တပ်မတော်လက်လှမ်းမီနေသည့် ဂြိုလ်တုနည်းပညာက စစ်ပွဲပဋိပက္ခများကို အားပေးနိုင်ဟုဆို 

ဟောင်ကောင်၊ အမေရိကန်၊ ဂျပန်၊ ဗီယမ်နမ်၊ အစ္စရေး၊ လူဇင်ဘတ်နှင့် ဂျပန်အခြေစိုက် ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများထံမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တပ်မတော်က ဂြိုလ်တုဆက်သွယ်ရေးနည်းပညာနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီနေသည်ဟု ဆိုသည် 

Published on Dec 29, 2020
Mytel အပါအဝင် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများ ရယူသုံးစွဲနေပြီဖြစ်သည့် မြန်မာပိုင် ပထမဆုံးဆက်သွယ်ရေးဂြိုလ်တု MyanmarSat-2 ကို ၂၀၁၉ ဩဂုတ်လအတွင်းက လွှတ်တင်ခဲ့စဉ်။ (ဓာတ်ပုံ - ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) 
Mytel အပါအဝင် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများ ရယူသုံးစွဲနေပြီဖြစ်သည့် မြန်မာပိုင် ပထမဆုံးဆက်သွယ်ရေးဂြိုလ်တု MyanmarSat-2 ကို ၂၀၁၉ ဩဂုတ်လအတွင်းက လွှတ်တင်ခဲ့စဉ်။ (ဓာတ်ပုံ - ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) 

တပ်မတော်အနေဖြင့် နိုင်ငံတကာဂြိုလ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီလာခြင်းက ရခိုင်၊ ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားသည့် စစ်ပွဲပဋိပက္ခများကို အားပေးကူညီရာ ရောက်နေကြောင်း Justice For Myanmar အဖွဲ့၏ ဒီဇင်ဘာ ၂၀ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

တပ်မတော်သည် ဟောင်ကောင်၊ အမေရိကန်၊ ဂျပန်၊ ဗီယမ်နမ်၊ အစ္စရေး၊ လူဇင်ဘတ်နှင့် ဂျပန်အခြေစိုက် ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများထံမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီနေသည်ဟု အစီရင်ခံစာက ဆိုသည်။

၂၀၁၉ ဩဂုတ်တွင် လွှတ်တင်ခဲ့သော မြန်မာပိုင် ပထမဆုံးဆက်သွယ်ရေးဂြိုလ်တု MyanmarSat-2 သည် တပ်မတော်က ၂၈ ရာခိုင်နှုန်းပိုင်ဆိုင်သည့် Mytel ၏ ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်မှုကို အထောက်အကူပြုနေသည့်အပြင် တပ်မတော်အနေဖြင့် အဆိုပါဂြိုလ်တုဆက်သွယ်ရေးနည်းပညာများကို စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုဖွယ်ရှိကြောင်း Justice For Myanmar က ဆိုသည်။

ဂြိုလ်တုဆက်သွယ်ရေးသည် တပ်မတော်၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစနစ်အပြင် အီလက်ထရွန်နစ်စစ်ပွဲ၊ ဒုံးကျည်စနစ်၊ ရေတပ်နှင့် လေတပ်စစ်ဆင်ရေးများ၊ အလိုလျောက်ပစ်ခတ်နိုင်သည့် စက်ရုပ်များ၊ အချက်ပြဆက်သွယ်မှု ကြားဖြတ်ဖမ်းယူခြင်းနှင့် လူထုကိုစောင့်ကြည့်ခြင်းတို့တွင် အရေးပါကြောင်း Justice For Myanmar ၏ အစီရင်ခံစာက ဆိုသည်။

Mytel အပါအဝင် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် MyanmarSat-2 မှ အရည်အသွေးမြင့်မားသည့် Bandwidth များကို ရယူသုံးစွဲနေပြီဖြစ်သော်လည်း မြဝတီနှင့် အခြားသော တပ်မတော်၏ ဆက်သွယ်ရေးလုပ်ငန်းများအနေဖြင့် သုံးစွဲခြင်းမရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“သူတို့ (တပ်မတော်) က စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။ မသုံးသေးပါဘူး။ သူတို့တပ်မတော်ရဲ့ ဆက်သွယ်ရေးတွေ၊ မြဝတီရုပ်မြင်သံကြားတို့ သုံးဖို့စဉ်းစားတာဖြစ်မှာပေါ့။ ကျွန်တော်တို့က မပေးရသေးပါဘူး။ မငှားရသေးပါဘူး” ဟု မြန်မာနိုင်ငံဂြိုလ်တုစနစ်ဆိုင်ရာနည်းပညာဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းအောင်က ပြောသည်။

MyanmarSat-2 ဂြိုလ်တုလွှတ်တင်ရန် ၂၀၁၈ ဇွန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဌာနနှင့် လူဇင်ဘတ်အခြေစိုက် ဂြိုလ်တုဆက်သွယ်ရေးလုပ်ငန်း Intelsat တို့ သဘောတူလက်မှတ်ထိုးခဲ့ပြီး မြန်မာအစိုးရက အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းကို အရစ်ကျပေးချေရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် MyanmarSat-2 မှနေ၍ အော်ပရေတာများက ရယူသည့် ဝန်ဆောင်မှုအပေါ်မူတည်ကာ အရည်အသွေးမြင့်မားသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အများပြည်သူသို့ ပြန်လည်ပေးနိုင်မည်ဟုလည်း သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဌာန ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူ ဦးဝင်းအောင်က ဆိုသည်။ 

“ခေတ်မှီတဲ့ နည်းစနစ်တွေနဲ့ နည်းပညာတွေ သုံးပြီးတော့ လုပ်လို့ရနေပြီ။ အော်ပရေတာတွေ ဘယ်လောက်လုပ်နိုင်သလဲ။ သူတို့လုပ်နိုင်သလောက် သူတို့လုပ်လို့ရနေပြီ။ ကျွန်တော်တို့က Quality ကောင်းကောင်း ပေးထားပြီးသွားပြီ” ဟု ၎င်းက ပြောသည်။ 

ဂြိုလ်တုဆက်သွယ်ရေးသည် ဝေးလံခေါင်ဖျားသော ဒေသများတွင် မိုဘိုင်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရန် အထောက်အပံ့ပေးနိုင်သည့်နည်းတူ တပ်မတော်အနေဖြင့်လည်း ဂြိုလ်တုဆက်သွယ်ရေးကို ပိုမိုလက်လှမ်းမီလာနိုင်သည်ဟု Justice For Myanmar က ဆိုသည်။ 

တပ်မတော်က လက်လှမ်းမီနေသည့် ဆက်သွယ်ရေးလုပ်ငန်းများအနက် ဟောင်ကောင်အခြေစိုက် AsiaSat ဂြိုလ်တုစီးပွားရေးလုပ်ငန်းသည် ၁၉၈၉ မှစတင်၍ ဂြိုလ်တုဆက်သွယ်ရေးအထောက်အပံ့ပေးခဲ့ပြီး တပ်မတော်ဝါဒဖြန့်ချိရေးမီဒီယာဖြစ်သည့် မြဝတီ၏ ရုပ်သံအစီအစဉ် ၇ ခုကို AsiaSat အသုံးပြု၍ ထုတ်လွှင့်လျက်ရှိသည်ဟု Justice For Myanmar အဖွဲ့က ဆိုသည်။

တပ်မတော်သည် အမေရိကန်အခြေစိုက် ဂြိုလ်တုနည်းပညာနှင့် ဝန်ဆောင်မှုကုမ္ပဏီ Hughes ၏ ဂြိုလ်တုဆက်သွယ်ရေးကိုပင် လက်လှမ်းမီဖွယ်ရှိနေသည့်အပြင် ဗီယမ်နမ်စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး(VNPT)၏ ဂြိုလ်တုဆက်သွယ်ရေးကိုလည်း ကြားခံကုမ္ပဏီများမှတဆင့် လက်လှမ်းမီဖွယ်ရှိနေသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံ Hokkaido နှင့် Tohoku တက္ကသိုလ်များသည် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် ပူးပေါင်းပြီး အနိမ့်ပျံ အသေးစားဂြိုလ်တုနှစ်ခုလွှတ်တင်ခြင်း၊ သင်တန်းပေးခြင်းနှင့် မြေပြင်စခန်းတည်ဆောက်ခြင်းတို့အတွက် နည်းပညာများပေးနေပြီး အသေးစားဂြိုလ်တုကို တပ်မတော်၏ ကင်းထောက်လှမ်းမှုအတွက် အသုံးပြုဖွယ်ရှိသည်ဟုလည်း Justice For Myanmar ကဆိုသည်။

ဂျပန်တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သော ဂြိုလ်တုစီမံကိန်းနှင့်ပတ်သက်၍ Justice For Myanmar ၏ အစီရင်ခံစာသည် မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးကြည်သွင် Myanmar Now ကို ပြောသည်။

“Mytel ရေးရင်းနဲ့က မဆီမဆိုင် ကျွန်တော်တို့ဟာတွေ (ဂြိုလ်တုစီမံကိန်း)ပါတယ်။ ပါတော့ Human Rights Watch အဖွဲ့က ဂျပန်က ပရော်ဖက်ဆာတွေကို သွားပြီးတွေ့တယ်။ ဒီစီမံကိန်းက Military (စစ်တပ်)က ပါလား။ မပါဘူးလား။ အဲ့ဒီကျမှ ကျွန်တော်တို့က သိတာ။ ကျွန်တော်တို့က မပါဘူး။ သီးခြားပဲ” ဟု ဦးကြည်သွင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဂြိုလ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီကို ၂၀၁၇ တွင် ဖွဲ့စည်းခဲ့ပြီး ဒုသမ္မတ(၁) ဦးမြင့်ဆွေက ဦးဆောင်ကာ ကာကွယ်ရေးနှင် ပြည်ထဲရေးဝန်ကြီးတို့က မူဝါဒနှင့် ဘဏ္ဍာရေးကြီးကြပ်သူအဖြစ် ပါဝင်သဖြင့် ဂြိုလ်တုစနစ်တပ်ဆင်မှုကို တပ်မတော်က ထိန်းချုပ်မှုရှိသည့်သဖွယ် ရေးသားထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သည် ပညာရေးဝန်ကြီးဌာနလက်အောက်တွင်သာရှိပြီး တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သည့် အစီစဉ်မရှိကြောင်း ပါမောက္ခချုပ် ဦးကြည်သွင် က  ပြောသည်။

၅ နှစ်ကြာ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါစီမံကိန်းတွင် ဂြိုလ်တုနှစ်လုံးလွှတ်မည်ဖြစ်ပြီ ပထမဆုံးဂြိုလ်တုကို ဂျပန်နိုင်ငံတွင် တည်ဆောက်မှုပြီးစီးပြီဖြစ်သဖြင့် ဂျပန်အာကာသအေဂျင်စီ(JAXA) သို့ လွှဲပြောင်းထားကာ ၂၀၂၁ ဖေဖော်ဝါရီတွင် လွှတ်တင်နိုင်မည်ဖြစ်သည်။

အဆိုပါဂြိုလ်တုသည် မြန်မာနိုင်ငံပေါ်တွင် ပျံသန်းနေမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဂြိုလ်တုဓာတ်ပုံများကို အချိန်နှင့်တစ်ပြေးညီ ရိုက်ယူနိုင်မည်ဖြစ်ကာ သဘာဝဘေးအန္တရာယ်များဖြစ်ပွားချိန်တွင်လည်း ဂြိုလ်တုဓာတ်ပုံများ ရိုက်ကူးရယူနိုင်မည်ဖြစ်ကြောင်း ဦးကြည်သွင် ဆိုသည်။

သို့သော်လည်း တပ်မတော်၏ ကင်းထောက်လှမ်းမှုအတွက် အသုံးပြုနိုင်မည့် ဂြိုလ်တုဓာတ်ပုံများကိုမူ အဆိုပါဂြိုလ်တုမှ မရိုက်ကူးပေးနိုင်ကြောင်း၊ ဂျပန်တက္ကသိုလ် ၂ ခုအနေဖြင့် တပ်မတော်ပါဝင်မည်ဆိုပါက ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

၎င်းက ထိုသို့ပြောကြားသော်လည်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၏ လက်ထောက်ကထိက ဒေါ်ဇာခြည်ပြည့်ပြည့်စိုး၏ ရှင်းလင်းချက်တစ်ခုတွင် တက္ကသိုလ်သည် အမှတ် (၈) တပ်မတော်လေကြောင်းရန်ကာကွယ်ရေး၊ အမှတ် ၂၀၃၂ လေကြောင်းရန်ကာကွယ်ရေးဖွံ.ဖြိုးမှုဌာနနှင့် တပ်မတော်၏ မြေပုံထုတ်လုပ်ရေးဌာနခွဲ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှုးချုပ်ရုံးတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နေပြီး သုတေသနနှင့် နည်းပညာများအား တပ်မတော်အတွက် ပံ့ပို့ပေးနေကြောင်း ဓာတ်ပုံအထောက်အထားများ ဖြင့် တင်ဆက်ထားသည်ကို တွေ.ရှိရသည်။

 

tatmadaw_involvement_.png

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၏ လက်ထောက်ကထိက ဒေါ်ဇာခြည်ပြည့်ပြည့်စိုး၏ ရှင်းလင်းချက်တစ်ခုတွင်တွေ.ရှိရသည် မှတ်တမ်းများ။ 

map_production_.png

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၏ လက်ထောက်ကထိက ဒေါ်ဇာခြည်ပြည့်ပြည့်စိုး၏ ရှင်းလင်းချက်တစ်ခုတွင် တွေ.ရှိရသည့် တပ်မတော်နှင့် တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းများ။ 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading