မဘသကို သာသနာရေးဝန်ကြီး ဘယ်လိုကိုင်တွယ်ဖျက်သိမ်းခဲ့ရသလဲ 

သံဃာချင်းစိတ်ဝမ်းကွဲမှုမဖြစ်စေရန်နှင့် နိုင်ငံရေးထိုးနှက်ချက်များကို တားဆီးရန် မဘသအဖွဲ့ကို ဓမ္မစက်၊ အာဏာစက်ဖြင့် ကိုင်တွယ်ထိန်းကျောင်းခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်နေသည့် YMBA အဖွဲ့ကြီးကိုလည်း မူလရည်ရွယ်ချက်များနှင့် သွေဖည်ခြင်းရှိမရှိ စောင့်ကြည့်နေသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်

Published on Dec 30, 2020
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ယနေ့ (ဒီဇင်ဘာ ၃၀) တွင် နေပြည်တော်၌ Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သည်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now)
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ယနေ့ (ဒီဇင်ဘာ ၃၀) တွင် နေပြည်တော်၌ Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သည်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now)

နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသမှာ ၂၀၁၇ ခုနှစ်အတွင်း ဖျက်သိမ်းခံခဲ့ရပြီးဖြစ်သည်။ အငြင်းပွားဖွယ်ရာ အမျိုးသားရေးလှုပ်ရှားမှုများကြောင့် မဘသအဖွဲ့နှင့် ပတ်သက်၍ အမျိုးမျိုးသော ပြစ်တင်ဝေဖန်မှုများ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် နိုင်ငံအတွင်း အတူတကွ မှီတင်းနေထိုင်ကြသူ ဘာသာလူမျိုး မတူသူများအကြား မဘသအဖွဲ့က အမုန်းပွားစေခဲ့သည်ဟု အများက ယူဆခဲ့ကြသည်။ 

ထို့အတူ မဘသအဖွဲ့ကို အမည်ပြောင်းရပ်တည်ရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို အမျိုးသားရေးလှုပ်ရှားသူများက ထပ်မံထူထောင်ခဲ့သော်လည်း ရေရှည်မရပ်တည်နိုင်ခဲ့ပေ။

အဆိုပါ အရေးကိစ္စများကို ဦးဆောင်စီမံခန့်ခွဲခဲ့ရသည့် အတွေ့အကြုံနှင့် အဖြစ်အပျက်များ၊ လတ်တလော ပြည်သူလူထုအကြားတွင် ဝေဖန်မှုများမြင့်တက်နေသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၏ လှုပ်ရှားဆောင်ရွက်မှုများ၊ သာသနာတော် သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား Myanmar Now က ယနေ့ (ဒီဇင်ဘာ ၃၀) တွင် တွေ့ဆုံမေးမြန်းထားပါသည်။ 

Myanmar Now။    ။ ဝန်ကြီးတာဝန်ယူထားတဲ့အချိန်မှာ မဘသလိုအဖွဲ့မျိုး၊ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းလိုအဖွဲ့တွေကို ဖျက်သိမ်းဖို့ လုပ်ဆောင်ခဲ့တဲ့ အခြေအနေတွေကို အကျဉ်းချုပ် ပြောပြပေးပါ။

သူရဦးအောင်ကို။ ။ မဘသအဖွဲ့ကို သမ္မတကြီးဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်မှာ စတင်ဖွဲ့စည်းတာ။ ၁၉၈၀ ပြည့်နှစ်၊ မြန်မာနိုင်ငံဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံမှာ သုဓမ္မာ၊ ရွှေကျင်အစရှိတဲ့ ဂိုဏ်းကြီး ၉ ဂိုဏ်းကလွဲပြီးတော့ တခြားဂိုဏ်းခွဲများ၊ ဂိုဏ်းသစ်များ မဖွဲ့စည်းရ၊ မတည်ထောင်ရဆိုတဲ့ သံဃာ့အခြေခံစည်းမျဉ်းမှာ ကန့်သတ်ချက်တွေ ရှိခဲ့ပါတယ်။

အဲဒီကြားထဲကပဲ မဘသအဖွဲ့ကို လူမှုရေးအဖွဲ့လိုလို၊ နိုင်ငံရေးအဖွဲ့လိုလိုနဲ့ ဖွဲ့ခဲ့တာ ရှိပါတယ်။ ရှိပြီးတော့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာတဲ့အခါမှာ မဘသအဖွဲ့နဲ့ နောက်လိုက်တွေက ဘာသာရေးကို အခြေခံတဲ့ လူမျိုးရေးပဋိပက္ခတွေဖြစ်အောင် အခြေအနေပေးတဲ့နေရာတိုင်းမှာ လှုံ့ဆော်တာတွေ လုပ်ခဲ့ပါတယ်။

အစိုးရအပေါ်ကိုလည်း အဆက်မပြတ် ဝေဖန်တိုက်ခိုက်မှုတွေလုပ်ခဲ့တာ ရှိပါတယ်။ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆိုလို့ရှိရင် အမည်ဖော်ပြီးတော့ကို ပစ်စလက်ခတ် တိုက်ခိုက်မှုတွေ၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေ သုံးပြီးတော့မှ ထိုးနှက်မှုတွေ ရှိခဲ့တာလည်း အားလုံးအသိပါပဲ။ 

အခုလို မဘသလို အဖွဲ့ကြီးဖြစ်လာတယ်။ နိုင်ငံနဲ့ချီပြီးတော့မှ ဆန့်ကျင်ပြီးလှုပ်ရှားလာတဲ့ဟာမျိုးဆိုတော့ နိုင်ငံတော်သံဃမဟာနာယကကပဲ ဒါကို စီမံပြီး ကိုင်တွယ်ရပါတယ်။ အဲ့ဒီအခါမှာ မဘသအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ၊ နောက် တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်မှုတွေ၊ ဘာသာရေးကို အခြေခံပြီးမှ လူမျိုးရေးပဋိပက္ခတွေဖြစ်အောင် သွေးထိုးမှုတွေကို ပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့ တောက်လျှောက်မှတ်တမ်းတင်ပြီးတော့ စောင့်ကြည့်ရပါတယ်။

အထူးသဖြင့် အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီးတော့ ဘာသာရေးအခမ်းအနားတွေ ကျင်းပတဲ့အခါတိုင်း၊ အခါတိုင်းမှာ မဘသအဖွဲ့တွေက တောက်လျှောက်နှောက်ယှက်တာ ရှိပါတယ်။ အဲ့ဒီအခါမှာ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူး၊ ဘာသာရေးဖိနှိပ်မှုတွေ ဆက်လုပ်နေတယ်ဆိုပြီးတော့မှ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကအစ အားလုံးက မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချကြပါတယ်။ မြန်မာနိုင်ငံကို ပြစ်တင်တယ်ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံအစိုးရကိုပဲ ပြစ်တင်တာ ဖြစ်ပါတယ်။

အဲ့တော့ အစိုးရလည်း နိုင်ငံတကာရဲ့ ပြစ်တင်မှုနဲ့ ဖိအားကို တောက်လျှောက် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ခုန ကျနော်ပြောခဲ့တဲ့ မဘသရဲ့ လုပ်ဆောင်ချက်တွေအားလုံးကို တောက်လျှောက်စောင့်ကြည့် မှတ်တမ်းတင်ပြီးတော့မှ အမှုတည်ဆောက်ပြီးတော့ နိုင်ငံတော်သံဃမဟာနာယကကို လျှောက်ထားတင်ပြရပါတယ်။ 

အဲ့ဒီအခါမှာ သံဃအဖွဲ့အစည်းတစ်ခု၊ ဒါမှမဟုတ် ရဟန်းတစ်ပါး၊ နှစ်ပါး ပြစ်မှုကျူးလွန်လို့ အရေးယူမယ်ဆိုရင် နှစ်မျိုးရှိပါတယ်။ ဓမ္မစက်နဲ့ အရေးယူခြင်းဖြစ်ပါတယ်။ ဒုတိယအဆင့် အာဏာစက်နဲ့ အရေးယူခြင်းဖြစ်ပါတယ်။ ဓမ္မစက်နဲ့ အရေးယူခြင်းကတော့ သံဃစည်းကမ်း လုပ်ထုံးလုပ်နည်းလက်စွဲပါ ဥပဒေပြဌာန်းချက်နဲ့အညီ တရားစွဲပြီး အပြစ်ပေးရတာဖြစ်ပါတယ်။ အများဆုံး ထောင်ဒဏ်နှစ်နှစ်၊ သုံးနှစ်ထက် ပိုပေးလို့ မရပါဘူး။

သို့သော် ကျူးလွန်တဲ့ပြစ်မှုသည် နိုင်ငံတော်အတိုင်းအတာနဲ့ ထိခိုက်နစ်နာတဲ့ပြစ်မှုဆိုရင်တော့ အာဏာစက်ကို လွှဲပေးရပါတယ်။ 

အဲ့ဒီအခါမှာ မဘသအဖွဲ့ကြီးရဲ့ ဆန့်ကျင်မှု၊ လှုပ်ရှားမှုဟာတွေကို မှတ်တမ်းတင်ပြီးတော့ မဘသအဖွဲ့ရဲ့ တာဝန်ရှိတဲ့ ဦးစီးနာယက ဆရာတော်ကြီးတွေကို နိုင်ငံတော်သံဃမဟာနာယကက ကမ္ဘာအေးကုန်းမြေရုံးမှာ ပင့်ဖိတ်ပြီးတော့ လိုအပ်တဲ့ သတိပေး၊ ဆုံးမမှုတွေ လုပ်ရပါတယ်။ 

ပြီးတော့မှ မဘသအဖွဲ့သည် သံဃအဖွဲ့အစည်းစည်းမျဉ်းနဲ့ ကိုက်ညီမှုမရှိဘဲ တရားမဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ကြောင်းကို ကြေငြာရတာ လုပ်ခဲ့ရတာ ရှိပါတယ်။

ဒီအဖွဲ့ကြီးကို သတ်မှတ်တဲ့အချိန်ကာလအတွင်းမှာ ဖျက်သိမ်းဖို့လည်း အမိန့်ထုတ်ခဲ့ရတာ ရှိပါတယ်။ အဲ့ဒီလိုတွေ တစ်ဖက်က နိုင်ငံတော်သံဃမဟာနာယကက အမိန့်ထုတ်ပြန်ပြီးတော့ ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

ကျနော်တို့အပိုင်းကတော့ လုပ်ငန်းသဘောအရ မသဘအဖွဲ့ကြီးကို တားဆီးပိတ်ပင်လိုက်တယ်။ ပုဂ္ဂိုလ်ရေးအရတော့ ကျနော်တို့က မဘသထိပ်ပိုင်းဆရာတော်ကြီးတွေနဲ့ ဟိုးငယ်ငယ်ကတည်းက ဆရာဒကာဖြစ်ခဲ့တော့ ကျနော်တို့ကတော့ ဝတ္တရားမပျက် ထိတွေ့ဆက်ဆံမှုတွေ လုပ်ရပါတယ်။ လုပ်တဲ့အခါကျတော့ ဒါ သံဃမဟာနာယကရဲ့ အမိန့်၊ ညွှန်ကြားလွှာအတိုင်းပဲ လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ ဒါ သာသနာတော်ရဲ့အကျိုး၊ နိုင်ငံတော်ရဲ့အကျိုးအတွက်ဖြစ်ပါတယ်ဆိုပြီးတော့မှ ဒီလိုလေး ဝင်ပြီးတော့မှ ဦးတိုက်လျှောက်ထားတာတွေ မကြာခန လုပ်ရပါတယ်။ အဲ့လိုလုပ်တဲ့အခါမှာ မဘသအဖွဲ့ကြီးရဲ့ လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းသွားပါတယ်။ ဆိုင်းဘုတ်တွေဖြုတ်ပါတယ်။

သို့သော် တက်ကြွတဲ့ ရဟန်းတော်အချို့နဲ့ နောက်လိုက်လူအချိုကတော့ ဆက်လှုပ်ရှားချင်ပါတယ်။ အဲ့လို ဆက်လှုပ်ရှားချင်တာကလည်း တခြားမဟုတ်ဘူး။ ကိုယ်ကျိုးစီးပွား ပါလာနေပါတယ်။ နောက်လိုက်တွေက ငွေကြေးသိန်းသန်းရာချီကိုင်ပြီးတော့မှ အဲ့ဒီအတိုးအညွှန့်တွေနဲ့ လူစုပြီးမှ ဆန္ဒပြတာ၊ ဆန္ဒဖော်ထုတ်တာ ရှိပါတယ်။ သူက ငွေအများကြီး သုံးနိုင်ပါတယ်။ ဒီအခွင့်အရေးကို လက်မလွတ်ချင်တဲ့အခါကျတော့ သူတို့က ဒါကို မစွန့်လွှတ်ချင်ကြဘူး။

အဲ့ဒီအခါမှာပဲ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးပရဟိတအဖွဲ့ကို ခေါင်းစဉ်ပြောင်းပြီး ပြန်ဖွဲ့ပါတယ်။ ဘယ်လိုပဲဖွဲ့ဖွဲ့ နိုင်ငံတော်သံဃမဟာနာယကကလည်း စတားမြစ်ကတည်းက မဘသအဖွဲ့အမည်ဖြင့်ဖြစ်စေ၊ တခြားအမည်နဲ့ဖြစ်စေ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အစိုးရကို ဆန့်ကျင်တဲ့ သံဃာချင်းစိတ်ဝမ်းကွဲမှုဖြစ်စေမယ့်ဟာတွေမလုပ်ဖို့ အတိအကျပြဌာန်းပြီး ဆုံးမခဲ့တာဖြစ်ပါတယ်။

Myanmar Now။    ။ ဒီအမျိုးဘာသာသနာဆိုတဲ့ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတွေကြောင့် ပြီးခဲ့တဲ့ငါးနှစ်လောက်မှာ နိုင်ငံတကာမှာလည်း မြန်မာနိုင်ငံရဲ့ ပုံရိပ်တွေ ထိခိုက်ခဲ့တယ်လို့ ဝန်ကြီးလည်း ခုနက ပြောခဲ့တယ်။ ဒီလှုပ်ရှားမှုတွေက မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတွေမှာ ဘယ်လောက်ထိ သက်ရောက်မှုကြီးမားတယ်လို့ သုံးသပ်ရရှိလဲ။

သူရဦးအောင်ကို။ ။  အမျိုးသာသာသာသနာ ခေါင်းစဉ်လှလှပြပြီးတာ့ အဲ့ဒီဆန့်ကျင်လှုပ်ရှားမှုတွေကြောင့်မို့လို့ ဖြောင့်ဖြောင့်မတ်မတ်၊ တည်တည်တံ့တံ့နဲ့ တိုင်းပြည်ကို ဦးဆောင်နေတဲ့ အစိုးရအဖွဲ့အတွက် ထိခိုက်မှုတွေ၊ နိုင်ငံတော်အတွက် နစ်နာမှုတွေများစွာ ဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေလည်း ပြန်ကြုံရပါတယ်။ တစ်ချို့စီးပွားရေးလုပ်ငန်းတွေလည်း မြန်မာနိုင်ငံက ပြန်ထွက်ခွာသွားတာ ရှိပါတယ်။ နိုင်ငံရေးအရလည်း တားမြစ်ပိတ်ဆို့မှုတွေ ခံရတာရှိပါတယ်။ နစ်နာမှုပမာဏ ကြီးမားလှပါတယ်။ အဲဒီတော့ ဒီအမျိုးဘာသာသာသနာဆိုပြီး ခေါင်းစဉ်လှလှတပ်ပြီးမှ လှုပ်ရှားပါတယ်။ 

အဓိကတိုက်ချင်တာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၊ ပြည်သူ့အစိုးရ ရေရှည်မရပ်တည်နိုင်အောင် နိုင်ငံရေးအရ ထိုးနှက်နေတာဖြစ်ပါတယ်။

Myanmar Now။    ။ YMBA အသင်းကြီးရဲ့ နောက်ပိုင်းလှုပ်ရှားမှုတွေမှာ ဝန်ကြီးဦးဆောင်ပြီးတော့ ကာကွယ်တားဆီးခဲ့တဲ့ မဘသလိုအဖွဲ့မျိုးကလူတွေ အများကြီးပျံ့နှံ့ရောက်ရှိ လှုပ်ရှားဆောင်ရွက်နေတာ တွေ့ပါတယ်။ ဝန်ကြီးကလည်း ရည်ရွယ်ချက်မမှန်တဲ့ အသင်းတွေကို စောင့်ကြည့်ဆောင်ရွက်နေတာမျိုးရှိတယ်ဆိုတော့ YMBA နဲ့ပတ်သက်ပြီး ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုးလုပ်ဆောင်နေတာရှိလဲ။

သူရဦးအောင်ကို။    ။ YMBA အသင်းကြီးကတော့ တစ်ကယ့်ကိုပဲ သာသာနာ့သမိုင်းဝင်အသင်းကြီး ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ နိုင်ငံတော်အစိုးရအဖွဲ့ရုံးတွေ နေပြည်တော်မရွှေ့ခင် နေပြည်တော်မှာပဲ ရုံးစိုက်ရပါတယ်။ အဲဒီကာလတွေတုန်းကတော့ သာသနာရေးဝန်ကြီးဌာနအနေနဲ့ YMBA အသင်းကြီးနဲ့ မပြတ်ထိတွေ့မှုရှိပါတယ်။ YMBA အသင်းကြီးရဲ့ သက်တမ်းရာပြည့်အခမ်းအနားကြီးကိုလည်း ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကျင်းပနိုင်ဖို့အတွက် သာသနာရေးဝန်ကြီးဌာနကပဲ ဆောင်ရွက်ပေးရတာ ရှိပါတယ်။

ဝန်ကြီးဌာနအနေနဲ့ နေပြည်တော်ရွှေ့လာတော့ YMBA အသင်းကြီးနဲ့ အလှမ်းဝေးသွားခဲ့တယ်ဆိုတာ ဝန်ခံရမှာပါ။ အဲဒီလိုကွပ်ကဲမှု အလှမ်းဝေးသွားတဲ့အခါမှာ YMBA အသင်းကြီးရဲ့ အမှုဆောင်အဖွဲ့၊ ဂေါပကအဖွဲ့ပေါ့၊ အဲဒါက သူ့ကာလစည်းကမ်းသတ်မှတ်ချက်ရှိပါတယ်။ ဒါပေမယ့် ဂေါပကအဖွဲ့ဝင်အချို့က သက်တမ်းကျော်လွန်နေပါပြီ။ 

အဲဒီတော့ နောက်ထပ်အဖွဲ့သစ်ရွေးချယ်ခြင်း မပြုနိုင်သေးပါဘူး။ အဖွဲ့အတွင်းမှာလည်း ဂေါပကအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့နေရာအတွက်ကို နှစ်ဖွဲ့ကွဲနေတာ ရှိပါတယ်။ မညီမညွတ်ဖြစ်နေတော့ ကျွန်တော်တို့လည်း သိပ်သွားမတွေ့နိုင်ပါဘူး။

၂၀၁၈ ခုနှစ်တုန်းက ကမ္ဘာအေးကုန်းမြေမှာ ကျွန်တော့်ကို ဘွဲ့ပေးအပ်ချီးမြှင့်ပါတယ်။ ကြိုတင်အသိပေးညှိနှိုင်းတာ မဟုတ်ပါဘူး။ အသင်းကြီးရဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားသောအားဖြင့် လက်ခံခဲ့တာ ရှိပါတယ်။

သို့သော် မဘသအဖွဲ့လည်း ချုပ်ငြိမ်းသွားခဲ့ပါပြီ။ 

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအမည်ပြောင်းလုပ်တဲ့ဟာလည်းပဲ အသက်ဝင်လာမှု မရှိခဲ့ပါဘူး။ သို့သော် အဲဒီအချိန်မှာ YMBA အသင်းကြီးက တစခန်းထလာတယ်လို့ အများပြည်သူကြားမှာ ဝေဖန်ပြောဆိုမှုတွေ အမြင့်ဆုံးအခြေအနေ ရောက်နေပါတယ်။ ဒါ နိုင်ငံရေး အကဲခတ်ပုဂ္ဂိုလ်အချို့က YMBA အသင်းကြီးက အသုံးချခံလိုက်ရတာဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါနဲ့ပတ်သက်လို့ကတော့ ပြည်ထောင်စုဝန်ကြီးဌာနက အနီးကပ်စောင့်ကြည့်နေပါတယ်။ အခုထိ တစ်စုံတစ်ရာ ဝေဖန်ထောက်ပြမှု မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသင်းကြီးကိုယ်တိုင်က လွတ်လပ်တဲ့ NGO အဖွဲ့ကြီးဖြစ်ပါတယ်။ မှားတယ်၊ မှန်တယ်၊ ကောင်းတယ်၊ ဆိုးတယ်၊ မပြောလိုပါဘူး။ သို့သော်လည်းပဲ YMBA အသင်းကြီးဖွဲ့စည်းခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာ ရည်မှန်းချက်များက သွေဖည်ပြီးတော့ နိုင်ငံရေးအကျိုးအမြတ်အလို့ငှာ၊ အခြားအလို့ငှာ ဦးတည်ချက်ပြောင်းသွားမယ်ဆိုရင်တော့ဖြင့် သူလည်း ခုနပြောတဲ့အဖွဲ့အစည်း(မဘသ)လိုပဲ မကြာခင် ချုပ်ငြိမ်းသွားမှာဖြစ်တယ်လို့ ပြောလိုပါတယ်။

Myanmar Now။    ။ သာသနာရေးဦးစီးဌာနရဲ့ လုပ်ငန်းတွေထဲမှာ သာသနာတော်သန့်ရှင်းပြန့်ပွားရေးဆိုတာလည်း တွေ့ပါတယ်။ ဒီဘက်ခေတ်မှာဆိုရင် ရဟန်းသံဃာတွေက ကိုယ်ပိုင်ဘဏ်အကောင့်တွေ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ ကိုယ့်ရဲ့လာဘ်လာဘတွေ၊ ပိုင်ဆိုင်မှုတွေ ပိုပြီးတိုးပွားလာအောင် လုပ်နေတာတွေ တွေ့ပါတယ်။ ဒီလိုဟာမျိုးတွေကို သာသာနာရေးဝန်ကြီးဌာနက သံဃာ့မဟာနာယကနဲ့ တိုင်ပင်ပြီးတော့ ထိန်းကျောင်းကြပ်မတ်နေတာ ဘာတွေများရှိလဲ။ 

သူရဦးအောင်ကို။    ။ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ညီလာခံတစ်ခုကို သီရိလင်္ကာမှာ သွားတက်တဲ့အခါမှာ သီရိလင်္ကာသံဃာ့ရာဇာဆရာတော်တွေကို သွားပြီးတော့မှ နှုတ်ဆက်ကန်တော့ပါတယ်။ သီရိလင်္ကာဆရာတော်ကြီးတွေ ထောက်ပြတာက မြန်မာနိုင်ငံသံဃာ့အဖွဲ့အစည်းကပိုင်တဲ့ ဘုန်းကြီးကျောင်းတွေက အိန္ဒိယမှာလည်းရှိတယ်၊ ထိုင်းမှာလည်းရှိတယ်၊ အခြားမှာလည်းရှိတယ်။ 

သို့သော် အဲဒါတွေက တစ်ခုပြီးတစ်ခု အမှုဖြစ်ပြီး ပြန်ရှုံးသွားကြပြီ၊ နောင်ဆို မြန်မာနိုင်ငံပိုင်တဲ့ဟာတွေက နိုင်ငံတကာမှာ ရှိမှာမဟုတ်တော့ဘူး။ သီရိလင်္ကာသံဃာ့အဖွဲ့အစည်းတွေပိုင်တဲ့ ကျောင်းတွေ၊ ကမဌာန်းရိပ်သာတွေ၊ စာသင်တိုက်တွေ တစ်ကမ္ဘာလုံးမှာ ၁၀၀ ကျော်ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကတည်းက ရှိခဲ့တာပါ။ တစ်ကျောင်းမှ မဆုံးပါဘူးတဲ့။ 

အဲဒါဘာကြောင့်ပါလဲဆိုတော့ အားလုံးက သံဃိကပိုင်၊ သာသနာတော်ပိုင်ဖြစ်လို့ ဖြစ်ပါတယ်တဲ့။ သာသနာတော်ကြီးပိုင်တဲ့အတွက် ရဟန်းတော်၊ သံဃာတော် အစဉ်အဆက်က ဆက်ထိန်းခြင်းအားဖြင့် ပိုင်ဆိုင်မှုက ပျောက်ပျက်မသွားပါဘူးတဲ့။ မြန်မာနိုင်ငံမှာတော့ဖြင့် ပိုင်ဆိုင်မှုအများစုကြီးက ပုဂ္ဂလိကပိုင်ဖြစ်နေတယ်၊ သံဃိကပိုင်မဟုတ်ဘူး။ သာသနာပိုင်မဟုတ်ဘူး။ 

အဲဒီတော့ ဒကာကြီးတို့တာဝန်ရှိတုန်းမှာ နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော်ကြီးတွေနဲ့ လျှောက်ထားတင်ပြပြီး ဒါလေးကို ပြုပြင်သင့်တယ်လို့ ကောင်းမြတ်တဲ့အကြံဉာဏ်ကို မေတ္တာအရင်းခံနဲ့ ပေးပါတယ်။ ထိုင်းနိုင်ငံကလည်း ဒီအတိုင်းပါပဲ။ ကျောင်းတွေက သံဃိကပိုင်ဖြစ်ပါတယ်။ ကျန်တဲ့ နိုင်ငံတွေမှာလည်း ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် သံဃိကပိုင်ပါပဲ။ မဟာယနသံဃာတော်များ၊ ရဟန်းတော်များမှာလည်း သံဃိကပိုင်ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ပုဂ္ဂလိကပိုင်အဖြစ်နဲ့ ဆက်ရှိနေမယ်ဆိုရင် တဖြည်းဖြည်းနဲ့ယုတ်လျော့မယ်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ပုဂ္ဂလိကအကျိုးစီးပွားဖြစ်နေတဲ့အတွက် ဒါကို အတင်းအကြပ်ပြောင်းလဲခိုင်းဖို့ မဖြစ်နိုင်ပါဘူး။ အတင်းအကြပ်ဆောင်ရွက်ရင် တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်သွားနိုင်ပါတယ်။ ဒါ အချိန်ယူပြီးမှ ဖြေရှင်းဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။

Myanmar Now။    ။ ဘုန်းကြီးတွေနဲ့ ပတ်သက်ပြီး လူမှုရေးအရှုပ်အရှင်းတွေလည်း ရှိနေတယ်။ ဒါမျိုးတွေကိုရော ဝန်ကြီးလက်ထက်မှာ မူဝါဒ၊ အစီအမံတွေနဲ့ တားဆီးဖို့ လုပ်ဆောင်နေတာများ ရှိပါသလား။

သူရဦးအောင်ကို။     ။ ဒါတွေကတော့ ခေတ်ကာလအခြေအနေကို ကြည့်ပြီးမှ လုပ်ရမယ့်ကိစ္စပဲ ဖြစ်ပါတယ်။ မဟုတ်ရင် ဒီမိုကရေစီအစိုးရအတွက်၊ ပြည်သူ့အစိုးရအတွက် အတိုက်အခံတွေများတဲ့အချိန်မှာ သွားလုပ်မိရင် စစ်မျက်နှာတွေ များကုန်မှာဖြစ်ပါတယ်။ အချိန်ကာလကို စောင့်ရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading