သတင်း

တပ်မတော်လက်လှမ်းမီနေသည့် ဂြိုဟ်တုနည်းပညာက စစ်ပွဲပဋိပက္ခများကို အားပေးနိုင်ဟုဆို 

တပ်မတော်အနေဖြင့် နိုင်ငံတကာဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီလာခြင်းက ရခိုင်၊ ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားသည့် စစ်ပွဲပဋိပက္ခများကို အားပေးကူညီရာ ရောက်နေကြောင်း Justice For Myanmar အဖွဲ့၏ ဒီဇင်ဘာ ၂၀ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

တပ်မတော်သည် ဟောင်ကောင်၊ အမေရိကန်၊ ဂျပန်၊ ဗီယမ်နမ်၊ အစ္စရေး၊ လူဇင်ဘတ်နှင့် ဂျပန်အခြေစိုက် ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများထံမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီနေသည်ဟု အစီရင်ခံစာက ဆိုသည်။

၂၀၁၉ ဩဂုတ်တွင် လွှတ်တင်ခဲ့သော မြန်မာပိုင် ပထမဆုံးဆက်သွယ်ရေးဂြိုဟ်တု MyanmarSat-2 သည် တပ်မတော်က ၂၈ ရာခိုင်နှုန်းပိုင်ဆိုင်သည့် Mytel ၏ ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်မှုကို အထောက်အကူပြုနေသည့်အပြင် တပ်မတော်အနေဖြင့် အဆိုပါဂြိုဟ်တုဆက်သွယ်ရေးနည်းပညာများကို စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုဖွယ်ရှိကြောင်း Justice For Myanmar က ဆိုသည်။

ဂြိုဟ်တုဆက်သွယ်ရေးသည် တပ်မတော်၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစနစ်အပြင် အီလက်ထရွန်နစ်စစ်ပွဲ၊ ဒုံးကျည်စနစ်၊ ရေတပ်နှင့် လေတပ်စစ်ဆင်ရေးများ၊ အလိုလျောက်ပစ်ခတ်နိုင်သည့် စက်ရုပ်များ၊ အချက်ပြဆက်သွယ်မှု ကြားဖြတ်ဖမ်းယူခြင်းနှင့် လူထုကိုစောင့်ကြည့်ခြင်းတို့တွင် အရေးပါကြောင်း Justice For Myanmar ၏ အစီရင်ခံစာက ဆိုသည်။

Mytel အပါအဝင် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် MyanmarSat-2 မှ အရည်အသွေးမြင့်မားသည့် Bandwidth များကို ရယူသုံးစွဲနေပြီဖြစ်သော်လည်း မြဝတီနှင့် အခြားသော တပ်မတော်၏ ဆက်သွယ်ရေးလုပ်ငန်းများအနေဖြင့် သုံးစွဲခြင်းမရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“သူတို့ (တပ်မတော်) က စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။ မသုံးသေးပါဘူး။ သူတို့တပ်မတော်ရဲ့ ဆက်သွယ်ရေးတွေ၊ မြဝတီရုပ်မြင်သံကြားတို့ သုံးဖို့စဉ်းစားတာဖြစ်မှာပေါ့။ ကျွန်တော်တို့က မပေးရသေးပါဘူး။ မငှားရသေးပါဘူး” ဟု မြန်မာနိုင်ငံဂြိုဟ်တုစနစ်ဆိုင်ရာနည်းပညာဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းအောင်က ပြောသည်။

MyanmarSat-2 ဂြိုဟ်တုလွှတ်တင်ရန် ၂၀၁၈ ဇွန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဌာနနှင့် လူဇင်ဘတ်အခြေစိုက် ဂြိုဟ်တုဆက်သွယ်ရေးလုပ်ငန်း Intelsat တို့ သဘောတူလက်မှတ်ထိုးခဲ့ပြီး မြန်မာအစိုးရက အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းကို အရစ်ကျပေးချေရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် MyanmarSat-2 မှနေ၍ အော်ပရေတာများက ရယူသည့် ဝန်ဆောင်မှုအပေါ်မူတည်ကာ အရည်အသွေးမြင့်မားသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အများပြည်သူသို့ ပြန်လည်ပေးနိုင်မည်ဟုလည်း သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဌာန ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူ ဦးဝင်းအောင်က ဆိုသည်။ 

“ခေတ်မီတဲ့ နည်းစနစ်တွေနဲ့ နည်းပညာတွေ သုံးပြီးတော့ လုပ်လို့ရနေပြီ။ အော်ပရေတာတွေ ဘယ်လောက်လုပ်နိုင်သလဲ။ သူတို့လုပ်နိုင်သလောက် သူတို့လုပ်လို့ရနေပြီ။ ကျွန်တော်တို့က Quality ကောင်းကောင်း ပေးထားပြီးသွားပြီ” ဟု ၎င်းက ပြောသည်။ 

ဂြိုဟ်တုဆက်သွယ်ရေးသည် ဝေးလံခေါင်ဖျားသော ဒေသများတွင် မိုဘိုင်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရန် အထောက်အပံ့ပေးနိုင်သည့်နည်းတူ တပ်မတော်အနေဖြင့်လည်း ဂြိုဟ်တုဆက်သွယ်ရေးကို ပိုမိုလက်လှမ်းမီလာနိုင်သည်ဟု Justice For Myanmar က ဆိုသည်။ 

တပ်မတော်က လက်လှမ်းမီနေသည့် ဆက်သွယ်ရေးလုပ်ငန်းများအနက် ဟောင်ကောင်အခြေစိုက် AsiaSat ဂြိုဟ်တုစီးပွားရေးလုပ်ငန်းသည် ၁၉၈၉ မှစ၍ ဂြိုဟ်တုဆက်သွယ်ရေးအထောက်အပံ့ပေးခဲ့ပြီး တပ်မတော်ဝါဒဖြန့်ချိရေးမီဒီယာဖြစ်သည့် မြဝတီ၏ ရုပ်သံအစီအစဉ် ၇ ခုကို AsiaSat အသုံးပြု၍ ထုတ်လွှင့်လျက်ရှိသည်ဟု Justice For Myanmar အဖွဲ့က ဆိုသည်။

တပ်မတော်သည် အမေရိကန်အခြေစိုက် ဂြိုဟ်တုနည်းပညာနှင့် ဝန်ဆောင်မှုကုမ္ပဏီ Hughes ၏ ဂြိုဟ်တုဆက်သွယ်ရေးကိုပင် လက်လှမ်းမီဖွယ်ရှိနေသည့်အပြင် ဗီယမ်နမ်စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး(VNPT)၏ ဂြိုဟ်တုဆက်သွယ်ရေးကိုလည်း ကြားခံကုမ္ပဏီများမှတဆင့် လက်လှမ်းမီဖွယ်ရှိနေသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံ Hokkaido နှင့် Tohoku တက္ကသိုလ်များသည် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် ပူးပေါင်းပြီး အနိမ့်ပျံ အသေးစားဂြိုဟ်တုနှစ်ခုလွှတ်တင်ခြင်း၊ သင်တန်းပေးခြင်းနှင့် မြေပြင်စခန်းတည်ဆောက်ခြင်းတို့အတွက် နည်းပညာများပေးနေပြီး အသေးစားဂြိုဟ်တုကို တပ်မတော်၏ ကင်းထောက်လှမ်းမှုအတွက် အသုံးပြုဖွယ်ရှိသည်ဟုလည်း Justice For Myanmar ကဆိုသည်။

ဂျပန်တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သော ဂြိုဟ်တုစီမံကိန်းနှင့်ပတ်သက်၍ Justice For Myanmar ၏ အစီရင်ခံစာသည် မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးကြည်သွင် Myanmar Now ကို ပြောသည်။

“Mytel ရေးရင်းနဲ့က မဆီမဆိုင် ကျွန်တော်တို့ဟာတွေ (ဂြိုဟ်တုစီမံကိန်း)ပါတယ်။ ပါတော့ Human Rights Watch အဖွဲ့က ဂျပန်က ပရော်ဖက်ဆာတွေကို သွားပြီးတွေ့တယ်။ ဒီစီမံကိန်းက Military (စစ်တပ်)က ပါလား။ မပါဘူးလား။ အဲ့ဒီကျမှ ကျွန်တော်တို့က သိတာ။ ကျွန်တော်တို့က မပါဘူး။ သီးခြားပဲ” ဟု ဦးကြည်သွင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီကို ၂၀၁၇ တွင် ဖွဲ့စည်းခဲ့ပြီး ဒုသမ္မတ(၁) ဦးမြင့်ဆွေက ဦးဆောင်ကာ ကာကွယ်ရေးနှင် ပြည်ထဲရေးဝန်ကြီးတို့က မူဝါဒနှင့် ဘဏ္ဍာရေးကြီးကြပ်သူအဖြစ် ပါဝင်သဖြင့် ဂြိုဟ်တုစနစ်တပ်ဆင်မှုကို တပ်မတော်က ထိန်းချုပ်မှုရှိသည့်သဖွယ် ရေးသားထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သည် ပညာရေးဝန်ကြီးဌာနလက်အောက်တွင်သာရှိပြီး တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်မရှိကြောင်း ပါမောက္ခချုပ် ဦးကြည်သွင် က  ပြောသည်။

၅ နှစ်ကြာ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါစီမံကိန်းတွင် ဂြိုဟ်တုနှစ်လုံးလွှတ်မည်ဖြစ်ပြီ ပထမဆုံးဂြိုဟ်တုကို ဂျပန်နိုင်ငံတွင် တည်ဆောက်မှုပြီးစီးပြီဖြစ်သဖြင့် ဂျပန်အာကာသအေဂျင်စီ(JAXA) သို့ လွှဲပြောင်းထားကာ ၂၀၂၁ ဖေဖော်ဝါရီတွင် လွှတ်တင်နိုင်မည်ဖြစ်သည်။

အဆိုပါဂြိုဟ်တုသည် မြန်မာနိုင်ငံပေါ်တွင် ပျံသန်းနေမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဂြိုဟ်တုဓာတ်ပုံများကို အချိန်နှင့်တစ်ပြေးညီ ရိုက်ယူနိုင်မည်ဖြစ်ကာ သဘာဝဘေးအန္တရာယ်များဖြစ်ပွားချိန်တွင်လည်း ဂြိုဟ်တုဓာတ်ပုံများ ရိုက်ကူးရယူနိုင်မည်ဖြစ်ကြောင်း ဦးကြည်သွင် ဆိုသည်။

သို့သော်လည်း တပ်မတော်၏ ကင်းထောက်လှမ်းမှုအတွက် အသုံးပြုနိုင်မည့် ဂြိုဟ်တုဓာတ်ပုံများကိုမူ အဆိုပါဂြိုဟ်တုမှ မရိုက်ကူးပေးနိုင်ကြောင်း၊ ဂျပန်တက္ကသိုလ် ၂ ခုအနေဖြင့် တပ်မတော်ပါဝင်မည်ဆိုပါက ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

၎င်းက ထိုသို့ပြောကြားသော်လည်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၏ လက်ထောက်ကထိက ဒေါ်ဇာခြည်ပြည့်ပြည့်စိုး၏ ရှင်းလင်းချက်တစ်ခုတွင် တက္ကသိုလ်သည် အမှတ် (၈) တပ်မတော်လေကြောင်းရန်ကာကွယ်ရေး၊ အမှတ် ၂၀၃၂ လေကြောင်းရန်ကာကွယ်ရေးဖွံ.ဖြိုးမှုဌာနနှင့် တပ်မတော်၏ မြေပုံထုတ်လုပ်ရေးဌာနခွဲ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးချုပ်ရုံးတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နေပြီး သုတေသနနှင့် နည်းပညာများအား တပ်မတော်အတွက် ပံ့ပို့ပေးနေကြောင်း ဓာတ်ပုံအထောက်အထားများ ဖြင့် တင်ဆက်ထားသည်ကို တွေ.ရှိရသည်။

 

Show More

Related Articles

Back to top button