မီးလျှံပန်းခင်းထဲက ပန်းတစ်ပွင့်သို့တောက်လောင်ခြင်း

သရုပ်ဖော် - ၀လုံး

ကိုလှမျိုးနောင် ဆုံးသွားခဲ့ပါပြီ။ အခု မှန်ကြီးမရှိတော့ဘူး။

ဖေ့စ်ဘုခ်မှာ ကိုကျော်စွာ (မောင်မောင်ကျော်) တင်ထားတဲ့ ဆေးရုံခုတင်ပေါ်က သူ့ပုံကိုကြည့်တော့ ဦးဝင်းတင်ဒုတိယအကြိမ် ကျောက်ကပ်ဆေးတယ်ဆိုတဲ့ သတင်းနဲ့ပုံကို ဖေ့စ်ဘုခ်မှာတွေ့ရသလို တထပ်ထဲနည်းပါး ခံစားရပါတယ်။ အခြေအနေမဟန်လှတော့ဘူးဆိုတာ ရင်းနှီးသူတော်တော်များများ ကျွန်တော့်လိုပဲ အာရုံရကြမှာပါ။ နောင်ကြီးရေ တောင့်ထားလို့ မှန်ကြီးကိုအားပေးသလိုနဲ့၊ တချို့က ချစ်ခင်တန်ဘိုးထားတဲ့ ကိုယ့်သမုဒယကိုယ်ပြန် ကျားကန်၊ ကိုယ့်မျှော်လင့်ချက်ကိုယ် ပြန်အားပေးတဲ့မက်ဆေ့ချ်တွေလည်း တွေ့ပါတယ်။ နားလည်ခံစားနိုင်ပေမယ့် သူ ..သည်တောင်ကို မကျော်နိုင်လောက်တော့ဘူး ဆိုတာ ကျွန်တော်သိပါတယ်။

လှမျိုးနောင်ဆိုတဲ့ မာရေကြောရေဇာတ်ကောင်ကို ဆေးရုံခုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့ အဲသည်လိုတွေ့ရတာ တကယ်တော့အသည်းကွဲစရာပါ။ လောကဓံတရားက ကျွန်တော်တို့ကို စာမျက်နှာတဖက်လှန်ဖတ်လိုက်ယုံနဲ့ ၊ မယုံနိုင်စရာအသည်းခွဲသွားနိုင်ပါတယ်။ နောက်ထပ်လည်း ရက်ရက်စက်စက်အသည်းခွဲဖို့ မှောက်ထားတဲ့ဖဲချပ်တွေ ကျန်ပါလိမ့်ဦးမယ်။ နောက်ဆုံးတော့ ကိုယ့်စာမျက်နှာအရောက်မှာ ကျွန်တော်တို့ ကွဲစရာအသည်း ကျန်ချင်မှ ကျန်ပါလိမ့်မယ်။

၈၈အရေးတော်ပုံဟာ ဖတ်ဖူးသမျှ ဂန္တဝင်ဇာတ်လမ်းအားလုံးထက် ပိုဇာတ်ကောင်စုံ၊ ဇာတ်ကောင်စရိုက် စုံပါတယ်။ ကျွန်တော်တို့အတွက်တော့ ဘဝနဲ့ရင်းပြီး သည်နေ့ထိ ဖတ်လို့(ကပြအသုံးတော်ခံလို့) မဆုံးသေးတဲ့ ဂန္တဝင်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ သည်ဂန္တဝင်ဇာတ်လမ်းမှာ ဇာတ်ကောင်သဘာဝ အလွန်စုံလွန်းလှပါတယ်။ ဇာတ်ကောင်စရိုက်စုံသလို ဇာတ်ကွက်အလှည့်ပြောင်းကလဲ သည်းထိတ်ရင်ဖိုဆန်လှ၊ ဇာတ်လမ်းတွေထဲကထက်တောင်မှ ဇာတ်ဆန်လွန်းလှတယ် ပြောရပါမယ်။ အဲသည်ဇာတ်လမ်းထဲမှာ လှမျိုးနောင်ဆိုတာ မာရေကြောရေဇာတ်ကောင်။ လူကော၊ စရိုက်ကော၊ သဘောထားကော၊ သဘောတရားပါ မာရေကြောရေ။

သူဆုံးသွားတော့ သူ့ကိုစသိခဲ့ရတဲ့ ရှစ်လေးလုံးနေ့ကို စရွေးခဲ့တဲ့ ရွေတိဂုံရခိုင်ဓမ္မာရုံ အစည်းဝေးကစလို့၊ ၈၉ ၊၉၀ တိုက်ပွဲဝင်ကော်မီတီအစည်းအဝေး၊ စမ်းချောင်း ၂၁ ဦးကော်မီတီကစလို့ သူ့ပုံရိပ်အားလုံးကို ပြန် အမှတ်ရမိပါတယ်။ မှန်မှန်ကန်ကန်ပြောရရင် အဲ့သည်တုန်းက သူနဲ့ ပုဂ္ဂိုလ်ရေးအရရင်နှီးမှု မရှိလှသလို၊ သူ့ကိုနှစ်လိုသူထဲ ကျွန်တော်မပါခဲ့ပါ။ ရံဖန်ရံခါအစည်းအဝေးမှာ သဘောထားတောင် အတိုက်ခံ ဖြစ်တတ်ပါတယ်။ သူနဲ့ အတော်ထိစပ်ခွင့်ရခဲ့ပြီး နှစ်နှစ်ကာကာမဖြစ်ခဲ့ရတဲ့အကြောင်းကို ပြန်စဉ်းစားမိတော့ ရှင်းရှင်း အဖြေရပါတယ်။ မှန်မှန်ကန်ကန်ဝန်ခံရရင် ၈၈မျိုးဆက်မှာ ကျွန်တော်ကိုယ်တိုင်လည်း နှစ်လိုဖွယ်ကောင်းသူတွေထဲမှာ မပါခဲ့တာပါပဲ။ တချို့ ကျွန်တော်မကြိုက်တဲ့စရိုက်တွေမှာ ကျွန်တော်ကိုယ်တိုင်လည်း သူနဲ့တူခဲ့ဟန်တူပါတယ်။ သူက အစည်းဝေးမှာ စကားပြောရင်တောင် လေသံက ငေါက်ငေါက်ငန်းငန်း ပြောတတ်သူ၊ အစည်းအဝေးထဲကလူတွေကို သူ့မိန့်ခွန်းကိုနားထောင်နေတဲ့ပရိတ်သတ်လို့ သဘောထား တတ်သူ၊ သိပ်မပျော့ပြောင်းတတ်သူပါ။ မှတ်မှတ်ရရ ’မ’အုပ်စု လို့ပြောကြတဲ့ထဲ (အဲသည်တုံးက မကဒ )မှာ ပထမဆုံး လူချင်း စဆုံဖူးတာ လှမျိုးနောင်ပါ။ တကယ်ပြောရရင် သူ့ကိုစဆုံဖူးကတည်းက ‘မ’ရယ်လို့ဆိုရင် တော်တော်လန့်သွားရတယ် ပြောရပါမယ် (နောင်တော့ အခင်မင်ဆုံးပေါင်းရတဲ့ အဖွဲ့အစည်း ဖြစ်လာပါတယ်)။ မာရေကြောရေစရိုက် ရှိသလို တဖက်မှာလည်း ထူထဲတဲ့မျက်မှန်နဲ့လိုက်အောင် ဖတ်ရူလေ့လာမှု အားကောင်းပြီး မှတ်လည်းမှတ်မိတဲ့သူမှန်း ထူးထူးခြားခြား သတိထားမိပါတယ်။ မာရေကြောရေစရိုက်ရှိပေမယ့် ရှေ့တမျိုးနောက်တမျိုး မလုပ်တတ်တဲ့သူ၊ အားမနာတတ်တဲ့သူ၊ တော်တော့် ကိုဖြောင့်ဖြောင့်၊ ဒိုးဒိုးဒေါက်ဒေါက် (အခြေအနေအချိန်ခါကိုတောင် မငဲ့ကွက်ဘဲ ) ပြောတတ်လုပ်တတ်တဲ့ သူပါ။ အဓိက ဆိုလို ချင်တာက ၈၈မှာပါဝင်ခဲ့တဲ့ သူ့ရဲ့အားကောင်းတဲ့ ဇာတ်ကောင်စရိုက်ပါ။ ၈၈အရေးတော်ပုံ မှာသူ့ရဲ့ အားကောင်းတဲ့ဇာတ်ကောင်စရိုက်ကိုပြောရင် သေချာတာကတော့ အဲသည်တုံးက လုပ်ခဲ့တဲ့ အရေးပါတဲ့ အစည်းအဝေးတွေမှာ မှန်ကြီးပါတဲ့အစည်းအဝေးနဲ့ မပါတဲ့အစည်းအဝေး ရလဒ်မတူပါ။ ဒါကိုက သေချာတဲ့ ကိုလှမျိုးနောင်ရဲ့အားကောင်းချက်ပါ။

နှစ် နှစ်ဆယ်ကျော်ကြာလာတော့ အတိတ်ကိုပြန်အမှတ်ထင်ခဲ့တဲ့ ကျွန်တော့်အမြင်တွေက နည်းနည်း သွေးအေးလို့ ရလာပါတယ်။ တကယ်တန်းတော့ ၈၈ သမိုင်းကြောင်းရဲ့ အစောဆုံး အားယူခဲ့ရတဲ့ ကာလတွေမှာ အင်မတန် ပြင်းပြင်းထန်ထန်နဲ့ မတူတဲ့ဇာတ်ကောင်စုံတွေက တော်တော့်ကို လိုအပ်ခဲ့တယ် ပြောရပါလိမ့်မယ်။ စကားပြောညင်သာတဲ့၊ လူယဉ်ကျေးဆန်တဲ့၊ ပညာတတ်ဆန်တဲ့ သူတွေများစွာ ရှိခဲ့သလို၊ အင်မတန် ပြင်းထန်တဲ့ဇာတ်ကောင်စရိုက်တွေနဲ့ အရေးတော်ပုံကို ရုပ်လုံးကြွအောင်၊ ရသစုံအောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ဇာတ်ကောင်တွေလည်း ရှိခဲ့ပါတယ်။ သည်ထဲမှာတော့ လှမျိုးနောင်ခေါ် မှန်ကြီး၊ ချစ်ခင် သူတွေက နောင်ကြီးလို့ခေါ်တဲ့ သူ့ရဲ့စရိုက်ဟာ ၈၈အကြောင်းပြန်ပြောရင် မဖြစ်မနေပါနေမယ့် အားကောင်းလှတဲ့ ဇာတ်ကောင်ပါ။ သူစွမ်းဆောင်နိုင်ခဲ့တဲ့ အရေးတော်ပုံဇာတ်ကြောင်းတွေကလည်း ၈၈အတွက် အရေးပါခဲ့ပါတယ်။

လူချင်း အလွန်ချစ်ခင်တွယ်တာခဲ့သူမဟုတ်ပေမယ့် မှန်ကြီးမရှိတော့တဲ့အခါ ထူးဆန်းတဲ့ခံစားချက်တချို့ ဖြစ်ရပါတယ်။ သံဝေဂတရားလို့တော့ တချို့ ဆိုနိုင်ကောင်းပါတယ်။ နှစ် နှစ်ဆယ်ကျော်ကြာ အရေးတော်ပုံသက်တမ်းတလျောက်မှာ ကျွန်တော်တို့ရဲ့ သူရဲကောင်းဆန်မှု၊ သူရဲဘောကြောင်မှု၊ ကျွန်တော်တို့ရဲ့ မြင့်မြတ်မှုနဲ့ အားနည်းချက်တွေ၊ ကျွန်တော်တို့ရဲ့ ထူးချွန်ပြောင်မြောက်မှုနဲ့ အမှားအယွင်းတွေ၊ အဲသည်လို ဇာတ်လမ်းဇာတ်ကွက် အထွေထွေမှာ ကျွန်တော်တို့ ၈၈ရဲဘော်ရဲဘက်ချင်းထားတဲ့ အပြန်လှန်ယုံကြည်ကိုးစားမူနဲ့ ထူးဆန်းတဲ့ချည်နှောင်မှုပါပဲ။ အယူအဆနဲ့သဘောတရားအရ မကြာခဏ ရန်ဘက်သဘောဖြစ်သည့်တိုင်အောင် ကျွန်တော်တို့ ချင်းထားတဲ့ ယုံကြည်အားကိုးမှုဟာ နှစ်နှစ်ဆယ်ကျော်ကြာ အခုပြန်စဉ်းစားတဲ့အခါ အင်မတန်မှ ထူးဆန်းပါတယ်။ အရေးတော်ပုံအပေါ် ဘဝလုံးပုံထားခဲ့တဲ့ ကျွန်တော်တို့စိတ်ဝိညဉ်ချင်း သိပ်သိပ်သည်းသည်းချည်နှောင်ခဲ့ကြခြင်းဟာ အံ့သြစရာပါ။ တော်လှန်ရေးသရုပ်ခွဲသူတွေက mob Psychology လို့ ဆိုကောင်းဆိုပါလိမ့်မယ်။ အမြင်သဘောထားမတူတာ မကြာခဏဖြစ်ဖူးခဲ့တဲ့ ကိုလှမျိုးနောင် လူဘဝထဲမရှိတော့တဲ့အခါ ဆုံးရှုံးမှုက ကျွန်တော်တို့ အတွက်တော့ အစားထိုးဖို့ မဖြစ်နိုင်တော့ပါ။

အာဏာသိမ်းကြေညာတဲ့ ညလိုမျိုး၊ အဖမ်းခံရ နှစ်ရှည်ထောင်ကျပြီး တော်လှန်ရေးအတွက် ဘာမှ ထူးထူးခြားခြားမဆောင်ရွက်နိုင်တော့တဲ့ အခြေအနေမျိုး၊ အလားတူ အဆုံးရှုံးအခြေအနေတွေထဲ ကိုယ်တိုင်ကျရောက်နေ၊ ကိုယ်တိုင် မလှုပ်နိုင်တဲ့အခြေအနေမျိုးမှာတောင်မှ၊ ကျွန်တော်တို့တတွေ အရေးတော်ပုံအပေါ်ယုံကြည်ချက် ဘာလို့ကင်းမဲ့မနေခဲ့သလဲ၊ အနာဂတ် ဘာလို့မပျောက်နေခဲ့သလဲ၊ ရွေပြည်တော်မျှော်မှန်းချက်တွေ ဘာကြောင့် မဝေဝါးခဲ့ပါသလဲ။ သေချာတာက ကျွန်တော်တို့အားလုံး တစ်ဦးတည်းမဟုတ်ခဲ့ကြပါ။ တော်လှန်ရေးမျက်နှာစာမှာ ၈၈အရေးတော်ပုံမှာ စ ပါဝင်ခဲ့ကတည်းက ကျွန်တော်တို့အားလုံး တစ်ဦးတည်း မဖြစ်ခဲ့ကြ၊ မခံစားခဲ့ကြရတော့ပါ။ ရန်ဖြစ်နိုင်တယ်၊ ငြင်းခုံနိုင်၊ ကွဲလွဲနိုင်၊ ပေါင်းလုပ်နိုင်ခဲ့ကြတယ်။ မတူသည့်တိုင်အောင်မှ အင်မတန် ပြင်းထန်အားကောင်းတဲ့ ၊ ကျွန်တော်တို့နည်းတူ ရဲဘော်ရဲဘက်၊ သူငယ်ချင်းများစွာ ရှိခဲ့ကြပါတယ်။ ပိုကံကောင်းတဲ့အချက်က အဲသည် သူငယ်ချင်းတွေဟာ တော်လှန်ရေးအကြောင်းမစဉ်းစားဘဲ ဘယ်တော့မှ မေ့ပျောက်နေမယ့်သူတွေ၊ ကျောခိုင်းသွားမယ့်သူတွေ မဟုတ်ဘူးလို့ ကျွန်တော်တို့ချင်း ယုံနိုင်ခဲ့ကြတာပါ။

တော်တော်ပိန်းတဲ့…ဥပမာတစ်ခု ပေါ့လေ…။ ကျွန်တော်တို့ကိုယ်တိုင် ထောင်ထဲရောက်၊ အပြင်းအထန်အနှိပ်စက်ခံနေရ၊ ဘာမှမတုန့်ပြန်နိုင်ခဲ့ချိန်တွေ။ အောင်ပွဲကို မဆောင်ကျဉ်းနိုင်ရင်တောင်မှ၊ အပြင်မှာရှိတဲ့ငါ့သူငယ်ချင်းတွေက ငြိမ်ခံနေကြမှာမဟုတ်ဘူး၊ ငါမသိတောင် တစ်ခုခုလုပ်နေကြမှာပဲဆိုတဲ့အသိနဲ့ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ အုတ်နံရံကို ခေါင်းနဲ့တိုက်နိုင်ခဲ့ကြတာပါ။ ဒါကို ပြန်စဥ်းစားရင် ကျွန်တော်တို့အားလုံး ကံကောင်းကြပါတယ်။ နောင် ထောင်က တကယ် ထွက်လာ တဲ့အခါ၊ ကံဆိုးတဲ့ အလှည့်ပြောင်းတစ်ခုက ကျော်လာတဲ့အခါမှာလည်း ကွဲကွာစဉ်ကအဖြစ်အပျက်တွေ အပြန်လှန်ပြန် သိလာတော့ ဒါဟာ ပိုသေချာလာခဲ့ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ၊ ရဲဘော် ရဲဘက်တွေဟာ တကယ်ကိုလည်း တစ်ခုခု လုပ်နေခဲ့ကြပါတယ်။ သေချာတာက အဲသည်လိုယုံစားနိုင်တဲ့၊ အပြန်လှန် အားကိုးနိုင်တဲ့ ၈၈မျိုးဆက်ရဲ့သူငယ်ချင်းတွေထဲမှာ လှမျိုးနောင်ခေါ်မှန်ကြီးတစ်ယောက် အသေချာပါခဲ့တာပဲ။ အရေးတော်ပုံအကြောင်း၊ တော်လှန်ရေးအကြောင်း၊ တိုင်းပြည်အကြောင်း တစ်ရက်မှမစဥ်းစားမိတဲ့ရက် မရှိဖူးဆိုတဲ့အထဲမှာ သူပါတယ်။ မနည်းလှတဲ့ ကျွန်တော်တို့သူငယ်ချင်းတွေပါတယ်။ မထူးဆန်းပါဘူး။ ကျွန်တော်တို့တွေရဲ့ ဘဝကိုက ၈၈ဖြစ်ခဲ့ကြလို့ပါ။ မယုံနိုင်စရာ ကံဆိုးခဲ့ဖူးကြပေမယ့် ကျွန်တော်တို့တွေအားလုံး တူညီစွာ ကံကောင်းခဲ့ခြင်းက သည်အချက်မှာတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ယုံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဟုတ်ပြီ။ အခု မှန်ကြီးမရှိတော့ဘူး။ မာရေကြောရေတစ်ယောက် မရှိတော့ဘူး။ ရန်ဖြစ်ဖော်တစ်ယောက် မရှိတော့ဘူး။ ကျွန်တော်ဘာဆုံးရှုံးသလဲ။ ခပ်တုံးတုံးပြောရရင် ရန်ဖြစ်လို့ရတဲ့သူတစ်ယောက် မရှိတော့ဘူး။ သေသေ ချာချာပြောရရင် အကြိမ်ကြိမ်ရန်ဖြစ်ပြီးလည်း ပြန်ခေါ်လို့ရတဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက် မရှိတော့ဘူး။ ၈၈ အရေးတော်ပုံတွေရဲ့အစည်းအဝေးလို့ ပြောတဲ့အထဲမှာ မပါမဖြစ် မာရေကြောရေအသံတစ်သံ မရှိတော့ဘူး။ ကျွန်တော်တို့သိခဲ့တဲ့ ၈၈သမိုင်းဟာ အင်္ဂါချို့ယွင်းလာတယ်။ ဇာတ်ကောင်စရိုက်ပျော့လာတယ်။ ဇာတ်ခေါင်းကွဲတယ် မပြောနိုင်တောင် အနှစ်နှစ်ဆယ်ကျော် မနိုင်သေးတဲ့အရေးတော်ပုံဟာ အင်္ဂါမစုံတော့ဘူး။ မှန်ကြီးမရှိတော့ဘူး၊ ကြီးသန်းမရှိတော့ဘူး၊ ပုသိမ်စိုးနိုင် မရှိတော့ဘူး၊ ရွှေဘုန်းလူ မရှိတော့ဘူး၊ ဦးဝင်းတင် မရှိတော့ဘူး။ ဦးသော်က မရှိတော့ဘူး၊ မင်းသိင်္ခ မရှိတော့ဘူး။ …မရှိတော့ဘူး။ ….လည်း မရှိတော့ဘူး။ နောက်….မရှိတော့ဘူး။ အခု ရှိနေသေးတာတွေလည်း နောက်ဆို..မရှိတော့ဘူး။ ၈၈အရေးတော်ပုံကိုက ဘဝဖြစ်ခဲ့တဲ့ …ဖြစ်နေခဲ့ ဖြစ်နေဆဲ..ကျွန်တော် တို့ဘဝထဲမှာ….သူတို့နဲ့မှ ၈၈ဖြစ်ခဲ့တဲ့သူတို့ မရှိတော့ဘူး။ ကျွန်တော်တို့ရဲ့ဘဝတွေ တဖြည်းဖြည်း ပဲ့ထွက်နေတယ်။ တဖြည်းဖြည်းသေနေကြတယ်။ ကျွန်တော်တို့ရဲ့အားကောင်းခဲ့တဲ့ …၈၈တွေ တတိတိ သေနေကြတယ်။ မာရေကြောရေကောင်တွေ သေနေကြတယ်။ မပျော့ပြောင်းလှသူတွေ သေနေကြတယ်။ ကျောက်တောင်ကြီးပြိုသလို လောကဓံတရားမဟုတ်ပဲ၊ မျောနေတဲ့ ရေခဲတောင်ကြီးက ပဲ့ထွက်နေသလို လောကဓံတရားဖြစ်လာပြီး၊ ပဲ့ကြွေမှုဟာ မြန်လာ၊ လောကဓံတရားဟာမာလာတယ်။ တစစ သေနေကြတယ်။ အဲဒါ ကျွန်တော်မသေဘူးပြောမလို့လား။ ခင်ဗျားမသေဘူးပြောမလား။ ကျွန်တော်တို့တွေ သေနေကြတာ မဟုတ်ဘူးလား။ မီးလောင်နေတဲ့ ပန်းခင်းကြီးထဲမှာ ပန်းတွေဆီက မီးလျှံတွေ၊ လှမျိုးနောင်ပန်းပွင့်ဟာ တောက်လောင်ဆဲ။ ပန်းခင်းကြီးထဲလည်း မီးလျှံတွေယစ်မူးဖွယ်ပဲ။

မှန်ကြီးသေတာ ဆင်းရဲမူကြောင့်လို့ပြောတယ်။ ထောင်ထဲကဒဏ်တွေကြောင့်လို့ပြောတယ်။ အဆုတ်နာလို့ ပြောတယ်။ အရက်ကြောင့်လို့ပြောတယ်။ တကယ်က အရှုံးဟာ သူ့ကိုသတ်တယ်။ မနိုင်သေးတဲ့ တော်လှန်ရေးဟာ သူ့ကိုယ်ထဲမှာ တတိတိဆွေးနေတဲ့ အနာ။ မနိုင်သေးတဲ့တော်လှန်ရေးက သူ့မျက်လုံးကိုအရင် ထိုးဖောက်တယ်။ နောက်ဆုံး သူ့အသည်းကိုခွဲတယ်။ နောက်ထပ်လည်း အသည်းတော်တော်များများကို ဆက်ခွဲပါလိမ့်ဦးမယ်။ ရှုံးနိမ့်မူဟာ အကျည်းတန်တယ်။ မှန်ကြီးသေသွားတာ မလှဘူး။ ရန်သူနဲ့မိတ်ဆွေတွေကြားမှာ လောကဓံတရားဟာ အတူတူပဲလို့ ခင်ဗျားတို့ ထင်သလား။ ချောင်းဆိုးရင် လေယာဉ်စင်းလုံးနဲ့ နေ့ချင်း စင်္ကာပူသွားကုနိုင်တဲ့ အာဏာရှိတဲ့ရန်သူနဲ့၊ သေခါနီး ဆေးရုံတက်ဖို့ မိသားစုကို ညနေစာမထားခဲ့နိုင်တဲ့ ချစ်သူတွေကြားထဲမှာ လောကဓံတရားဟာ အထူအပါးကွာတယ်။

အခု လှမျိုးနောင်သေပြီ။ ၈၈ရဲ့မာရေကြောရေကောင်သေပြီ။ နောက်လှမျိုးနောင်တွေ ထပ်သေမယ်။ နောက် ၈၈တွေ အထွေးလိုက်သေမယ့်ရက်တွေ ဆက်ဆက်ရောက်လာမယ်။ သူရဲကောင်းဆန်စွာကျဆုံးခဲ့သည် ဆိုတာ စာအုပ်ထဲဖတ်ကောင်းတယ်။ တကယ့်လက်တွေ့မှာက အရှုံးဟာ သူရဲကောင်းဘယ်လိုမှ ဆန်ခွင့်မရဘူး။ ရှုံးနိမ့်နေတာက သိက္ခာရှိခွင့်၊ အိနြေရှိခွင့် မရဘူး။ အကျည်းတန်လှတယ်။ ဂူဗိမာန်နဲ့ မသေရရင်တောင် အနိုင်နဲ့သေရတာ ကျက်သရေရှိတယ်။ ကျဆုံးကြကြေးဆိုရင် ရန်သူတွေ သူရဲကောင်းဆန်စွာကျဆုံးကြပါစေလေ။ သေချာတာ မသေခင်ကျွန်တော်တို့တွေမှာ ကျေနပ်မှုတစ်ခုကို ရခဲ့သင့်တယ်။ ကျက်သရေရှိစွာ ဘဝကိုပြန်ကြည့်နိုင်ခွင့် ရသင့်တယ်။

ပြောရရင် ၈၈ဟာ ကျွန်တော်တို့ရဲ့သာမန်ဘဝတွေကို ပြောင်မြောက်စေခဲ့တယ်၊ သူရဲကောင်း ဆန်စေခဲ့တယ်။ အဲသည်လိုပဲ လူသာမန်တွေမကြုံဖူးတဲ့ အတိဒုက္ခတွေနဲ့ကြုံစေခဲ့တယ်။ လောကဓံတရား ရှစ်ပါးလုံးကို အတုံးလိုက်အတစ်လိုက် တချိန်ထဲကြုံစေခဲ့တယ်။ ကိုယ်တိုင်လည်း စဉ်းစားမိပါတယ်။ ကျွန်တော်တို့ အဟာရိပတ္တိတရားနည်းပါးခဲ့ကြသလား၊ လောကဓံတရားကို လူခွဲပြီး တစ်ယောက်ချင်း ရင်ဆိုင်နေခဲ့ကြသလား။ တကယ်တော့ အဆုံးအရှုံးဟာ အကျည်းတန်လွန်းလှပါတယ်။ ကျွန်တော်ပြောချင်ပါတယ်။ ၈၈တွေ မြွေပါးကင်းပါး ရှောင်ပါ၊ ရေမကူးပါနဲ့။ လမ်းလျှောက်ရင် ဓာတ်ကြိုးမော့ကြည့်ပါ။ မတည့်တာမစားပါနဲ့။ သောက်တာလျှော့ပါ။ ပျော်အောင်နေပါ။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းအားဖြင့် အမျိုးကိုစောင့်ပါ။ ၈၈ကိုစောင့်ရှောက်ပါ။ အရေးတော်ပုံကို စောင့်ရှောက်ပါ။ ကျွန်တော်တို့သေတာ ကျွန်တော်တို့သေယုံမျှ မကပါဖူး။ ဆက်မသေကြပါနဲ့။ မကဒတွေ ဆက်မသေပါနဲ့၊ မကသတွေ အသေမစောပါနဲ့။ လူ့ဘောင်သစ်တွေ မသေပါနဲ့၊ တပ်ဦးတွေ မသေကြပါနဲ့ဦး၊ အရေးတော်ပုံမပြီးခင်သေရင် မလှဘူး။ ပျော်စရာမကောင်းဘူး။ ၈၈တွေ အသက်ရှည်ပါစေ။

***

နိုင်မင်းမျိုး

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading