လက်ဖျံမှာ တက်တူးနဲ့ တစ်ချိန်တုန်းက ကလေးတွေ  

သရုပ်ဖော် - ၀လုံး

ကြမ်းကြားထဲ ကျွံကျသွားတဲ့ ကျောက်တံလေးကို ငုံ့ကြည့်လိုက်တော့ အဲဒီ ကျောက်တံလေးဘေးမှာလည်း ပြုတ်ကျဖူးခဲ့တဲ့ အခြားကျောက်တံကလေးတွေ။ ဒိုးပစ်တမ်းကစားတာ သတိရပြီး ကြိမ်လုံးနဲ့အရိုက်ခံရတာ သတိမရချင်လို့ ဘယ်ဖြစ်ပါ့မလဲ။ မညီမညာ ဝလုံးလေးတွေ ကျောက်သင်ပုန်းနဲ့အပြည့်ရေးဖူးတယ်။ အခုရေးပြီး ခဏနေတော့ ပြန်ဖျက် ကကြီးလည်း ဒီထဲ၊ ခခွေးလည်း ဒီထဲပဲ။ ရေးလိုက်ဖျက်လိုက်နဲ့ ကျောက်သင်ပုန်းလေးဟာ အစက နက်ပြာပြာ၊ ရေးပြီး ဖျက်တာများတဲ့အခါ အသားတွေဖြူဖွေးလို့။ နမောတဿသုံးကြိမ်ဆို ဆီမီး ပန်း ရေချမ်း ကပ်လှူကန်တော့ချိုး ဆိုပြီးမှ လွယ်အိတ်ထဲက သင်ပုန်းကြီးစာအုပ်ကို ထုတ်ရတယ်။ မနက်ခင်းဟာ အုန်းမောင်းခေါက်သံနဲ့၊ ကြေးစည်သံတလွင်လွင်နဲ့။ ကျောင်းဆင်းလည်း အိမ်မပြန်ရဘူး။ သောက်ရေအိုးဖြည့်ရတယ်။ ကုဋီဆေးရတယ်။ ကျောင်းဝင်းထဲ တံမြက်စည်း လှဲရတယ်။ ပြီးတော့ သီးသီးပင်တွေအောက် ကြွေကျနေတဲ့သီးသီးတွေကောက်ပြီး ခြင်းတောင်းကြီးနဲ့ထည့်၊ မနိုင်ရင်ကာ ထမ်းမပြီး ကျက်သရေခန်းထဲ သွားထား။ အလုံးကောင်း အသားကျစ်ကျစ် တစ်လုံးတော့ ဆရာတော်မမြင်အောင် ခါးပုံစထဲတော့ ထည့်ဖွက်လိုက်တာပဲ။ ဆရာတော်မိသွားရင်လည်း ကြိမ်လုံးပဲ။ အရိုးရှည်တယ်။ အဖျားကော့တယ်။ အားပါရင် အသားလန်ထွက်မတက် အဆော်ခံရမှာပဲ။ ဒါလည်း ခိုးစားခဲ့ကြတာပဲ။ ငါတို့က ကလေးတွေ။

ဘုရားဝင်းထဲက အုတ်တံတိုင်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ဗျောက်သီးလေးတွေ ရှိတယ်။ စိမ်းစိုနေတဲ့ ဗျောက်သီးဟာ ဘယ်တော့မှ အသံမအောင်ဘူးဆိုတာ ဘယ်သူမှ မသင်ရဘဲ ငါတို့သိခဲ့တယ်။ ခြောက်သွေ့တဲ့ ဗျောက်သီး တွေကို အညှာမပါအောင် ဖြုတ်ခူး၊ ပြီးတော့ ရေကန်ထဲကို ပစ်ချ။ ခြောက်သွေ့တဲ့ ဗျောက်သီးတွေဟာ အသံကျယ်လောင်စွာမြည်တယ်။ နောက် ပေါက်ကွဲပြီး ဗျောက်သီးဆံတွေဟာ ရေကန်ထဲမှာ ပြန့်ကျဲလို့။ ဒါကိုပဲ ကြည့်ပြီး ငါတို့ပျော်ခဲ့ကြတာပဲ။ 

“ဆွမ်းအုပ်နီနီအမေရွက်လို့ နက်ဖြန်မနက် ကျောင်းတက်မယ်၊ မောင်လည်းလိုက်မယ် ချန်မထားနဲ့ အမေသွားတော့ ပျင်းလှတယ်၊ ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့၊ ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်၊ မောင်မဆော့ပေါင် စိတ်ပုတီးနဲ့ ဘုန်းတော်ကြီးလိုနေပါ့မယ်”။

နှုတ်တိုက်ရနေတဲ့ ကဗျာလေးကို ရွတ်ကြီး ကျောင်းကြီးအောက်မှာ ငါတို့ ကစားခဲ့ကြ။ ကျောင်းအောက်က သဲထူထူလေးတွေမှာ ဝဲပုံစံလေးတွေကို လိုက်ရှာတယ်။ ဝဲကတော့ပုံ သံအိမ်လေးတွေတွေ့ရင် သေချာပြီ။ အဲဒီသဲအိမ်လေးတွေထဲမှာ မှုတ်ကောင်လေးတွေရှိတယ်။ အဲဒီ ဝဲကတော့ပုံ သဲအိမ်လေးတွေကို လေနဲ့ဖြေးဖြေးလေးမှုတ်လိုက်ရင် အဲဒီပိုးကောင်နီနီလေးတွေ ပေါ်လာတယ်။ အဲဒီ ပိုးကောင်နီနီလေးတွေဟာ သဲမှုန်လေးတွေကို အိမ်ဆောက်နေကြတာ။ ငါတို့လေနဲ့မှုတ်လိုက်လို့ သူ့အိမ်လေး ပျက်သွားတဲ့အခါ နောက်ထပ် သဲအိမ်ကလေး သူပြန်ဆောက်တာကြည့်ပြီး ငါတို့ကြည်နူးခဲ့တာပဲ။ အခုထိလည်း အဲဒီပိုးကောင်နီနီလေးကို ငါသတိရနေဆဲ။ သူ့မှာ နာမည်ရှိကောင်း ရှိပေမယ့် ငါတို့ လေနဲ့မှုတ်မှ ထွက်လာတဲ့ ပိုးကောင်းလေးမို့ မှုတ်ကောင်လို့ပဲ ငါ ဆက်ခေါ်နေချင်ဆဲပဲ။ ငါတို့က ကလေးတွေလေ။

တစ်ခါတလေ ငါတို့ကျောင်းကို နိုင်ငံခြားသားကြီးတွေ လာလည်တယ်။ သူတို့လက်ထဲမှာ ချက်ချင်းရိုက်ပြီး ချက်ချင်းဓာတ်ပုံထွက်တတ်တဲ့ ကင်မရာလေးတွေနဲ့။ သူတို့နဲ့တွေ့ရင် နားမလည်ပေမယ့် နှုတ်တိုက်ကျက်ထားတဲ့ စကားက “Where are you come from”။ အဲဒါပြီးရင် သူဘာပြောပြော ပြန်ပြောဖို့က “Oh Beautiful Country” ။ ဒါပဲ။ ဒါပြောပြီးရင် သူတို့က ငါတို့ကို ချိုချဉ်တွေ ထုတ်ကျွေးတော့မှာ၊ သူတို့ နိုင်ငံက ပါလာတဲ့ ဘောလ်ပန်လှလှလေးတွ ပေးတော့မှာ။ ကိုရင်ကြီးတွေဟာ ငါတို့ကို အမြဲစောင့်ကြည့်နေကြတယ်။ ငါတို့လက်ထဲ ဘောလ်ပန်လှလှလေးတွေ ကိုင်လာရင် ငှက်ပျောသီးနဲ့ လာလဲယူတယ်။ မုန့်ဆီကြော်တွေ ပေါက်ပေါက်ဆုပ်တွေနဲ့ လဲယူတယ်။ တစ်ခါတလေ ကိတ်မုန့် ဝါဝါလေးတွေတောင် ပါရဲ့။ နိုင်ငံခြားသားကြီးတွေကငါတို့ကို ကျောင်းနံရံဘေးတွေမှာမှီပြီး ဓာတ်ပုံရိုက်ပေးကြတယ်။ ဘုန်းကြီးကျောင်းမျက်နှာပေါ်က ကနုတ်ပန်းတွေကို သူတို့သဘောကျကြတယ်။ တစ်ချိန်တုန်းကတော့ ဘုရင်မင်းမြတ် ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းမို့ ရွှေရောင်ဝင်းဝင်း မီးဝင်းပြောင်ပြောင် ရှိခဲ့မှာမှန်ပေမယ့် အခုတော့ ရေနံချေး အထပ်ထပ်နဲ့ မှိုင်းဝနေတဲ့ သစ်လုံးတိုင်တွေပေါ့။ ငါတို့အင်္ကျီတွေဟာ အမြဲတမ်းရေနံချေး ပရဗွနဲ့။ အိမ်ပြန်ရောက်တိုင်း အဆူခံရတာ။ အဲဒီတုန်းက အီလန်ဆပ်ပြာမှုန့်တွေ မပေါ်သေးတော့ အမေဟာ သမဆိုင်က ထုတ်ပေးတဲ့ ရွှေဝါဆပ်ပြာတွေနဲ့ လက်တွေညောင်းနေအောင် လျှော်ရတာပေါ့။ ငါတို့ကလည်း ငါတို့ပဲ။ မညစ်မပေဘဲ ပြန်လာတဲ့ရက်ကို မရှိအောင် အဆော့သန်ခဲ့ကြတာ။ ငါတို့က  ကလေးတွေလေ။

ဘုန်းကြီးကျောင်းဝင်းမြောက်ဖျားမှာ သီးသီးပင်တွေကြားမှာ ငါတို့ စစ်တိုက်တမ်းကစားခဲ့ကြတယ်။ ဘုရားဝင်း အုတ်တံတိုင်းပေါ် တက်ထိုင်ပြီး ကျောက်လမ်းမထက်က ချက်ဗလက်ကားအိုကြီးတွေ တရွေ့ရွေ့သွားနေတာကို ငေးကြည့်ကြတယ်။ သီတင်းကျွတ်လပြည့်ဆိုရင် ဒီကျောက်လမ်းမကြီးမှာ ပေါင်းမိုးတပ်လှည်းတွေ ပြည့်လို့၊ တအီအီ တကျီကျီမြည်လို့ပေါ့။ ပျော်စရာအကောင်းဆုံးက သီတင်းကျွတ်လပြည့်ပဲ။ အမေတို့ ကြီးကြီးတို့ ဥပုသ်သီလစောင့်ပြီး ဘုန်းကြီးကျောင်းမှာ နေ့ခင်းတရေးတမောအိပ်ပြီဆိုတာနဲ့ ငါတို့က ဘုရားကျောင်းဝင်းအုတ်တံတိုင်းပေါ်က ခုန်ကျော်ချပြီး ပွဲစျေးတန်းကို သွားကြတာ။ အကြိုက်ဆုံးက နေ့ခင်းပြတဲ့ စိန် လက်ထိုးရုပ်ပဲ။ အကြိုက်ဆုံးပြကွက်က “ဒိုးရတော့မယ် အချစ်ရယ် နှုတ်ဆက်ခဲ့ပါတယ် ကိုယ်တကယ်မခံစားနိုင်ဘူး အချစ်ရယ်”။ သိတယ်မဟုတ်လား။ “ကိုကျော်လေ ကိုကျော်”။ ကိုကျော်က အဲဒီသီချင်းဆိုပြီးတာနဲ့ ဆိုင်ကယ်ပေါ် တက်ကွပြီး လီဗာကို တဗျင်းဗျင်းနဲ့ အပြင်းဆုံးပုတ်ပြီး မောင်းထွက်သွားတာ။ မီးခိုးတွေဆိုတာလေ စင်ပေါ်တင်မကဘူး။ စင်ရှေ့က မော့ကြည့်နေတဲ့ ငါတို့မျက်လုံးတွေတောင် စပ်တယ်။ လက်ထိုးရုပ်ပွဲသာဆိုတယ်။ တကယ့် ဇာတ်ပွဲကြီးလိုပဲ။ အပျိုတော်ခန်း၊ စတိတ်ရှိုး၊ ပြဇာတ်၊ နောက်ပိုင်းဇာတ်နဲ့။ ငါတို့ကတော့ စတိတ်ရှိုးပြီးတာနဲ့ ရုံထဲက ထွက်တာပဲ။ ပြီးတော့ ထူးထူးဆန်းဆန်းခေါင်းနှစ်လုံးမြွေကြီးကို ကြည့်တယ်။ ထူးထူးခြားခြား ပန်းကန်ပြားထဲက ခေါင်းပြတ်ကောင်မလေးစကားပြောတာ ရေသောက်တာ ဆေးလိပ်သောက်ပြတာတွေ ကြည့်တယ်။ ဒီလောက်ဆိုရင် အမေပေးတဲ့ မုန့်ဖိုးကုန်ပြီ။ ဒါလည်း ငါတို့က ပွဲစျေးတန်းကပြန်ဖို့ စိတ်မကုန်သေး။ ပိုက်ဆံ မပေးရဘဲ အလကားကြည့်လို့ရတဲ့ ပြပွဲတွေရှိတဲ့နေရာ ငါတို့သိတယ်။ ငါတို့က ကလေးတွေလေ။

တုံချန် တုံချန် နဲ့ လင်းကွင်းတစ်ခြမ်းကို တုတ်နဲ့ ရိုက်တဲ့အသံကြားတာနဲ့ အဲဒီနေရာကို ငါတို့ပြေးတာပဲ။ ဒါဆို မျက်လှည့်ပြတော့မှာ ငါတို့သိတယ်။ မျက်လှည့်ဆရာဟာ လက်ညှိုးလုံးလောက် တုတ်တဲ့ ကြိုးကို ဓားနဲ့ ဖြတ်တယ်။ ပြီးတော့ ပြန်ဆက်ပြတယ်။ နောက် အဲဒီကြိုးကိုပဲ ထန်းခေါက်ဖာထဲ ခွေထည့်လိုက်တယ်။ ဒီကြိုးကို မြွေဖြစ်အောင် သူ လုပ်ပြတော့မှာ။ မျက်လှည့်ဆရာဟာ ငါတို့က မကြာခဏ နောက်ဆုတ်ဖို့ပြောတယ်။ သူစည်းတားထားတဲ့ စည်းဝိုင်းထဲလည်း မဝင်ဖို့ ပြောသေးတယ်။ ငါတို့ဟာ သူတားထားတဲ့စည်းကို သူမမြင်အောင် ပုဆိုးနဲ့ ကာကာပြီး ဖျက်ပစ်တယ်။ ပြီးရင် ရှေ့ကို တိုးကြည့်တယ်။ ငါတို့က ကြိုးက ဖြစ်သွားတဲ့ မြွေကို ကြည့်ချင်တာ။ မျက်လှည့်ဆရာဟာ သံကွင်း သုံးကွင်းကို ဆက်ပြတယ်။ ဆက်ကြောင်းရာ မရှိတဲ့ သံကွင်းတွေဟာ တစ်ကွင်းထဲ တစ်ကွင်းဝင်ပြီး ချိတ်ဆက်လို့။ အံ့သြစရာပဲ။ ပြီးတော့ မျက်လှည့်ဆရာဟာ ဖဲချပ်တွေကို ငါတို့ကို ပြတယ်။ သူ့ဖဲချပ်တွေဟာ ဂျိုကာတွေချည်းပဲ ဖြစ်နေတယ်။ ဖဲပွင့်တွေ ဘယ်ရောက်သွားလည်း ငါတို့ မသိဘူး။ ဂျိုကာတွေချည်းပဲနဲ့တော့ ငါတို့ကစားတတ်တဲ့ ကိုးမီး၊ ဘူကြီးကစားလို့ မရဘူး။ မျက်လှည့်ဆရာရဲ့ တပည့်ဟာ လင်းကွင်းကို တုတ်နဲ့ တီးလိုက်၊ ဗင်ခရာကို တဒုန်းဒုန်းထုလိုက်၊ သူ့ဆရာကို အရိပ်တကြည့်ကြည့်နဲ့ နေတယ်။ ငါတို့က ကြိုးကနေ ဖြစ်သွားမယ့် မြွေကို ကြည့်ချင်လှပြီ။ နေက ဝင်တော့မယ်။ မှောင်ရီပျိုးစပြုပြီ။ အမေတို့လည်း တရေးနိုးလောက်ပြီ။ ငါတို့က ပြန်ရတော့မယ်။ ကြိုးက မြွေမဖြစ်သေးဘူးလား။ ထန်းခေါက်ဖာကို ခဲနဲ့ ပစ်ပေါက်လိုက်တယ်။ ဘင်ခရာသံရပ်သွားတယ်။ မျက်လှည့်ဆရာက ငါတို့ဆီ ပြေးလာတယ်။ ငါတို့လည်း မျက်လှည့်ဝိုင်းကနေ ထွက်ပြေးလာတယ်။ ငါတို့က ကလေးတွေ။

သီတင်းကျွတ်ပွဲစျေးတန်းမှာ ငါတို့ကို ဆွဲဆောင်နေတဲ့ နောက်ထပ်ဆိုင်လေးတွေ ရှိသေးတယ်။ ဂျီထိုးတဲ့ ဆိုင်ခန်းလေးတွေပေါ့။ အဲဒီဆိုင်ခန်းရှေ့မှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေထဲမှာ ချစ်၊ သတ္တိ၊ ဇွဲ၊ ကျော်၊ ဇော်၊ မော် စတဲ့စာလုံးလေးတွေ ထိုးပြထားတယ်။ ပြီးတော့ ဇာမဏီငှက်ပုံတွေ၊ နဂါးပုံတွေ၊ ကနုတ်ပန်းတွေ၊ ငါတို့မဖတ်တတ်တဲ့ အင်္ဂလိပ်စာလုံးတွေ၊ Love တော့ ငါတို့သိတယ်။ တစ်နေ့ကျ ငါတို့ အဲဒီဂျီထိုးဆိုင်ရှေ့က ဖြတ်အသွား၊ ကျောပြင်မှာ ဘီလူးရုပ်ကြီးထိုးနေတဲ့ လူကြီးတစ်ယောက်ကို တွေ့လို့ ငါတို့ ဝင်ငေးကြည့်ကြတယ်။ ဂျီထိုးပေးနေတဲ့ လူကြီးက ငါတို့ကို သိပ်မနှစ်မြို့ပေမယ့် ဂျီထိုးခံနေတဲ့ လူကြီးက ငါတို့ကို ချစ်ခင်ဟန် ပြတယ်။ ပြီးတော့ ဟေ့ကောင်တွေ မင်းတို့ ဂျီထိုးချင်လားလို့ မေးတယ်။ ငါတို့က ချက်ချင်းငြင်းလိုက်တော့ အဲဒီလူကြီးက တဟားဟားရယ်တယ်။ ဒီလူကြီး အဲဒီလို ရယ်တော့ ကျွန်တော်ဘာဖြစ်မှန်းမသိဘူး။ ရှက်သွားတာလား၊ မခံချင်တာလား တစ်ခုခုဖြစ်မယ်။ ဒါနဲ့ ထိုးမယ်ဗျာဆိုပြီး ငါ့ လက်ဖျံကို ပေးလိုက်တယ်။ ဂျီထိုးတဲ့ လူကြီးက ဘီလူးပုံထိုးနေရာကနေ ငါ့လက်ဖျံကို ကိုင်ပြီး ဘာထိုးမလဲမေးတယ်။ “ချစ်” တို့၊ “ဇွဲ”တို့၊ “သတ္တိ” တို့တော့ မထိုးချင်ဘူ။ “ကျော်”လို့ ထိုးပေးဗျာ လို့ ပြောလိုက်တယ်။ ဒီလိုနဲ့ အိမ်ပြန်ရောက်တာနဲ့ လက်ရှည်အင်္ကျီကို အမြန်လဲတယ်။ အမေနဲ့ အဖေကတော့ သတိမထားမိဘူး။ မိုးအကုန်ဆောင်းအကူးကာလလေးဆိုတော့ အချမ်းဓာတ်က ဝင်စပြုနေပြီဆိုတော့ ငါလည်း အမြဲတမ်းလက်ရှည်နဲ့။ တစ်ရက်ကျတော့ ကံဆိုးစွာ ညှော်မိပြီး ငါ့လက်က ဂျီထိုးထားတဲ့ နေရာ ရောင်ပြီး ဖျားပါလေရော့။ အဲဒီတော့မှ အဖေနဲ့ အမေက သိပြီး ဆူတယ်။ သူတို့လည်း ဆူရုံပဲ တတ်နိုင်တာပဲလေ။ ပြန်ဖျက်လို့လည်း မရတော့ဘူး။ အဲဒီ”ကျော်”ဆိုတဲ့ စာလုံးလည်း ငါ့ရဲ့ ညာလက်ဖျံမှာ အခုထိ ထင်းနေတုန်းပဲ။ ဘဝမှာ ပြန်ဖျက်လို့ မရတဲ့ အမှားတော့ ပြန်ဖျက်လို့မရတော့တဲ့ အမှန်လည်း ရှိတယ်ဆိုတာ ငါသိလိုက်တယ်။ သဝေထိုး ကကြီးယပင့် ရေးချ ရှေ့ထိုး ကျော်။ မှန်ပါတယ်။ ငါတို့က ကလေးတွေလေ။

ငါတို့လို့သာ ရေးနေတာ။ တကယ်တမ်း အဲ့ဒီတုန်းက အတူတူသွားခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ အခု ပြန်မတွေ့ရတော့တာ ကြာပြီ။ ဟိုကောင် အောင်ကြီးဆိုရင် သေပြီ။ အထက်တန်းမတက်တော့ဘဲ ပန်းထိမ်သင်မယ်ဆိုပြီး ကျောင်းထွက်သွားတယ်။ အိမ်ထောင်ကျတာ စောတယ်။ အရက်တွေ တအားသောက်ပြီး သေတယ်။ ဗိုလ်ကာတွန်းဆိုရင် ငါ့ထက်ကြီးတယ်။ ဒါပေမယ့် ငါတို့က ရွယ်တူပဲ။ မင်းနဲ့ ငါနဲ့ ပြောတယ်။ ဒီကောင်လည်း အခု ဘယ်ရောက်နေမှန်းကို မသိတော့။ ပေါက်စဆိုတဲ့ ကောင်ကတော့ ပေါက်စမဟုတ်တော့ဘူး။ ပေါက်စီရောင်းပြီး ကြီးပွားနေတယ်ကြားတာပဲ။ ငါ့နာမည်က ငယ်ငယ်က သူငယ်ချင်းတွေ ခေါ်တာ။ ကြောင်ချီး တဲ့။ ငါ့အိမ်နာမည်က နောင်ကြီးအိုင်။ နောင်ကြီးအိုင်ဆိုတာ အရာတော်မြို့ဘက်က ရွာနာမည်။ အဖေနဲ့အမေက အဲဒီရွာကို ခိုးပြေးကြတာ။ လူကြီးတွေ သဘောမတူလို့လားဆိုတော့ အဲဒီလိုလည်း မဟုတ်ဘူး။ တခြားသူငယ်ချင်းစုံတွဲနှစ်ယောက်က ခိုးပြေးကြလို့ သူတို့လည်း အတူတူခိုးပြေးဖြစ်ကြတာ။ ဆိုတော့ ငါမွေးတော့ ငါ့နာမည်က အဲဒီရွာနာမည်ကို ပေးလိုက်ကြတာ။ ဒါကိုပဲ သူငယ်ချင်းတွေက ကာရန်နဘေတွေနဲ့ “မင်းက နောင်ကြီးအိုင်ဆိုတော့ ကြောင်ချီးကိုင်” ဆိုပြီး စရင်းနဲ့ ကြောင်ချီး ဖြစ်သွားတာ။ အခုတော့ ကြောင်ချီးလို့ ခေါ်တတ်တဲ့ သူငယ်ချင်းတွေလည်း မရှိတော့ဘူး။ မျက်နှာချင်းဆိုင်တွေ့ရင်တောင် သူစိမ်းတွေကို နာမည်ရှေ့မှာ “ကို” တပ်ခေါ်ကြဦးမလား မသိ။ ငါတို့လေ ရေမကူးရလို့ ရေးထားတဲ့ နန်းရှေ့ရေနီမြောင်းထဲ ရေခိုးကူးကြတယ်။ ကျုံး အရှေ့ဘက် ဘုန်းကြီးကျောင်းထဲက ကျောင်းဝင်းအပြင်ထွက်နေတဲ့ သရက်သီးတွေကို ဖိနပ်နဲ့ ပစ်ထုပြီး ခိုးခူးခဲ့ကြတယ်။ ကျုံးအရှေ့ဘက်မြို့ရိုးကို ခဲရာခဲဆစ်ကျော်တက်ပြီး ဒိုဘီကန်လို့ခေါ်တဲ့ အဝတ်လျှော်ကန်ထဲ ရေသွားကူးကြတယ်။ မန္တလေးမြို့ရဲ့ လေးပြင်လေးရပ်ဘုရားပွဲတွေကို အရောက်သွား။ အငြိမ့်ကို သန်းခေါင်ထိကြည့်ကြ၊ တံခါးပိတ်ထားတဲ့ ကိုယ့်အိမ်ကိုယ် ခိုးဝင်ခဲ့ကြ။ တန်ဆောင်တိုင်ဆိုရင် BMX စက်ဘီးသုံးယောက်စီးပြီး တစ်မြို့ပတ် သံပုံးရိုက်ခဲ့တာ လွမ်းတယ်။ သြော် အဲဒီတုန်းက ငါတို့က ကလေးတွေ။

အခုပြန်တွေးကြည့်တော့ ကြမ်းကြားထဲ ကျောက်တံပြုတ်ကျတာ ငါတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ပြန်တွေးမိတယ်။ ငွေစကြေးစလေး ရွှင်နေတဲ့အခါ “ငါက ကိုကျော်ကွ” ဆိုပြီး ဆိုင်ကယ်ကို ဝူးကနဲ မောင်းထွက်ခဲ့ဖူးသလို ငွေစကြေးစတွေ ပြတ်လပ်တဲ့အခါကျတော့လည်း ထန်းခေါက်ဖာထဲက ထွက်လာမယ့် မြွေကို မျှော်ရသလို မျက်လှည့်ဝိုင်းထဲ ဝင်ထိုင်မိတဲ့ နေ့စွဲတွေ ရှိခဲ့တာပါပဲ။ ကိုယ့်ခေါင်းပေါ်က ဆံပင်ဖြူကို ကိုယ်တိုင်မြင်ဖူးပြီ။ နဖူးပေါ်က အရေးအကြောင်းတွေက ပိုပြီး ထင်ရှားလာခဲ့ပြီ။  မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ပြန်ဖျက်ပစ်လို့မရတဲ့ သမိုင်းမှာ ငါတို့ဟာ ကလေးတွေ မဟုတ်တော့ဘူးလို့ သံဝေဂလည်း ရမိတယ်။ တစ်ခါတစ်ခါ ဘဝကို လက်ဖျံရိုးပေါ်ထည့်ရေးပြီး လက်ရှည်အင်္ကျီနဲ့ ဖုံးထားချင်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပုဆိုးလေးနဲ့ကာပြီး စည်းသားထားတဲ့ စည်းမျဉ်းတွေကို ခြေထောက်နဲ့ ပွတ်ပြီး ဖျက်ပစ်လိုက်ချင်တယ်။ ငါတို့ဟာ ကလေးတွေလို့ ပြန်ပြောလို့မရတာ တစ်ခုပါပဲ။ အတိတ်ဟာ ပစ္စုပ္ပန်အယောင်ဆောင်ပြီး ငါတို့ရှေ့ကို မကြာခဏရောက်ရောက်လာတတ်တယ်။ ငါးစာကိုသာ မြင်ပြီး ငါးမျှားချိတ်ကို မမြင်တဲ့ ငါးတွေလို နားထဲမှာ တုံချန် တုံချန် ဆိုတဲ့ အသံကြားရင် ပြေးကြည့်ချင်နေတုန်းပဲ။ ကိုယ့်တစ်ကိုယ်ရေ ပျော်ရွှင်မှုကိုသာမြင်ပြီး ပျက်စီးသွားတတ်တဲ့အရာတွေကို မမြင်တတ်တဲ့ မှုတ်ကောင်ရှာသူတွေကြားထဲမှာ ငါတို့က မှုတ်ကောင် ဖြစ်လိုက်၊ မှုတ်ကောင်ရှာဖွေသူ ဖြစ်လိုက်။ မညီမညာနဲ့ ရေးထားတဲ့ ဝလုံးတွေလည်း အခုတော့ ကြေမွသွားတဲ့ ကျောက်သင်ပုန်းနဲ့အတူ တစ်စစီဖြစ်လို့။ 

သြော် တစ်ချိန်တုန်းကတော့ ငါတို့က ကလေးတွေ။

                                             ***

မင်းနဒီခ

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading