဒေသခံ ဦးသန်းနိုင်ထွေးက ပြောသည်။ 

“အဲ့ဒီတုန်းက ရှင်းပြတာက သဘာဝပတ်ဝန်းကျင် မထိခိုက်ကြောင်း၊ ကျေးငှက်တွေလည်း မထိကြောင်း၊ ရေဆိုးတွေလည်း မထွက်ကြောင်း ပြောသွားတာပေါ့။ အနံ့အသက်၊ အသံဗလံ ဘာမှမရှိပါဘူးလို့ ဆိုပြီးတော့ လုပ်သွားတယ်။ လူထုက မသိတော့ လက်မှတ်လည်းမထိုးဘူး” ဟု ဦးသန်းနိုင်ထွေးက ပြောသည်။ 

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ (EIA) ရေးဆွဲရန် တတိယပုဂ္ဂိုလ်/ အဖွဲ့အစည်း (Third Party) အဖြစ် HRD - Environmental Training Service ကုမ္ပဏီကို ငှားရမ်းလုပ်ကိုင်စေခဲ့ခြင်းဖြစ်သည်ဟု စက်ရုံတာဝန်ရှိသူများက ဆိုသည်။​

သို့သော်လည်း HRD ကုမ္ပဏီအနေဖြင့် ဓာတ်မြေသြဇာစက်ရုံအတွက် မဟုတ်ဘဲ သိုလှောင်ရုံအတွက်သာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“EIA ဆိုတာကတော့ ဂိုဒေါင်ဆောက်ဖို့အတွက်ဆိုရင် ဒီဂိုဒေါင်ဟာ သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လောက်ထိခိုက်သွားမလဲ ဆိုတာကို Section (အပိုင်း) တစ်ခုအနေနဲ့ ဖြတ်ခဲ့ပြီးပြီ။ ရေးခဲ့ပြီးပြီ။ အဲဒီအတိုင်းအတာတစ်ခုပဲ။ ခုလို နောက်ဆက်တွဲဖြစ်လာတဲ့ ကိစ္စတွေကျတော့ တတိယအဖွဲ့အစည်းနဲ့လည်း တာဝန်မသက်ဆိုင်တော့ဘူး။ ဒါက လုပ်ငန်းရှင်နဲ့ပဲ သက်ဆိုင်တော့တဲ့ကိစ္စ ဖြစ်သွားပြီ”ဟု ယင်းတာဝန်ရှိသူက Myanmar Now ကို ပြောသည်။

စက်ရုံ၏ လက်ရှိအနေအထား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ ခရိုင်နှင့် တိုင်းအဆင့်ဆင့်ကို တင်ပြကာ ကွင်းဆင်းစစ်ဆေးသွားမည်ဟု တွံတေးမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဆွေက Myanmar Now ကို ပြောသည်။ 

ကန်ပတ်ရိုးရွာဒေသခံ ဒေါ်တင်အုန်းကမူ “ကိုဗစ်နိုင်တင်းက နှာခေါင်းစည်းတပ်ထားရင် ကာကွယ်နိုင်တယ်။ ဒီအနံ့တွေကတော့ အိမ်ထဲမှာ၊ ခြင်ထောင်ထဲမှာ နေရင်တောင် မကာကွယ်နိုင်ဘူး” ဟု ၎င်းရင်ဆိုင်နေရသည့် ဓာတ်မြေဩဇာစက်ရုံမှ အနံ့ဆိုးဒုက္ခအကြောင်း ပြောဆိုလိုက်သည်။ 

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading