ကိုဗစ်ကပ်ဆိုးကြားတွင် စေတနာဖြင့် ဝန်ကိုကူထမ်းကြသူများ

ကိုဗစ်နိုင်တင်းကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှု တစ်နှစ်နီးပါး ကြာမြင့်လာချိန်တွင် ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်သေးသော်လည်း စေတနာ့ဝန်ထမ်းလက်ခံရရှိမှု တစ်ဖြည်းဖြည်းလျော့ကျလာသဖြင့် တာဝန်ထမ်းဆောင်ဆဲ စေတနာ့ဝန်ထမ်းများ ဝန်နှင့်အားမမျှဘဲ ခြေကုန်လက်ပန်းကျလာမည်ကို စိုးရိမ်နေကြသည်

Published on Dec 30, 2020
ကိုဗစ်နိုင်တင်းရောဂါဖြင့် သေဆုံးသွားသူ အစ္စလာမ်ဘာသာဝင်တစ်ဦး၏ ရုပ်အလောင်းကို မြှုပ်နှံနိုင်ရန် ပရဟိတအဖွဲ့ဝင်အချို့က သယ်ဆောင်လာစဉ်၊ ၁၈ အောက်တိုဘာ ၂၀၂၀။ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)
ကိုဗစ်နိုင်တင်းရောဂါဖြင့် သေဆုံးသွားသူ အစ္စလာမ်ဘာသာဝင်တစ်ဦး၏ ရုပ်အလောင်းကို မြှုပ်နှံနိုင်ရန် ပရဟိတအဖွဲ့ဝင်အချို့က သယ်ဆောင်လာစဉ်၊ ၁၈ အောက်တိုဘာ ၂၀၂၀။ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

ဒေသတွင်း သို့မဟုတ် နိုင်ငံတကာဘောလုံးပွဲစဉ်များ လက်ခံကျင်းပရချိန်မျိုးတွင် ဘောလုံးပွဲကြည့်ရှုသူပရိသတ်များ၏ အော်ဟစ်အားပေးသံများဖြင့် စည်းကားနေတတ်သည့် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ သုဝဏ္ဏဘောလုံးကွင်းသည် ယခုနှစ်တွင်တော့ ကိုဗစ်နိုင်တင်း (Covid-19) အတည်ပြုလူနာများအတွက် ယာယီဆေးရုံနေရာအဖြစ် အသွင်ပြောင်း ဖြစ်တည်နေသည်။ 

ခုတင် ၁,၀၀၀ ဆံ့ ယာယီဆေးရုံ ဧရာဝတီစင်တာအနီး တစ်ချက်တစ်ချက်ထွက်ပေါ်လာသည့် ဆေးရုံကားသံများ၊ အဆောက်အအုံများ၏ အဝင်ဝတွင် “တားမြစ်နယ်မြေ” ဟု ရေးသားထားသည့် အနီရောင် သတိပေးဆိုင်းဘုတ်များက မြင်တွေ့ရသူတို့ကို စိတ်မသက်မသာ ဖြစ်စေသည်။ 

ဘောလုံးကွင်း ပွဲကြည့်စင်ဘေးကပ်လျက်နေရာတွင် ယာယီဆောက်လုပ်ထားသည့် အထူးကြပ်မတ်ကုသဆောင် (ICU) ထဲတွင် အဖြူရောင် တစ်ကိုယ်ရေသုံးအကာအကွယ်ဝတ်စုံရှည် (PPE) များ ဝတ်ဆင်ထားသူများ ဥဒဟို ဝင်ထွက်သွားလာနေကြသည်။ ကိုဗစ်နိုင်တင်းရောဂါဒဏ်ကို အဆိုးရွားဆုံးခံစားနေရသည့် လူနာများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ကျဝန်ထမ်းများနှင့် လုပ်အားပေးစေတနာ့ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြခြင်းဖြစ်သည်။ 

လူနာ ၁၆ ဦးဆံ့သည့် အဆိုပါအထူးကြပ်မတ်ကုသဆောင်ရှိ လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် စေတနာ့ဝန်ထမ်းများအနက် အသက် ၂၀ အရွယ် ကိုထွန်းအောင်လွင်လည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာများ စတင်တွေ့ရှိသည့် မတ်လကတည်းက ကိုထွန်းအောင်လွင်သည် ကိုဗစ်နိုင်တင်းတိုက်ဖျက်ရေးတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခဲ့သူဖြစ်ရာ လူနာများနှင့်အတူ ကိုဗစ်နိုင်တင်းကို အနီးကပ်ရင်ဆိုင်လာရသည်မှာ ယခုဆိုလျှင် ၉ လ တိုင်ခဲ့ပြီဖြစ်သည်။ 

ပထမလှိုင်းကာလ မတ်မှ ဩဂုတ်လအတွင်း City Hotel၊ ရန်ကုန်တက္ကသိုလ် (လှိုင်) ဝင်းအတွင်းရှိ အမရာဆောင်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) စသည့် ကွာရန်တင်းစင်တာများ၌ စေတနာ့ဝန်ထမ်း လုပ်ကိုင်ခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ နည်းပါးသွားသည့် ဩဂုတ်လတွင် စေတနာ့ဝန်ထမ်းလုပ်ခြင်းကို ခေတ္တရပ်နားခဲ့ကာ အောက်တိုဘာတွင်မှ ပြန်လည်လုပ်ကိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ပထမလှိုင်းကာလအတွင်း ရောဂါကူးစက်ခံရသူအရေအတွက်မှာ ဒုတိယလှိုင်းလောက် မများသည့်အတွက် စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများမှာ ယခုလောက် မပင်ပန်းကြောင်း ၎င်း၏ တာဝန်ချိန်ပြီးဆုံး၍ ICU အခန်းမှ အထွက်တွင် ကိုထွန်းအောင်လွင်က Myanmar Now ကိုပြောသည်။ 

“အိမ်ကိုတော့ လွမ်းတာပေါ့။ အိမ်ထမင်း၊ အိမ်ဟင်းလည်း စားချင်တာပေါ့။ ဒါပေမဲ့ ဒီလူနာတွေကို တွေ့တော့ မပြန်ချင်တော့ပါဘူး။ ဒီနေရာမှာ ကိုယ့်အဖေ၊ ကိုယ့်အမေသာဆိုရင်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်နေတာပါ” ဟု မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ပြင်ပဆက်ဆံရေးတာဝန်ခံလည်းဖြစ်သည့် ကိုထွန်းအောင်လွင်က ပြောသည်။ 

လူနာ ၁,၀၀၀ ဆံ့ ဧရာဝတီစင်တာ၌ ကိုထွန်းအောင်လွင်ကဲ့သို့ စေတနာ့ဝန်ထမ်းအင်အား ၃၀၀ ခန့်ရှိကာ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် ၅၀ ခန့်၊ သူနာပြု ၂၀၀ နီးပါးခန့် ဖြင့် နေ့စဉ်လည်ပတ်နေခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုနောက်ကျ၍ ကျန်းမာရေးအသုံးစရိတ် အလွန်နည်းပါးသည့် နိုင်ငံမျိုးတွင် ကိုဗစ်နိုင်တင်းကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ကိုထွန်းအောင်လွင်တို့ကဲ့သို့ စေတနာ့ဝန်ထမ်းများ၏ အားမှာ အလွန်အရေးပါလျက်ရှိသည်။ 

ကပ်ရောဂါကာလ ကြာမြင့်လာပြီး အတည်ပြုလူနာအရေအတွက် များပြားနေသေးသည်နှင့်အမျှ ဆေးရုံများ၊ ကုသရေးစင်တာများ၊ ကွာရန်တင်းစင်တာများ၌ စေတနာ့ဝန်ထမ်းအင်အား တစ်နေ့တစ်ခြား နည်းပါးလာပြီး ဝန်နှင့်အား မမျှတသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ 

စေတနာ့ဝန်ထမ်းအား အများအပြား လိုနေသေး

ဒီဇင်ဘာလ ၂၉ အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြု လူနာပေါင်း ၁၂၂,၀၀၀ ကျော် ရှိခဲ့ပြီး ယင်းတို့အနက် သေဆုံးသူ ၂,၆၀၀ ကျော် ရှိသည်။ လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်း ဆေးရုံနှင့် ကုသရေးစင်တာအသီးသီး၌ ကုသမှုခံယူနေဆဲလူနာ ၁၅,၀၀၀ ကျော် ရှိနေသေးသည်။ 

ဒီဇင်ဘာ ၁၉ မတိုင်မီအထိ တစ်ရက်လျှင် အတည်ပြုလူနာ ၁,၀၀၀ ကျော် ဓာတ်ခွဲစစ်ဆေးတွေ့ရှိနေခဲ့ရာမှ ဒီဇင်ဘာ ၁၉ နောက်ပိုင်းတွင် ၁,၀၀၀ အောက်ကျဆင်းလာသည်ကို တွေ့ရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၂၈) စာရင်းအရ ၆၄၈ ဦးသာ ရှိသဖြင့် ပိုးကူးစက်မှုနှုန်းကျဆင်းလာပြီဖြစ်ကြောင်း ဝန်ကြီးဌာနစာရင်းများအရ သိရသည်။​

ရန်ကုန်တိုင်းအတွင်းရှိ ကိုဗစ်နိုင်တင်းလူနာများကို လက်ခံကုသပေးသည့် အစိုးရဆေးရုံများတွင် ခုတင်နေရာလုံလောက်မှု မရှိတော့သည့်အခါ ပုဂ္ဂလိကပိုင် ဧရာဝတီဖောင်ဒေးရှင်းက သုဝဏ္ဏဘောလုံးကွင်းနေရာကို ယာယီဆေးရုံအဖြစ် ရက်ပိုင်းအတွင်း ပြင်ဆင်ခဲ့ကာ စက်တင်ဘာလ ဒုတိယပတ်တွင် ကိုဗစ်လူနာများကို စတင်လက်ခံခဲ့သည်။ 

ကိုဗစ်နိုင်တင်းကပ်ဆိုးနှင့် အသက်လု တိုက်ပွဲရင်ဆိုင်နေရသည့် လူနာများထားရှိရာ စင်တာ၏ အထူးကြပ်မတ်ကုသဆောင်တွင် တာဝန်ကျသည့် စေတနာ့ဝန်ထမ်းများမှာ လူနာများ၏ အညစ်အကြေးများကို ကိုင်တွယ်သန့်ရှင်းပေးရပြီး လူနာများမှ ရောဂါပိုးကူးစက်ခံရနိုင်ခြေလည်း ပိုမိုများသည့်အတွက် ကိုထွန်းအောင်လွင်တို့ကဲ့သို့ အတွေ့အကြုံရှိ စေတနာ့ဝန်ထမ်းများကိုသာ ထားသည်။ 

ကိုဗစ်ကာလ စေတနာ့ဝန်ထမ်းအတွေ့အကြုံများသည်ဟု ဆိုသော်လည်း ကိုထွန်းအောင်လွင် အထူးကြပ်မတ်ကုသဆောင်အခန်းတွင် တာဝန်ထမ်းဆောင်ရသည့် အတွေ့အကြုံမှာမူ ဧရာဝတီစင်တာသို့ ရောက်ရှိမှသာ ပထမဆုံးဖြစ်သည်။ 

“လုံးဝမထနိုင်တဲ့ လူနာတစ်ယောက်ပေါ့ ဝမ်းတွေသွားထားတာ။ ဝမ်းတွေသွားထားတာက တော်တော်ကြာနေပြီပေါ့။ အနံ့တွေက တော်တော်ကြီး ဆိုးနေပြီ။ ကျွန်တော်ကလည်း ပထမဆုံးအတွေ့အကြုံဆိုတော့ ပျို့တက်လာတာပေါ့” ဟု ကိုထွန်းအောင်လွင်က ၎င်း၏ ပထမဆုံး ICU အတွေ့အကြုံကို ပြန်ပြောပြသည်။

ကိုဗစ်နိုင်တင်း ပထမလှိုင်းကာလ မတ်လတွင် ရန်ကုန်နည်းပညာတက္ကသိုလ် (မှော်ဘီ) ကျောင်းသားသမဂ္ဂ၏ Facebook စာမျက်နှာတွင် ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီက စေတနာ့ဝန်ထမ်းခေါ်ယူသည့်အကြောင်း မျှဝေထားသည်ကို တွေ့ရှိခဲ့ရာမှ ကိုထွန်းအောင်လွင် စေတနာ့ဝန်ထမ်းအလုပ်ကို လျှောက်ထားဖြစ်ခဲ့ခြင်းဖြစ်သည်။ 

သုဝဏ္ဏ​ဘောလုံးကွင်းဘေးရှိ ICU အခန်းတွင် လုပ်ကိုင်ရသော်လည်း တက္ကသိုလ်ရိပ်သာလမ်းရှိ အခန်းတစ်ခန်းတွင် ကိုထွန်းအောင်လွင်အပါအဝင် ဧရာဝတီစင်တာတွင် စေတနာ့ဝန်ထမ်းလုပ်ကိုင်သူ ၁၀ ဦး အတူနေထိုင်ကြသည်။

နံနက် ၈ နာရီတွင် ဧရာဝတီစင်တာသို့ ဖယ်ရီကားဖြင့် သွားရပြီး ၈ နာရီခွဲတွင် ICU အခန်းထဲသို့ ရောက်ရှိကာ ၎င်းစောင့်ကြည့်ရသည့် လူနာများကို ထမင်းကျွေးခြင်း၊ အညစ်အကြေးများသန့်စင်ပေးခြင်း၊ အမှိုက်ပစ်ခြင်းတို့ ပြုလုပ်ပေးရသည်။ တစ်ကိုယ်ရေသုံးအကာအကွယ်ဝတ်စုံ (PPE) ကို လေးနာရီခန့်သာ ဝတ်ဆင်နိုင်သည့်အတွက် နေ့လယ် ၁၂ နာရီအချိန်တွင် ၎င်းနေရာတွင် အစားထိုးဝင်ရောက်မည့်သူနှင့် တာဝန်ချိန် လဲလှယ်ရသည်။ 

ICU အခန်းထဲတွင် မနက်ပိုင်း တာဝန်ထမ်းဆောင်ပြီးနောက် ICU အခန်းနှင့်ကပ်ရပ် စောင့်ကြည့်ခန်း (Cortrol Room) တွင် ည ၈ နာရီ အထိ ဆက်လက်လုပ်ကိုင်ရသည်။ ရောဂါကြောင့် သေဆုံးသွားသူများကို သယ်ယူပို့ဆောင်ရသည့် အခါများရှိသကဲ့သို့ တစ်ခါတရံတွင် အောက်စီဂျင်ဘူး သယ်ဆောင်ပေးရသည်များလည်း ရှိသည်။ 

အများအားဖြင့် ကိုထွန်းအောင်လွင်သည် ၎င်း၏ တစ်ရက်တာ တာဝန်ချိန် ၁၂ နာရီတွင် ICU အခန်းတွင် လူနာဝေယျာဝစ္စများလုပ်ပေးခြင်း၊ Control Room ရှိ ဆရာဝန်များနှင့် သူနာပြုများ၏ လိုအပ်ချက်များကို ကူညီလုပ်ကိုင်ပေးရသည်သာ ပိုများသည်။ ည ၈ နာရီအချိန်တွင်တော့ တစ်နေ့တာ တာဝန်ချိန်ပြီးဆုံး၍ နေထိုင်ရာအခန်းသို့ ဖယ်ရီကားဖြင့် ပြန်ကြရသည်။ 

ကပ်ရောဂါကာလကြာမြင့်လာပြီး စေတနာ့ဝန်ထမ်းအရေအတွက် တစ်နေ့တစ်ခြား နည်းပါးလာချိန်တွင် ကိုထွန်းအောင်လွင်ကဲ့သို့ပင် စေတနာ့ဝန်ထမ်းဘဝကို မစွန့်လွှတ်ဘဲ ကိုဗစ်နိုင်တင်းတိုက်ဖျက်ရေးကို ကျားကန်ပေးထားသူ နောက်တစ်ဦးမှာ မဟေမာန်စိုးဖြစ်သည်။ 

၂၉ နှစ်အရွယ် မဟေမာန်စိုးသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတွင် ဟော်တယ်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေခဲ့ရာမှ ဌာနေပြန်လိုသည့် မြန်မာနိုင်ငံသားများနှင့်အတူ ပထမလှိုင်းကာလတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်သည်။ ၎င်းသည် အောက်တိုဘာလနှောင်းပိုင်းမှစကာ ဧရာဝတီစင်တာ၌ စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် လာရောက်လုပ်ကိုင်ပေးနေခဲ့ခြင်းဖြစ်သည်။

စင်တာရှိ လူနာများကို ထမင်းပို့ခြင်း၊ အမှိုက်သိမ်းခြင်း၊ အောက်စီဂျင်ဘူးသယ်ပေးခြင်းတို့ အပါအဝင် အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်ပေးရသည်။ ယခင်က စေတနာ့ဝန်ထမ်းခေါ်ယူသည့် အခါတွင် လုပ်ကိုင်လိုသူ ၁၀၀ ဦးခန့်ထိ လာရောက် လျှောက်ထားကြသော်လည်း ယခုအခါတွင်တော့ စေတနာ့ဝန်ထမ်းဦးရေ ၂၀ ခန့် ရရှိရန်ပင် ခက်ခဲနေပြီဖြစ်သည်ဟု ၎င်းက ညည်းတွားသည်။

“တစ်ချို့တွေကလည်း အိမ်ပြန်သွားကြတာတွေလည်း ရှိလာကြပြီဆိုတော့ (စေတနာ့ဝန်ထမ်း) အားတွေက အများကြီးလိုနေတာပါ။ ကိုယ်ပြန်ရင် တစ်အားလျော့သွားမှာ စိုးရိမ်တာကြောင့် မပြန်ဖြစ်သေးတာပါ” ဟု စေတနာ့ဝန်ထမ်းများ လက်တလော ရင်ဆိုင်နေရသည့် ပြဿနာကို မဟေမာန်စိုးက ရှင်းပြသည်။

ထိုကဲ့သို့ စေတနာ့ဝန်ထမ်း လုပ်ကိုင်လိုသူ နည်းပါးလာသည့်အတွက်ကြောင့် ယခင်က စေတနာ့ဝန်ထမ်း ၁၇ ဦး လုပ်ကိုင်ရသည့်လုပ်ငန်းများကို ယခုအခါ ၁၃ ဦးလောက်ဖြင့် ပြီးစီးအောင် ဆောင်ရွက်နေရသဖြင့် ဝန်နှင့်အား မမျှတဘဲ အများစုမှာ ပင်ပန်းနေကြပြီဖြစ်သည်ဟု မဟေမာန်စိုးက ဆိုသည်။ 

“အဓိက အခက်အခဲကတော့ အိမ်ကိုလွမ်းတာပေါ့နော်။ အခုဆို အလုပ်တွေကလည်း ပြန်ခေါ်ပြီလေ။ အလုပ်တွေပြန်ခေါ်တဲ့ အခါမှာ မသွားနိုင်တဲ့ အတွက်ကြောင့် အလုပ်ပြုတ်မယ်။ အဲလိုမျိုးအခြေအနေတောင် ရှိပေမယ့် ဒီမှာ (ကိုဗစ်စင်တာမှာ) ဆက်နေချင်တာကြောင့် အဲဒီအခက်အခဲတွေကို ခဏရင်ဆိုင်နေရတာပေါ့” ၎င်းက ပြောသည်။ 

ကိုထွန်းအောင်လွင်နှင့် မဟေမာန်စိုးတို့ စေတနာ့ဝန်ထမ်းအဖြစ် ကူညီလုပ်ကိုင်ပေးနေသည့် ဧရာဝတီကိုဗစ်ကုသရေးစင်တာမှာ ဧရာဝတီဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ပေါင်းစပ်ကာ ဖွင့်လှစ်ထားသည့် ကိုဗစ်နိုင်တင်းရောဂါ ကုသရေးဌာနတစ်ခုဖြစ်သည်။ စင်တာ၏ တာဝန်ခံမှာ ပုသိမ်ဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုး ဖြစ်သည်။

ကိုဗစ်နိုင်တင်းကုသရေးစင်တာများတွင် စေတနာ့ဝန်ထမ်းများသည် ဆေးရုံအထွေထွေလုပ်သားများ လုပ်ကိုင်ရသည့် အောက်ခြေသိမ်းအလုပ်များကို လုပ်ပေးကြရပြီး စင်တာများသည် ၎င်းတို့၏ လုပ်အားဖြင့် အဓိကလည်ပတ်နေရခြင်း ဖြစ်သည်ဟု ဒေါက်တာကောင်းမြတ်စိုးက ဆိုသည်။ 

“ကျွန်တော်တို့ ဆရာဝန်တွေပဲဖြစ်ဖြစ်၊ သူနာပြုတွေပဲ ဖြစ်ဖြစ်၊ Volunteer (စေတနာ့ဝန်ထမ်း) တွေပဲဖြစ်ဖြစ် ခြေကုန်လက်ပန်းကျသွားမှာကို တော်တော်လေး စိုးရိမ်မိပါတယ်” ဟု ၎င်းက ပြောသည်။ 

‘ခြေကုန်လက်ပန်းကျနေတယ်’

ကိုဗစ်နိုင်တင်းကုသရေးစင်တာများတွင် ဝင်ရောက်လုပ်ကိုင်ပေးကြသည့် စေတနာ့ဝန်ထမ်းများအနက် ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းနေသော်လည်း အစိုးရဝန်ထမ်းမဟုတ်သည့် ဆရာဝန်များလည်း ရှိသည်။ ယင်းစေတနာ့ဝန်ထမ်းဆရာဝန်များကို အဓိကခေါ်ယူပေးနေသည်မှာ မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) ဖြစ်သည်။​

ကိုဗစ်နိုင်တင်းကုသရေးစင်တာများ၊ လူထုအခြေပြု အခမဲ့ဖျားနာဆေးကုခန်းများ၊ ကိုဗစ်ရောဂါဆိုင်ရာနှစ်သိမ့်ဆွေးနွေးပေးခြင်းများ၊ ကိုဗစ်နိုင်တင်းနှင့်ပတ်သက်သည့် Call Center များတွင် စေတနာ့ဝန်ထမ်းဆရာဝန် ၁,၀၀၀ နီးပါးက ကူညီဆောင်ရွက်ပေးနေကြသည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာထင်အောင်စောက ပြောသည်။

ကပ်ရောဂါကာလရှည်ကြာလာသည်နှင့်အမျှ မူလလုပ်ငန်းခွင် ပြန်ဝင်နေရသူများလည်း ရှိသည့်အတွက် စေတနာ့ဝန်ထမ်းဆရာဝန်အရေအတွက် နည်းပါးလာပြီး လက်ရှိလုပ်ကိုင်နေကြသူများ ခြေကုန်လက်ပန်းကျလာမည်ကို စိုးရိမ်သောကြောင့် အင်အားကို ချင့်ချိန်အသုံးပြုနိုင်ရန် စီစဉ်နေရသည်ဟု ၎င်းက ပြောသည်။

“ရေရှည်လုပ်ရမယ့် အလုပ်လို့ ကျွန်တော်တို့လည်း ယူဆပါတယ်။ စေတနာ့ဝန်ထမ်းတွေ ရေရှည်လုပ်နိုင်မယ့် အခြေအနေတစ်ခုကိုတော့ ဖန်တီးရတာပေါ့” ဟု ပါမောက္ခဒေါက်တာထင်အောင်စောက ပြောသည်။

သူနာပြုသင်တန်းကျောင်း (ရန်ကုန်) မှ နည်းပြတစ်ဦးဖြစ်သူ ဒေါ်ရီရီခိုင်နှင့် သူနာပြုကျောင်းသား ၃၀ ဦးခန့်သည် ယခုနှစ် မတ်လကတည်းကပင် စေတနာ့ဝန်ထမ်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနထံ လျှောက်ထားခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် မြဝတီတွင် သွားရောက်လုပ်ကိုင်ခဲ့ကြသည်။ 

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ပြည်တော်ပြန်ခရီးတွင် ကိုဗစ်နိုင်တင်းကူးစက်ခံထားရသူ ပါဝင်ခြင်းရှိမရှိ စစ်ဆေးပေးရသည့်အဖွဲ့တွင် ပါဝင်လုပ်ကိုင်ပေးခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင်တော့ ဒေါ်ရီရီခိုင်နှင့် ၎င်း၏ကျောင်းသားအချို့မှာ ဧရာဝတီစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် လာရောက်လုပ်ကိုင်ပေးလျက်ရှိသည်။ 

“ကျန်းမာရေးဝန်ထမ်းတွေလည်း နည်းပြီး Volunteer ( စေတနာ့ဝန်ထမ်း) တွေလည်း အင်အားတွေ တစ်ဖြည်းဖြည်းကျလာပြီ။ မရှိ ရှိတဲ့အင်အားနဲ့ Run (လည်ပတ်) နေကြရတယ်” ဟု ဒေါ်ရီရီခိုင်က Myanmar Now ကို ပြောသည်။

ကိုဗစ်နိုင်တင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် စေတနာ့ဝန်ထမ်းများ၏ ပါဝင်မှုကို အစိုးရအဆင့်က အသိအမှတ်ပြုအားပေးသည်ကို ပြသရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နိုင်ငံအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကိုလည်း ဧပြီ ၂၅ တွင် ဖွဲ့စည်းခဲ့သည်။ 

ကိုဗစ်နိုင်တင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုများကို အစိုးရမူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် စေတနာ့ဝန်ထမ်းများကို လေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်သည့် အဆိုပါအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။ 

ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ဦးဆောင်ဖွဲ့စည်းထားသည့် Volunteers for COVID-19 Yangon စေတနာ့ဝန်ထမ်းအဖွဲ့နှင့် လက်တွဲလုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်း ၁,၀၀၀ နီးပါးရှိပြီး ပထမလှိုင်းနှင့် ဒုတိယလှိုင်းအစကာလများနှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် စေတနာ့ဝန်ထမ်းရရှိရန် အနည်းငယ်အခက်အခဲရှိနေသည်ဟု ကော်မတီဝင် မခိုင်ခိုင်ဆွေမြင့်က ပြောသည်။ 

မခိုင်ခိုင်ဆွေမြင့်သည် Volunteers for COVID-19 Yangon အဖွဲ့တွင် စေတနာ့ဝန်ထမ်းခေါ်ယူခြင်းနှင့် ကိုဗစ်နိုင်တင်းကုသရေးစင်တာအလိုက် ဝန်ထမ်းခွဲဝေပေးရသည့် တာဝန်ကို ထမ်းဆောင်သည်။

"ခုလောလောဆယ် အနေအထားမှာတော့ ကျွန်မတို့ ဒီဘက်မှာတော့ မျှတအောင် လုပ်နိုင်နေသေးတယ်။ တစ်ချို့နေရာလေးတွေမှာတော့ လူအင်အားလေး ထပ်ဖြည့်ရမယ့် နေရာမျိုးလေးတွေ ရှိပါတယ်။ ဟိုလိုမျိုး မနိုင်မနင်းကြီး ဝန်ထမ်းနေရတဲ့ အခြေအနေမျိုးတော့ မဟုတ်ဘူးရှင့်" ဟု ၎င်းက ပြောသည်။

မခိုင်ခိုင်ဆွေမြင့်က ထိုသို့ဆိုသော်လည်း မြို့နယ်အခြေစိုက်စေတနာ့ဝန်ထမ်းအဖွဲ့အချို့မှာမူ ခြေကုန်လက်ပန်းကျလာပြီဖြစ်သည်ဟု ဆိုကြသည်။ 

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုမင်းသွေးသစ် ဦးဆောင်ဖွဲ့စည်းထားသည့် Together Thanlyin အဖွဲ့သည် ကိုဗစ်နိုင်တင်းကာလအတွင်း စေတနာဖြင့် ဝန်ထမ်းပေးနေသည့် အဖွဲ့အစည်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ 

Together Thalyin အဖွဲ့သည် ကိုဗစ်နိုင်တင်းရောဂါဖြင့် ကွယ်လွန်သူများကို သယ်ဆောင်ပေးခြင်း၊ သံသယလူနာများကို ဆေးရုံနှင့် ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခြင်းတို့ကို အဓိကထားလုပ်ဆောင်ပေးသည့် ရန်ကုန်တိုင်း သန်လျင်မြို့နယ်အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့တစ်ခု ဖြစ်သည်။

ကိုဗစ်နိုင်တင်း ပထမလှိုင်းကာလနှင့် ဒုတိယလှိုင်းအစပြုသည့် ကာလများတွင် စေတနာ့ဝန်ထမ်းအင်အား ၄၀ ကျော်ဖြင့် လုပ်ကိုင်ခဲ့ပြီး ယခုအခါတွင် စေတနာ့ဝန်ထမ်းအင်အားမှာ တစ်ဝက်ခန့်သာ ရှိတော့သည်ဟု ကိုမင်းသွေးသစ်က ပြောသည်။

“ခြေကုန်လက်ပန်းကျနေတယ်။ ပြီးတော့ အလုပ်တွေပြန်ပြီးတော့ ဖွင့်တဲ့အခါမှာ အင်အားလျော့သွားတယ်” ဟု ၎င်းက ပြောသည်။

ကပ်ရောဂါကာလအစပိုင်းတွင် အဖွဲ့၏ လုပ်ငန်းများတွင် လိုအပ်သည့်ပစ္စည်းများ လှူဒါန်းသည့် အလှူရှင်များစွာရှိသော်လည်း ယခုအခါတွင်မူ အလှူရှင်များကိုယ်တိုင်လည်း ခြေကုန်လက်ပန်းကျလာကာ အဖွဲ့ဘဏ္ဍာငွေ ခက်ခဲလာကြောင်း၊ မဖြစ်မနေသုံးစွဲရမည့် ကာကွယ်ရေးပစ္စည်းများမှလွဲ၍ ချွေချွေတာတာ သုံးစွဲနေရကြောင်း ကိုမင်းသွေးသစ်က ဖြည့်စွက်ပြောသည်။

“လုပ်ရင်းလုပ်ရင်းနဲ့ တစ်ဖြည်းဖြည်းနဲ့ စိတ်ပျက်လာတာက ကျွန်တော်တို့က နေ့တိုင်း အလောင်းတွေ သွားသယ်ပေးနေရတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း Mask မတပ်ဘဲနဲ့ လူအုပ်စုလိုက်ကြီး အပျော်သဘောနဲ့ သွားကြလာကြတာကို တွေ့ရတဲ့အခါကျတော့ အစိုးရရဲ့ ကိုဗစ်နဲ့ ပတ်သက်ပြီး ကိုင်တွယ်ပုံနည်းစနစ်ကို အားမလိုအားမရလည်း ဖြစ်လာတယ်” ဟု ကိုမင်းသွေးသစ်က ပြောသည်။ 

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading