သန့်ရှင်းသောအကျဉ်းသားဝိညာဉ်  သို့မဟုတ် ကိုဝင်းဗိုလ်

စစ်ဗိုလ်ချုပ်တစ်‌ယောက်က မိမိလက်အောက် ဗိုလ်မှူးချုပ်တစ်ဦး၏ မိသားစုအရေးကိုပင် ဝင်ရောက်စွက်ဖက်နိုင်သည် ဆိုခြင်းကို ကိုဝင်းဗိုလ်တို့၏ အဖြစ်အပျက်က သက်သေပြနေခဲ့ပါသည်။ စစ်အာဏာရှင်ခေတ်တွင် စစ်ဗိုလ်ချုပ်များသည် War Loards စစ်ဘုရင်ကြီးများအဖြစ် အရာရာ ချုပ်ကိုင်ထားပြီး ကိုယ်ရေးကိုယ်တာကိစ္စများပင်လျှင် သူတို့အလိုကျ ဝင်ရောက်စွက်ဖက်နေသည်ကို အော့နှလုံးနာစရာ တွေ့ရှိရသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်အောက်သို့ နှစ်ပေါင်း ၄၈ နှစ် ကျရောက်ခဲ့သည့်အတွက် တိုင်းပြည်သည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝသို့ ရောက်ရှိခဲ့ပြီး ပြည်သူများ ဆင်းရဲတွင်းနက်ခဲ့ရသည့်အပြင် မိသားစုဝင်တိုင်းတွင် ထောင်မကျဖူးသူ မရှိသလောက် ဖြစ်ခဲ့ရသည့် “ထောင်ထဲမှ ပြည်သူများ” ဟု ခေါ်ရလောက်သည့် အခြေအနေဖြစ်ခဲ့ရသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အာဏာရှင်ခေတ်တွင် ထောင်ကျသည်မှာ မထူးဆန်းသော်လည်း နိုင်ငံရေး မလုပ်သော်လည်း မိမိမိရိုးဖလာ လယ်ယာလုပ်ရင်း လယ်သိမ်းခံရသဖြင့် ကန့်ကွက်ရာမှ ထောင်ကျသည့် လယ်သမားများ တောင်သူများ မိမိဒေသကို စစ်တပ်မှ တပ်ပိုင်လုပ် မတရားသိမ်းပိုက်သဖြင့် ကန့်ကွက်ရင်း ထောင်ကျသူများ၊ အသက်မပြည့်ဘဲ ကလေးဘဝတပ်ထဲ အတင်းအကြပ် သွတ်သွင်းခံရပြီး တပ်မှထွက်ပြေးသဖြင့် တပ်ပြေးများအဖြစ် ထောင်ကျသည့် ကလေးစစ်သားများကအစ မြန်မာပြည်သူအများ အကျဉ်းသားများအဖြစ် ဒုက္ခခံစားခဲ့ကြရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ကျခံရသူများကို လူသိများသော်လည်း လူမသိသူမသိ ထောင်ကျခံရသူ ထောင်တွင်း နှိပ်စက်ခံရပြီး သေဆုံးသွားသူများ၊ ဂျပန်ခေတ် ချွေးတပ်စခန်းများရှိ စစ်သုံ့ပန်းများကဲ့သို့ ရဲဘက်စခန်းများတွင် မဝရေစာဖြင့် ကျောက်မိုင်းများတွင် ခြေထောက်တွင် သံချေကျင်းများဖြင့် ကျောက်ထုရင်း သေဆုံးခဲ့ကြရသည့် အကျဉ်းသား၊ ကလေး၊ လူကြီးများ အားလုံးအတွက် စစ်အာဏာရှင်စနစ်၏ ဆိုးဝါးရက်စက်မှုများကို သတိရစေပြီး နောင်အနာဂတ်တွင် ထိုသို့သော အဖြစ်ဆိုးများ မကြုံတွေစေရန် နိုင်ငံရေးအကျဉ်းသားများသာ မဟုတ်ဘဲ မတရား ထောင်ချခံရသော အကျဉ်းသားများအားလုံးနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံ အကျဉ်းသားများနေ့ကို သတ်မှတ် ပေးပါက အထူးသင့်လျော်မည်ဟု ယုံကြည်မိပါသည်။ 

ထိုအကြောင်းနှင့်ပတ်သက်ပြီး စာရေးသူနှင့် နိုင်ငံရေး အကျဉ်းသားတစ်ဦးဖြစ်သူ ကဗျာဆရာ ကိုငြိမ်းသစ်တို့ အွန်လိုင်းတွင် စကားပြောခဲ့ကြသည်။ ၂၀၁၆ ခုနှစ်က NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် ကိုငြိမ်းသစ်က “မန္တလေးရဲ့ညတည” စာပေဟောပြောပွဲတွင် ပြောကြားခဲ့သည့် တစ္ဆေကြီးတစ်‌ကောင် အကြောင်း မြန်မာတိုင်းစာစောင်မှာ ဖြိုးဝေကျော်က အမှတ်တရ ပြန်ရေးထားသည့်ဆောင်းပါးကို ဖတ်ရှုပြီးနောက် ရင်ထဲတွင် နာကျင်စွာ ခံစားခဲ့ရပြီး ကိုယ်ချင်းစာတရားနှင့် ဗိုလ်ကြီးဟောင်း ကိုဝင်းဗိုလ်၏ ဆိုးဝါးလှသည့်ဘဝအတွက် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ခဲ့ရသောကြောင့် ဟောပြောခဲ့သူ ကိုငြိမ်းသစ်ကို ဆက်သွယ်မေးမြန်းသည်။ 

“မြန်မာနိုင်ငံအကျဉ်းသားများနေ့” အဖြစ် သတ်မှတ်စေချင်သည့် အတွေးအခေါ်ကို ကိုငြိမ်းသစ်က ပေးခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဤကဲ့သို့ သတ်မှတ်စေချင်သည် ဆိုသည်ကိုလည်း သူက ရှင်းပြခဲ့သည်။ ထိုနေ့ကို ဘယ်နေ့တွင် သတ်မှတ်သင့်သည် ဆိုသည်ကို မပြောခင် ယင်းအကြောင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည့် ဗိုလ်ကြီးဟောင်း ကိုဝင်းဗိုလ် အကြောင်းကို မိတ်ဆက်ပေးလိုပါသည်။ သို့မှသာ ယင်းနေ့ရက်မျိုး သတ်မှတ်သင့်သည်ကို ပို၍ သဘောပေါက် ကြမည်ဟု ယုံကြည်မိပါသည်။ 

ဗိုလ်ကြီးဝင်းဗိုလ်၏ နောက်ကြောင်း

ဗိုလ်ကြီးဝင်းဗိုလ်သည် မျက်နှာသွယ်သွယ် အသားညိုညို ကိုယ်လုံးကိုယ်ထည် ကျစ်ကျစ်လစ်လစ်၊ အရပ် ၅ ပေ ၉ လက်မခန့် ရှိပြီး ဥပတိရုပ်ကောင်းသူတစ်‌ယောက် ဖြစ်ကာ သတ္တိကောင်းသူဖြစ်သည်ဟု ကိုငြိမ်းသစ်က ပြောပြသည်။ သူသည် မေမြို့ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်တစ်ဦး ဖြစ်သည်။ ဗိုလ်ကြီးအဆင့်သို့ ရောက်လာပြီးသည့်နောက် ဗိုလ်မှူးချုပ်စိုးမြင့်၏ လက်ထောက်ကိုယ်ရေးအရာရှိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လေထီးခုန်တွင် ပထမရခဲ့ပြီး ငွေဓားဆုလည်း ရရှိခဲ့သူဖြစ်သည်။ ထူးချွန်ထက်မြက်သူ ဖြစ်သည့်အတွက် သူ့ကို ထောက်လှမ်းရေးမှ ခေါ်ယူခြင်း ခံရသည့်အပြင် မန္တလေးမှ ဗိုလ်ချုပ်ထွန်းကြည်က ကိုယ်ရေးအရာရှိအဖြစ်နှင့် ခေါ်သော်လည်း သူက မသွားခဲ့ဘဲ သူ့ဆရာ ဗိုလ်မှူးချုပ်စိုးမြင့်၏ ကိုယ်ရေးအရာရှိအဖြစ်နှင့်သာ တာဝန်ထမ်းဆောင်ခဲ့သည်။ မိမိဆရာ၏အလုပ်တာဝန်များအပြင် ဆရာလုပ်သူ၏ မိသားစုအိမ်ဝင်ထွက်ရင်း ချောမောလှပသည့် ဆရာ့သမီး ဒေါ်ခင်စန္ဒာနှင့် ယောက်ျားပီသသော ဗိုလ်ကြီးဝင်းဗိုလ်တို့ လူငယ်သဘာဝ ချစ်ကြိုးသွယ်မိခဲ့ကြသည်။  မိဘဖြစ်သူများကလည်း တည်ကြည်ဖြောင့်မတ်၍ ဘာသာတရားကိုင်း ရှိုင်းပြီး ယဉ်ကျေးသော ဗိုလ်ဝင်းဗိုလ်ကို ကန့်ကွက်ရန် မရှိခဲ့ပေ။ 

ပထမအကြိမ်ထောင်ချခံရခြင်း

ဗိုလ်မှူးချုပ်စိုးမြင့်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေစဉ် တပ်တွင်းတည်ဆောက်ပြုပြင်ရေးအတွက် ဗိုလ်ကြီးဝင်းဗိုလ်က ငွေကောက်ခံပေးရသည့် တာဝန်ယူရသည်။ ကောက်ခံရရှိထားသည့် သိန်း ၇၀ ခန့်ကို ဗိုလ်ချုပ်ထွန်းကြည်က တောင်းယူသည့်အတွက် သူကိုယ်တိုင် နှစ်ကြိမ်ခွဲပို့ပေးခဲ့ရသည်။ ယင်းအတွက် အထောက်အထားများကို သိမ်းဆည်းထားခဲ့သည်။ သို့ရာတွင် ဗိုလ်ချုပ်ထွန်းကြည်ကို စစ်ဆေးသည့်အခါ ယင်းငွေကို လက်ခံရယူခြင်း မရှိကြောင်း လိမ်ညာထွက်ဆိုခဲ့သည်။ ထို့နောက် ငွေကြေးအလွဲသုံးစားမှုနှင့် ဗိုလ်ကြီးဝင်းဗိုလ် အပါအဝင် ဗိုလ်မှူးနှင့် ဗိုလ်ကြီး ၉ ဦးအား ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဗိုလ်ကြီးဝင်းဗိုလ်အား ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချမှတ်ပြီး ကျန်သူများမှာလည်း ထောင်ဒဏ် အနှစ် ၂၀ နှင့် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။ 

ဗိုလ်ကြီးဝင်းဗိုလ်၏ဘကြီးသည် သခင်သိန်းမောင် ဖြစ်ပြီး မော်ကွန်းဝင် ပထမဆင့် ဖြစ်သည်။ မော်ကွန်းဝင် ပထမဆင့်များသည် မော်ကွန်းဝင် ပထမဆင့်တံဆိပ်တုံးနှင့် ဗိုလ်ချုပ်နေဝင်းထံ တိုက်ရိုက် စာရေးခွင့် ရှိသည်။ ဗိုလ်ကြီးဝင်းဗိုလ်သည် ကြံရေဖန်ရေ ရှိသူဖြစ်ပြီး ထောင်အပြင်ရှိ ဘကြီးဖြစ်သူထံသို့ စာပေးပို့နိုင်ခဲ့သည်။ ၎င်း၏ ဖြစ်စဉ်ကို ဘကြီးဖြစ်သူအား ရှင်းလင်းတင်ပြခဲ့ပြီး ဗိုလ်ချုပ်ထွန်းကြည်က လိမ်ညာထွက်ဆိုခဲ့သည့်အတွက် မိမိတို့သည် အပြစ်မရှိဘဲ ထောင်ကျခံခဲ့ကြောင်း ဗိုလ်ချုပ်နေဝင်းထံသို့ စာရေးသားတင်ပြပေးရန် အကူအညီ တောင်းခံခဲ့သည်။ 

ဗိုလ်ကြီးဝင်းဗိုလ်က ယင်းသို့ဆောင်ရွက်နေသည်ကို သိရှိသွားခဲ့သည့် သူ့အမှုတွဲ အထက်အရာရှိ ဗိုလ်မှူးများက ယင်းသို့ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်မည်ဆိုပါက ပြစ်မှုနှစ်ထပ်တိုးနိုင်ပြီး သေဒဏ်အထိ ပေးနိုင်ကြောင်း ဆူပူကြိမ်းမောင်း တားဆီးခဲ့ကြသည်။ ထိုသို့ သူတို့ပြောသည်ကို မလိုက်နာဘဲ ဆက်လက်ပြုလုပ်ပါက “မင်းကို သတ်ပစ်မယ်”ဟု ခြိမ်းခြောက်ခဲ့သည်။ သို့ရာတွင် ဗိုလ်ကြီးဝင်းဗိုလ်က ခြိမ်းခြောက်မှုကို အမှုမထားဘဲ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းထံသို့ ဘကြီးဖြစ်သူ သခင်သိန်းမောင်က စာပို့ပေးနိုင်ခဲ့သည်။ တစ်လခန့်အကြာတွင် ဗိုလ်ကြီးဝင်းဗိုလ်၏ အမှုတွဲပါ ၉ ဦးအား ထောင်မှလက်ထိပ်ခတ်လျက် ထောက်လှမ်းရေးက လာရောက်ထုတ်သွားခဲ့သည်။ လမ်းတွင် သူ့အထက်အရာရှိများက မိမိတို့ ဒုက္ခရောက်တော့မည်ဆိုကာ ထိုးကြိတ်မည် တကဲကဲ ဖြစ်နေခဲ့သည်။ သို့ရာတွင် ဗိုလ်ကြီးဝင်းဗိုလ်ထံမှစာသည် မည်သို့မည်ပုံ အပြင်သို့ ရောက်ရှိခဲ့သလဲ ဆိုသည်ကို စစ်ဆေးမေးမြန်းခဲ့ရာ ဗိုလ်ကြီးဝင်းဗိုလ်ကလည်း သူ့ဘကြီးဖြစ်သူထံ မည်သူမျှ အသိမပေးဘဲ သူက စာပေးပို့ခဲ့ကြောင်း အခြားစစ်ဗိုလ်များ မသိရှိခဲ့ကြောင်း မိမိလုပ်ရပ်ကို ခေါင်းခံ၍ အမှန်အတိုင်း ဖြေကြားခဲ့သည်။ စစ်ကြောရေးဝင်အပြီး ၄-၅ ရက်အကြာတွင် သူတို့အားလုံးကို ယင်းအမှုမှ ကွင်းလုံးကျွတ်လွှတ်ပေးခဲ့သည်။ နောက်ပိုင်း ဗိုလ်ချုပ်ထွန်းကြည်အား ရာထူးမှချပြီး ပင်စင်ပေးခံခဲ့ရသည်။ ဗိုလ်ကြီးဝင်းဗိုလ်တို့အားလုံးကိုလည်း စစ်တပ်တွင် မူလတာဝန်ပြန်လည်ပေးအပ်ခြင်း မရှိသော်လည်း စစ်မှုထမ်းဟောင်းအဖွဲ့တွင် ရာထူးတာဝန်ပေးခဲ့သော်လည်း ဗိုလ်ကြီးဝင်းဗိုလ်သည် ငြင်းဆိုခဲ့သည်။

မြားနတ်မောင်နှင့်ကစားခြင်း

ဗိုလ်ဝင်းဗိုလ်ဘဝမှ ကိုဝင်းဗိုလ် ဖြစ်လာပြီးနောက် ကိုဝင်းဗိုလ်သည် မိမိဆရားသမားအိမ်သို့ ဝင်ထွက်သွားလာခဲ့သော်လည်း အခြေအနေမှာ ပြောင်းလဲလာခဲ့သည်။ ဗိုလ်ပြုတ်ဘဝဖြစ်သွားသဖြင့် မိမိချစ်သူက သဘောထား မပြောင်းလဲသော်လည်း မိမိယောက္ခမများနှင့် ဆက်ဆံရေးမှာ အေးစက်လာခဲ့ရသည်။ အကြောင်းမှာ ဗိုလ်ချုပ်ထွန်းကြည်က မိမိအလွဲသုံးစားပြုမှုကို ကိုဝင်းဗိုလ်က အမှန်အတိုင်း ရဲရဲဝံ့ဝံ့ဖော်ထုတ်မှုကြောင့် မိမိသိက္ခာကျရသည်ကို အညှိုထားဟန်တူသည်။ ထို့ကြောင့် ကိုဝင်းဗိုလ်၏ ယောက္ခမလောင်း ဗိုလ်မှူးချုပ် စိုးမြင့်ကို ခေါ်၍ မိမိသားတပည့် ဗိုလ်မှူးတစ်ဦးနှင့် ပေးစားရန် စကားပြောလာသည်။ "မင်းသမီးနဲ့ငါ့သားတပည့်နဲ့ ပေးစားမယ်ကွာ" ကိုဝင်းဗိုလ်၏ချစ်သူ ဒေါ်စန္ဒာခင်မှာ ချောမောလှပသူ ဖြစ်သဖြင့် မြန်မာ့ကျောက်မျက်အသင်းပြက္ခဒိန်တွင် အလှမယ်အဖြစ် ပါဝင်သူလည်း ဖြစ်သည်။ ထိုအခါ မိမိအထက်ဗိုလ်ချုပ်တယောက်၏ တောင်းဆိုမှုကို ဗိုလ်မှူးချုပ် စိုးမြင့်က ငြင်းဆန်နိုင်သည့် အင်အား မရှိသလို မိမိချစ်သူကိုသာ လက်ထပ်နိုင်မည်ဟု ခေါင်းမာနေသော သမီးဖြစ်သူကိုလည်း မဖျောင်းဖျနိုင် ဖြစ်ရသည်။ နောက်ဆုံး မိမိအထက် ဗိုလ်ချုပ်ကို မလွန်ဆန်နိုင်သဖြင့် သဘောတူလိုက်ရသည်။ သမီးဖြစ်သူက မယ်သီလရှင်ဝတ်မည်ဟု ခြိမ်းခြောက်သည်။ 

ဗိုလ်ကြီးဟောင်း ကိုဝင်းဗိုလ်သည် သာသာနာ့ဘောင်သို့ ဝင်ရောက်ပြီး ရဟန်းဝတ်ပြီး နေသည်။ သို့ရာတွင် မိမိချစ်သူအိမ်မှ အိမ်ဖော်များက လာရောက် ဆက်သွယ်သဖြင့် ခင်စန္ဒာတို့၏ အိမ်တွင်းပြဿနာကို သိနေသည်။ ခင်စန္ဒာနှင့်လည်း အဆက်အသွယ် မပြတ်ခဲ့ချေ။ ဗိုလ်ချုပ်ထွန်းကြည်ကလည်း မိမိတပည့်နှင့် လက်ထပ်ရန် အမြန်ဆုံး လုပ်ဆောင်လာသည်။ ထိုအကျပ်အတည်းကို ခင်စန္ဒာက မိမိအိမ်မှ ကိုဝင်းဗိုလ်ကို လိုလားချစ်ခင်နေသူ အိမ်အကူများအကြံဉာဏ်ဖြင့် မင်္ဂလာဆောင်ရန် ရက်နီးလာသည်နှင့် ခေါင်းရိတ်ပြီး မယ်သီလရှင် ဝတ်လိုက်တော့သည်။ မင်္ဂလာဆောင် အစီအစဉ်ပျက် သွားသဖြင့် ဗိုလ်ချုပ်ထွန်းကြည် အကြီးအကျယ် စိတ်ဆိုးပြီး "ငါ့ကို အာခံတာပဲ၊ မင်း ငါ့အကြောင်းသိမယ်" ဟု ဗိုလ်မှူး စိုးမြင့်ကို ကြိမ်းသည်။ ထို့နောက် ကိုဝင်းဗိုလ်က လူဝတ်လဲပြီး ချစ်သူ စန္ဒာခင်နှင့် ရွှေတိဂုံဘုရားတွင် ချိန်းသည်။ ခင်စန္ဒာအတွက် အဝတ်အစားများပါ ယူလာပြီး ဘုရားစောင်းတန်းရှိ ဆိုင်တစ်ဆိုင်တွင် အဝတ်အစားများ လဲစေ၍ ခိုးပြေးသည်။ ထို့နောက် သူတို့ လင်မယားတွင် သားယောက်ျားလေး ၃ ဦး ထွန်းကားလာခဲ့သည့်အထိ ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ထားကြသည်။ 

စစ်ဗိုလ်ချုပ်တစ်‌ယောက်က မိမိလက်အောက် ဗိုလ်မှူးချုပ်တစ်ဦး၏ မိသားစုအရေးကိုပင် ဝင်ရောက်စွက်ဖက်နိုင်သည် ဆိုခြင်းကို ကိုဝင်းဗိုလ်တို့၏ အဖြစ်အပျက်က သက်သေပြနေခဲ့ပါသည်။ စစ်အာဏာရှင်ခေတ်တွင် စစ်ဗိုလ်ချုပ်များသည် War Loards စစ်ဘုရင်ကြီးများအဖြစ် အရာရာ ချုပ်ကိုင်ထားပြီး ကိုယ်ရေးကိုယ်တာကိစ္စများပင်လျှင် သူတို့အလိုကျ ဝင်ရောက်စွက်ဖက်နေသည်ကို အော့နှလုံးနာစရာ တွေ့ရှိရသည်။ 

ထောင်ဇာတာဝဋ်ကျွေးပါလာခြင်း

ကိုဝင်းဗိုလ်သည် စစ်ဗိုလ်ဘဝကပင် တရားလိုက်စားသူဖြစ်ပြီး ဆရာကြီး ဂိုအင်ကာ၏ တရားစခန်းတွင် ၂ ကြိမ် ၃ ကြိမ် ဝင်ရောက်ပြီး လေးလေးနက်နက် တရားအားထုတ်ခဲ့ဖူးသည်။ တိုင်းပြည်တွင် ပြည်သူများ ဆင်းရဲမွဲတေကာ ကုန်ဈေးနှုန်းများ တနေ့တခြား ကြီးမြင့်လာသည်ကို မျက်မြင်တွေ့လာရသောကြောင့် ဆင်းရဲတွင်းနက်ပြီး ရုန်းကန်းနေရသည့် လက်လုပ်လက်စား ပြည်သူများကို မည်သို့ ကူညီသင့်သလဲ ဆိုသည်ကို ကိုဝင်းဗိုလ်တစ်‌ယောက် နေ့စဉ် စဉ်းစားအဖြေထုတ် နေခဲ့ပါသည်။ သူသည် နိုင်ငံရေးသမားလည်း မဟုတ်သည့်အပြင် အစိုးရ ဆန့်ကျင်သူလည်း မဟုတ်ပါ။ သို့ရာတွင် ဆင်းရဲ နွမ်းပါးသူများကို လူမှုရေးအရ ကူညီလိုစိတ် သူ့တွင် ပြင်းပြနေခဲ့သည်။ 

လူများ ဆင်းရဲကျပ်တည်းလွန်းသည့်အတွက် အစိုးရကို ဆန့်ကျင်ပြီး နိုင်ငံရေးလုပ်သူများ ထောင်ကျနေခြင်း ၈၈ တွင် ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး ဖြစ်လာခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် စစ်အစိုးရတို့ အပြိုင်အဆိုင် ဖြစ်နေတာတွေကို သူက မြင်တွေ့နေရသည်။ ဘာသာရေးကို ယုံကြည်ကိုင်းရှိုင်းသူတစ်‌ယောက် ဖြစ်သည်နှင့် အညီ ထိုကဲ့သို့ အစိုးရနှင့် အတိုက်အခံဖြစ်နေခြင်းကို ပြေလည်စေချင်သည့် စေတနာနှင့် ဘာသာတရားနဲ့ ချဉ်းကပ်လျှင် ကောင်းမည်ဟု သူက ရိုးသားစွာ စိတ်ကူးရခဲ့သည်။ ထို့ကြောင့် မန္တလေးရှိ မဟာဂန္ဓာရုံကျောင်းတိုက်မှ တိုက်အုပ် ဆရာတော်ကြီးအား “ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အစိုးရတို့ နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသင့်ကြောင်း၊ အားလုံးလက်မှတ်ရေးထိုး တင်ပြလျှင် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားနိုင်ကြောင်း” လျှောက်ထားသည့်အခါ ဆရာတော်ကြီးကလည်း “အေး၊ ငါလည်း ဘယ်လို အဆင်ပြေအောင် လုပ်ပေးရမလဲ စဉ်းစားနေတာ မင်းတင်ပြတာ ကောင်းတယ်၊ ငါလက်မှတ်ရေးထိုးပေးမယ်” ဟု မိန့်သည်နှင့် ဝမ်းသာအားရ ပြန်လာပြီး မေတ္တာရပ်ခံစာကို ရေးသားပြီး ဆရာတော်ကြီးအား ဆက်ကပ်ရာ ဆရာတော်ကြီးက ဖတ်ရှုပြင်ဆင်ပြီး ဆရာတော်များကို ဖတ်ရှုစေပြီးနောက် အစည်းအဝေးတွင် တညီတညွတ်တည်း ထောက်ခံချက်ဖြင့် ဆရာတော်ကြီးများ ပါဝင်သည့် သံဃာ ၁၀၀၀ ထံမှ လက်မှတ်ရေးထိုး ကောက်ခံရယူသည်။ ထို့နောက် ကမ္ဘာအေးဆရာတော် ဦးသုမင်္ဂလာထံသို့ သွားရောက်၍ လက်မှတ်ရေးထိုးပေးရန် ဆရာတော်အား လျှောက်ထားခဲ့ရာ ဆရာတော်မှ လက်မှတ်ရေးထိုးပေးကာ ဆရာတော်မှတဆင့် ဗိုလ်ချုပ်ခင်ညွန့်ထံသို့ ပို့ခဲ့သည်။

သူသည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု မရှိခဲ့ခြင်း၊ တပ်မတော်အရာရှိဟောင်း တစ်ယောက်လည်း ဖြစ်ခြင်းကြောင့် ယခုလို လိပ်ခဲတည်းလည်း ဖြစ်နေသည့် အရေးတွင် စေတနာထား၍ ကြားဝင်ပြီး စေ့စပ်ပေးလျှင် ပြေလည်သွားနိုင်မည်ဟု အကောင်းဘက်မှ မြင်နေသူဖြစ်သည်။ ထိုစာကို သူက အာဏာပိုင်များထံ ပို့ပြီးမပြီး အကျိုးအကြောင်း စုံစမ်းရန် ကမ္ဘာအေးဆရာတော်ကြီးထံ သွားရောက်တွေ့သည့်အခါ ဆရာတော်ကြီးက သူ့အား စစ်ထောက်လှမ်းရေးများက လာရှာနေပြီဖြစ်ကြောင်း အမြန်ရှောင်ရန် ပြောသဖြင့် သူ့မိဘနေအိမ်ရှိရာ ပခုတ္ကူဘက်သို့ ပြန်လာပြီး မိဘအိမ်တွင် ခိုလှုံနေစဉ် အဖမ်းခံလိုက်ရပြီး ဆူပူလှုံဆော်မှု ပုံနှိပ်ဥပဒေ ၁၇/၂၀ ဖြင့်ထောင် (၂၁) နှစ် အပြစ်ပေးခြင်း ခံရသည်။

သူအချုပ်ကျနေစဉ် သူ့ဇနီးနှင့် သူ့ယောက္ခမ အမကြီးအား နှစ်ရက်တိတိ စစ်ထောက်လှမ်းရေးမှ ခေါ်ယူစစ်ဆေးခြင်း ခံရသော်လည်း ယောက္ခမအထီးဖြစ်သူ ဗိုလ်မှူးချုပ် စိုးမြင့်ကိုမူ ခေါ်ယူစစ်ဆေးခြင်း မရှိဟု သိရသည်။ သူ့ဇနီးမှ သူ့အနေနှင့် အစစ်ဆေး အမေးအမြန်းကို ခါးစည်းခံနိုင်သော်လည်း မိမိ၏မိခင်ကြီးသည် အသက်ကြီးမှ ထိုသို့ အစစ်ဆေးခံရခြင်းအတွက် အလွန်စိတ်မကောင်း ဖြစ်ကြောင်း၊ ထိုကြောင့် ဆက်လက်ပြီး ဖိအားမခံရစေရန် နောက်နောင်တွင် လာမတွေ့တော့ကြောင်း လိုအပ်တာကိုတော့ မှာနိုင်ကြောင်း သူနှင့်တွေ့ခွင့်ရသည့်အချိန်တွင် ပြောကြားခဲ့ပြီး ဗိုလ်ကြီးဝင်းဗိုလ်ကလည်း သူနားလည်ကြောင်း သူ့သားများကိုသာ ကောင်းစွာ ကျွေးမွေးပြုစုပါရန် တောင်းပန် စကားဆိုသည်။ ခင်စန္ဒာကလည်း စိတ်ချပါ၊ ဒီအတွက် မစိုးရိမ်ပါနဲ့ဟု မျက်ရည်ဝိုင်းလျက် အာမခံသည်။ သူ့ကိစ္စကြောင့် ယောက္ခမဖြစ်သူ ဗိုလ်မှူးချုပ် စိုးမြင့်သည် ပင်စင်ယူသည်အထိ ရာထူးမတက်တော့ချေ။ 

ထိုတွေ့ဆုံမှုသည် ခင်စန္ဒာအတွက် မိမိ၏ချစ်လင်ကို နောက်ဆုံး တွေ့ဆုံခွင့်ရခြင်းဟုသာသိလျှင် မည်သို့ ခံစားရမည်မသိပေ။ ထို့အတူ ဗိုလ်ကြီးဝင်းဗိုလ်အနေနှင့် မိမိမပြန်လမ်းသို့ သွားရတော့မည့် ခရီးဖြစ်သည်ကိုသိလျှင် မည်သည့်စကားမျိုးကို မိမိသားများအတွက် မှာခဲ့မည်နည်းဆိုသည်မှာ တွေးယူရမည့်အရာများသာ ဖြစ်သည်။ စစ်ဗိုလ်တစ်‌ယောက် အမှန်တရား အတွက် ပြည်သူတို့ ကောင်းကျိုးအတွက် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင် ကြိုးစားဆောင်ရွက်မှုကြောင့် မိမိအမှုထမ်းဆောင်ခဲ့သည့် တပ်မတော်အစိုးရမှ ပြင်းထန်သော အပြစ်ဒဏ်ကို ချမှတ်ခြင်းခံရသည်မှာ ဝမ်းနည်းစရာ ကောင်းသလို ကိုယ်ချင်းစာတရားများ ကင်းမဲ့လျက် အတ္တကြီးစိုးနေသော အချိန်ကာလတစ်ခု၏ အရုပ်ဆိုးအကျည်းတန် ပုံရိပ်တစ်ခုဟုဆိုက မှားမည်မထင်။

၁၉၉၉ ခုနှစ်မှာ ကိုဝင်းဗိုလ်ကို အင်းစိန်ထောင်တိုက်သစ်သို့ ပို့လိုက်သည်။ ထိုတိုက်သစ်တွင် ကိုငြိမ်းသစ်တို့က ရှိသည်။  သူ မည်သူမည်ဝါ ဖြစ်သည်ကို မသိသော်လည်း သူက ဘေးအခန်းရှိ နိုင်ငံရေးအကျဉ်းသားများအခန်းတွင် လူ ဘယ်နှယောက် ရှိသည်ကို ဝါဒါအား မေးမြန်းပြီး သူ့အား ထောင်ဦးစီးအရာရှိက ဝယ်ပေးလိုက်သည့် ကော်ဖီမစ်အထုပ်များအားပေး၍ လူစေ့ ကော်ဖီတိုက်ခဲ့သည်ဟု ကိုငြိမ်းသစ်က ပြောပြသည်။ ထောင်ဦးစီးအရာရှိသည် ကိုဝင်းဗိုလ် ဗိုလ်ကြီးဘဝက တပ်ထဲရှိ သူ့လက်အောက် အရာရှိခံ ဗိုလ်တစ်‌ယောက် ဖြစ်ခဲ့ဖူးသည်။ ကိုဝင်းဗိုလ်၏ ရိုးသားတည်ကြည်မှု လက်အောက် ငယ်သားများကို ကြင်နာစွာ ဆက်ဆံမှုကြောင့် လေးစားသမှုနှင့် အကူအညီပေးခြင်း ဖြစ်သည်။ ငတ်ပြတ်နေသော ကိုငြိမ်းသစ်တို့ နိုင်ငံရေးအကျဉ်းသားများအတွက် ထိုအလှူသည် မမေ့နိုင်စရာ ဖြစ်ခဲ့ပါသည်။

ဗိုလ်ကြီးဟောင်း ကိုဝင်းဗိုလ်၏ နောက်ဆုံးနေ့များ

ကိုဝင်းဗိုလ်ကို အာဏာပိုင်များက ကိုငြိမ်းသစ်တို့နှင့်အတူ မော်လမြိုင်ထောင်သို့ ပို့ခဲ့ပြီး ထိုထောင်တွင် ကိုငြိမ်းသစ်နှင့် စတင် သိကျွမ်းခင်မင်ခဲ့ကြသည်။ သူ ထောင်ရောက်စက ကိုငြိမ်းသစ်တို့နေသော နိုင်ငံရေးအကျဉ်းသားများရှိရာ တိုက်တွင် ထားသည်။ ထိုအချိန် မော်လမြိုင်ထောင်တွင် ကလေးစစ်သားများရှိနေသည်။ အသက်မပြည့်သေးဘဲ အတင်းအကြပ် စစ်တပ်ထဲသို့ ထည့်သွင်းခဲ့ပြီး ကလေးအရွယ်နှင့် မမျှအောင် ဝမ်းခတိုက်ပွဲ၊ မဲသဝေါတိုက်ပွဲ၊ ဖလူးတိုက်ပွဲ စသည့် ရှေ့တန်းစခန်းများတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ခိုင်းသည့်အခါ သေကြေထိခိုက်ရသူများ ရှိသလို၊ ထိုသို့ အဖြစ်ဆိုးကို မြင်ရသည့်အတွက် ထွက်ပြေးကြရာ ကလေးစစ်သား အများအပြားမှာ တပ်ပြေးများအဖြစ် မော်လမြိုင်ထောင်နှင့် မြန်မာပြည်အနှံ့ထောင်များတွင် ထောင်ကျနေကြသည်။ 

စာရေးသူတို့ ကျောင်းသားတပ်မတော် ဝမ်းခစခန်းတွင်ရှိစဉ် တပ်မတော်မှ နွေးဦးထိုးစစ်ကို စတင်ဆင်နွှဲသည့်အခါ ကလေးစစ်သား အများအပြား ရာနှင့်ချီ၍ သေကြေခဲ့ရသည်။ အကြောင်းမှာ ကလေးစစ်သားများကို သေနတ်မပေးဘဲ လွယ်အိတ်များတွင် လက်ပစ်ဗုံး ထည့်ပေးပြီး ရှေ့တန်းသို့တက်ပြီး ကျောင်းသားတပ်မတော်နှင့် ကေအင်ယူတပ်များ၏ စခန်းကို လက်ပစ်ဗုံးနှင့် တက်ပစ်ခိုင်းသောကြောင့် ဖြစ်သည်။ နောက်မှ ဆာဂျင်ဆရာကြီးများနှင့် ကွပ်ကဲနေသော စစ်ဗိုလ်များက ခိုင်းစေသဖြင့် နောက်ကျည်ရန်ကို ကြောက်ကြောက်နှင့် တက်လာရပြီး ရှေ့ကျည်မှန်၍ သေကြေ ကြရခြင်းဖြစ်သည်။ မိမိတို့တပ်က ကတုတ်များတွင် နေရာယူထားပြီး တက်လာသူများကို သတ်ကွင်းအတွင်း ပစ်ခတ်သဖြင့် အများအပြား သေကြေကြခြင်းဖြစ်သည်ကို စိတ်မကောင်းစွာ တွေ့ကြုံရသည်။ ကိုယ်က မပစ်လျှင် သူတို့ကလက်ပစ်ဗုံးနှင့် ထုခြင်းကိုခံရမည်ဖြစ်၍ မပစ်ချင်သော်လည်း အသက်လုရသည့်တိုက်ပွဲဖြစ်သဖြင့် ပစ်ရသည်။ အသက်မပြည့်သေးဘဲ စစ်ထဲ အတင်းဆွဲသွင်းခံရပြီး၊ ထွက်ပြေးသည့်အခါ စစ်ဥပဒေဖြင့် စစ်ပြေးများအဖြစ် ထောင်ထပ်ကျရသည့် ကလေးငယ်များဘဝကို ကယ်တင်မည့်သူ မရှိချေ။ ထောင်ထဲတွင် ထိုကလေးစစ်သားများထဲမှ ငယ်ရွယ်ပြီး ချောမာလှပသူများ အသားဖြူသူများကို ထောင်ရာဇဝတ်သားများ၏ လိင်အကြမ်းဖက်ခြင်းကို ခံကြရပြန်သည်။ ထိုကလေးစစ်သားများကို ရာဇဝတ်သားများက “စစ်သမီးများ” ဟု ခေါ်ကြသည်။ 

ရာဇဝတ်သားတစ်ဦးသည် ကလေးစစ်သား နှစ်ဦးအား အနိုင်ကျင့် အဓမ္မပြုကျင့်လျက်ရှိပြီး ထိုသူသည် အဆောင်တန်းစီးလည်း ဖြစ်နေပြန်သည်။ အဆောင်တန်းစီးဆိုသည်မှာ အဆောင်တစ်ခုလုံးရှိ အကျဉ်းသားများ အားလုံးကို အုပ်ချုပ်ရသည့် အကျဉ်းသားအရာရှိ ဖြစ်သည်။ ထိုသူက ကလေး ၂ ယောက်အား သူ့တဖက်တချက်တွင်ထားပြီး ပြိုင်တူပြုကျင့်သည်ဟု ဆိုသည်။ ထိုကိစ္စကိုနိုင်ကျဉ်းထဲမှ လူဝတ်လဲခံရသည့်ဘုန်းကြီးဖြစ်သူ ဦးမဉ္ဇူ (လူအမည်ဦးနေဝင်း)က မြင်သည့်အတွက် ပေါက်ကြားသွားသည်။ ဦးနေဝင်းကို “ကိုးလေးလုံးဘုန်းကြီး”အဖြစ် ထိုင်းနယ်စပ်မှ နိုင်ငံရေးသမားများကသိကြသည်။ ကလေးငယ် နှစ် ယောက်ကလည်း အလွန်ကြောက်ရွံ့နေကြသည်။ တန်းစီးဆိုသူသည် ထောင်အာဏာပိုင်၏ လူယုံဖြစ်သဖြင့် ထိုကလေးငယ်များကို မည်သူမျှ မကယ်တင်ရဲကြချေ။ 

ထိုကလေးငယ် နှစ်ယောက်သည် ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သည့် ကိုဝင်းဗိုလ်ကို သူတို့ကို ကယ်တင်ပေးရန် လူကြုံဖြင့် အားကိုးတကြီး တိုင်ကြားသဖြင့် ကိုဝင်းဗိုလ်က ယင်းကိစ္စကို ထောင်ပိုင်အား တင်ပြမည်ဟု ပြောပြီး ကိုငြိမ်းသစ်နှင့်တိုင်ပင်သည်။ ကိုငြိမ်းသစ်က ထောင်ပိုင်တစ်‌ယောက်တည်း သွားပြောလျှင် ဘာမှမထူး ထောက်လှမ်းရေးနှင့် တွေ့ချင်သည်ဟု သတင်းပို့ပြီး ထိုကိစ္စကို ပြောမှရမည်ဟု အကြံပေးသည်။ ထို့ကြောင့် ထိုအကြံအတိုင်း သတင်းပို့သည်။ ထိုသို့ သတင်းပို့သဖြင့် ထောက်လှမ်းရေးကို ခေါ်ပေးရသည်။ သို့သော် ထောက်လှမ်းရေးကို တွေ့သောနေ့တွင် ထောင်ပိုင်ရှေ့တွင် တွေ့ရသည်။ ကိုဝင်းဗိုလ်က ထောင်တွင်းရှိ အသက်မပြည့်ဘဲ ထောင်ကျနေသည့် ကလေးစစ်သား စစ်ပြေးများကိစ္စကို တပ်မှ တာဝန်ယူ ကာကွယ်ပေးရန် တင်ပြသည်။ ထိုသို့ မိမိထောင်တွင်း ဖြစ်ပျက်နေသော အခြေအနေကို ထောက်လှမ်းရေးက သိသွားသဖြင့် သိက္ခာကျသည်ဟု ထောင်ပိုင်က အငြိုးထားသည်။   

တစ်ညနေ ၅ နာရီ ၆ နာရီ ခန့်၊ ထောင်ထဲကကိစ္စကို ထောက်လှမ်းရေးကို ပြောရမလားဟု ဒုထောင်ပိုင် ဦးချစ်မောင်က ဦးဆောင်ပြီး ကိုဝင်းဗိုလ်နှင့် အခန်းဖော် ၃ ဦးကို သူ့တို့အခန်းမှ လက်ထိပ်ခတ်၍ ကြိုးတိုက်ထဲသို့ ခေါ်သွားသည်ကို မျက်နှာချင်းဆိုင် အခန်းမှ ကိုငြိမ်းသစ်က တွေ့မြင်လိုက်ရသည်။  ကိုဝင်းဗိုလ်တို့ကို ကြိုးတိုက်တွင် တစ်‌ယောက်တစ်ခန်း ထည့်ထားလိုက်သည်ဟု သိရသည်။ ထိုနေ့သည်  ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ ၂၆ရက်။ မိုးက ခပ်စိပ်စိပ် ရွာနေသည်။ လေကလည်း တချီတချီ ဝုန်းကနဲ ဝုန်းကနဲ ပြေးဆောင့်နေသည့် ညနေ ၇ နာရီခန့်တွင် ကြိုးတိုက်အတွင်းမှ ရိုက်နှက်သံများ ကြားရသည်ဟု ကိုငြိမ်းသစ်က ပြောပြသည်။ ကိုဝင်းဗိုလ်နှင့်အတူ အိုးစားတွဲ ၃ ဦးကိုလည်း ကြိုးတိုက်ထဲရှိ သီးခြားအခန်းထဲသို့ထည့်ပြီး တစ်ဦးစီကို ဝါးရင်းတုတ်တိုနှင့် ဝိုင်းရိုက်ကြသည်ဟု မျက်မြင် သက်သေများက ပြောကြသည်။ 

ကြိုးတိုက်ထဲရှိ ဘေးအခန်းရှိ ထောင်သားများက ယင်းအသံများကို အတိုင်းသား ကြားနေရသည်။ ကိုဝင်းဗိုလ်ကို ရိုက်သည့်အသံမှာ အငြိုးနှင့် ရိုက်ပုံရသည်ဟု ပြောပြသည်။ ရိုက်သံသည် အလွန်ပြင်းပြီး ရိုက်လိုက်တိုင်း အလွန်နာကျင်စွာဖြင့် “အု” “အင့်” “ဂုတ်ဂုတ်” ဆိုသည့် အသံများကို ကြားနေရသည်ဟု ဘေးအခန်းရှိ ထောင်သားများက ပြောပြသည်။ နာမည်ခေါ်လျှင် “ရှင်”ဟု ထူးခိုင်းသည်ကို ကိုဝင်းဗိုလ်က မထူးသဖြင့် ပိုပြီး ဝိုင်းရိုက်ကြရာ လက်လွန်သွားသည်ဟု သိရသည်။ ရိုက်နှက်ပြီး ယင်းအခန်းထဲမှာပဲ ထားခဲ့ကြသည်။ ကိုဝင်းဗိုလ်က “ရေပေးပါ” “ရေပေးပါ”ဟု ရေတောင်းသံနှင့် ညည်းသံများကို ဘေးခန်းမှသူများက ကြားသဖြင့် ရေသွားတိုက်သည့်အခါ အသက်မရှိတော့ဟု သိရသည်။ 

ကိုဝင်းဗိုလ် သေဆုံးသွားကြောင်း သတင်းပို့လျှင် ထောင်မှနေ၍ မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ရာ ဆရာဝန်က “အသေလာပို့တာ လက်မခံနိုင်ဘူး” ဟု ဆိုပြီး မြို့နယ်ဆရာဝန်နှင့် ထောင်ပိုင်တို့ စကားများခဲ့သည်ဟု သိရသည်။ ဤကိစ္စပေါ်သွားမည် ဆိုသဖြင့် ထောင်ဝင်စာ ၂ ပတ် ပိတ်လိုက်သည်။ ၃ ပတ် ခန့်ကြာ ထောင်ထဲတွင် ဆူဆူပူပူ ဖြစ်လာကြပြီး “ခင်ဗျားတို့ဖာသာ လက်လွန်တာ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူး ဘာလို့ထောင်ဝင်စာဖြတ်တောက်တာလဲ” ဟု မေးမြန်းမှ ထောင်ဝင်စာကို လူတွေ့ခွင့် မရဘဲ ပါဆယ်သာ ခွင့်ပြုခဲ့သည်။ ကိုဝင်းဗိုလ်သည် ထောင်အာဏာပိုင်များ၏ ရိုက်နှက်မှုကြောင့် ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် မော်လမြိုင်ထောင်တွင် ကျဆုံးခဲ့ရသည်။

ကိုဝင်းဗိုလ်နှင့်အတူ အရိုက်ခံရသူ ၃ ယောက်ကို နောက် ၇ လခန့် အကြာတွင် တွေ့ရသည့်အခါ ထိုသူတို့၏ ကိုယ်တွင် အညိုအမည်းအရာများ အမဲစင်းကြောင်းများက ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်သည်ကို ခြောက်ခြားစွာ တွေ့ရသည်ဟု ကိုငြိမ်းသစ်က ဆိုသည်။ ထိုသူတို့က သူတို့အနေနှင့် အသေမခံနိုင်သောကြောင့် အမည်ခေါ်သည့်အခါ ကြောက်ကြောက်နှင့် “ရှင်” ထူးခဲ့ရကြောင်း၊ အခန်းထောင့်တွင် ကပ်နေ၍ တုတ်ချက်များမှ သက်သာခဲ့ကြောင်း ပြောခဲ့ကြသည်။ ရိုက်အသတ်ခံခဲ့ရသည့် ကိုဝင်းဗိုလ်၏ ရုပ်အလောင်းကို မည်သူမျှ မတွေ့ရသလို မည်မျှ ဒဏ်ရာဒဏ်ချက် ပြင်းထန်စွာ ရှိနေမည်ကို သူ့လောက် မရိုက်မခံရသူများ၏ ၇ လအကြာတွင် ကျန်ရှိနေသည့် ဒဏ်ရာများက သက်သေပြချက်များပင် ဖြစ်သည်။ ကိုဝင်းဗိုလ်သည် မည်သည့်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဆိုသည့် အချက်အလက်ပြသမှု မရှိ၊ ကျူးလွန်သူများကို အရေးယူမှု မရှိ၊ ဗုဒ္ဓဘာသာအရ အမျှပေးဝေမှု မရှိဘဲ လူမသိသူမသိ ဆွေမျိုးညာတိ မပါဘဲ တိတ်တဆိတ် ဖျောက်ဖျက် သဂြိုဟ်လိုက်ကြသည်။ 

ဒုထောင်ပိုင် ဦးချစ်မောင်သည် သူ့ဝါဒါများကို အကျဉ်းသားအားမှောက်၍ ချုပ်ခိုင်းထားပြီး အကျဉ်းသား၏လည်ပင်းကို စစ်ဖိနပ်နဲ့နင်းပြီး ရိုက်တတ်သူအဖြစ် နာမည်ကြီးသည်။ အမေရိကန်မှာ ဂျော့ဖလွိုက်ကို ပုလိပ်အရာရှိက လည်ပင်းကို ဒူးနှင့် ထောက်ပြီး ဖိထားသည့်အခါ “ကျနော် အသက်ရှူလို့ မရတော့ဘူး” ဟု ပြောရင်း အသက်ထွက်သွားသည့် အဖြစ်ကြောင့် အမေရိကန် တပြည်လုံး ထကြွလာပြီး “လူမည်းအသက်လည်းအရေးကြီးပါတယ်" ဟု ဆန္ဒပြအဓိကရုဏ်းများ ဖြစ်ခဲ့သည်မှာ ကိုဝင်းဗိုလ်အဖြစ်က မြန်မာပြည်မှာ ဂျော့ဖလွိုက်ထက်စောပြီး ဖြစ်ခဲ့သည်ဟု ဆိုရပေမည်။

ယင်းကိစ္စကို အထိမ်းအမှတ်အဖြစ် ကိုဝင်းဗိုလ် ကျဆုံးသည့်နေ့တိုင်း ပထမ ၃ နှစ်အထိ ယင်းနေ့ရက်တွင် သီချင်းမဆို၊ ချက်မထိုး၊ ညစာမစား ဆိုပြီး ကိုဝင်းဗိုလ်ကို ဂုဏ်ပြုသည့်အနေနှင့် ကိုငြိမ်းသစ်တို့ နိုင်ကျဉ်းတွေ ထောင်ထဲတွင် နေခဲ့ကြသည်။ ၄ နှစ်မြောက်နေ့တွင် မြန်မာနိုင်ငံအကျဉ်းသားများနေ့ဟုဆိုပြီး အဖွဲ့ဝင် ၈ဦးနှင့် တိတ်တဆိတ် ဖွဲ့လိုက် ကြသည်။ အခြားနိုင်ကျဉ်းများကိုပင် လုံခြုံရေးအရအသိမပေးခဲ့ချေ။ ထောင်ထဲတွင် ၃ နှစ်ဆက်တိုက် ကျင်းပနိုင်ခဲ့သည်။ ကိုဝင်းဗိုလ်ကို လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်သူတွေ မည်သူမျှ အပြစ်ပေးခြင်း မခံရဟု သိရသည်။ ကိုဝင်းဗိုလ်၏ သတင်းပို့မှုကြောင့် စစ်ပြေးကလေးစစ်သားလေးများအား လိင်အကြမ်းဖက်နေမှုကို ထောက်လှမ်းရေးမှ ဝင်ရောက် စစ်ဆေးလာပြီး အရေးယူမှုများ လုပ်လာခဲ့သည့်အတွက် နောက်နောင်တွင် ကလေးစစ်သားများကို ရာဇဝတ်သားများနှင့် ခွဲခြားထားပြီး ကာကွယ်နိုင်ခဲ့သည်။

ကိုဝင်းဗိုလ်က ကိုငြိမ်းသစ်ကို ထောင်ထဲတွင် ရီစရာတစ်ခု ပြောခဲ့သေးသည်။ မိမိဇနီးသည်နှင့် လက်ထပ်ရန် ဗိုလ်ချုပ် ထွန်းကြည်က လာရောက်ကမ်းလှမ်းသည့် ဗိုလ်မှူးသည် ရှမ်းပြည်တွင် လေယာဉ်ပျက်ကျရာတွင် ပါသွားပြီး သေဆုံး သွားခဲ့ကြောင်း ထို့ကြောင့် သူ့ဇနီးသည် အကယ်၍ သူ့ကို မယူဘဲ ထိုသူနှင့် လက်ထပ်လိုက်လျှင် စောစောစီးစီး မုဆိုးမ ဖြစ်သွားဖွယ်ရှိကြောင်း ရီရီမောမော ပြောဆိုခဲ့သည်ဟု ဆိုသည်။ သူလည်းမကြာခင် ရိုက် အသတ်ခံရတော့မည်။ သူ့ဇနီး ဖြစ်သူလည်း မကြာခင် မုဆိုးမ ဖြစ်တော့မည်ဟု ကိုဝင်းဗိုလ်တစ်‌ယောက် တွေးမထားမိခြင်းမှာ ကြေကွဲဖွယ်ရာပင်ဖြစ်သည်။ 

ကိုဝင်းဗိုလ်သည် စစ်ဗိုလ်တစ်‌ယောက် ဖြစ်ခဲ့သော်လည်း ပြည်သူများ ဆင်းရဲနွမ်းပါးမှုမှ လွတ်ငြိမ်းအောင် ကြိုးစားခဲ့ပြီး မတရား ဖိနှိပ်ခံနေရသူများဘက်မှ ရပ်တည်ခဲ့သည့် အမှန်တရားကို ချစ်မြတ်နိုးသော ငြိမ်းချမ်းရေးသမားတစ်ဦးသာ ဖြစ်သည်။ သူသည် အစိုးရကိုဆန့်ကျင်နေသည့် နိုင်ငံရေးသမားမဟုတ်၊ ကွန်မြူနစ်မဟုတ်၊ ဗကသမဟုတ်၊ NLD မဟုတ်၊ ပြည်သူကို ဖိနှိပ်နေသည့် တပ်မတော်မှ မတရားစွပ်စွဲခံရပြီး အပြစ်မရှိဘဲ တပ်မှအထုတ်ခံသည့် တပ်မတော်သားတစ်‌ယောက် ဖြစ်သည်။ ထို့ပြင် သူသည် အကျဉ်းထောင်များတွင် မတရား ဖမ်းဆီးခံရပြီး ထောင်ကျနေသည့်သူများ လွတ်မြောက်ရေး အတွက်ကိုလည်း တောင်းဆိုမှုတွင် ထည့်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်တို့၏ ပါတီနှင့် စစ်အစိုးရကို စေ့စပ်ညှိနှိုင်းကြရန် အပြုသဘောဆောင်သည့်စာကို ရိုးသားစွာ ထုတ်ခဲ့သူ တစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် သူကျဆုံးခဲ့သောနေ့ကို မြန်မာနိုင်ငံ အကျဉ်းသားများအားလုံးကို ကိုယ်စားပြုသည့်အနေနှင့် ထုတ်သင့်သည်ဟု ကိုငြိမ်းသစ်က အဆိုပြုခဲ့ပါသည်။ 

ကိုငြိမ်းသစ်က “အရင် ဒီမိုကရေစီ ခရီးကြမ်းမှာ လှုပ်ရှားရုန်းကန်ခဲ့ကြသူတွေရဲ့အကြောင်းကို ဖတ်ကြရပါတယ်။ သူတို့ တတွေရဲ့ တိုင်းပြည်ချစ်စိတ်၊ စွန့်လွှတ် အနစ်နာခံခဲ့တဲ့စိတ်တွေကို ကျွန်တော်တို့တန်ဖိုးထားပြီး ဒီတန်ဖိုးထား ဂုဏ်ယူတဲ့ စိတ်တွေနဲ့ပဲ တိုင်းပြည်အကျိုးကို ဆထက်ထမ်းပိုး ထမ်းရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ကိုဝင်းဗိုလ်တစ်‌ယောက် ကျွတ်လွတ်ပြီး ကောင်းတဲ့ဘုံကို ရောက်ပါစေ၊ ဝဋ်ကြွေးရှိရင်လည်း ဒီဘဝနဲ့ကြေပါစေ။ ကိုဝင်းဗိုလ်ရဲ့သား ၃ ယောက်လည်း ဒီစာကို ဖတ်ပြီး သူတို့၏ ဖခင်ကြီးအတွက် ဂုဏ်ယူဝင့်ကြွားနိုင်ပါစေဟု ဆန္ဒပြုရင်း မသိမကျွမ်းခဲ့သော်လည်း ကိုဝင်းဗိုလ်ရဲ့ အမှန်တရားအတွက်ရပ်တည်ပြီး အနစ်နာခံ၊ အသက်စွန့် ဆောင်ရွက်ချက်များကို ဤဆောင်းပါးနှင့် လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။ 

                                                                ***

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

 

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading